Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


KNU အဖွဲ့၏   ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ သဘောတူညီချက် သဘောထား (၆)ချက် ထုတ်ပြန်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ အစိုးရဘက်မှ သဘောတူညီထားရမည့်အချက်(၃)ချက်နှင့် လက်မှတ်ရေးထိုးပြီးသောအခါ သဘောတူညီရမည့် အချက်(၃)ချက် စုစုပေါင်းအချက် ၆ ချက်ကို အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပွဲမှ တောင်းဆိုလိုက် ကြောင်း သိရသည်။

KNU အဖွဲ့၏ လက်မှတ်မထိုးမီတောင်းဆိုချက်တွင် ပါဝင်သည့် အချက်များမှာ-

(၁) National cease fire accord တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ KNU ၏ Code of Conduct ကို  KNU နှင့် အစိုးရတို့ နှစ်ဖက်သဘောတူညီချက်ရရှိထားပြီးဖြစ်ရန်၊

(၂) လက်မှတ်ရေးထိုးပွဲတွင် အစိုးရဘက်မှ တပ်မတော်ကိုယ်စားလှယ်များ အပါအဝင် အဓိကပုဂ္ဂိုလ်များ ပါဝင်လက်မှတ် ရေးထိုးရန်နှင့်

(၃) လက်မှတ်ရေးထိုးပွဲသို့ အသိသက်သေအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြီးအကဲများ ပါဝင်နိုင်ရန်တို့ ဖြစ်သည်။

လက်မှတ်ရေးထိုးပြီး အစိုးရဘက်မှ သဘောတူထားရမည့် အချက်(၃)ချက်မှာ -

(၁) တိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ နိုင်ငံရေးမူဘောင်ကို ဆက်လက်ညှိနှိုင်း အကောင်အထည် ဖော်ရေးကို သဘောတူညီရန်၊

(၂) ထို့အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို လက်ခံသဘောတူညီရန်နှင့်

(၃)အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်ကို လေ့လာစောင့်ကြည့် ကြီးကြပ်ရေးကိုထားရှိရန် အစိုးရဘက်က သဘောတူရန်တို့ ဖြစ်သည်။

အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်  ပြည်ထောင်စုငြိမ်းချမ်းရေးအဆင့်  အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲ၌ KNU အဖွဲ့ဘက်မှ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းသည် ယင်းအချက် (၆) ချက်အပေါ် အစိုးရဘက်မှ သဘောတူညီမှု ရှိ၊ မရှိပေါ်တွင်သာ မူတည်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

KNU အဖွဲ့သည် အခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ဦးမည်ဖြစ်ကာ  နိုင်ငံရေး ဦးဆောင်မှုအပိုင်းတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ၏ အဖွဲ့ဝင်ဖြစ်သည့် အလျှောက် ယင်းကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုကို အဓိကထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေအတိုင်းသာ ဖြစ်လာခဲ့ပါက အစိုးရ၏တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ သည် လောလောဆယ်အနေအထားတွင် ဖြစ်နိုင်ချေမရှိဘဲ လာမည့်နိုင်ဝင်ဘာလအထိ ရွှေ့ဆိုင်းရဖွယ်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ပြောကြားခဲ့ဖူးကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်များ အကြား လိုအပ်သည့်အပေးအယူကိစ္စရပ်များ အပြန်အလှန်တောင်းဆိုသည်မှာ နည်းလမ်းကျ ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

 YC


 

၂၀၁၅ တွင် ပေါ်ပေါက်လာမည့် စတော့အိပ်ချိန်းဈေးကွက်အား စီစစ်ထိန်းညှိပေးမည့် Security Exchange Commission တွင် နားလည်တတ်ကျွမ်းသူများ ပါဝင်ရန် အရေးကြီး

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ဖြစ်ပေါ်လာတော့မည့် စတော့အိပ်ချိန်းဈေးကွက်အား စိစစ်ထိန်းညှိပေးရန်အတွက် စတော့အိပ်ချိန်းကော်မရှင်တစ်ခု ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မရှင်တွင် ပါဝင်ဆောင်ရွက်မည့်သူများမှာ နားလည်တတ်ကျွမ်းသူများဖြစ်ရန် အရေးကြီးကြောင်း Thura Swiss ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောကြားသည်။

“Security Exchange Commission(SEC)မှာ နားလည်တတ်ကျွမ်းသူတွေ၊ Academic တွေ ရှိဖို့ လိုအပ်တယ်။ SEC က Stock Market မှာ ပါဝင်မယ့် Public Company (အများပိုင် ကုမ္ပဏီ) တွေကို စောင့်ကြည့်ရမှာ။ ကိုယ်စောင့်ကြည့်ရမယ့် Player တွေဆီက အခု ပြန်သင်နေသလို ဖြစ်နေတယ်။ SEC ဆိုတာ Independent (လွတ်လပ်) ဖြစ်ရမယ်”ဟု ဒေါက်တာအောင်သူရက ဆိုသည်။

ငွေကြေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ကော်မရှင် (Security Exchange Commission) ဆိုသည်မှာ အစိုးရအဖွဲ့အစည်းတစ်ခုပင် ဖြစ်ပြီး စတော့ဈေးကွက်တွင် ပါဝင်မည့် အများပိုင်ကုမ္ပဏီများ ခိုင်မာမှု ရှိမရှိ၊ စတော့ဈေးကွက်တွင် ပါဝင်နိုင်သည့် အရည်အသွေး ရှိမရှိကို စီစစ်စောင့်ကြည့်ရမည်ဖြစ်၍ စတော့ရှယ်ယာ ဈေးနှုန်းများကို ထုတ်ပြန်ပေးရမည့် အဖွဲ့အစည်းလည်းဖြစ်သည်။ တနည်းအားဖြင့် စတော့ရှယ်ယာ များကို ဝယ်ယူမည့် ရင်းနှီးမြှုပ်နှံရှင်များ အလိမ်မခံရစေရန်နှင့် ရှယ်ယာများ လက်ဝါးကြီးအုပ် လက်သိပ်ထိုး ရောင်းဝယ်ခြင်းများကို ကာကွယ်ပေးရမည့် အဖွဲ့အစည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်းကော်မရှင် ဖွဲ့စည်းရန်အတွက် ဂျပန်နိုင်ငံ၏ အကူအညီကို ရယူလျှက်ရှိပြီး ဂျပန်နိုင်ငံမှာလည်း player တစ်ဦး ဖြစ်လာမည် ဖြစ်သည့်အတွက် ယင်းဆီမှ အကူအညီရယူခြင်းမှာ မသင့်တော်ကြောင်း ဒေါက်တာ အောင်သူရက ဆက်လက်ပြောကြားခဲ့သည်။

စတော့အိပ်ချိန်းဈေးကွက်ဖြစ်ပေါ်လာပါက စတော့ဈေးကွက် ထိန်းညှိမည့်အဖွဲ့ လိုအပ်ပုံကို “စတော့အိပ်ချိန်း ဈေးကွက်မှာ အများပိုင်ကုမ္ပဏီတွေက ကိုယ့်ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းကို ကိုယ့်ဘာသာ ကြေညာလို့ မရဘူးလေ။ ဒါတွေကို စီစစ်မယ့် လွတ်လပ်တဲ့ အဖွဲ့ ရှိရမယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ခင်မောင်ညို (ဘောဂဗေဒ)က ပြောကြားသည်။

စတော့ ဈေးကွက် ဖြစ်ပေါ်လာပါက စတော့ဈေးကွက်တွင် ပါဝင်မည့် ကုမ္ပဏီများ၏ ခိုင်မာမှု၊ စိတ်ချရမှုအတွက် တာဝန်ယူမည့် အဖွဲ့အစည်း ရှိရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ယခင် အိမ်ခြံမြေကုမ္ပဏီများ ရှယ်ယာရောင်းပြီး ထွက်ပြေးသလို အဖြစ်မျိုး ထပ်ကြုံရမည်ကို စိုးရိမ်ကြောင်း ဆူးလေတွင် မိတ္တူဆိုင်ဖွင့်ထားသော ကိုအောင်မျိုးသက်က ၎င်း၏ အမြင်ကို ပြောကြားသည်။

မြန်မာနိုင်ငံသည် စတော့ဈေးကွက် အတွေ့အကြုံ မရှိသေးသည့်အတွက် Security Exchange Commission အနေဖြင့် ရနိုင်သမျှ လေ့လာသင်ယူရမည်ဖြစ်သည်ကို “ကော်မရှင်ကတော့ ခုလောလောဆယ်တော့ Learn လုပ်နေရဦးမှာပဲ။ စတော့ဈေးကွက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ Knowledge လည်းမရှိ၊ Experience လည်းမရှိသေးဘူး။ ကျွန်တော်တို့ကို Diwa တို့၊ Tokyo Stock Exchange တို့က ဒီမှာလာဟောပြောမှ နည်းနည်းပဲ သိရသေးတာဆိုတော့ စစချင်းကတော့ လေ့လာနေရဦးမှာပဲ”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလက်မှု လုပ်ငန်းအသင်းချုပ် (UMFCCI) မှ အတွင်းရေးမှူး ဒေါက်တာ မျိုးသက်က ဆိုသည်။

စတော့အိပ်ချိန်းကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည့်အတွက် အတွေ့အကြုံရှိသူ၊ ဗဟုသုတရှိသူများအား ရှာပြီး ဖွဲ့မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

၂၀၁၅ တွင် စတော့အိပ်ချိန်းဈေးကွက်ကို စတင်ဖော်ဆောင်မည် ဖြစ်သော်လည်း ၂၀၁၆ အကုန် ၂၀၁၇ အစတွင်မှ အလုံးစုံ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရှင်တွေကလည်း စစချင်း၌ တွန့်ဆုတ်နေကြမည်ဖြစ်ပြီး ၎င်းတို့အား awareness ရအောင် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသက်က ထပ်မံပြောကြားသည်။

လာအိုနိုင်ငံတွင် ၂၀၁၁ ဇန်နဝါရီ၌ စတော့အိပ်ချိန်းဈေးကွက် စတင်ပေါ်ပေါက်ခဲ့ပြီး ယခုအချိန်အထိ စတော့ဈေးကွက်တွင် ပါဝင်နေသော စာရင်းပေါက်အများပိုင်ကုမ္ပဏီ နှစ်ခုသာ ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စတော့ဈေးကွက်ကို ၂၀၁၁ ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် မှတ်ပုံတင်စာရင်းဝင် ကုမ္ပဏီ သုံးခုရှိသည်။ ကမ္ဘောဒီးယား စတော့အိပ်ချိန်းကော်မရှင် ဥက္ကဋ္ဌမှာ နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဘဏ္ဍာရေးဒုဝန်ကြီး Keat Chhon ဖြစ်သည်။

YC


 ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း ပဋိပက္ခ အတွင်း လှုံ့ဆော်သူ လေးဦးကို ဖမ်းဆီး ထိန်းသိမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် အောက်တိုဘာ ၅ ရက် နှင့် ၆ ရက်နေ့များက ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှုများတွင် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို ဖျက်ဆီးရန် လှုံ့ဆော်ခဲ့သူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သည့် လှုံ့ဆော်သူ နှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လှုံ့ဆော်ရာမှာ ပါဝင်တဲ့သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ အေးအေးဆေးဆေး ဖြစ်နေပါပြီ” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

အောက်တိုဘာလ ၅ ရက်နေ့က ကျောင်းကုန်းမြို့တွင် အသက် (၁၄) နှစ် အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ် ဘာသာဝင် တစ်ဦးမှ အဓမ္မ ပြုကျင့်ခဲ့ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ကျောင်းကုန်း မြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်သက်ဦးက ပြောကြားသည်။

“ကလေးမလေး တစ်ဦးကို အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မ ပြုကျင့်တာက စပြီး ဖြစ်ခဲ့တာပါ။ မီးရှိုးတာမျိုး တော့ မဖြစ်ဘူး။ အဓမ္မ ကျင့်တဲ့လူရဲ့ နေအိမ်ကိုပဲ ဖျက်ဆီးတာမျိုး ပြုလုပ်ခဲ့ကြတယ်။ အဲဒီလူတွေကိုလည်း ဖမ်းထားတယ်။ ဘယ်လို အရေးယူမယ်ဆိုတာကို မသိရသေးဘူး”ဟု ကိုအောင်သက်ဦးက ပြောကြားသည်။

အဆိုပါ ပဋိပက္ခကြောင့် အောက်တိုဘာ ၆ ရက်နေ့တွင်လည်း နေအိမ် ငါးလုံး ထပ်မံ ဖျက်ဆီးခံခဲ့ရပြီးနောက် အစ္စလာမ် ဘာသာရေးအဆောက်အအုံ အချို့ကိုပါ မီးရှို့ရန် လုပ်ဆောင်ခဲ့သော်လည်း သံဃာတော်များ နှင့် ရဲတပ်ဖွဲ့များက အချိန်မှန် တားဆီးနိုင်ခဲ့သည့်အတွက် မီးရှို့မှုများ မဖြစ်ပေါ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောကြားသည်။

“မြို့ ပြည်သူတွေကလည်း ဒေါသ ဖြစ်သွားလို့ ခဏ ဖြစ်တာပါ။ ပျက်စီးသွားတဲ့ လူနေအိမ်တွေကလည်း အိမ် အကြီးကြီးတွေ မဟုတ်ပါဘူး။ တဲအိမ် အဆင့်တွေပါ။ အခု အေးအေးချမ်းချမ်း ပြန်ဖြစ်နေပါပြီ။ လုံခြုံရေးကိုတော့ တာဝန်အရ ယူထားပါတယ်” ဟု ဦးခင်မောင်လေးက ပြောကြားသည်။

ထို့ပြင် အမျိုးသမီးငယ် ယခုကဲ့သို့ အဓမ္မပြုကျင့်ခံရမှုသည် အောက်တိုဘာ ၅ ရက်နေ့တွင် မဟုတ်ဘဲ လွန်ခဲ့ သော တစ်လ ဝန်းကျင်က ဖြစ်ကြောင်း ဦးခင်မောင်လေးက ပြောကြားသည်။

“တရားခံကိုတော့ လုံခြုံရေးအရ ပုသိမ်ထောင်ကို ချက်ချင်း ပို့ထားပါတယ်။ ပြဿနာတော့ အခု ဘာမှ ဆက်ပြီး မဖြစ်ပါဘူး။ တည်ငြိမ်ပါတယ်။ ဆက်လက် စစ်ဆေးနေပါတယ်”ဟု ပဋိပက္ခ ဖြစ်ပွားခဲ့မှု နှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလက်ရှိတွင် ကျောင်းကုန်းမြို့၌ ဘာသာပေါင်းစုံ ညီညွတ်ရေး၊ ချစ်ကြည်ရေးအဖွဲ့နှင့် ပဋိပက္ခ ဖြေရှင်းနိုင်ရေးကော်မတီကို အောက်တိုဘာ ၆ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ် လုံခြုံရေးအဖြစ် ရဲများသာမက စစ်တပ်ပါ ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment