Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဥပဒေတွေက ရေးဆွဲရမှာမှန်ပေမယ့် သေချာရေးဆွဲထားဖို့လိုအပ်တယ်။ နိုင်ငံတကာဘဏ်စနစ်တွေက အလွန်ဖွံ့ဖြိုးလာနေ တယ်။ အရင်တုန်းက Tale-Banking System ပဲရှိခဲ့တာ။ အခုဆိုရင် E-Banking System တွေ Mobile Banking System တွေအထိဖြစ်နေတော့ ပြန်ပြင်ရေးဆွဲဖို့လိုအပ်နေတာပါ။ တချို့ ဥပဒေတွေကတော့ ကမ္ဘာ့ဘဏ်တို့နဲ့ပူးပေါင်း လုပ်ဆောင်နေပါတယ်။ နောက်ပိုင်းရေးဆွဲတဲ့အပိုင်းမှာဆိုရင် Credit information တွေကို ဘယ်အချိန်ထုတ်ပြန်ရမယ် ဆိုတာကအစ အသေးစိတ်လုပ်ဆောင်သွားမယ်။”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ငွေကြေးနှင့် ပတ်သက်၍ ပြန်ပြင်ရေးဆွဲရန်ရှိသည့် ဥပဒေ ၁၈ ခုတွင် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ မမြင်ဖူးသည့် ဥပဒေများရှိနေဟုဆို” သတင်းမှ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

 


“အရင်တုန်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အခွန်ဆိုင်ရာနှုန်းထားတွေကို အစိုးရအဖွဲ့ရဲ့ သဘောတူ ညီချက်နဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့၊ အချက်တစ်ချက်ပါတယ်။ အခုကျတဲ့အခါကျတော့ ပြည်ထောင်စု လွှတ်တော်က အခွန်ဆိုင်ရာနှုန်းထားတွေကို သတ်မှတ်ပြီးတော့ ဆောင်ရွက်ဖို့အတွက်ကို အခွန်ဆိုင်ရာ ဥပဒေ တွေနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုတွေကို ပြည်ထောင်စုလွှတ်တော်ကပဲ ကျွန်တော်လုပ်ပေးမယ် ဆိုတဲ့ဟာ ပေါ့လေ။ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ဥပဒေကို ပြန်လည်ရေးဆွဲ မှာ ဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်မှာဖြစ်ပါတယ်။”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၅၂) တွင်ပါရှိသော “အခွန် ဥပဒေကို ပြင်ဆင်ပြီးနောက် အခွန်နှုန်းထားများ သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီ ချက်ဖြင့်သာ ဆောင်ရွက်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောကြား” သတင်းမှ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ၏ပြောကြားချက် အားကောက်နှုတ်ချက်။

 


“သတင်းစာတွေ၊ ဂျာနယ်တွေမှာ ပြန်ပေးမယ်။ တစ်နှစ်အတွင်းပြန်ပေးမယ်လို့ ကြေညာထားပေမယ့် အခုထိ ပြန်ပေးမယ့် အရိပ်အရောင်မရှိသေးပါဘူး။ ကျွန်တော်တို့ ဒေသခံလယ်သမားတွေအနေနဲ့ လယ်ယာမြေ မရှိတော့လို့ တစ်ခြားနေရာမှာ တောနတ်၊ ယာနတ် လုပ်နေတဲ့သူတွေရှိသလို မြို့ပေါ်တက်ပြီး ဆိုင်ကယ်ကယ်ရီ ဆွဲနေကြရတယ်။ အဲဒါကို ကျွန်တော်တို့က လယ်ယာမြေပြန်ရဖို့အတွက် အခုခေတ်စားနေတဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့စတဲ့နေရာတွေကို တိုင်တောပေမယ့် ဘာမှအကြောင်းမထူးပါဘူး။ ကျွန်တော် တို့ ဒေသခံတွေအနေနဲ့ကတော့ လယ်ယာမြေပြန်မပေးခဲ့လို့ရှိရင်တောင် ထိုက်သင့်တဲ့လျော်ကြေးလေး ပေးရင်တော့ မြို့ပေါ်တက်ပြီး စီးပွားရေးလုပ်လို့ ရပါသေးတယ်။”

 အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ် အတွဲ (၁) အမှတ် (၃၀) တွင်ပါရှိသော “နန့်စန် မြို့တွင် တပ်မတော်မှ သိမ်းဆည်းထားသော လယ်ယာမြေဧက တစ်သောင်းကျော်ရှိ” သတင်းမှ နန့်စန် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးနေဇော်နိုင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 


“ဖွဲ့စည်းပုံပြင်ခြင်း၊ မပြင်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေး ဥပဒေရှိခြင်း၊ မရှိခြင်းနဲ့က ဘာမှ မဆိုင်ပါဘူး။ ဖွဲ့စည်းပုံဆိုတာက သီးသန့်ပါ။ ပြင်ပြင် မပြင်ပြင် တိုင်းရင်းသားတွေအတွက်ကတော့ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေက လိုကို လိုအပ်ပါတယ်။ အဲ့ဒိ ဥပဒေကနေ အခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ လိုအပ်ချက် တွေကို ဟန်ချက်ညီညီ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာပါ။”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အခြေခံဥပဒေ ပြင်ဆင်/အသစ်ရေးဆွဲခြင်းသည် တိုင်းရင်းသားအရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မဆိုင်” သတင်းမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ် ဦးဘရှိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“ပြန်ကြားရေးက ဘာလုပ်လဲဆိုတော့ အစိုးရမီဒီယာတွေ အားလုံးကို အများပြည်သူဝန်ဆောင်မှုမီဒီယာ အောက်ထဲကို ပြောင်းထည့်လိုက်တယ်။ ဥပဒေကြမ်းထဲမှာကိုက အများပြည်သူဝန်ဆောင်မှု သတင်းစာ ဆိုတာ မြန်မာ့အလင်းနဲ့ ကြေးမုံကိုခေါ်တယ်။ အများပြည်သူဝန်ဆောင်မှုဆိုတဲ့ခေါင်းစဉ်အောက်ကို ပြောင်းပြီးတော့ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို သုံးချင်တယ်။ အခွင့်ထူးခံချင်တဲံ့သဘောမျိုးတွေလည်းပါတယ်။”

အောက်တိုဘာလ ၇ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရမီဒီယာများ အခွင့်ထူးခံဖြစ်နေ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း လက်မခံ” သတင်းမှ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှုး ဦးကျော်မင်းဆွေ ၏ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment