Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂) 

မြန်မာနိုင်ငံက တင်းမာမှုများ

(The Peninsula မှ 6 Oct 2013 ရက်စွဲပါ Tension in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လျက်ရှိသော မွတ်စလင်ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်မှုများကို မြန်မာအစိုးရ အဆုံးသတ်နိုင်ပါမည်လော၊ သို့မဟုတ် ပို၍ရှင်းရှင်းလင်းလင်းပြောရမည်ဆိုလျှင် ယင်းဆူပူအကြမ်းဖက်မှုများကို အဆုံးသတ်စေချင်သည့် စိတ်ဆန္ဒ မြန်မာအစိုးရတွင်ရှိပါ၏လော ဟူသည့်မေးခွန်းတို့မှာ စိတ်ဝင်စားစရာ ဖြစ်သည်။

ဒုတိယမေးခွန်းသည် ပို၍ ဖြစ်နိုင်ခြေရှိသလို လက်ရှိအခြေအနေများနှင့်လည်း အံဝင်ခွင်ကျရှိလှသည်။  အကြောင်းမှာ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အဓိကရုဏ်းများမှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေပြီး အစိုးရက အားပေးအားမြှောက်မပြုလုပ်သည့်တိုင် ပွဲကြည့်ပရိသတ်တစ်ဦးပမာ ပြုမူဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်။

သံတွဲမြို့တွင် နောက်ဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ၌ မွတ်စလင် ငါးဦးသေဆုံး ခဲ့သည်။ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့်ဖြစ်ရပ်မှာ အဆိုပါ အကြမ်းဖက်မှုသည် သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ နှစ်ရက်တာခရီးအဖြစ်လာရောက်ခဲ့စဉ် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါရခိုင်ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည် ယင်းဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား များစွာထိခိုက်ကျဆင်းခဲ့ရသည်ဟု ပြောဆိုခဲ့သည်။ “ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်မံမဖြစ်ပေါ်အောင် ကျွန်တော်တို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ သို့သော် သမ္မတဦးသိန်းစိန်၏ စကားမှာ ရေပေါ်တွင် အရုပ်ရေးနေသကဲ့သို့ပင်ဖြစ်နေပါသည်။ အကယ်၍ ဦးသိန်းစိန်၏ သတိပေးပြောဆိုမှုက အကျိုးသက်ရောက်မှု လွန်စွာနည်းပါးခဲ့မည်ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်သည် ဆိုးရွားမည့်သဘောတွင်ရှိပါသည်။

သတင်းပေးပို့ချက်များအရ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား ဆူပူအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၀ ခန့်သေဆုံးခဲ့ပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။

ရိုဟင်ဂျာမွတ်စလင်များကိုမူ ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် မိတ်ဆွေအပေါင်းအသင်းမရှိသလောက်ဖြစ်နေသည့် လူမျိုးများအဖြစ်သတ်မှတ်ဖော်ပြသည်။ အနောက်နိုင်ငံများအပါအဝင် အစ္စလာမစ်တိုင်းပြည်များက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးသိန်းစိန်အစိုးရအပေါ် ဖိအားပေးမှုများပြုလုပ်လုပ်ခဲ့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မဖြစ်ပေါ်ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံတွင် လွန်စွာဆိုးဝါးပြင်းထန်သော ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်များမှာလည်း ကုလသမဂ္ဂကထုတ်ဖော်ပြောဆိုထားသည့်အတိုင်း မိတ်ဆွေ အပေါင်းအသင်းမဲ့နေသူများဖြစ်နေပေသည်။

ထိုသို့ မြန်မာနိုင်ငံတွင်း လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများဆက်လက်ဖြစ်ပေါ်နေရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများကို အစိုးရဘက်က နှိမ်နင်းဖြိုခွင်းမှု မရှိသလောက်ဖြစ် နေခြင်းကြောင့်ပင်ဖြစ်ပါသည်။ အစိုးရက ဘာသာရေးဆူပူအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် လုံးလုံးလျားလျား သည်းညဉ်းခံသည့် သဘေားထားကျင့်သုံးပါမည်ဟု ကတိကဝတ်ပြုပြောဆိုထားသော်လည်း ထိုသို့သော နည်းလမ်းမျိုးအသုံးပြုခြင်းက ဆူပူအကြမ်းဖက်မှုများကို မည်သို့မျှမတုံ့ပြန်ဘဲ လက်ပိုက်ကြည့်နေသည့် အဖြစ်မျိုးနှင့်တူသည်ဟု လေ့လာစောင့်ကြည့်သူများက စွပ်စွဲပြောဆိုကြသည်။

သို့အတွက်ကြောင့် လူရာနှင့်ချီ၍သေဆုံးခဲ့သလို ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။ ဆူပူအကြမ်းဖက်မှုများကို ကြည့်မည်ဆိုလျှင် နောက်ခံပံ့ပိုးမှုများရှိနေပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဦးဆောင်ပါဝင်နေသည့် အနေအထားမျိုးပင်ရှိနေသည်။ သို့အတွက်ကြောင့် အစိုးရအနေဖြင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် ပိုမိုအကျပ်အတည်းဖြစ်နေရသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်များသည် လူဦးရေစုစုပေါင်း သန်း ၆၀ ၏ ၄ ရာခိုင်နှုန်းမျှသာရှိသည်။ သို့သော် ၎င်းတို့သည် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများဟု အများစုက ရှုမြင်ကြသည်။ မွတ်စလင်အများစုမှာ နိုင်ငံသားဖြစ်ခွင့် မရရှိကြပေ။ ထိုသို့သော မွတ်စလင်လူနည်းစုက လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအတွက် ခြိမ်းခြောက်မှု မပြုလုပ်နိုင်သော်လည်း လူစုဖွဲ့သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုကျူးလွန်သူများကမူ ယင်းကိန်းဂဏန်းကို အရေးမစိုက်ကြပေ၊ သို့မဟုတ် သိရှိခြင်းမရှိပေ။

ထိုသို့ မွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများသည် ယခုအခါတွင် အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်များစွာလောင်းရိပ်ကျလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ အသွင်ကူးပြောင်းမှုများကိုလည်း လုပ်ဆောင်လျက်ရှိရာ နိုင်ငံခြားကုမ္ပဏီများက  ဆိုးရွားနေသော မြန်မာ့စီးပွားရေးကို အကူအညီပေးရန် ဆန္ဒရှိနေကြသည်။ အကယ်၍ ဦးသိန်းစိန်အစိုးရကသာ ဆူပူအကြမ်းဖက်မှုများ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ဖြေရှင်းစရာနည်းလမ်းမှာ တစ်ခုတည်းသာရှိပါတော့သည်။ ယင်းမှာ မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ရေးပင်ဖြစ်သည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment