Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ ပထမနေ့  မြစ်ကြီးနားမြို့တွင် ကျင်းပ ၊ ရှေ့တန်း စောင့်ကြည့်ရေး ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး နှစ်ဖက် သဘောတူညီမှု ရရှိ

အစိုးရ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO) ကိုယ်စားလှယ်အဖွဲ့တို့၏ ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့ မဂျွယ်ခန်းမတွင် အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် ရှေ့တန်း စောင့်ကြည့်ရေး ပူးတွဲကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးကို အဓိကထား ဆွေးနွေး သွားရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲ ကျင်းပသည့် ပထမနေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်မှ ရှေ့တန်း စောင့်ကြည့်ရေးပူးတွဲ ကော်မတီကို ဖွဲ့စည်းသွားရေး အဓိကထား ဆွေးနွေးသွားရန် အဆိုပြုခဲ့ပြီး ၎င်းအဆိုကို အစိုးရဘက်မှ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ယခု မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲသို့ အစိုးရ အဖွဲ့ကိုယ်စား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် ကာကွယ် ရေးဦးစီးချုပ်မှ  အာဏာကုန်လွှဲအပ်ခြင်းခံထားရသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကေအိုင်အိုအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဆွမ်လွတ်ဂမ်၊ ၊ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါ အဝင် ခေါင်းဆောင် ရှစ်ဦး တက်ရောက်ခဲ့ကာ၊ လေ့လာသူအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဗီးယား၊ တရုတ်နိုင်ငံသံအမတ်ကြီးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ လမ်းစ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကသာ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေး၊ တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ သယံဇာတ ခွဲဝေရေးစတဲ့အရာတွေကို ရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီဆွေးနွေးပွဲကြီးကို ရောက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲအဖွင့်အမှာစကားတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားခဲ့သည်။

ယခု ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ကချင် လွတ်မြောက်ရေးတပ်မတော် (KIO) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လက်ရှိ ဆွေးနွေးပွဲများမှ တစ်ဆင့် အပစ်အခတ် ရပ်စဲရေးထက် တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြုသော ငြိမ်းချမ်းရေး ရရှိရန် ပိုမို အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မူတစ်ခု ချထားတာ ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေး ဆိုတာ လက်နက်ကိုင်ထားတဲ့ တပ်တွေအချင်းချင်း နားလည်မှုယူတဲ့ သဘောတူညီချက်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ အပစ်အခတ်ရပ်ဆိုင်းရေး တစ်ခုတည်း ပြောရင် ကျန်တဲ့သူတွေ ပါဝင်နိုင်တဲ့ နယ်ပယ် ပါမလာဘူး။ အဲဒီတော့ Peace Process လို့ ပြောလိုက်ရင် လူတိုင်း ပါနိုင်တယ်။ ကျွန်တော်တို့ ချုပ်ဆိုမယ့် သဘောတူညီချက်တွေမှာ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်လို့ ပြောတာထက် အားလုံးပါဝင်တဲ့ သဘောတူညီချက် ဖြစ်စေချင်ပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့သည်။

အစိုးရ အဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲကို အောက် တိုဘာ ၈ ရက်နေ့မှ အောက်တိုဘာလ ၁ဝ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပြီး နောက် ဆွေးနွေးသွားမည့် နေ့များတွင် ရှေ့တန်း စောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးကို အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက်လည်း ဆွေးနွေးဖွယ် ရှိနေကြောင်း သိရှိရသည်။

အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် အလွတ်သဘော လေးကြိမ် အပါအဝင် ၁၄ ကြိမ် ဆွေးနွေးခဲ့ပြီး လွန်ခဲ့သော မေလက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။

YC


ရုပ်သံလွှင့်မီဒီယာဥပဒေ မထွက်သေးခင်ကာလအတွင်း ပုဂလိက ရုပ်သံလွှင့်မီဒီယာများ ထပ်မံလျှောက်ထားပါက ခွင့်ပြုမည် မဟုတ် ဟု ပြန်ကြားရေးဌာနမှ ပြောကြား

ရုပ်သံလွှင့်မီဒီယာဥပဒေ (Broadcasting Law) မထွက်ရှိသေးမီကာလအတွင်း ပုဂ္ဂလိကပိုင် ရုပ်သံလွှင့် မီဒီယာများ ထပ်မံလျှောက်ထားလာပါက ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က အောက်တိုဘာလ ၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လောလောဆယ်အခြေအနေက ဥပဒေအတည်ပြုချက်ပေါ်ထွက်လာခြင်း မရှိသေးတဲ့အတွက် တိုးချဲ့ဆောင်ရွက်ပေးမယ့်အစီအစဉ် မရှိသေးပါဘူး။ ဥပဒေပေါ်လာပြီးရင်တော့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမှာပါ”ဟု ၄င်းက ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် မီဒီယာလက်ဝါးကြီးအုပ်မှုမျိုး ဖြစ်ပေါ်မည်ကို စိုးရိမ်နေသကဲ့သို့  ပြန်ကြားရေးဝန်ကြီးဌာန မှာလည်း ရုပ်သံလွှင့်မီဒီယာဥပဒေ အမြန်ဆုံးပေါ်ပေါက်ရန်အတွက် ကြိုးစားဆောင်ရွက်မည်ဖြစ်ပြီး ရုပ်သံလွှင့်မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ရုပ်သံလွှင့်မီဒီယာဥပဒေ မပေါ်ထွက်သေးသဖြင့် ရုပ်သံလွှင့်မီဒီယာများကို ထိန်းကျောင်း ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သော ဘီဂျီဘီ(Broadcasting  Governance Body)ကို ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပုဂ္ဂလိကရုပ်သံလွှင့်မီဒီယာများအဖြစ် Forever (MRTV-4) ကုမ္ဂဏီကို ၂၀၀၄ ခုနှစ်မှ စတင်ကာလုပ်ပိုင်ခွင့်ပြုထားပြီး ရွှေသံလွင်မီဒီယာအား ၂၀၁၀ ပြည့်နှစ်မှ စတင်စာချုပ်ချုပ်ဆိုကာ နှစ်ပေါင်း ၃၃ နှစ်လုပ်ပိုင်ခွင့်ပြုထား၍ ပထမသုံးနှစ်အတွင်း အခွန်အခနှင့် အကျိုးအမြက်လုံးဝပေးဆောင်ရန်မလိုကြောင်း သိရသည်။

အသံလွှင့်မီဒီယာကုမ္ပဏီများနှင့် ချုပ်ဆိုသည် စာချုပ်များအရ မန္တလေး FM ၊ ရွှေ FM ၊ ချယ်ရီFM၊ ပတ္တမြား FM၊ ပဉ္ဓဝတီ FMနှင့် ပုဂံ FM စသည့် သက်ဆိုင်ရာကုမ္ပဏီအသီးသီး၏ လျှောက်ထားမှုကြောင့် အက်ဖ်အမ် ရေဒီယို အသံလွှင့်မီဒီယာများကို  လုပ်ပိုင်ခွင့်  နှစ်ပေါင်း ၃၀ နှင့်အထက် အသီးသီးလုပ်ကိုင် ခွင့်ပြုပေးထားကြောင်း သိရသည်။

တပ်မတော်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် Forever Media Group၊ ရွှေသံလွင်မီဒီယာ တို့အကြား အကျိုးအမြတ်ခွဲဝေမှုနှင့် ပတ်သက်သည့် သဘောတူညီမှုစာချုပ်ပါ  အကျိုးအမြတ်ခွဲဝေမှုကိစ္စများကို  ပြန်ကြားရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် တိတိကျကျ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း Forever Media Group က စာချုပ်ပါအတိုင်း ၂၀၀၅-၂၀၀၆ မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ နိုင်ငံတော်သို့ ငွေကျပ် ၁၀,၈၆၉ သန်း ပေးသွင်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ယင်းပေးသွင်းငွေများမှာ သဘောတူညီချက်အရ ပေးသွင်းရခြင်းဖြစ်ပြီး အခွန်အတွက် ပေးသွင်းခြင်းမဟုတ်ကြောင်း၊ အဆိုပါမီဒီယာများမှ အခွန်မည်မျှဆောင်သည်ကို သိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သွားရောက်စုံစမ်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထပ်မံပြောကြားခဲ့သည်။

မြန်မာအသံနှင့်ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိကအသံလွှင့်မီဒီယာ ကုမ္ပဏီများအကြား လာဘ်ပေးလာဘ်ယူ ကင်းရှင်းကြောင်း၊ ကုမ္ပဏီများမှ နိုင်ငံတော်သို့ပေးသွင်းရမည့်ငွေကြေးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးထားပြီး နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းပြီးဖြစ်ကြောင်း၊ ပြန်ကြီးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလတွင်ကျင်းပသည့် အဋ္ဌမပုံမှန်ပြည်ထောင်စုလွှတ်တော် အစည်းဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား တင်သွင်းခဲ့သည်။

 YC


မိတ္ထီလာ အကြမ်းဖက်မူတွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိ

ပြီးခဲ့သည့် မတ်လအတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ခဲ့ခြင်းကြောင့် လူသတ်မှုဖြင့် ဝရမ်းထုတ်ခြင်းခံထားရသည့် တရားခံတစ်ဦးကို ယနေ့(အောက်တိုဘာ ၉ ရက်) မိတ္ထီလာမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။

မိတ္ထီလာပဋိပက္ခအတွင်းက သီရိမင်္ဂလာအဝေးပြေးကွင်းအနီးတွင် ဦးသန်းနိုင်မြင့်(ခ)အဘီဗေလာကို သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခြင်းကြောင့် ကျော်သူရ(ခ)ဒိုလေး အသက်(၃၂)ကို လုပ်သား ရပ်ကွက်၊ မိတ္ထီလာမြို့တွင် အမှတ်(၂)ရဲစခန်းမှူး ဦးဆောင်၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

"ဒီနေ့ နေ့ခင်း ၂ နာရီလောက်မှာ သူ့ကို လုပ်သားရပ်ကွက်က အိမ်မှာ သွားဖမ်းတာ။ အဲဒီသူရဲ့ အဖေကလည်း ရာဇဝတ်မှုတွေနဲ့ မိတ္ထီလာထောင်မှာ ၁၅ နှစ်လောက် ဝင်လိုက်၊ ထွက်လိုက် ဖြစ်နေတာ၊ အခုသူ့ကိုမိတယ် ဆိုတာလည်း ရာဇဝတ်မှုနဲ့ မိတာဆိုတော့ သူက ရုန်းတာ၊ ပြုတာမရှိဘူး"ဟု မိတ္ထီလာမြို့မှ ၈၈ မျိုးဆက်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး၊ လွတ်မြောက်နေသူများကို မိတ္ထီလာခရိုင်တရားရုံးက လူသတ်မှု၊ သူတစ်ပါး အကျိုးဖျက်စီးမှု၊ မီးလောင်စေမှုတို့ဖြင့် ဝရမ်းထုတ်ထားသည်မှာ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

မိတ္ထီလာ ပဋိပက္ခနှင့်ပတ်သက်၍ အမိန့်မချရသေးသည့် အမှု ၁၉ ခုကျန်ရှိနေပြီး၊ အကြမ်းဖက်မူအတွင်း ပါဝင်ခဲ့သူ ၈၂ ဦးကို အမူပေါင်း ၄၇ ခုပြုလုပ်ကာ တရားစွဲဆိုတင်ပို့ခဲ့ရာ ယခုအချိန်ထိ ၂၈ မှုကို အမိန့်ချမှတ်နိုင်ခဲ့ပြီး၊ ၁၇ မှုသည် တရားရုံးတွင် စစ်ဆေးဆဲ ဖြစ်ကာ၊ နှစ်မှုသည် တည်ဆောက်ဆဲ အနေအထား ဖြစ်သည်။

မိတ္ထီလာပဋိပက္ခအပါအဝင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားလုံးတွင် တရားမဲ့ ဖျက်ဆီးရမ်းကားမှုများ ပြုလုပ်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေးနိုင်ရန် ရှာဖွေဖော်ထုတ်အရေးယူမှုများ ပြုလုပ်လျှက်ရှိပြီး နောက်ထပ် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမှုကို တားဆီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ သို့သော်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်သော နှစ်ရက်တာခရီးစဉ်နှင့် တိုက်ဆိုင်စွာပင် အောက်တိုဘာလ အစောပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ အကြမ်းဖက်မီးရှို့မှုများ ဖြစ်ပွားခဲ့ရာ မူဆလင်ငါးဦး သေဆုံးခဲ့ရသည်။

ထပ်မံ၍ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း အရွယ်မရောက်သေးသော ဗုဒ္ဓဘာသာ မိန်းကလေးကို မတရားပြုကျင့်မှုနှင့် စပ်လျဉ်းပြီး ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၌ မူဆလင်အိမ် ငါးလုံးကို မီးရှို့မှုဖြစ်ပွားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment