Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဦး တို့နိုင်ငံက သယံဇာတတိုက်ရိုက်ထွက်တဲ့ နိုင်ငံဖြစ်တယ်။ ရွှေဝယ်တဲ့နိုင်ငံတွေက ဒီကနေ တိုက်ရိုက်ဝယ်ရင် ဈေးအသက်သာဆုံးနဲ့ရနိုင်တယ်။ အဓိက ရွှေနဲ့ပတ်သက်တဲ့ သူတို့ဆီက ရင်းနှီးမြှုပ်နှံမှု ဘာလာမလဲ။ ဦး တို့လိုချင်တဲ့ ရင်းနှီးမြှုပ်နှံမှုက သူတို့ဆီက ရွှေတူးဖော်တဲ့နည်းပညာ၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးတဲ့ အဆင့်မြင့်နည်းပညာ မျှော်လင့်တယ်။ ဒါပေမယ့် ဒါမျိုးတွေရောက်မလာဘူး။ နောက် ရင်းနှီးမြှုပ်နှံမှုတစ်မျိုး သူတို့ဆီကထုတ်ပြီးသား Value added ကို ဦးတို့နိုင်ငံမှာရောင်းချတာ။ တကယ်ဦး တို့လိုချင်တဲ့ရင်းနှီးမြှုပ်နှံမှုက နိုင်ငံရဲ့ ထုတ်လုပ်မှုအဆင့်မြှင့်တင်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်တော့ သိပ်မလိုချင်ဘူး။”

အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၂) အမှတ် (၂) တွင်ပါရှိသော “ထိုင်းနှင့် ဟောင်ကောင် ရွှေလုပ်ငန်းရင်းနှီးမြှုပ်နှံမှု မြန်မာမျှော်လင့်ချက် မပြည့်”  သတင်းမှ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“လာမည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျတ်မှာဆိုရင် ဌာနအနေနဲ့ ဘတ်ဂျတ်ရဲ့တစ်ဝက်နီးပါးလောက်ကို တိုင်း၊ ပြည်နယ်တွေကိုပဲ ပြည်ထောင်စုအစိုးရကို တိုက်ရိုက်တင်ပြဆောင်ရွက်စေပြီး ဒီလုပ်ငန်းတွေမှာ ဌာနအနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းမရှိစေဖို့ စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်။”

အောက်တိုဘာလ ၉ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၃၁) တွင်ပါရှိသော “ပြည်သူ့ ဆန္ဒအရ ဖော်ဆောင်မည့် လုပ်ငန်းများ ဒေသအစိုးများထံ လွှဲပေးမည်” သတင်းမှ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“တပ်မတော်ဆိုတာ ပြည်သူလူထုကနေ ပေါက်ဖွားလာတဲ့ တပ်မတော်။ တပ်မတော်ကိုယ်တိုင်ကလည်း လယ်သမားသားသမီးပဲ။ ဆိုလိုတာက အောက်ခြေလူတန်းစားတွေထဲက လာတာပါ။ တပ်မတော်ထဲမှာ ရှမ်းရော၊ ရခိုင်ရော ရှိနေပါတယ်။ တိုင်းရင်းသားတွေနဲ့ပဲ ဖွဲ့ထားတာပါ။ တပ်မတော်ဟာ လုပ်ချင်တိုင်းလည်း လုပ်လို့မရပါဘူး။ တပ်မတော်ဒီနေ့သွားနေတဲ့ လမ်းကြောင်းက အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးပါပဲ။ ဒါကိုမျှတ အောင် ဆောင်ရွက်နေပါတယ်။ တပ်မတော်ဟာ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒို့တာဝန်အရေးသုံးပါးကို ဆောင်ရွက်တာပါ။”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် ပဲ့တင်သံဂျာနယ် အမှတ် (၁၅) တွင်ပါရှိသော “ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် တပ်မတော်သားများ ငြိမ်းချမ်းရေးဆွေးနွေး၊ ကေအိုင်အိုကို ကချင်ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြ ကချင်ပြည်နယ်အရေးကို ရှမ်းတိုင်းရင်းသားများလည်း ပါဝင်ဆွေးနွေး” သတင်းမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလို ပြည်သူ့လွှတ်တော်မှာ Cyber Law ကို ပြင်ဆင်ဖို့ တင်သွင်းစာလက်ခံတာကို များစွာဝမ်းသာတယ်။ ဒီ ဥပဒေမှာ ပြင်ဆင်စရာအချက်တွေများစွာရှိတယ်။ ဒီ ဥပဒေကြမ်းကြောင့် မြန်မာနိုင်ငံမှာ နည်းပညာကဏ္ဍဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ လွှတ်တော်မှာ ပြင်ဆင်သင့်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာ ဟာ များစွာကောင်းမွန်ပါတယ်။”

အောက်တိုဘာလ ၉ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ဟုဆို” သတင်းမှ ဘလော့ဂါဦးနေဘုန်းလတ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ဖြစ်စေချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေကို အခုလို တစ်ဖွဲဖွဲလွှတ်နေမယ့်အစား တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ကျဉ်းတွေအားလုံးကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးစေချင်တယ်။ သည်လို ကြေညာလိုက်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အတိုက်အခံတို့ ပြည်ပ တိမ်းရှောင်နေသူတို့လည်း ရှိတော့မှာမဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်ရေး အတွက်လည်း သည့်ထက်မက လုပ်ဆောင်နိုင်မှာပါ။”

အောက်တိုဘာလ ၉ နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုတွင် မတရားအသင်းနှင့် ဆက်သွယ်သူများ အများဆုံးပါဝင်၊ စုစုပေါင်း ၅၆ ဦး လွတ်မြောက်လာ” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဒု အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment