Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


၂၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့တော်ရှိ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ပထမဆုံးအကြိမ်အဖြစ် တာဝန်လွဲပြောင်းတာဝန်ယူ ထမ်းဆောင်မည် ဖြစ်ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ယခုအခါတွင် အာဆီယံပေါင်းစည်း ရေးအတွက် အရေးပါသည့် အချိန်ကို ရောက်ရှိပြီဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုနှင့် ပတ်သက်၍ မိမိတို့၏ တိုးတက်မှုများကို တစ်ကမ္ဘာလုံးက နီးကပ်စွာစောင့်ကြည့်နေပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးအရ စွမ်းအားရှိပြီး ရှင်သန်ဖွံ့ဖြိုးသည့်ဒေသ၊ တည်ငြိမ်အေးချမ်းသည့်ဒေသအဖြစ် တစ်ကမ္ဘာလုံးကို ပြသရန်လိုအပ်ပါ ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်က ရောက်ရှိရန် အချိန်နီးကပ်လာသည်နှင့် အညီ ကျန်ရှိနေသေး သည့် ရည်မှန်းချက်များ ပြည့်မီစေရန် ပွင့်လင်းစွာသုံးသပ်ရန် လိုအပ်ပါကြောင်း၊ အာဆီယံသည် ပြင်ပ သို့ ရှေးရှုသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက် အသစ်ချ မှတ်နိုင်ရန်နှင့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံနိုင်ငံများ၏ လုပ်ဆောင်မှုများကို ကြိုဆိုပါ ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံ အသိုက်အဝန်းတည်ဆောက်သည့်နေရာတွင် ၂၀၁၅ ခုနှစ်၌ အာဆီယံအသိုက်အဝန်း ပေါ်ပေါက် ရေးသည် အာဆီယံ၏ အန္တိမပန်းတိုင်းမဟုတ်သေးဘဲ အာဆီယံ အသိုက်အဝန်း၏ နိဒါန်းသာဖြစ်ပါကြောင်း၊ ထို့အတွက် ၂၀၁၆ - ၂၀၂၀ ကာလစီမံချက်တစ်ရပ် ရေးဆွဲရန် လုပ်ငန်းစဉ် စတင်သင့်ပြီ ဖြစ်ပါကြောင်း၊ အာဆီယံအ နေဖြင့် နိုင်ငံတကာကိစ္စရပ်များတွင် ရပ်တစ်ချက်တစ်ခုတည်း ရရှိစေရန် ကြိုးပမ်းသွားရမည် ဖြစ်ပါကြောင်း၊ မကြာသေးမီ ကာလက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများသည် အာဆီယံ အသိုက် အဝန်းပေါင်း စည်းရေးကို အထောက်အကူ ဖြစ်စေခဲ့ပါကြောင်း၊ အစိုးရ၏ ငါးနှစ်သက်တမ်းထက်ဝက်ဖြစ်သော ပထမလ ပေါင်း ၃၀ အတွင်း၌ မိမိတို့အနေဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များ ချမှတ် ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပေါ်ထွန်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သိသာထင်ရှား သော တိုးတက်မှုများ ရှိနေသော်လည်း အားလုံး ပြီးပြည်စုံခြင်းမရှိသေးဘဲ အခက်အခဲများရှိနေပါကြောင်း၊ ထိုသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ထားပါကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

အစည်းအဝေးသို့ ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘုရင်ဆူလ်တန်ဟာဂျီ ဟာဆာနာလ်ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတဒေါက်တာ ဆူစီလိုဘမ်ဘန်းယူဒို ယိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတွတ်ဆရီမိုဟာ မက်နာဂျစ်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ ဘီနင်နိုအကွီ၊ စင်ကာပူ သမ္မတနိုင်ငံဝန်ကြီး ချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 YC


ဖွဲ့စည်းပုံအခြေခံပါ အာဏာခွဲဝေမှုနှင့် သယံဇာတခွဲဝေမှုများကိုသာ ဦးစွာပြုပြင်သင့်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များ သုံးသပ်

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာဏာခွဲဝေမှုနှင့် သယံဇာတခွဲဝေမှုများကိုသာ ဦးစွာပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အများစုက သုံးသပ်ပြောထားကြောင်း သိရသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောက်က “ကော်မတီ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအမြင်နဲ့ ပြောရရင် ပြည်သူ့အတွက် အဓိကအကျိုးရှိတဲ့ဟာ၊ လွယ်လည်း လွယ်တဲ့ဟာတွေ အရင်ပြင်၊ ဥပမာ ဇယား (၂) ကိစ္စဆိုရင် power sharing နဲ့ resource sharing ရှိတယ်။ ဒါလေးတွေ အရင်လုပ်။ ပြည်သူအတွက် တကယ်အကျိုးရှိတာ။ တချို့မလိုတဲ့ ပုဒ်မတွေရှိတယ်။ ပြည်သူအတွက် ပြင်ပေးရမယ်။ လွယ်တာကို အရင်လုပ်၊ ခက်တာကို ဒုတိယလုပ်၊ အခက်ဆုံးကို တတိယလုပ်၊ အဲ့ဒီလိုဖြေရှင်းသွားရင် မအောင်မြင်စရာ ဘာမှမရှိဘူး” ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွန့်က “ကော်မတီထံ အခြေခံဥပဒေထဲက လက်တွေ့ပြင်လို့ရ နိုင်တဲ့အချက်တွေကို တင်ထားတယ်။ အာဏာခွဲဝေမှု ကိစ္စတွေဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတွေ ကို လွှတ်တော်ရွေးဖို့၊ တရားရေးစနစ်ကို အုပ်ချုပ်ရေးက ထိန်းထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ကိစ္စတွေပါတယ်။ အဲဒါကြောင့် လက်တွေ့အလုပ်ဖြစ်နိုင်တာတွေကို ပေးထားပြီးဖြစ်ပါတယ်။ အဲဒါတွေက ၂၀၁၅ မှာ ဆောင်ရွက် နိုင်မယ်လို့ ယူဆထားတာပါ။ ဆန္ဒခံယူပွဲကို ဖြတ်ရတယ်ဆိုတာ အင်မတန်မှ ခက်ခဲမယ်လို့ မြင်ပါတယ်။ အခြေအနေအရ ဖြစ်နိုင်တာကို ဆောင်ရွက်ရနိုင်ဖို့ တင်ထားပါတယ်” ဟုပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုးက မိမိတို့ပါတီအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီတူဖြစ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဖက်ဒရယ်မူအရ ပြည်ထောင်စု ကို တည်ဆောက်ရန် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာရေး၊ အာဏာခွဲဝေရေး (power sharing) နှင့်သယံဇာတခွဲဝေရေး (resource sharing) ကိစ္စများကိုပြင်ဆင်နိုင်ရန် ဦးစားပေးကြိုးပမ်းမည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ ပါတီအသီးသီးမှ ပြင်ဆင်လိုသည့်အချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ ပြင်ဆင်လိုသည့်အချက် များကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မတိုင်ခင် ပေးပို့ရမည်ဖြစ်သည်။

YC


နိုဝင်ဘာလ၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ်မရေးထိုးခင် အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ မှ  အချက်(၇) ချက် သဘောတူညီမှုရရှိ

နိုဝင်ဘာလပတ်အတွင်း ပြုလုပ်မည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်ခင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့ မနော်ကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပသော အစိုးရနှင့် KIOအဖွဲ့ (၉)ကြိမ်မြောက် ဆွေးနွေးပွဲတွင် အချက် (၇) ချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

(က) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (Political Dialogue) ကျင်းပနိုင်ရန် ပြင်ဆင်မှုဖြစ်သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးတွင်ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည်ဖြစ်သောကြောင့် ကြိုတင်ဆွေးနွေးညှိနှိုင်းသည့် လုပ်ငန်းစဉ်အနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်သဘောတူသည်။

(၁) ပြည်ထောင်စုအစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်မည်။

(၂) ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့မှတောင်းဆိုသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Conference) ကျင်းပမည်။

(ခ) ၂၀၁၃ ခုနှစ်မေလ (၂၈ - ၃၀) အတွင်း ဆွေးနွေးပွဲရလဒ်များကြောင့် ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ဆက်ဆံမှုများ တိုးတက်ဆောင်ရွက်ခြင်းတို့အပေါ် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့မှ အသိအမှတ်ပြုပြီး ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရေးကို ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။

(ဂ) နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အခြေခံရမည့်မူများနှင့် စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာဌာနများက ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်နှင့် အနည်းဆုံးရွာ (၄) ရွာကိုရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ်ညှိနှိုင်းအကောင်အထည်ဖော်သွားရန် သဘောတူသည်။

(ဃ) စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းသွားရန် သဘောတူသည်။ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ အခြေပြဇယား ( Joint Monitoring Committee Structure) (ပူးတွဲ ၁) နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန် ရှောင်ရန် အခြေခံမူ (၅)ချက်နှင့် စည်းကမ်းချက် (၁၈) ချက်တို့ပါဝင်သည့် (ပူးတွဲ ၂) ကိုအခြေခံ၍ အသေးစိတ်စီမံချက် (Operational Plan) ချမှတ်နိုင်ရန် နှစ်ဖက်နည်းပညာ အထောက်အကူပြု အဖွဲ့များ အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။

(င) ပဋိပက္ခကြောင့် ပုံမှန်သွားလာမှုမရှိသော အများပြည်သူများ အသုံးပြုနိုင်သည့်လမ်းများနှင့် အရေးပါသော လမ်းများ ပုံမှန်ပြန်လည် သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ ပုံမှန်ပြန်လည်ဖွင့်လှစ်သွားရန် သဘောတူသည်။

(စ) ကေအိုင်အိုအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန် သဘောတူသည်။

(ဆ) ရှေ့လုပ်ငန်းစဉ်များကို နှစ်ဖက်အလုပ်အဖွဲ့ (Technical Team) များက ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် နှင့် နောင်ကျင်းပမည့် ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။ အစရှိ သည့် အချက် (၇) ချက် ကိုသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုဝင်ဘာလ အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးထိုးနိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီလ တွင် တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကို  ပြုလုပ်နိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

YC 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment