Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို  သမ္မတ ဦးသိန်းစိန်မှ လွှဲပြောင်းလက်ခံယူ

အောက်တိုဘာလ  ၁၁ ရက်က ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ ရာထူးလွှဲပြောင်းပေးအပ်ပွဲ သို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တက်ရောက်ကာ နိုင်ငံတော်သမ္မတထံသည် ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို လွှဲပြောင်းလက်ခံယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး ၁၇ နှစ်ကြာမှ ပထမဦးဆုံးအကြိမ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို စတင်လက်ခံခဲ့ခြင်းဖြစ်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ဇန်နဝါရီ ၁ ရက်နေ့တွင် ယင်းတာဝန်ကို စတင်ထမ်းဆောင်တော့မည်ဖြစ်သည်။

အဆိုပါအခမ်းအနားပွဲတွင် နိုင်ငံတော်သမ္မတမှ မြန်မာနိုင်ငံသည်  အာဆီယံနိုင်ငံအားလုံးနှင့်အတူ အာဆီယံအသိုင်းအဝိုင်းလမ်းပြမြေပုံကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်ရှိနေသေးသော အစိတ်အပိုင်းများကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီး၏ ခိုင်မာတိုးတက်စေရေးကို တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်သွားပြီး အာဆီယံမိတ်ဖက်နိုင်ငံများ၏ ထောက်ခံအားပေးမှုဖြင့် လာမည့် နှစ်ကာလအတွင်း အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်မည့်ကို အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကျင်းပသည့် အဆိုပါ အစည်းအဝေးတွင် ၂၀၁၅ မတိုင်မီ အာဆီယံနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာများ ပိုမိုချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေးကို ဆွေးနွေးသွားမည့်ဖြစ်ကြောင်း သိရသည်။

ယင်းထိပ်သီးအစည်းအဝေးပိတ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အာဆီယံနိုင်ငံများမှ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်လာကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေး ဗီဒီယိုပြကွက်ကို ပြသပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

YC


မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် Colgate and Palmolive ကုမ္ပဏီ လာရောက်ညှိနှိုင်း

အမေရိကန်နိုင်ငံအခြေစိုက် Colgate and Palmolive ကုမ္ပဏီသည် ပြည်တွင်း၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံ ရန်အ တွက် လာရောက် ညှိနှိုင်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်မှ သိရ သည်။

အဆိုပါ ကုမ္ပဏီမှ Chief Mr. John Shin နှင့်အဖွဲ့သည် အောက်တိုဘာလ ၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် ပြည်တွင်း၌ လူသုံးကုန်နှင့် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်များ ရောင်းချရာတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းကုမ္ပဏီသည်  နိုင်ငံပေါင်း ၇၀ ခန့်တွင် စက်ရုံများတည်ထောင် ကာ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၄၀ ကျော်ကို ထုတ်လုပ် ရောင်းချလျက်ရှိသည်။ ထို့ပြင် ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေ ၁၇ ဒသမ ၀၈၅ ဘီလီလျံရှိနေခဲ့ပြီး အသားတင်ဝင်ငွေ ၂ ဒသမ ၄၇၂ ရှိနေကြောင်း အဆိုပါ ကုမ္ပဏီ၏ စာရင်းဇယားများအရ သိရသည်။

ထို့ပြင် အမေရိကန်အခြေစိုက် အာမခံကုမ္ပဏီတစ်ခုဖြစ်သော Metlife မှ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့ တွင် အဆိုပါ Metlife Asia Pacific Limited အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့်ချ ထားပေးခဲ့ခြင်းဖြစ်သည်။

Metlife သည် ရှစ်ခုမြောက် ကမ္ဘာ့ထိပ်တန်း အာမခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် အသုံးပြု သူပေါင်း သန်း ၉၀ ကျော်ခန့်ရှိကာ ယင်းကုမ္ပဏီ၏ ၂၀၁၀ ပြည့်နှစ်စာရင်းများအရ ကုမ္ပဏီ၏ ဝင်ငွေမှာ အမေရိကန်ဒေါ် လာ ၅၂ ဒသမ ၇၁၇ ဘီလီယံ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ပေါ်လစီအရ နိုင်ငံတကာ အာမခံ ကုမ္ပဏီများအနေဖြင့် ပြည်တွင်းအာမခံလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင် ရာတွင် ကိုယ်စားလှယ်ရုံးခန်းအဖြစ်သာ ဖွင့်လှစ်နိုင်ကြောင်းသိရပြီး လက်ရှိမြန်မာနိုင်ငံ၏ အာမခံ လုပ်ငန်းတွင် ဂျပန်နိုင်ငံ နှင့် ဟောင်ကောင်တို့မှ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံတကာမှ ကုမ္ပဏီကြီးများသည် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားလျက်ရှိကြပြီး ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သော Nestle အပါအဝင် Coca Cola၊ Pepsi၊ Unilever စသည့်ကုမ္ပဏီတို့က ပြည်တွင်း၌ စက်ရုံများတည်ထောင်ကာ စားသောက်ကုန်များ ထုတ်လုပ်ရောင်း ချလျက် ရှိသည်။

YC


စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် မြို့ပြနျူကလီးယားစီမံကိန်းကို နိုင်ငံတကာနှင့် ဆွေးနွေးမှု များပြုလုပ်

နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးအတွက် မြို့ပြနျူကလီးယားစီမံကိန်းကို နိုင်ငံတကာနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားသည်။ ယင်းလုပ်ငန်းစဉ်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဓိကဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဆွေးနွေး ဆဲအဆင့်သာရှိသေးကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“မြို့ပြနျူကလီးယားဆိုတာ ဂျပန်နိုင်ငံတွေမှာ သုံးနေပါတယ်။ ဒီဟာကို ထည့်သွင်းပြီးတော့ စတင်အစပျိုးတဲ့ အဆင့်၊ ဆွေးနွေးတဲ့ အဆင့်ဘဲရှိသေးတယ်။ ခြေခြေမြစ်မြစ် ဆောက်ရွက်နိုင်တဲ့ အခြေအနေမျိုးမရှိသေးပါ ဘူး။ ထုံးစံအတိုင်း နျူကလီးယားနဲ့ ပတ်သတ်ပြီးတော့ Sensitive ဖြစ်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ သူက မြို့ပြကိစ္စအနေနဲ့ သုံးဖို့အတွက်ဘဲ ဆွေးနွေးရတာဖြစ်တယ်။ နိုင်ငံမှာ Energy လိုအပ်ချက်ရှိလာတဲ့အခါ ကျရင်တော့သုံးရဖို့ Alternative way ပေါ့။ လှည့်ပြောင်းအသုံးပြုနိုင်မည့် နည်းလမ်းတစ်ခု စဉ်းစားရမှာပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုစဉ်းစားကြတာဘဲ” ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဇေယျာအောင် ကပြောသည်။

အောက်တိုဘာလ ၁၀ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်လည်း ချောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၏ စွမ်းအင်ကဏ္ဍဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှုအခြေ အနေကို ပြည်သူအများသိရှိစေရန်အတွက် ပြန်ကြားပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာတွင် ယခင်က စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် သီးခြားဆောင်ရွက်ခဲ့သော်လည်း ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနများစုစည်းပြီး လုပ်ငန်းပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီနှင့် စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် အမျိုးသားစွမ်းအင်မူဝါဒတစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကို မူကြမ်း များ ပေးပို့ထားပြီး အကြုံပြုချက်များကို အဆင့်ဆင့်ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း နှင့်အပြီး သတ်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

ကုန်းတွင်းလုပ်ကွက်နှင့် ကမ်းလွန်လုပ်ကွက်အချို့ကို အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူပြီး ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ နိုင်ငံတကာအတွေ့အကြုံရှိသော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဖြေကြား ခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment