Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တရားမဝင်မြေယာသိမ်းဆည်းရေး မဖြစ်ပေါ်စေရန်ကာကွယ်ပေးရမည့်အချက်များပါဝင်သည့် တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပြဋ္ဌာန်း

တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများမဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည့်အချက်များပါဝင်သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အောက်တိုဘာ ၁၂ ရက်နေ့ကသမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ယင်းဥပဒေတွင် ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ လိုအပ်သည့်သွင်းအားစုများ ရရှိစေရေးနှင့် မြေယာ နှင့်သက်ဆိုင်သည့် တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ တောင်သူလယ် သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှုမရှိသော မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ် ပေးခြင်း၊ လယ်ယာလုပ်သားများ ရထိုက်သည့်အခွင့်အရေးများအား အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက် ပေးခြင်းများ ကို ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုအစိုးရ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ကို ဦးဆောင်စေပြီး သင့်လျော်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများအား ကိုယ်စားပြုသော အဖွဲ့အစည်းများ နှင့် သင့်လျော်သော အခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေတွင် ပါရှိသည်။

အဆိုပါဥပဒေပြဋ္ဌာန်းချက်အရ ဦးဆောင်အဖွဲ့အနေဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့် လုံခြုံစိတ်ချရေးတို့နှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအား ကူညီဆောင်ရွက်ေ ပးခြင်းနှင့် အကာအကွယ် ပေးခြင်း၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က တင်ပြသော ဝယ်ယူမည့်ကောက်ပဲ သီးနှံအမျိုးအစားနှင့် ဝယ်ယူမည့် အစီအစဉ်တို့ကို စိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်းများကိုလည်း ဆောင်ရွက်ရ မည်ဖြစ်သည်။

အဆိုပါဥပဒေတွင် တောင်သူလယ်သမားများဘက်မှ အလိုရှိသည့် လယ်ယာထွက်ကုန်များအပေါ် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ဝယ်ယူပေးရေးမပါဝင်လာခြင်းမရှိသည့်အပေါ်တွင် တောင်သူလယ်သမားများနှင့် မြေယာ လုပ်သားများ သမဂ္ဂ ဦးသန်းစိုးက ယင်းကဲ့သို့ဝယ်ယူပေးခြင်းမပြုပါက စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ အကျိုး များနေဦးမည်ဖြစ်ပြီး နိုင်ငံတကာဈေးနှုန်းနီးပါး သတ်မှတ်ဝယ်ယူပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည့်အပြင် ဦးဆောင်အဖွဲ့တွင် မြန်မာပြည် အနှံအပြားတွင် ဖြစ်ပေါ်နေသည့် လယ်ယာမြေသိမ်းဆည်းသည့် ပြဿနာများအား လိုက်ပါဖြေရှင်းပေးနိုင်သူ ပုဂ္ဂိုလ်များ ပါဝင်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

YC


အခြေခံဥပဒေနှင့်ပတ်သတ်၍ ပြည်သူ့သဘောထားထုတ်ပြန်နိုင်ရန်ဆွေးနွေးမည်

မြန်မာ့နိုင်ငံရေးတွင်လတ်တလော အငြင်းပွားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အသစ်ပြ လည်ရေးဆွဲ ရေးတို့နှင့် ပတ်သတ်၍ ပြည်သူလူထု၏ သဘောထားအမှန်ကို ထုတ်ပြန်နိုင်ရန် အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပြည်သူများပါဝင်သည့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်အဖွဲ့ဝင်များက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်မည်ဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာရေးဆရာများနှင့် ဝါရင့်နိုင်ငံရေးသမားများအပါအဝင် အနုပညာ ရှင်များလည်း ပါဝင်ဆွေးနွေးမည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်ဆွေးနွေးနိုင်ကြောင်း ယင်းကွန်ရက်အဖွဲ့ ဝင်များက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်၍ ပြည်သူလူထုသိရှိနားလည်ကာ ဥပဒေပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရေးနှင့် ပြည်သူ့ဆန္ဒထင်ဟပ်သည့် အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် ယင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။

“အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သတ်ပြီး အခုကြုံနေရတဲ့ အကျပ်အတည်း၊ နောင်ကြုံရမဲ့ အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဆွေးနွေးသွားမှာပါ။ အခြေခံဥပဒေဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူ အစိုးရကြားမှာ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပါ” ဟု၎င်းကဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုနှင့်လည်း သက်ဆိုင်သဖြင့် ပြည်သူ့ဆန္ဒသဘောပါဝင်သည့် ဥပဒေထွက်ပေါ်လာနိုင်ရန် လိုအပ်ကြောင်း ဗေဒါနိုင်ငံတည်ဆောက်ရေးကျောင်း၏ ဒါရိုက်တာဖြစ်သူ ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

“အခြေခံဥပဒေနဲ့ ပတ်သတ်လို့ လူထုက ဘာနားလည်မှာလဲလို့ ပြောတာတွေကို ကျွန်တော်လက်မခံပါဘူး။ ဒါဟာ လူထုကို ပညာမတက်ပါဘူး။ စိတ်မဝင်စားဖူးလို့ ဆိုလိုက်တာပါဘဲ။ လူထုထဲမှာလည်း သိတဲ့သူတွေ၊ ကိုယ့်နည်းကိုယ့်ဟန် နဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ လက်ရှိအစိုးရထက် ပိုသိ၊ ပိုတက်တဲ့သူတွေ လူထုထဲမှာ ရှိနေပါတယ်။ ဒါကြောင့် အခြေခံဥပဒေကိစ္စမှာ လူထုရဲ့ သဘောထားရရှိဖို့လိုတယ်” စာရေးဆရာ၊ သတင်းစာဆရာ ဦးဖေမြင့်က ဆိုသည်။

သို့သော် အဆိုပါဆွေးနွေးပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး ပြဿနာထက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီစနစ်နှင့်အညီ ပါဝင်သင့်သည့် ဥပဒေများကိုပြဋ္ဌာန်းနိုင်စေရေး အတွက် လူထုသဘောထားကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း အခြေခံဥပဒေဆိုင်ရာပြည်သူ့ ကွန်ရက်အဖွဲ့ဝင်များက ဆိုသည်။

YC


ကေအိုင်အိုနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လိုင်ဇာတွင် တွေ့ဆုံမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲမတိုင်မီ ကေအိုင်အိုနှင့် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တရားဝင်တွေ့ဆုံပွဲကို ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာ တွင် အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင်များထံမှ သိရှိရသည်။

မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုကိုယ်စား လှယ်တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့တွင် ကေအိုင်အိုဘက်မှ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ကေအိုင်အို အလုပ်အဖွဲ့ရုံးတွင် ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခဲ့ပြီး နောက် ဆွေးနွေးပွဲကို လိုင်ဇာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးလက်မှတ်ထိုးပွဲမတိုင်မီ ကေအိုင်အိုနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံကာ ကြိုတင်ညှိနှိုင်းကြ ခြင်းဖြစ်ပြီး တိုင်းရင်းသားများဘက်မှ ဖိတ်ကြားပါက တက်ရောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တစ်စုတဝေးတည်း တရားဝင်တွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှကိုယ်စားလှယ် စိုင်းဘောင်ခေးက ပြောသည်။

“အခုလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တွေ့ဆုံဖို့ ကေအိုင်အိုကတင်ပြတာကို ထောက်ခံတယ်။ အပစ်ရပ်ဖို့အတွက် အားလုံးဝိုင်းပြီးတော့ ကြိုးစားရမှာပဲ” ဟု၎င်းကဆိုသည်။

လိုင်ဇာတွင်ပြုလုပ်မည့်ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့စီမှ ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ရန် လျာထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်က ပြောသည်။

ကေအိုင်အိုအနေဖြင့် လိုင်ဇာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးပြီးပါက မကြာမီ အချိန်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်ထပ်မံ တွေ့ဆုံသွားရန်အစီစဉ်ရှိကြောင်း ကေအိုင်အိုထံမှ သိရှိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment