Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို ဖော်ထုတ်ရန်  KNU ဆန္ဒရှိ

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုကို ကရင်အမျိုးသားအစည်းအရုံး(KNU)က စေခိုင်း သည်ဟု ဆိုသော သတင်းများထွက်ပေါ်လာခြင်းကို  ကရင်အမျိုးသားအစည်းအရုံးက အစိုးရနှင့် ပူးပေါင်းတားဆီးဖို့ ဆန္ဒရှိသဖြင့် အောက်တိုဘာ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်မည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ KNU အဖွဲ့၏ ဗဟိုကော်မ တီဝင်တစ်ဦးက တက်ရောက်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအဝင် အခြားသော မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ ဖြစ်ပေါ်နေခြင်း များနှင့် ပတ်သက်၍ KNU အနေနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း၊ KNU အဖွဲ့က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဟု  ဖာပွန်ခရိုင် အခြေစိုက်၊ KNUတပ်မဟာ(၅)မှ အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစ်စုံ တစ်ရာ နှောင့်ယှက်ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက်နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့ စေခြင်းများကို မိမိတို့အနေဖြင့် လုံးဝဆန့်ကျင်ကန့်ကွက်သည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောပြချက်အရ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ကြောင်း ယူဆ ရသူ ဖာပွန်မြို့နယ် သူမွထကျေးရွာတွင် နေထိုင်သူ အသက်(၂၆) နှစ်အရွယ် စောမြင့်လွင်(ခ) မောထ အမည်ရှိသော အမျိုးသားတစ်ဦးကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီလင်း-နတ်ကြီး ကားလမ်းပေါ်တွင် ဆိုင်ကားစီးနင်းလာစဉ် ရန်ကုန်တိုင်းရဲတပ်ဖွဲ့အထူး ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အခန်း၌ အမေရိကန်မိသားစုအရင် တည်းခိုခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူသည် KNU တပ်မဟာ(၅)၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ကေအင်န်ယူမှ ဗိုလ်မှူး အဆင့် ရှိသူ ခိုင်းစေခြင်းကြောင့်  ပြုလုပ်ရခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

၎င်းသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေးအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ချက်များကို မကျေနပ်ကြောင်းကို ပြသလိုသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း KNU မှ အမည်မ ဖော်လိုသူမှ ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေး ရာ တွင်  KNU အဖွဲ့နှင့် အလားအလာ အကောင်းဆုံးအနေအထားတွင် ရောက်ရှိနေကြောင်း၊ အစိုးရနှင့် ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး  လက်မှတ်ရေးထိုးပြီး တစ်နှစ်ကျော် ကာလ အတွင်း တိုက်ပွဲများ မဖြစ်သလောက်သာ ရှိခဲ့ကြောင်း သိရသည်။

YC


မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော်အကြား ထိတွေ့ဆက်ဆံမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထောက်ပံ့ကူညီ ရန်သာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမှတ်ပြောကြား

မြန်မာ့တပ်မတော်နှင့် ဗြိတိသျှတပ်မတော်တို့အကြား ပြန်လည်ထိတွေ့ဆက်ဆံမှုသည် စစ်ရေးအရ ဆက်ဆံခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ကူညီရန်သာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် Andrew Patrick ကအောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက  မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၎င်းက မြန်မာ့တပ်မတော်နှင့် ဆက်ဆံမှုပြုလုပ်ရာတွင် စစ်ရေးအရတိုက်ခိုက်မှု သင်တန်းများ၊ လက်နက် အသုံးပြုမှု သင်တန်းများပို့ချခြင်းမဟုတ်ဘဲ ဗြိတိန်တပ်မတော်၏ ဖြတ်သန်းမှုအတွေ့အကြုံများနှင့် မြောက်ပိုင်း အိုင်ယာလန်ငြိမ်း ချမ်းရေးဖော်ဆောင်မှု အတွေ့အကြုံများအား မြန်မာ့တပ်မတော်အရာရှိများနှင့် ဝေမျှခြင်းသာဖြစ် ကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဗြိတိန်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ပြန်လည်ဆက် ဆံမှုအပေါ် စိုးရိမ်ရန်မလိုဘဲ ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထောက်ခံ အားပေးသည့် နိုင်ငံတစ်ခုသာဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံကိုယ်စားပြောကြားလိုတာကတော့ ကျွန်တော်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အနေနဲ့ စိုးရိမ်မှုမရှိဖို့ ဗြိတိန်တပ်မတော်ဟာ ဒီမိုကရေစီနည်းကျပြီး ပြည်သူလေးစားခံရတဲ့ တပ်မတော်ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ဖြစ်စေမဲ့ ဆက်ဆံမှုမျိုးသာ လုပ်ဆောင်မှာဖြစ်ပါတယ်”၎င်းက ပြောကြား ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ ဥရောပ နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံနှင့် လက်နက်ကုန်သွယ်မှုပြုလုပ်ခွင့် ပိတ်ပင်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများ အား အသိအမှတ်ပြုသည့်အနေဖြင့် ဗြိတိန်တပ်မတော်မှ မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးအား ပြန်လည်ထူ ထောင်ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာ့တပ်မတော်မှ အရာရှိများအနေဖြင့် ဗြိတိန်နိုင်ငံသို့ လာရောက်လေ့လာကာ ဗြိတိန်တပ်မတော် ၏ ဒီမိုကရေစီနည်းကျ လုပ်ဆောင်မှုများ၊ လူ့အခွင့်အရေးလုပ်ဆောင်မှုများကို လေ့လာကာ မြန်မာနိုင်ငံတွင် လိုက်နာ ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း Andrew Patrick ကပြောသည်။

“မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်။ ဗြိတိန်တပ်မတော်ရဲ့ ဒီမိုကရေစီနည်းကျ လုပ်ဆောင်မှုတွေကို မြန်မာ့တပ်မတော်က အတုယူနိုင်ပါတယ်။ ဗြိတိန်တပ်မတော်ကနေ မြောက်ပိုင်း အိုင်ယာလန်အရေးကို ဖြေရှင်းတဲ့အချိန်မှာ ရရှိတဲ့အတွေ့အကြုံတွေကို မြန်မာ့တပ်မတော်နဲ့ မျှဝေ နိုင်ပါတယ်။ ဒါ့အပြင်ပြီး ခဲ့တဲ့မေလနဲ့ ဇူလိုင်လမှာ UNFC နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် တပ်မတော်နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ ထိတွေ့ ဆက်ဆံသွားမှာပါ” ဗြိတိသျှသံ အမတ်က ဆက်လက်ပြောကြားသည်။

သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်စဉ်က ထို့ကဲ့သို့ နှစ်နိုင်ငံကြား တက်မတော်ချင်း ထိတွေ့ ဆက်ဆံ ရန် သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနည်းကျပြီး တိုင်းရင်းသား ပဋိပက္ခများ အား ဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လတွင် ပြောကြားခဲ့သည်။

YC


 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်တစ်ခု ဖွဲ့စည်းကာ ပြည်သူများ အခြေခံဥပဒေဆိုင်ရာ ဗဟု သုတများ ရရှိစေရန် ကြိုးပမ်းသွားမည်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာပြည်သူ့ကွန်ရက်ကို နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများဖြင့် ပေါင်းစုကာ အောက်တိုလာလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အဆိုပါ အဖွဲ့အနေဖြင့် ပြုပြင်ရန်(သို့) အသစ်ရေးဆွဲရန် ထောက်ပြဝေဖန်မှုများရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယင်းကွန် ရက်မှ သိရသည်။

ထို့ပြင် အဆိုပါ ကွန်ရက်မှ ဦးဆောင်၍ ပထမဆုံးအကြိမ် လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲအား ဦးဆောင်ဆွေးနွေးခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က “ပြည်သူများ အနေနဲ့ အခုလို ပြင်ဖို့ သို့မဟုတ် အသစ်ရေးဆွဲဖို့ အခွင့်အခါ ကြုံကြိုက်တဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထူထောင်နိုင် ဖို့အတွက် တစ်ကယ့် စိတ်ပါကိုယ်ပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပါ”ဟု တိုက်တွန်း ပြောကြား သည်။

ထိုပွဲသို့ တက်ရောက်ခဲ့သည့် ၀ါရင့်စာရေးဆရာ ဦးဖေမြင့်က “ဒီဖွဲ့စည်းပုံ အခြေခံနဲ့သက်ဆိုင်တဲ့ ပြည်သူလူ ထုကြီး အနေနဲ့လည်း ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတာကို လာပြီး ဆန္ဒတောင်းတဲ့အခါကျမှ ပြောတာထက် ကျွန်တော်တို့ ပြည်သူလူထုသည် သဘောဆန္ဒတွေကို ဒီအချိန်ခါမျိုးမှာ သူများမတောင်းခင် ကြိုကြိုတင်တင် ပြောတာ ပိုကောင်းတယ်လို့ ခံယူပါတယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်သည် အောက်တိုဘာ ၁၇ ရက် ရက်စွဲဖြင့် သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြတ် ကြေညာခဲ့သည်။ အဆိုပါ သဘောထားကြေညာချက်တွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမည်၊ ပြည်ထောင်စုကို ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်မူဖြင့် ဖွဲ့စည်းရမည်၊ လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးရမည်၊ ဒီမိုကရေစီအခွင့်အရေး အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အခြေခံရမည်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်၊ ဘာသာရေးကို အခြေမခံသော နိုင်ငံဖြစ်ရမည်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိရမည် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေး အတွက် လူထုဆန္ဒ ကောက်ခံ ရာတွင် လက်ရှိအချိန်အထိ အခြေခံဥပဒေ ပြင်ဆင်လိုသည့် ဆန္ဒမဲကသာ များနေကြောင်း အဆိုပါ ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ပြောကြားချက်မှ သိရသည်။ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးကို လူထုဆန္ဒ ကောက်ယူကာ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာ ထားသည်။  

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment