Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဗုံးခွဲမှုများမှာ အစိုးရက ကြိုးပမ်းတည်ဆောက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံမှားသံသယ ဖြစ်စေရန် ပြုလုပ်ဟု ဖဒိုမန်းငြိမ်းမောင်ပြော

ရန်ကုန်မြို့တော် ကုန်သည်ကြီးများ ဟိုတယ်နှင့် အခြားနေရာများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှာ အစိုးရက ကြိုးပမ်းတည်ဆောက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံမှားသံသယဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်မည်ဟု အောက်တိုဘာလ ၂၀ ရက်နေ့၊ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖဒိုမန်းငြိမ်းမောင်က သုံးသပ်ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က မိုင်းဗုံးဖောက်ခွဲမှု ဖြစ်စဉ်များ တွင် ကေအင်န်ယူမှ တပ်ဖွဲ့ဝင်ဟောင်း စောမြင့်လွင်နှင့် ကေအင်န်ယူ စီးပွားရေးလုပ်ငန်းတစ်ခုမှ တာဝန်ခံဖြစ်သူ နေတိုးခေါ် စောရွှေထူးတို့ ပါဝင်နေသည်ဆိုသော်လည်း ယင်းဖြစ်စဉ်မှာ ကေအင်ယူ ဗဟို၏ မူဝါဒသဘောထား မဟုတ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

“နေတိုးက ကေအင်န်ယူလက်အောက်မှာရှိတဲ့ ဒေသဆိုင်ရာ စီးပွားရေးတာဝန်ခံတစ်ယောက်ပါ။ ဗုံးဖောက်ခွဲမှု တွေကို သူကညွှန်ကြားခဲ့တာဆိုပေမယ့် ဒါဟာ ကေအင်န်ယူရဲ့ သဘောထားလုံးဝမဟုတ်ဘူး”ဟု ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗုံးဖောက်ခွဲမှုများမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို ပြိုလဲပျက်စီးစေရန်အတွက် နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအပြင် SEA Game ကျင်းပရေး၊ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူရေးကိစ္စများနှင့် တိုက်ဆိုင်စွာ ပြုလုပ်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် လုံခြုံရေး၊ တည်ငြိမ်ရေး ပျက်ပြားနေသည်ဟု နိုင်ငံတကာက မြင်အောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဗုံးဖောက်ခွဲမှုကြံစည်သူတို့သည် ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေရန်အလို့ငှာ နိုင်ငံခြားသားများ အများဆုံးသွားရောက်သည့် ရွှေတိဂုံစေတီတော်နှင့် အာနန္ဒာဘုရားကဲ့သို့သော ထင်ရှားကျော်ကြားသည့် စေတီတော်များ အား ပစ်မှတ်ထားကာ အစ္စလာမ်ဘာသာရေးနေ့ ဘက္ကရီးအီးဒ်နေ့၌ဖောက်ခွဲရန် ကြံစည်ခဲ့သော်လည်း ဖောက်ခွဲရန် စေခိုင်းခံရသူမှာ မလုပ်ရဲသဖြင့် အထမမြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဖဒိုမန်းငြိမ်းမောင်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထိခိုက်ခံမည်မဟုတ်ဘဲ ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကာ အဓိကတရားခံများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ အမြန်ဆုံး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်များမှာ ကေအင်န်ယူ၏ သဘောထားမဟုတ်သော်လည်း ပါဝင်ပတ်သက်သူများမှာ ကေအင်န်ယူအဖွဲ့ဝင်ဟောင်း ဖြစ်သည့်အတွက် ထိခိုက်နစ်နာသူများအားလုံးကို တောင်းပန်ပါကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုအပါအဝင် မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ ဗုံးပေါက်ကွဲမှုများ၏ အဓိကစေခိုင်းသူမှာ ကေအင်န်ယူစီးပွားရေးတာဝန်ခံ နေတိုး ခေါ် စောရွှေတိုးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဖောက်ခွဲမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

YC

 


ဘယ်လ်ဂျီယံနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများမကျင်းပမီ  မြန်မာနိုင်ငံ၌ ဒီမိုကရေစီစံနှုန်းများ ပိုမိုပြည့်ဝလာ ရေးအတွက် လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရန် လိုအပ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့(၁၅)ရက်ကြာ ဥရောပခရီးစဉ်သို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်က ဥရောပသမဂ္ဂ (EU) ဌာနချုပ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမင်နျူရယ်ဘာရိုဆိုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မဖြစ်ပြင်ဆင်ရမည်ဖြစ်ပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်မှုနှင့် တရားမျှတမှုရှိလိမ့်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန် ဆိုသောကိစ္စကို မိမိတို့ပါတီအနေဖြင့် ဆုံးဖြတ်မည်မဟုတ်ဘဲ ပြည်သူများ၏ သဘောထားကို ရယူ၍သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် ၄င်းက ဆိုသည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမင်နျူရယ်ဘာရိုဆိုက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ လုံးဝ ပြီးပြည့်စုံခြင်း မရှိသေးသည်ကို ကောင်းစွာသတိထားမိသော်လည်း ၎င်းတို့အနေဖြင့် ပြုပြင်ပြောင်းလဲရေးများ ရှေ့ဆက်သွားနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အီးယူကလည်း အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ဥရောပသမဂ္ဂက မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှသမ္မတအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မအပါအဝင် အချို့သော အရေးကြီးပုဒ်မများကို ပြင်ဆင်ရာ၌ လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှု လိုအပ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ အာဏာခွဲဝေခြင်းနှင့်ပတ်သက်သည့် ဇယား ၁၊ ၂၊ ၃၊ ၅ တို့ကို ပြင်ဆင်ရန်အတွက်မူ ပြည်ထောင်စုလွှတ်တော်မှ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် လိုအပ်သည်ဟု ဖော်ပြပါရှိသည်။

YC


ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ ရှားပါးမှုများအတွက် လိုအပ်သော အကူအညီများ CNF ပြုလုပ်မည်

ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရသော ကျေးရွာများအတွက် အဓိက လိုအပ်သည့် ဆန်ကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်း အမျိုးသားတပ်ဦး ဗျူဟာမှူး ဦး Sang Lian Thang ၏ ပြောကြားချက်အရ သိရသည်။

“ချင်းပြည်နယ် ကျေးရွာတိုင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် ဆန် လိုအပ်ချက်ကတော့ နှစ်စဉ် ကြုံတွေ့နေရပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကျေးရွာတွေမှာ စားနပ်ရိက္ခာ အတွက် လိုအပ်လျက်ရှိတဲ့ အဓိက ကတော့ ဆန်ကို ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦး အနေနဲ့ တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ် ထောက်ပံ့နိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်။ ဒါက စီစဉ်ထားတာပါ။ ဒီထက် ပိုပြီး လိုအပ်မယ်ဆိုရင် လိုအပ်သလို ထောက်ပံ့မှုတွေ လုပ်သွားမှာပါ။ ချင်း ပြည်သူတွေမှာ အဓိက ပြတ်လပ်တဲ့ စားနပ်ရိက္ခာက ဆန်ဖြစ်တဲ့အတွက် ဒီဟာကိုပဲ အဓိကထား ထောက်ပံ့သွားမှာဖြစ်ပြီး ဆန် အရောက်ပို့ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ကျေးရွာတွေကိုတော့ သူတို့ စားနပ်ရိက္ခာ ဝယ်ပြီးစားလို့ ရအောင် ငွေကြေး ထောက်ပံ့သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

ယခုအအခါ ချင်းပြည်နယ်အတွင်း ကျေးရွာချင်း ဆက်လမ်းများ သွားလာရန် ခက်ခဲသဖြင့် ကျေးရွာများအတွင်း ကုန်စည် နှင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် ကုန်စည်တင်ပို့သော လားတိရစ္ဆာန်များကိုသာ ကျပ်ငွေငါးသောင်းအထိ ပေးကာ ငှားရမ်းအသုံးပြုနေရကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လားတိရစ္ဆာန်များဖြင့် ကုန်စည်တင်ပို့နေသူ ချင်း တိုင်းရင်းသားတစ်ဦးက ဆိုသည်။

“ကျွန်မတို့ကျောင်းမှာ လာတက်တဲ့ ကလေးငယ် အများစုဟာ ဆိုရင် သူတို့ယူလာတဲ့ ထမင်းဘူးထဲမှာ ထမင်းဆိုရင်လည်း ဘာဟင်းမှ မပါဘူး။ ထမင်းနဲ့ ဆားနဲ့ပဲ ပါတယ်။ တချို့ကလေးတွေ ဆိုရင် တစ်ရက်ကို ထမင်းတစ်နပ်ပဲ စားပြီး ကျန်တဲ့အချိန် ပြောင်းဖူးပြုတ်ပဲ စားနေရပါတယ်” ဟု ထန်တလန် မြို့နယ် နယ်စပ်ကျေးရွာတစ်ခုတွင် တာဝန်ကျနေသော ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ယခုနှစ် အောက်တိုဘာလမှ စတင်၍ ချင်း အမျိုးသားတပ်ဦး အနေဖြင့် ထန်တလန် မြို့နယ် အတွင်းရှိ ကျေးရွာ ၁ဝ ရွာအား တစ်ရွာလျှင် ဆန်အိတ် ၃ဝ အိတ်နှင့် အိမ်ခြေများသော ကျေးရွာများတွင် ဆန်အိတ် ၅ဝ အထိ လှူဒါန်းမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း အဆိုပါ ဗျူဟာမှူး၏ ဆက်လက် ပြောကြား ချက် အရ သိရသည်။

ပြည်ထောင်စုအစိုးရ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ ၂ဝ၁၃ ဘဏ္ဍာရေး နှစ်ကုန် အထိ ချင်းပြည်နယ် လမ်းတံတား နှင့် အဆောက်အအုံများ ပြုပြင်ဆောက်လုပ်ခြင်း အတွက် ငွေကျပ် ၉၄၄ ဒသမ ၂ သိန်း ၊ ကျေးရွာချင်း ဆက်လမ်း ၃၉၇ မိုင် ၅ ဖာလုံ ဆောက်လုပ်ရန်အတွက် စုစုပေါင်း ကျပ် သိန်းပေါင်း ၅၄၆၇၈ ဒသမ ၉၄ သိန်း ပြည်နယ်အစိုးရထံ ထောက်ပံ့ပေးအပ် ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ချင်းပြည်နယ်မှာ အဓိက ခက်ခဲတာကတော့ လမ်းပန်းဆက်သွယ်ရေး အဓိက ပါပဲ။ အဲဒီ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမယ်ဆိုရင် ကျန်တဲ့အပိုင်းတွေက တဖြည်းဖြည်း အဆင်ပြေသွားမှာပါ” ဟု ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးငွန်ဆန်းအောင် က ပြောကြားသည်။

ချင်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူဦးရေ ၇၅ သိန်း ကျော်ရှိကာ စိုက်ပျိုးမြေ ဧက နှစ်သိန်းကျော်အား စိုက်ပျိုးမြေအဖြစ် အသုံးပြုနေကြသော်လည်း အမှန်တကယ် စိုက်ပျိုးသီးနှံများအနက် စပါးစိုက်ပျိုးမှု အနည်းဆုံးဒေသ ဖြစ်သောကြောင့် ဆန်စပါးရှားပါးခြင်းအား နေ့စဉ်ကြုံတွေ့နေရ ကြောင်း သိရသည်။

“ကျွန်မတို့ ကျေးရွာတွေမှာ အမြဲတမ်း အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲက ဆန်မရှိတာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့အချိန်ဆို ပိုပြီး ခက်ပါတယ်။ အဲဒီလို ဒုက္ခဖြစ်ပြီဆို ပြည်နယ် အစိုးရ အဖွဲ့ကရော ၊ ချင်း အမျိုးသားတပ်ဦး အဖွဲ့ကရော ၊ ပြင်ပ အဖွဲ့အစည်းတွေက လာရောက် ကူညီမှုတွေ ရှိပါတယ်။ ဒါပေမယ့် ခွဲတမ်းနဲ့ ရရှိတာ ဖြစ်တဲ့အတွက် မိသားစု နည်းတဲ့အတွက် ဆန်ရှိလောက်တဲ့ ကျေးရွာ တွေသွားပြီး ချေးငှား စားသောက်ရတာပါပဲ” စိမှုကျေးရွာ မှ အသက် ၅၂ အရွယ် ချင်းတိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများတွင်တစ်ခု အပါအဝင်ဖြစ်ပြီး ချင်း ပြည်နယ်အတွင်း ခရိုင် သုံးခရိုင်၊ မြို့နယ် ကိုးမြို့နယ် ၊ မြို့နယ်ခွဲ လေးခု ၊ မြို့ ၁၃ မြို့ ၊ ရပ်ကွက် ၄ဝ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ၄၇ဝ အုပ်စု နှင့် ကျေးရွာ ၁၃၄၆ ရွာ ရှိကြောင်း ချင်းပြည်နယ် ဝန်ကြီးဌာနရုံး၏ မှတ်တမ်းများအရ သိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment