Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တိုင်းရင်းသားခေါင်ဆောင်များ ညီလာခံကျင်းပြီးနောက်တွင် အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးမည်

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပမည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ ညီလာခံကျင်းပပြီးနောက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO တို့သည် ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MCP) ၏ အကြီး တန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

ဦးလှမောင်ရွှေက “ခေါင်းဆောင်တွေ တွေ့ဖို့ကတော့ ကေအိုင်အိုလုပ်မယ့် တိုင်းရင်းသား အစည်းအဝေး ပြီးနောက်နိုဝင်ဘာ ၂ ရက်ကို သူတို့(ကေအိုင်အို) မြစ်ကြီးနားကို ဆင်းလာမယ်။ ၃ ရက်နဲ့ ၄ ရက်မှာ ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ကော်မတီနဲ့ ကေအိုင်အို ဆွေးနွေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ကေအိုင်အို တစ်ဖွဲ့ထဲမဟုတ်ဘူး။ တိုင်ရင်းသားခေါင်းဆောင်အားလုံးနဲ့ ဆွေးနွေးမယ့် အနေအထားပါဘဲ”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲမတိုင်မီ အစိုးရနှင့် KIO တို့၏ နည်းပညာအထောက်အကူအဖွဲ့များဖြင့် ဆွေးနွေးသွားရန်ရှိပြီး ဦးအောင်မင်းခေါင်းဆောင်သောအဖွဲ့နှင့် KIO တို့၏တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက်မူကြမ်းများအား ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေကဆိုသည်။

“အဲဒီမှာ ကျွန်တော်တို့ဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အဓိက ဆောင်ရွက်တာဖြစ်တဲ့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဒါကို Draft (မူကြမ်း) လုပ်ထားမယ်။ ကျွန်တော်တို့ဘက်ကလည်း လုပ်ထားတာကို နှစ်ဖက်ပြန်ညှိနှိုင်းနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့် ထားတယ်” ဟု ၎င်းကပြောသည်။

KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေမရောက်မချင်း အပစ်အခတ် ရပ်စဲရေးလက်မှတ်ကို ထိုးနိုင်မည်မဟုတ်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆွေးနွေးမှု အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်  စစ်ရှိန်လျှော့ရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေးအတွက် ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်နှင့် ထိုကော်မတီအား ဆောင်ရန်၊ ရှောင်ရန် အခြေခံငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် အသေးစိတ် စီမံချက်များ၊ စစ်ပြေးဒုက္ခသည်များ အရေး အပါအ၀င် အချက်ခုနစ်ချက် အား သဘောတူခဲ့သည်။

 YC


 ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် တိုင်းနှင့်ပြည်နယ် ၅ ခုတွင် ကိုးဆယ်ရာခိုင်နှုန်းခန့် သဘောတူ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးအတွက် ပြည်သူများ၏ သဘောထား အမြင်များ လိုက်လံကောက်ယူရာတွင် ၉၀ ရာခိုင်နှုန်းမှာ ပြင်ဆင်ရန်ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) မှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သဘောထား စစ်တမ်းကောက်ယူမှုများကို မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ပြီး ပြင်ဆင်ရေးအား ထောက်ခံ သူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရှိပြီး အသစ်ရေးဆွဲရန် ဆန္ဒရှိသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိနေကြာင်း NLD ပါတီမှ သဘောထားအမြင် လိုက်လံကောက်ယူနေသောသူများ၏ စာရင်းဇယားများအရသိရသည်။

ဆန္ဒလိုက်လံကောက်ယူရာတွင် ကွင်းဆင်းတာဝန်ယူ ကောက်ယူသူများက ပြည်နယ်/တိုင်း/ ခရိုင်/ မြို့နယ် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြည်သူများအား ရှင်းလင်းမှုများ ပြုလုပ်ကာ သဘောဆန္ဒ ရယူနေခြင်းဖြစ်ကြောင်း သိရသည်။

“ကရင်မှာ ကောက်တဲ့ ခရိုင်ငါးခုလုံးမှာ အကုန်လုံး ပါတီတွေရော၊ အဖွဲ့အစည်းတွေရော လာကြတယ်၊ အဲ့မှာ သူတို့ အကုန်လုံးက ပြင်ဆင်ချင်တဲ့ဘက်ကို ပိုပြီးများတယ်၊ ပြောရရင် ကရင်ပြည်နယ် တစ်ခုလုံးနီးပါးပဲလို့ ပြောလို့ရတယ်” ဟု ကရင်ပြည်နယ်တွင် ဆန္ဒကောက်ခံသူ ဦးဌေးဦးက ပြောသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးသို့ ဆန္ဒကောက်ခံသူ ဦးအောင်သိန်းက “မန္တလေးခရိုင်အားလုံးကို သွားပြီး ဖွဲ့စည်းပုံနဲ့ ပတ်သက်တာတွေ ရှင်းပြတယ်၊ အဲ့မှာ သူတို့အားလုံးက ပြင်ဆင်ဖို့အတွက်ကိုပဲ အားသန်ကြတယ်၊ အားလုံးနီးပါးပဲ၊ အသစ်ရေးဆွဲချင်တဲ့သူကနည်းတယ်၊ ရမည်းသင်းလောက်မှာ ငါးဦးလားပဲရှိတယ်၊ ချင်းပြည်နယ်လည်း ထို့အတူပဲ အသစ်ရေးချင်တယ်ပြောတာ ၂၀ ရာနှုန်းပဲ ရှိပါတယ်၊ ကချင်ကိုတော့ ၂၇ ရက်နေ့ မှ ဆက်ကောက်မယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ပြန်လည်ရေးဆွဲရေး အတွက် ပြည်သူများ၏ ဆန္ဒခံယူခြင်းကို ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့ ၌လည်းကောင်း၊ ကချင်ပြည်နယ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်းကောင်း ကောက်ယူမည်ဖြစ်သည်။ ထိုသို့ ကောက်ခံရရှိမှုများကို အောက်တိုဘာလနောက်ဆုံးပတ်အတွင်း အပြီးသတ်ကောက်ယူသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်တင်ပြမည်ဖြစ်သည်။ ထိုမှတစ်ဆင့် လွှတ်တော်ရှိ ၁၀၉ ဦးကော်မတီသို့ တင်ပြသွားမည်ဖြစ်သည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ၂၀၁၃ စက်တင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် ၄၅ ရက်အတွင်း ပြည်သူ့ဆန္ဒ ကောက်ခံသွား မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး ပြည်သူ့ဆန္ဒများကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ပေးပို့သွားမည် ဖြစ်ကြောင်း NLD ပါတီ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၏ ကြေညာချက်တွင် ပါရှိသည်။

 YC


အာဆီယံလူထုညီလာခံတွင် သယံဇာတခွဲဝေသုံးစွဲမှု မမျှတခြင်းအပါအဝင် အဓိကပြဿနာလေးခု  ဆွေးနွေးမည်

အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမီ ဒေသတွင်းအရပ်ဖက်ကိုယ်စားလှယ်များ ဦးစီးကျင်းပရသည့် အာဆီယံလူထုညီလာခံတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သယံဇာတခွဲဝေသုံးစွဲမှု မမျှတခြင်းအပါအဝင် လူထုခံစားနေ ရသော အဓိကပြဿနာလေးခုကို ဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံလူထုညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးအောင်မျိုးဝင်းက ပြောသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံက သမ္မအကြီးအကဲတွေနဲ့ အာဆီယံလူထုကိုယ်စားလှယ်တွေ အာဆီယံထိပ်သီး အစည်းအဝေးမတိုင်ခင် တွေ့ဖို့ရှိပါတယ်။ တွေ့တဲ့အခါမှာ လူထုခံစားနေရတဲ့အသံတွေအကုန်လုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကြောင့် လူထုခံစားနေရသည့် မြေယာအငြင်းပွားမှုပြဿနာများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်တို့တွင် ခံစားရသည့်ပြဿနာများကို အဓိကထားဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အာဆီယံလူထုညီလာခံကို ၂၀၁၄ ခုနှစ် မတ်လနောက်ဆုံးပတ်အတွင်း သုံးရက်ခန့်ကျင်းပရန် မျှော်မှန်းထားပြီး မကျင်းပမီနှင့် ကျင်းပစဉ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူထုခံစားနေရသည့် ပြဿနာများနှင့်ပဋိပက္ခများကို အာဆီယံလူထုညီလာခံ၌ တင်ပြနိုင်ရန် မြန်မာလူထုဖိုရမ် (Myanmar People Forum)သို့ မည်သူမဆို တင်ပြနိုင်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးသာဥာဏ်က ပြောသည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အဆိုပါညီလာခံပထမနေ့တွင် မြန်မာလူထုကိုအာဆီယံအကြောင်း မိတ်ဆက်ခြင်းနှင့် လာရောက်သည့်အာဆီယံအရပ်ဘက်ကိုယ်စားလှယ်များနှင့် အာဆီယံမိတ်ဖက်နိုင်ငံများမှ တက်ရောက်မည့် အရပ်ဘက်ကိုယ်စားလှယ်များအား မြန်မာနိုင်ငံအကြောင်း ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် အလုပ်ရုံဆွေးနွေးပွဲသဏ္ဍန်ကျင်းပကာ ဒီမိုကရေစီနိုင်ငံများ ကျင့်သုံးရသည့်လမ်းစဉ်များအကြောင်း ဆွေးနွေးသွားမည်ဖြစ်ကာ တတိယနေ့တွင် အာဆီယံနိုင်ငံအတွင်း လူထုခံစားနေရသည့် အခြေအနေများကို စာမူကြမ်းရေးဆွဲခြင်း၊ နောက်ဆုံးအချောသတ်ရေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

“အောင်မြင်တဲ့ အာဆီယံလူထုညီလာခံ၊ အာဆီယံအရပ်ဘက်အဖွဲ့အစည်းကွန်ဖရင့်ဖြစ်အောင် ကျွန်မတို့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုပါတယ်။ အတွေ့အကြုံတွေ မျှဝေနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရုန်းကန် တိုက်ပွဲဝင်မှုတွေကို သွေးစည်းထောက်ခံမှုပြဖို့၊ ဒေသတွင်းအတွက် ဖြစ်ပျက်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်တဲ့ ဒေသတစ်ခုလုံးရဲ့အသံတွေမြှင့်တင်နိုင်ဖို့ အရည်အချင်းတွေနဲ့အင်အားတွေ တည်ဆောက်ပါတယ်။ ဒါဟာရည်မှန်းချက်ပါ ဘဲ” ဟု ထိုင်းနိုင်ငံ ကိုယ်စားပြု အာဆီယံလူထုကိုယ်စားလှယ် Ms. Pranom Song wong ကပြောသည်။

အာဆီယံလူထုညီလာခံသည် အာဆီယံဥက္ကဋ္ဌဖြစ်သည့်နိုင်ငံက ဦးစီးကျင်းပရခြင်းဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပရမည့် အာဆီယံလူထုညီလာခံကို အာဆီယံဒေသတွင်း နိုင်ငံများရှိ အရပ်ဘက်အဖွဲ့အစည်းများကို ဖိတ်ကြားမည်ဖြစ်ကာ လူ ၁၀၀၀ ကျော် တက်ရောက်နိုင်ရန် စီစဉ်သွားမည် ဖြစ်ပြီး အဆိုပါအာဆီယံညီလာခံကို ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် ခန့်မှန်းထားကြောင်း သိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment