Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် တိုက်ပွဲများထပ်မဖြစ်စေရန် အောက်ခြေတပ်များအချင်းချင်း ဆက်သွယ်ကာ ပူးပေါင်းမည့် RCSS ၏ အစီအစဉ် အကောင်အထည်မပေါ်သေး

ပြည်ထောင်စုအစိုးရ၏ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့သည် အောက်ခြေရှိ နှစ်ဖက်တပ်များအကြား အချင်းချင်းတိုက်ရိုက်ဆက်သွယ်ရန် RCSS ၏ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ညွှန်ကြားထားသော်လည်း အဆိုပါအစီအစဉ်မှာ အောင်မြင်မှုမရှိသေးကြောင်း RCSS/SSA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆိုသည်။

“လက်တွေ့မှာတော့ အောက်ခြေ မြန်မာတပ်တွေကနေ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ အထက်က အရာရှိတွေက ခွင့်မပြုဘူးလို့သိရတယ်။ ဒါကိုလည်း ကျွန်တော် တို့ကို တရားဝင် အကြောင်းကြားတာ မဟုတ်ဘဲ ပါးစပ်စကားက တစ်ဆင့်ပဲ ပြန်ပြောပြတယ်” ဟု ၎င်းကဆိုသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲကို လျော့ချနိုင်ရေး ရည်ရွယ်၍ RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်မှ ယခုနှစ် ဇွန်လဆန်းမှစ၍ နှစ်ဖက် အောက်ခြေတပ်အချင်းချင်းကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်ကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၃ အောက်တိုဘာလအတွင်း ပြည်ထောင်စုအစိုးရတပ်မတော်နှင့် RCSS /SSA တို့သည် နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ငါးကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသည့် အချိန်မှစ၍ ယနေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၁၃၃ ကြိမ်ရှိခဲ့ပြီးဖြစ်ကာ ယခုလ တိုက်ပွဲ ငါးကြိမ်ခန့်အပါအ၀င် ၁၃၈ ကြိမ် ဖြစ်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ဆက်ပြောကြားသည်။

ထို့အတူ ၎င်းက “ကျွန်တော်တို့နားလည်တဲ့ နယ်မြေသတ်မှတ်ရေးနဲ့ သူတို့(အစိုးရတပ်)ဘက်က နားလည်ထားတဲ့ နယ်မြေသတ်မှတ်ရေးက မတူဘူးဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတုန်းက ကျွန်တော်တို့ နားလည်တာကနှစ်ဖက် အခုလက်ရှိရောက်နေတဲ့ နေရာမှာနေကြ၊ တပ်တည်၊ အခြေစိုက်စခန်းသစ်တွေ ဆောက်လို့ မရ အဲလို နားလည်ထားတယ်” ဆိုသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ရခြင်း အဓိကအကြောင်းရင်းများမှာ  စစ်အင်အားတိုးချဲ့ခြင်းနှင့် အစိုးရတပ်များ RCSS ထိန်းချုပ်နယ်မြေများသို့ စစ်ကြောင်းထိုး လှုပ်ရှားလာမှုများကြောင့် ထိတွေ့မှုများ ဖြစ်ခဲ့ရခြင်းဖြစ်ပြီး  အစိုးရဘက်မှ နယ်မြေလုံခြုံရေးအတွက်လှုပ်ရှားသည်ဟု အကြောင်းပြခဲ့ကာ RCSS အဖွဲ့အား လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးများ ကောက်ခံခြင်းစသည့် အကြောင်းပြချက်များဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

RCSS အဖွဲ့အနေဖြင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်း မဟုတ်သည့်အတွက် ယခုလကုန်၌ လိုင်ဇာ၌ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲသို့ တရားဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့ပါက ၎င်းဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆွေးနွေးသွားရန်လည်းရှိကြောင်း ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။ လက်ရှိအချိန်တွင် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တရားဝင်ဖိတ်ကြားချက်ကို RCSS/SSA မှ ရရှိခြင်းမရှိသေးကြောင်း သိရသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီအဖွဲ့ RCSS/SSA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ဦးသိန်းစိန်အစိုးရနှင့် တစ်ဖွဲ့ခြင်းအားဖြင့် ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါအချက်များအနက် ဆက်ဆံရေးရုံးဖွင့်ရန် သဘောတူညီချက်သာ အလွယ်တကူ အကောင်အထည်ဖော်နိုင်ခဲ့ကာ သဘောတူထားသည့် ၁၀ နေရာအနက် ၅ နေရာတို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်အလယ်ပိုင်း ခိုလမ်မြို့၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့ ငါးနေရာတို့၌ ဆက်ဆံရေး ရုံးများ ဖွင့်ထားပြီး ဖြစ်သည်။

YC


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ၂၄ ရက်နေ့ဆွေးနွေးမည်

မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမက်ကွင်တားနား၏ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အစီရင်ခံစာနှင့်ပတ်သက်၍ လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကွင်တားနားမှ ကုလသမဂ္ဂသို့တင်သွင်းထားသည့် မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော အပြောင်းအလဲများသည် လူ့အခွင့်အရေးအခြေအနေများကို သိသိသာသာ တိုးတက်လာမည့် အလားအလာကောင်းများကို ဖန်တီးပေးခဲ့သည့်အပြင် မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအပေါ် လေးစားမှုရှိလာခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတွင်းလက်ရှိဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများကို ထိခိုက်စေမည့် ပြဿနာများကို မဖြစ်မနေဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး ယင်းချို့ယွင်းအားနည်းချက်များကို နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများဖြင့်တိုင်းတာ၍ ဖြေရှင်းဆောင်ရွက်ခြင်းမရှိပါက နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းများတွင် ထိခိုက်စေနိုင်မည့်အပြင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာလည်း နှောင့်နှေး သွားနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် သုံးသပ်တင်ပြထားသည်။

လက်ရှိမြန်မာအစိုးရအပေါ် လွှမ်းမိုးလျက်ရှိသည့် စစ်အတွေး၊ စစ်အမြင်များကို လူ့အခွင့်အရေးလေးစားသည့် ဒီမိုကရေစီ အတွေးအခေါ်များအဖြစ် ပြောင်းလဲနိုင်ရန်မှာ လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတွက် အဓိကစိန်ခေါ်မှုတစ်ခုပင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကွင်တားနား၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကွင်တားနား၏ မြန်မာနိုင်ငံသို့ (၇)ကြိမ်မြောက် လာရောက်ခဲ့သည့် သြဂုတ်လခရီးစဉ်တွင် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့များသို့သွားရောက်ရာ၌ ဒေသခံများက ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး မစ္စတာကင်တားနားကိုလည်း မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

YC


အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကန့်ကွက်သူမရှိ လွှတ်တော်မှ အတည်ပြု

တပ်မတော်အစိုးရလက်ထက်က အစိုးရနှင့် နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသည့် နိုင်ငံရေးသမားများကို လက်နက်တစ်ခုသဖွယ် ဖမ်းဆီးထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည့် ၂၀၀၄ ခုနှစ်က ရေးဆွဲထားသော အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ထောင်ဒဏ်လျော့ပေါ့ပြင်ဆင်ခြင်းနှင့် ငွေဒဏ်အဖြစ် ပြောင်းလဲပြင်ဆင်သည့် ဥပဒေကြမ်းအဖြစ် အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် သင်္ယန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်ချက်များအတိုင်း အဆိုတင်သွင်းခြင်း ကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

ပြည်သူလူထုကို ဖိနှိပ်သည့် ဥပဒေသည် လူထုကို အကျိုးပြုနိုင်မည့် ဥပဒေဖြစ်လာပြီး ခေတ်နှင့် လျော်ညီသော နိုင်ငံတကာကလက်ခံနိုင်သည့် လူ့အခွင့်အရေးစီစံနှုန်းများနှင့် ကိုက်ညီနိုင်မည့်အချက်များကို ပြင်ဆင်ပြောင်းလဲပြီး ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းအောင်မြင်ခဲ့သည်ကို ကျေနပ်ပါကြောင်း  အဆိုပါဥပဒေကြမ်းကို တင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုခဲ့သည်။

အဆိုပါဥပဒေကြမ်းကို လုံးဝဖျက်သိမ်းရန် တင်သွင်းခဲ့သော်လည်း လွှတ်တော်တွင် အဆိုရှုံးနိမ့်ခဲ့သဖြင့် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြန်လည်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီအကူးအပြောင်းကာလမှာ လုံးဝလွတ်လပ်ခွင့်ပေးလိုက်တယ်။ ဘယ်လိုပဲရေးရေး၊ ဘယ်ပြဋ္ဌာန်းချက်မှာ မရှိစေရဘူးဆိုတာတော့ မဖြစ်စေချင်ဘူး။ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူတွေ့ရဲ လုံခြုံရေးအတွက်တော့ သတင်းနည်းပညာတိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့တော့ ဥပဒေရှိသင့်တယ်။ ဒါပေမယ့် အဲဒီလို ကာကွယ်ပေးမှု မဟုတ်ဘဲနဲ့ ယခင်အာဏာရှင်လက်ထက်ကပြဋ္ဌာန်းခဲ့သလို ဆွဲသုံးလို့ရတဲ့ဥပဒေကိုပဲ ပြစ်ဒဏ်လျှော့ချပြီး ပြဋ္ဌာန်းတယ်ဆို ရင်တော့ လက်မခံနိုင်ပါဘူး။ ကန့်ကွက်ပါတယ်”ဟု ၂၀၁၂ ခုနှစ်ကအီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃- ကဖြင့် ထောင် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ရပြီး တစ်နှစ်ခန့်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ ဦးနေမျိုးဇင်က ပြောဆိုကြောင်း သိရသည်။

ယခုပြင်ဆင်လိုက်သည့် ဥပဒေကြမ်းအရ ယခင်က အများဆုံး ပြင်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟု  ပြဋ္ဌာန်းထားရာ ယခုအခါ အများဆုံးအဖြစ် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ခုနှစ်အထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်လျှော့ပေါ့ချမှတ်နိုင်ခဲ့သည်။

 YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment