Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တပ်မတော်နှင့် ကေအိုင်အိုအကြား အောက်တိုဘာလအတွင်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်

ကေအိုင်အိုဌာနချုပ်ဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံကို အောက်တိုဘာ ၃၀ ရက်မှ နိုင်ဝင်ဘာလ ၁ ရက်အထိ သုံးရက်ကြာ ကျင်းပရန်စီစဉ်နေချိန် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်နှင့် မဘိန်းမြို့နယ်ရှိ ကေအိုင်အိုတပ်မဟာ(၃) လက်အောက်ခံတပ်ရင်း (၁၂) နယ်မြေအတွင်းသို့ အစိုးရ၏စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် အောက်တိုဘာ ၂၂ နှင့် ၂၃ ရက် နံနက် ၁၀ နာရီမှ ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင်း  KIO အရပ်ဘက်အရာရှိ ဦးဒွဲဆားက ပြောဆိုခဲ့သည်။

“နမ်လင်းပါအထက် စကနမ်ခွမ် ဆိုတဲ့ နေရာမှာ ဒီနေ့မနက် ၁၀ နာရီကနေ ညနေထိ တိုက်ပွဲဖြစ်တယ်။ အစိုးရစစ်ကြောင်းက ဂျေဦးဘက်ကနေ တံတား(အောက်ချောင်း)လမ်းကနေ မနေ့က လှုပ်ရှားလာတော ဒီနေ့ မနက်တော့ ၁၀ နာရီမှာ သူတို့သေနတ်ပစ်ပြီး တက်လာတာ။ ကျွန်တော်တို့ဘက်ကလည်း ပြန်တိုက်တယ်။ ခုထိတော့ စောင့်ကြည့်နေကြတယ်လို့ သိရတယ်။  အစိုးရတပ်ရင်းက အနည်းဆုံးငါးခုမက လှုပ်ရှားနေတယ်” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မုန်းဒိန်ပါကျေးရွာနှင့် ကချင်စစ်ပြေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၂၂ ရက်က မြန်မာ့တပ်တော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက်၊ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မန်စီမြို့နယ် မုန်းဒိန်ပါရွာသို့ ဝင်ရောက်လာသည်အတွက်  ဒေသခံရွာသားအများစုက မုန်းဒိန်ပါ ကျေးရွာနှင့် ၁၅ မိုင် အကွာတွင်ရှိသော ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခိုလှုံ ကြသဖြင့် ဒေသခံရွာသားများ ၆၀ ကျော်ကို လက်ခံနေထိုင်ခွင့် ပေးထားကြောင်း  ဗန်းမော်မြို့ရှိ ကရုဏာ လူမှုကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူ ဦးနော်ဒင်းက ပြောဆိုခဲ့သည်။

ထို့ပြင် အစိုးရ ခလရ (၅၆)တပ်ဖွဲ့ဝင်များ ပါဝင်သော အင်အား ၂၀၀ ထက်မနည်း ထိုကျေးရွာသို့  ရောက်ရှိလာပြီး လှုပ်ရှားနေခြင်းကို KIA ဘက်မှ ပစ်ခတ်မှုမရှိသေးသော်လည်း အစိုးရစစ်ကြောင်းများ ၄င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက တိုက်ပွဲများဖြစ်ပေါ်လာနိုင်ကြောင်း  KIO တပ်ဖွဲ့မှ တည်ထောင်ထားသော Kachinnet.net အင်တာနက် စာမျက်နှာတွင်ရေးသားဖော်ပြထားကြောင်း သိရသည်။

အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မုန်းဒိန်ပါကျေးရွာမှ အနည်းဆုံးငါးမိုင် အကွာအဝေးတွင် အောင်ဂျာ စစ်ပြေးဒုက္ခသည် စခန်း၌ ဒုက္ခသည် အင်အား ၁၀၀၀ ကျော် ခိုလှုံနေသဖြင့် ယင်းကဲ့သို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားပါက ၄င်းတို့ လုံခြုံရေးအတွက် စိုးရိမ်စရာများရှိကြောင်းလည်း သိရသည်။

 စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့ မနော်ကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပသော အစိုးရနှင့် KIOအဖွဲ့ (၉)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ ရှေ့တန်းစောင့်ကြည့်ရေးပူးတွဲကော်မတီဖွဲ့စည်းရေးနှင့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက်  စီမံချက်ရေးဆွဲရေး၊  ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်တွေ့ဆုံရေး အချက်(၃)ချက်ကို နှစ်ဖက်အဖွဲ့အစည်းများမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်ပါအချက်အလက်များကို  တပ်မတော်ကပင်စတင်ဖောက်ဖျက်နေပြီဟု ကချင်လွတ်မြောက်ရေးတပ်မတော်မှ နည်းပညာအထောက်အကူပြုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောဆိုခဲ့သည်။

နှစ်ဖက်ခေါင်းဆောင်များက ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှု တည်ဆောက်နေသည့်အချိန်တွင် အောက်ခြေမှ တပ်သားများက အမိန့်များ၊ ဥပဒေများကို လေးစားရန်လိုအပ်ပြီး တစ်ဇွတ်ထိုးဆောင်ရွက်နေသည်များကို ရပ်တန့်က ရပ်သင့်နေကြောင်း ၄င်းက ပြောကြားခဲ့သည်။

၂၀၁၁ ဇွန်လမှ စတင်၍ ကေအိုင်အိုနှင့် အစိုးရကြား တိုက်ပွဲများကြောင့် ကျေးးရွာ ၃၀၀ ကျော်မှ လူဦးရေ တစ်သိန်းကျော်သည် စစ်ဘေးဒုက္ခသည်စခန်းများ၌ ခုံလှုံနေရကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်တဝိုက်တွင်လည်း  မြန်မာတပ်မတော်နှင့် KIO တို့ ကချင်ပြည်နယ်အတွင်းရှိ စီအူရွာအနီးတွင် တိုက်ပွဲဖြစ်ပေါ်နေခြင်းကြောင့် ယင်းရွာမှ လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ရွာသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

YC


KNPP နယ်မြေအတွင်းရှိ တပ်ဆွယ် ၁၀ ခု ဆုတ်ပေးရေး အစိုးရသဘောတူ

အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက လွိုင်ကော်မြို့တွင် နှစ်ရက်တာကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့၏ တတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNPP ထိန်းချုပ်နယ်မြေအတွင်းရှိ တပ်မတော်၏တပ်ဆွယ်(၁၀)ခု ဆုတ်ခွာပေးရေးအချက်အား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း KNPP အတွင်းရေးမှူး(၂)ဦးရွှေမျိုးသန့်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တပ်မတော်၏ တပ်ဆွယ်များကိုပြန်လည်နေရာချထားရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီသည် ပြည်နယ်အစိုးရနှင့်ဆက်လက်ဆွေးနွေးကာ လုပ်ဆောင်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“သဘောတူညီတယ်ဆိုပေမဲ့ တပ်မတော်က လိုက်နာမှု ရှိမရှိ စောင့်ကြည့်ရဦးမှာပါ” ဟု၎င်းကဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် KNPP ဘက်မှတင်ပြလာသော အဆိုပြုချက်လေးချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တင်ပြလာသော အချက်သုံးချက်တို့အား ဦးတည်ဆွေးနွေးခဲ့ကြရာတွင် အဆိုပါတပ်ဆွယ် (၁၀) ခု ဆုတ်ခွာပေးရေး အပါအဝင် သဘောတူညီချက် (၇)ချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ကျန်သဘောတူညီချက်များမှာ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီးသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်သွားကြရန်၊ ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို အဖွဲ့ဝင်(၁၀)ဦးဖြင့်ဖွဲ့စည်းခြင်းအား နှစ်ဖက်သဘောတူအတည်ပြု၍ ဆောင်ရွက်ကြရန်၊ ဒုက္ခသည်များ နေရပ်ပြန်လည်နေထိုင်နိုင်ရန် အိမ်ထောင်စု(၅၀)ပါ ကျေးရွာများ တည်ဆောက်ပေးရေး၊ မယ်စဲ့မှ ဘီပီ (၁၃) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအား KNPP မှ ကူညီ ဆောင်ရွက်ပေးရန် ၊ မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် နှစ်ဖက်တာဝန်ရှိသူများ ပူးတွဲဆောင်ရွက် သွားကြရန်နှင့် IDP များအတွက် Pilot Project အား ပူးတွဲဆောင်ရွက်ရန်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင် အထည်ဖော်ဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာမှ အထူးအကြံပေးဦးလှမောင်ရွှေက လက်တွေ့အကောင်အထည်ဖော်ရာတွင် လိုအပ်သောအချက်များကိုသာ သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ရေးဆွဲထားသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ပထမဆုံးအကြိမ်အဖြစ်ချပြခဲ့ပြီး ယင်းမူကြမ်းမှာ တိုင်းရင်းသားများ တင်ပြထားသော အချက်များသာဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

တတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှတ်တမ်းကို KNPP ဘက်မှ ပါတီအမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး(ကယားပြည်နယ်)မှ ဝန်ကြီးဗိုလ်မှူးကြီး ဇော်မျိုးအောင်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ဆွေးနွေးပွဲသို့ KNPP မှ ဒုဥက္ကဋ္ဌ ခူးဦးရယ်နှင့် အမြဲတမ်းဗဟို ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီးဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဟု အစိုးရကထုတ်ပြန်ကြေညာ ထားသော်လည်း KNPP နယ်မြေအတွင်းရှိ အစိုးရတပ်များဆုတ်ခွာပေးခြင်းမရှိပါက အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လက်မှတ်ထိုးမည်မဟုတ်ကြောင်း KNPP က ထုတ်ပြန်ကြေညာထားသည်။

YC


ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့်အချက် ၁ဝဝ ကျော် ရှိကြောင်း NLD လွှတ်တော်အမတ် ပြောကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်လိုသည့် အချက် ၁ဝဝ ကျော်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။

သို့ရာတွင် ၎င်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ကော်မတီတွင် ပါဝင်သည့်အတွက် ကော်မတီ၏ စည်းမျဉ်းစည်းကမ်းများအရ ပြောကြားနိုင်ခြင်း မရှိကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများနှင့် အပတ်စဉ်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအတွက် အဖွဲ့ချုပ်နှင့်တိုင်းရင်းသားပါတီများ ပူးပေါင်းကာ ပြည်သူလူထုအကြား သဘောထားစစ်တမ်းများ ကောက်ခံလျှက်ရှိသည်။ ယင်းပြည်သူ့သဘောထားစစ်တမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားတင်ပြမည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာ၌ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ကာ အချို့ ပုဒ်မများသည် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖော်ပြထားချက် အရ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တပ်မတော်ကိုယ်စားလှယ် ၂၅ ဦး အပါအဝင် ၁ဝ၉ ဦးဖြင့် ၂ဝ၁၃ ဇူလိုင်လ ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီစံနှုန်း နှင့် မကိုက်ညီသော အချက်များကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ် ကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန်အတွက် နိုင်ငံရေး၌တပ်မတော်၏ အခန်းကဏ္ဍကိုရပ်ဆိုင်းဖို့ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ဥရောပခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရေးအတွက် နယ်မြို့များတွင် ပြည်သူ့ဆန္ဒခံယူမှုများကို ပြုလုပ်ကျင်းပလျက်ရှိနေပြီး ပြည်သူ အများစုမှ အခြေခံဥပဒေပြင်ဆင်ရေးကိုသာ ဆန္ဒရှိနေကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment