Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(24 Oct 2013 ရက်စွဲပါ IRIN မှ Call to halt political detentions in Myanmar ကို ဘာသာပြန်ပါသည်)

Business Times မှ 24 Oct 2013 ရက်စွဲပါ “Yoma unit, Volkswagen in Myanmar deal” သတင်းကို ဘာသာပြန်ဆိုသည်)

(European Voice မှ 22 Oct 2013 ရက်စွဲပါ Suu Kyi urges EU’s support for reform ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံမှ နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းမှုများရပ်တန့်ရန် တောင်းဆို

(24 Oct 2013 ရက်စွဲပါ IRIN မှ Call to halt political detentions in Myanmar ကို ဘာသာပြန်ပါသည်)

လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Toma Ojea Quintana တို့က အောက်တိုဘာလ အစောပိုင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၅၆) ဦး လွှတ်ပေးခဲ့ခြင်းကို ချီးကျူးခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသား (၁၃၅) ဦးနှင့် ရိုဟင်ဂျာလှုပ်ရှားသူများကို ဆက်လက်ထိန်းသိမ်း ထားခြင်း အပေါ် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါသည်။

“ပြီးခဲ့တဲ့လက ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ ဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေဟာ တစ်လနှစ်လလောက် ဆက်ပြီး နှိပ်စက်ခံရတယ်လို့ သိရပါတယ်။ နောက်ပြီး သူတို့ကို ဆက်ပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။” ဟု Quintana က IRIN သို့၎င်း၏ ဇာတိ ဗျုနိုအေရီတွင် စက်တင်ဘာလက ပြောကြားခဲ့ပါသည်။

ဘူးသီးတောင်ထောင်တွင် ရိုဟင်ဂျာများ ရာနှင့်ချီ၍ ဆက်လက်ဖမ်းဆီးနေခြင်းသည် ၂၀၁၁ ကတည်းက မြန်မာနိုင်ငံတွင် အသစ်တည်ဆောက်နေသော ဒီမိုကရေစီတွင် နိုင်ငံရေးအရ ရပိုင်ခွင့်များကို အကာအကွယ်ပေးရေး လုပ်ဆောင်ရာ၌ အဓိကအတားအဆီးဖြစ်ကြောင်း Quintana က ပြောကြားလိုက်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ပဋိပက္ခဒဏ်ခံရသော ရခိုင်ပြည်နယ်သို့ ၂၀၁၃ ခုနှစ် သြဂုတ်လက သွားရောက်ခဲ့ပြီး ၎င်း၏ တွေ့ရှိချက်များကို နယူးယောက်၌ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယနေ့တင်ပြမည် ဖြစ်ပါသည်။

“လက်ရှိ မတရားဖမ်းဆီးနေမှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တိုးတက်ဖြစ်ပေါ်မှုများတွင် အမဲစက်ဖြစ်ပါ တယ်။ အစိုးရဆန့်ကျင်သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ ဓလေ့ဟာ ဒီမိုကရေစီနဲ့ အဝေးကြီးပါပဲ။” ဟု အရှေ့တောင်အာရှတွင် လူ့အခွင့်အရေးစောင့်ကြည့်သော ဂျီနီဗာ၌ မှတ်ပုံတင်ထားသည့် Fortify Rights မှ အမှုဆောင်ဒါရိုက်တာ Matthew Smith က ပြောကြားခဲ့ပါသည်။

ပြည်တွင်း သတင်းအရင်းအမြစ်များက  သတင်းပေးပို့ရာတွင် ခန့်မှန်းခြေ ရိုဟင်ဂျာ (၁၀၀၀) ခန့်ထိန်းသိမ်း ခံထားရ ဆဲဖြစ်ပြီး (Human Rights Watch အဆိုအရ မူရင်းအားဖြင့် ၁၁၅၈ ဟုဆို) ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလ လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ကတည်းက ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ရေအားလျှပ်စစ်၊ သတ္တုတွင်း တူးဖော်ခြင်းများနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူများမှာလည်း မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ပြောဆိုမှုများ ကြောင့် ဖမ်းဆီးခံရမည့် အန္တရာယ်ကို ကြုံတွေ့နေရကြောင်း လှုပ်ရှား သူများက ပြောပါသည်။

၂၀၁၁ ခုနှစ်ကတည်းက ကျောင်းသားလှုပ်ရှားသူများ၊ ယခင် NLD အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော လက်နက် ကိုင် အုပ်စုများမှ အဖွဲ့ဝင်များအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၁၀၂၀) ခန့် လွတ်မြောက် လာခဲ့ကြောင်း မဲဆောက်အခြေစိုက် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးရေးအဖွဲ့ (AAPB) ၏ အဆိုအရ သိရှိရပါသည်။

“၂၀၁၃ နှစ်ကုန်မှာ ကျန်တဲ့နိုင်ငံရေး အကျဉ်းသား (၁၃၅) ဦးကို အားလုံးလွှတ်ပေးဖို့ အစိုးရက ပြင်ဆင်နေပါ တယ်။” AAPB ဝန်ထမ်း ခင်ချိုမြင့် ကပြောပါသည်။ ၎င်းသည် ၁၉၉၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်မှု ကြောင့် ထောင် (၁၀) နှစ်ကျခဲ့သူ ဖြစ်ပါသည်။

“ကျွန်တော်တို့ဟာ နိုင်ငံရေးယုံကြည်ချက်အရ ဒါမှမဟုတ် လှုပ်ရှားမှုကြောင့် ထောင်ကျနေသူတွေ မကျန်အောင် သေချာကြိုးပမ်း နေပါတယ်။ အမှုအားလုံးကို ပြန်ပြီးစိစစ်နေပါတယ်။” ဟု သမ္မတ ဦးသိန်းစိန်က မကြာမီက ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် တိုင်းရင်းသားများကို ကိုယ်စားပြုသော လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင် များကို ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါသည်။

“အာဏာပိုင်တွေဟာ ထောင်ကလွှတ်ပေးနေတဲ့တချိန်တည်းမှာပဲ ဆန့်ကျင်သူတွေ လူ့အခွင့်အရေး ကာကွယ် သူတွေကို ဆက်ပြီး ဖမ်းနေပါသေးတယ်။” ဟု Fortify Rights မှ Smith ကပြောပါသည်။

မကြာမီက ဖမ်းဆီးသူများတွင် တရုတ်စွမ်းအင်စီမံကိန်းရှိရာ မဒေးကျွန်းတွင် ဆန္ဒပြသော ဒေသခံ အနည်းဆုံး (၁၀) ဦး နှင့် စစ်ကိုင်းတိုင်း လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန္ဒပြသူ အနည်းဆုံး (၃) ဦးခန့် ပါဝင်သည်ဟု ပြည်တွင်းသတင်း များက ဆိုပါသည်။

သမ္မကြီးအနေဖြင့် ရာစုနှစ်တစ်ဝက်ခန့် စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ဒီမိုကရေစီကို မလျော့တမ်းသွားနေချိန်တွင် ယခုဖမ်းဆီးမှုများသည် နိုင်ငံရေးအကျဉ်းသား အတန်းအစားသစ်တစ်ခုကို ဖန်တီးနေခြင်းပင် ဖြစ်သည်ဟု Human Rights Watch ၏ အာရှဌာနခွဲ ဒုတိယအမှုဆောင် ဒါရိုက်တာ Phil Robertson က ပြောကြား ခဲ့ပါသည်။


 Yoma Volkswagen မြန်မာတွင် ဖက်စပ် ဆားဗစ်စင်တာဖွင့်ရန် သဘောတူ

(Business Times မှ 24 Oct 2013 ရက်စွဲပါ “Yoma unit, Volkswagen in Myanmar deal” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ထိပ်တန်းစာရင်းဝင် Yoma Strategic Holdings သည် မြန်မာနိုင်ငံတွင် Volkswagen ၏ ပထမဆုံး ဆားဗစ်စင်တာကို ပူးတွဲလုပ်ကိုင်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

Yoma က ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်သော German Car Industries Company-GCI သည် Volkswagen Aktiengesellschaft VW နှင့် လက်တွဲကာ မြန်မာနိုင်ငံတွင် ဆားဗစ်စင်တာ ဖွင့်လှစ်ရန် ဖက်စပ်လုပ်ငန်း သဘောတူညီမှုကို လက်မှတ်ထိုးလိုက်ပြီဟု ကုမ္မဏီက မနေ့ကပြောကြားသည်။

အဆိုပါ ဆားဗစ်စင်တာသည် ရန်ကုန်မြို့တွင် တည်ရှိပြီး ယခုလမှ စတင်ကာ ဖွင့်လှစ်လုပ်ကိုင်ရန် စီစဉ်ထား သည်ဟု သိရှိရသည်။

Yoma  ၏ စီအီးအို အင်ဒရူးရစ်ကတ် က “မြန်မာ နိုင်ငံဟာ မော်တော်ကားတင်သွင်းမှု ဖြေလျှော့ပေးပြီးတဲ့ နောက်ပိုင်းမှာ အာဆီယံဒေသတွင်း အရေးပါဆုံး ကားဈေးကွက်တစ်ခု ဖြစ်လာမယ့် အလားအလာရှိတဲ့အတွက် ဒီလို အခွင့်အလမ်းကို ဖမ်းဆုပ်ခြင်းဟာ သိပ်ကို အရေးကြီးပါတယ်။” ဟု ပြောကြားသည်။

အဆိုပါ ဆားဗစ်စင်တာသည် Volkswagen ကားများအတွက် ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ လုပ်ကိုင်မည် ဖြစ်ပြီး မူလရှိရင်းစွဲ ကားပိုင်ရှင်များအတွက်လည်း Volkswagen ကားပစ္စည်း အစိတ်အပိုင်း အစစ်အမှန်များကို ရောင်းချပေးသွားမည်ဟု ဆိုပါသည်။


အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးကို ထောက်ပံ့ပေးရန် အီးယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(European Voice မှ 22 Oct 2013 ရက်စွဲပါ Suu Kyi urges EU’s support for reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွင် ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် ရှင်းလင်း ပြတ်သားသော ထောက်ပံ့မှုပြုလုပ်ပေးရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆို လိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရာတွင် အီးယူ အနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင် လာစေရေးအတွက် ဖိအားပေးရန်လိုအပ်ကြောင်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ တကယ့်ကို အဝေးကြီး(အဝေးကြီး) လိုပါသေးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက်

အခြေခံကျသောအရေးကိစ္စတစ်ခုဖြစ်သည်ဟု ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဥရောပ ဒေသသို့ ဒုတိယအကြိမ်အဖြစ် အလည်အပတ်ရောက်ရှိ နေခြင်းဖြစ်သည်။ သူမသည် ယမန်နှစ်က ယခင်နေထိုင်ခဲ့ဖူး သော ဗြိတိန်နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ လူဇင်ဘတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ညစာအတူစားကြသည်။ ယင်းခရီးစဉ်သည် လွန်ခဲ့သည့် ၁၈ လကတည်းက အီးယူအဖွဲ့ဝင်နိုင်ငံများက ဖိတ်ကြားထားခဲ့သော ခရီးစဉ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy နှင့်တွေ့ဆုံပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် Strasbourg မြို့ရှိ ဥရောပပါလီမန်တွင် မိန့်ခွန်းပြောကြားကာ ဥရောပ ပါလီမန်က ပေးအပ်သော ဆုကိုလက်ခံရယူသည်။ အဆိုပါဆုသည် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ကာလအတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

အီးယူ အင်စတီကျူးရှင်းကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံမှုသည် သူမ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံတွင် အီးယူ ကုမ္ပဏီကြီးများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အီးယူကပင် ကမကထပြုလုပ်မည့် အစီအစဉ်မတိုင်မီ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် စတင်ရန် စီစဉ်ထားသော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် သုံးရက်တာဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ထောက်ပံ့မှုပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ အီးယူနိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton က အီးယူလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအတွက် ခိုင်မာသော ထောက်ပံ့ ပေးမှုများကို ပြသလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းအဖွဲ့က အီးယူ အင်စတီကျူးရှင်းကြီးများ၊ အေဂျင်စီများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို တစ်ပါးတည်း ခေါ်ဆောင်လာမည်ဖြစ်သည်။

အခြေခံဥပဒေ ပြဿနာများ အဆိုပါအဖွဲ့သည် ဇူလိုင်လအတွင်း အီးယူက ချမှတ်ခဲ့သည့် သုံးနှစ်တာ မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းမဟာဗျူဟာမှာ ကုန်သွယ်ရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ စနစ်ထဲသို့ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အီးယူ၏ ကမ်းလင့်ထောက်ကူမှု ပြုသည့် အစီအစဉ်များထဲတွင် အီးယူ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ မဟာမင်းကြီး Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ မဟာမင်းကြီး Dacian Ciolos တို့၏ မြန်မာနိုင်ငံခရီးစဉ်များ လည်းပါဝင်သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အရေးကြီးပုံကို အဓိက မှတ်ချက်ပြု ပြောဆိုထားသည်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် နိုင်ငံတော် အကြီးအကဲအဖြစ် ယှဉ်ပြိုင်နိုင်ခွင့်မရှိပေ။ ယင်းရာထူးကို စစ်တပ်တွင် အမှုထမ်းဖူးသူများသာ ရပိုင်ခွင့် ရှိသည်။ ထို့အတူ စစ်တပ်အနေဖြင့် ပါလီမန်လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်ခန့်အပ်ထားနိုင်သည်။

အရေးကြီးသည့်ကိစ္စတစ်ခုမှာ မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်အပေါ် အရပ်ဘက်က ထိန်းချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြမှု မရှိခြင်းပင် ဖြစ်သည်။ အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ခေတ်မီဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင်ရေးဆွဲသင့်သည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ဖြင့်ပြောရလျှင် အီးယူ၏ ကြေညာချက်မှာ ပို၍ပင် ခိုင်မာပြတ်သားမှုရှိသင့်ပေသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အီးယူအနေနဲ့ ပြတ်ပြတ်သားသား အလေးပေး လုပ်ဆောင်စေလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ (ဘာသာပြန်သတင်းများ - ၂ တွင်ဆက်လက်ဖတ်ရှုပါရန်)


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment