Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(ဘာသာပြန်သတင်းများ - ၁ မှအဆက်)

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီမှ ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ နှစ်နေရာမှလွဲ၍ ကျန်နေရာများအားလုံးကို ရရှိခဲ့ကြသည်။ သို့သော် ယင်းအချိန်ကာလမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိအောင် အသေအချာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ပါမည်ဟူသော ကတိကဝတ်ပြု ပြောဆိုရမည့်ကိစ္စကို ကန့်ကွက်ခဲ့ပြီး အခြေခံဥပဒေတွင်း စစ်တပ်အာဏာ ကြီးထွားမှုကို လျှော့ချနိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲရန်နည်းလမ်းရှာခဲ့သည်။

အကူအညီများနှင့် ဖွံ့ဖြိုးရေး မြန်မာအစိုးရသည် သေဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မီဒီယာများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ကိုလည်းလျှော့ချခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်အောင်လုပ် ဆောင်ပေးခြင်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကမူ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု ဆိုထားသည်။

အဆိုပါ တိုးတက်ဖွံ့ဖြိုးမှုများကို တုံ့ပြန်သောအားဖြင့် အီးယူ ပိတ်ဆို့အရေးယူမှုများ အားလုံး (စစ်လက်နက် ရောင်းချမှုအပေါ် ပိတ်ပင်ထားမှုမှအပ) ကိုရုပ်သိမ်းပေးလိုက်သည်။ ယခင်က စစ်ဘက်အရာရှိကြီးများနှင့် ထိပ်ပိုင်း နိုင်ငံရေးသမား ၅၀၀ ခန့်မှာ ခရီးသွားလာခွင့်ပိတ်ပင်ခံရခြင်း၊ ပိုင်ဆိုင်မှုများ ပိတ်ပင်ခံရခြင်းတို့ ခံခဲ့ကြရသည်။ သစ်ထုတ်လုပ်ရေး လုပ်ကိုင်သည့် နိုင်ငံပိုင်ကုမ္ပဏီများနှင့် သတ္တုအပါအဝင် အဖိုးတန်တွင်းထွက်ပစ္စည်း တူးဖော် ထုတ်လုပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ နှင့်အတူ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အီးယူကပိတ်ပင်ခဲ့သည်။

ယခုအခါတွင်မူ အီးယူသည် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီဖြစ်သည်။ ယင်းရုံးခန်းမှာ ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများမှာ ဆက်၍ကြီးမား နေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေးသမားများမှာ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အချို့သော နယ်ပယ်များတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ယမန်နှစ်ကဆိုလျှင် ရိုဟင်ဂျာမွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သို့အတွက်ကြောင့် ဒုက္ခရောက်ခဲ့ကြသော ရိုဟင်ဂျာမွတ်စလင် များနှင့် အခြားသော ဒေသတွင် ပြည်တွင်းစစ်မက် ပဋိပက္ခဒဏ်သင့်ခဲ့သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများပေးရန် ထောက်ပံ့ငွေ ယူရိုငွေ ၁၉ ဒသမ ၅ သန်းပေးအပ်ခဲ့သည်။ အီးယူသည် နှစ်ကာလကြာရှည်စွာ မြန်မာနိုင်ငံကို အရေးပါ သည့် အကူအညီများနှင့် အလှူငွေများ ပေးခဲ့သည့်အဖွဲ့ ဖြစ်သည်။

နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသည့် နယ်ပယ်များဖြစ်ကြသော ပညာရေး၊ကျန်းမာရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးရေး အစရှိသည်တို့ကို အဓိကအလေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အချိန်မှစ၍ အီးယူက ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေများကို နှစ်ဆခန့်တိုးမြှင့် ပေးခဲ့သည်။


မြန်မာနိုင်ငံ ဆက်လက်ပြုပြင်အောင် ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးခြင်းကို ဗြိတိန် ဝန်ကြီးချုပ် ထောက်ခံအားပေး

AFP မှ 24 Oct 2013 ရက်စွဲပါ “Britain’s Cameron backs Suu Kyi push for Myanmar reform” သတင်း ကိုဘာသာပြန်ဆိုပါသည်)

အလည်အပတ်ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ဆက်လက် ပြုပြင်ပြောင်းလဲရေး တောင်းဆိုထားမှုများ ပြည့်မှီအောင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးရန် ကူညီပေး သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဗုဒ္ဒဟူးနေ့တွင် ပြောကြားလိုက်ပါသည်။

တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲထားသော အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေပြီး၊ ယင်းသို့ ပြောင်းလဲခြင်း မပြုပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရှိလိမ့်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည် အားဖိတ်ခေါ်တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ကင်မရွန်းက မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြောင်းလဲအောင် ဗြိတိန်က ဖိအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို အမြင့်ဆုံးရာထူးမရအောင် ပိတ်ပင်ဖယ်ရှားထား တဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် လုံးဝမှားယွင်းသွားပါလိမ့်မယ်” ဟု ဒေးဗစ်ကင်မရွန်း က ပြောကြားသည်။

“ဒီလိုသာဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲတွေ ရှိလာမှာမဟုတ်ဘူး။ ဒီ အခြေခံဥပဒေကို ဒီနည်းနဲ့ ဖြစ်စေ၊ တစ်ခြားနည်းလမ်းတွေနဲ့ ဖြစ်စေပြောင်းလဲဖို့လိုပါတယ်။”

“ဒီလို ပြင်ဆင်ပြောင်းလဲမှုတွေလုပ်မှဖြစ်မယ်ဆိုတာကို မြန်မာအစိုးရထံ အရှင်းလင်းဆုံးသတိပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်သမျှ အရာရာကို လုပ်သွားမယ်။” ဟု ဒေးဗစ်ကင်မရွန်းက ဆက်လက် ပြောဆိုနိုင်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဗြိတိန်သို့ ဒုတိယအကြိမ်အလည်အပတ်ရောက်ရှိလာသူ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံတွင် တိုးတက်ပြောင်းလဲမှုအချို့ရှိသော်လည်း နောက်ထပ်များစွာ ပိုမို ပြုပြင် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုပါသည်။

“လောလောဆယ် အရေးကြီးဆုံးကိစ္စကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ စဉ်ဆက်မပြတ် ရှေ့ကိုဆက်သွားနေတယ်ဆိုရင် စစ်မှန်ပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ ထုံးတမ်းအစဉ်အလာထဲမှာ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ အနာဂါတ် အမြစ်တွယ်နိုင်စေဖို့အတွက် ဒီအခြေခံ ဥပဒေကို ဒီမိုကရေစီပြည့်ဝတဲ့ အခြေခံဥပဒေ ဖြစ်လာအောင် ပြင်ဆင်ရမှာပါ။” ဟု သူမက ရှင်းလင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အီးယူ၏ ဂုဏ်သရေကြီးမားသော ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို အင်္ဂါနေ့က စတရာဘော့ဂ် တွင် လက်ခံရယူပြီးနောက် ဗုဒ္ဒဟူးနေ့တွင် ဗြိတိန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူမ သည် ကြာသာပတေးနေ့တွင် မြောက်အိုင်ယာလန်သို့ သွားရောက်၍ မြန်မာနိုင်ငံအတွက် အသုံးတည့်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သင်ခန်းစာများကို ကြည့်ရှု့လေ့လာရန်ရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး လှုပ်ရှား သူများကို ဖမ်းဆီးမှုများက ပြုပြင်ပြောင်းလဲမှုအပေါ်အကောင်းရှုမြင်မှုကို ထိခိုက်စေသည့်အချိန်တွင် တပ်မတော်နှင့် နိုင်ငံရေးမဟာမိတ်များက လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားကြဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက် သုံးနှစ်ခန့်ရှိချိန်တွင် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာခြင်း ၊ ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူခြင်း၊ ဒေသတွင်းဆီးဂိမ်းအားကစားပွဲ လက်ခံ ကျင်းပခြင်း တိုင်းရင်းသားတို့နှင့် ငြိမ်းချမ်းရေးရန် အခြေအနေကောင်းလာခြင်း၊ အခြေခံဥပဒေပြင်ဆင်ရန် စီစဉ်နေခြင်း စသော အခြေအနေများ ပေါင်းဆုံမိချိန်မျိုး၌ ယခင်တပ်မတော်အစိုးရ အကြီးအကဲ၏ အရှိန်အဝါ မကုန်သေးကြောင်း ပြသသည့် လက္ခဏာအချို့ ထူးထူးခြားခြား ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက ပြောကြား ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment