Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံရေးအရ ဆွေးနွေးပွဲများ မပြုလုပ်ရသေးခင် စီမံကိန်းများ မပြုလုပ်ကြရန် BNI ပြောကြား

နိုင်ငံရေးအရ ဆွေးနွေးပွဲများ မပြုလုပ်ရသေးခင် တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ မပြုလုပ်ကြရန် မြန်မာ့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေး နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ၏ အောက်တိုဘာ ၂၈ ရက်နေ့ ရန်ကုန်မြို့ မြန်မာမီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် BNI ပြောရေးဆိုခွင့်ရှိသူ နန်းဖော့ဂေ (KIC အယ်ဒီတာချုပ်) ၊ နိုင်ကဆုမွန် (လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ အယ်ဒီတာချုပ်) နှင့် ရွှေဂက်စ်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်တို့မှ တက်ရောက်ရှင်း လင်းခဲ့ပြီး အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်း ရေးရရှိစေရန်အတွက် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရေးတို့အတွက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာ၏ အကျဉ်းချုပ်အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စီးပွားရေး အခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိစ္စများကို အလေးပေးဆောင်ရွက်နေခြင်းက အလွန်အမင်း အငြင်းပွားဖွယ်ရာ ဖြစ်သည်ဟု ဖော်ပြထားပြီး အဓိကကျသည့် အချက်များအဖြစ် နိုင်ငံရေးပြဿနာများ၊ လူမျိုးရေး ကြန်အင်လက္ခဏာများအား အလေးပေး ဆွေးနွေးခြင်းကို မတွေ့ရကြောင်း အစပိုင်းတွင် ဖော်ပြထားပြီး အဓိကကျသည့် နစ်နာခံစားရမှုများ အဖြစ် စီးပွားရေး နှင့် သက်ဆိုင်သည့် မမျှတမှုများ ၊ အထူးသဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် ဒေသခံ ပြည်သူများအတွက် အကျိုးခံစားမှု မရရှိဘဲ ဆိုးကျိုးများကိုသာ ရရှိနေသည့် အခြေ အနေများကို ဖော်ပြထားသည်။

၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် တိုင်းရင်းသားများက အပစ်ရပ်စဲ ထားခဲ့ပြီးနောက် ၎င်းတို့၏ ဒေသအတွင်း မြန်မာ့ ဦးပိုင်လီမိတက် ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းကြီးများကို ဝင်ရောက် လုပ်ကိုင်ခဲ့သောကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် မြေယာများ သိမ်းဆည်းခံရခြင်းများ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ခံစားခဲ့ရကြောင်း မွန် သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆုမွန် က ပြောကြားသည်။

“ကရင်ပြည်နယ်အတွင်းမှာ မြေယာတွေကို သိမ်းပိုက်တာမျိုးတွေ ရှိတဲ့အပြင် သူတို့သိမ်းတဲ့ မြေယာပိုင်ရှင် တွေကို ညှင်းပန်း နှိပ်စက်တာတွေ ၊ သတ်ဖြတ်တာမျိုးတွေ အခု အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ၂ဝ၁၃ ခုနှစ် အထိကို ရှိနေသေးတာကို တွေ့ရတယ်”ဟု နိုင်ကဆုမွန်က ပြောကြားသည်။

ထို့နောက် နအဖ ၊ နဝတ အစိုးရ လက်ထက်တွင် တိုင်းရင်းသားများ နှင့် အပစ်ရပ်စဲပြီး စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ပေးထားသော်လည်း အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ပြောင်းလဲရန် ဖိအားပေးသည်မှ စတင်ကာ တင်းမာလာခဲ့ပြီး ကချင်ပြည်နယ်တွင် စစ်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ သည်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲများ မပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါဖြစ်ရပ်အား သင်ခန်းစာယူကာ နောက်နောင်တွင် ဖြစ်ပေါ်မှု မရှိစေရန်အတွက် ပင်လုံကဲ့သို့ တိုင်းရင်းသားအားလုံး ပါဝင် သည့် ညီလာခံမျိုးတစ်ခုကို ဖော်ဆောင်ရန် ၎င်းက ဆက်လက် တိုက်တွန်းပြောကြားသည်။

ထို့အပြင် စီးပွားရေးပြဿနာသည် ငြိမ်းချမ်းရေး ၊ အာဏာ ၊ နိုင်ငံရေးတို့နှင့် ဆက်စပ်နေသောကြောင့် အထူး သဖြင့် စီးပွားရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုအား လျှော့ချပေးရန်နှင့် အထူးသဖြင့် တိုင်းရင်းသား ဒေသများရှိ သဘာဝ သယံဇာတများအပေါ် ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုများအား အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရန် လိုအပ်သည်ဟု ပြောကြားသည်။

ယခု ထုတ်ပြန်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေး နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ကဆုမွန်က ရာခိုင်နှုန်း ၉ဝ အထိ မှန်ကန်ကြောင်းကို အာမခံနိုင်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အစီရင်ခံစာကို တစ်နှစ် နီးပါး လေ့လာရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

YC


လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးမည့် လိုင်ဇာညီလာခံ “ဝ”နှင့် မိုင်းလား တို့ တက်ရောက်မည် မဟုတ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ ဆွေးနွေးမည့်  တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ညီလာခံကို အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ အထိ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ညီလာခံသို့ “ဝ”နှင့် မိုင်းလား တို့မှ တက်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သိရသည်။

"‘၀’ အဖွဲ့က ညီလာခံတက်မယ့် ခေါင်းဆောင်တွေ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြတယ်။ မိုင်းလားကလည်း ခေါင်းဆောင်တွေ ကျန်းမာရေးမကောင်းတာနဲ့ အခြားအကြောင်းအရာတွေရှိလို့ဆိုပြီး ပြောလာတယ်”ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုသည်။

ထို့ကြောင့် ညီလာခံသို့ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၉ ဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မိုင်းလားနှင့် “၀”အဖွဲ့များ မတက် ရောက်နိုင်သဖြင့် KIO အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ ခေါင်းဆောင်များသာ တက်ရောက်မည်ဖြစ်သည်။

ယင်းအပြင် ညီလာခံသို့တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၁၁ ဦးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့သို့ အောက်တိုဘာလ ၂၈ ရက် တွင်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က UNFC က အဖွဲ့တွေ ၁၁ ဦး ရောက်လာပြီ။ မနက်ဖြန်တော့ ၃၂ ဦး ရောက်လာမယ်။ သူတို့ကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က အဖွဲ့တွေနဲ့အတူ ရောက်လာမယ်” ဟု ၎င်းက ထပ်လောင်းဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လိုင်ဇာညီလာခံနှင့် ပတ်သက်၍ “လက်ရှိ အခြေခံဥပဒေပါ အချက်တွေနဲ့ ဖက်ဒရယ်စနစ် ကူးပြောင်းရေးက ထိပ်တိုက် တွေ့နိုင်စရာ ရှိတယ်။ သို့သော် ဒီနှစ်ခုကြားမှာ ထိပ်တိုက်တွေ့လို့တော့ မဖြစ်ပါဘူး။ ဒီနှစ်ခုကြားမှာ အကူးအပြောင်း ညင်ညင်သာသာနဲ့ ကူးပြောင်းနိုင်တဲ့ နည်းလမ်းတော့ ကျွန်တော်တို့ ရှာမှာ ဖြစ်ပါတယ်” ဟု UNFC အတွင်းရေးမှူး (၂) က ဆိုသည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် KNU နှင့် RCSS တို့ ပူးတွဲထုတ်ပြန်သည့် သဘောထား ကြေညာချက်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးချက်မှာ များစွာကွဲလွဲမှု ရှိမည် မဟုတ်ကြောင်း၊ KNU မှာ တပ်ပေါင်းစု ဦးဆောင်အဖွဲ့ ဖြစ်၍ KNU ၏သဘောထားသည် ကျန်အဖွဲ့များကို လေးလေးနက်နက် ရိုက်ခတ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် KNU နှင့် RCSS တို့ အဆိုပါ လက်နက်ကိုင် ညီလာခံအတွက် သဘောထား ကြေညာချက် ရှစ်ချက်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုအပြီး လေးလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစီမံခွင့် ရရှိရန်စသည့် အချက်များ ပါဝင်သည်။

 YC


NBF ၏ အခြေခံ ဥပဒေ ပြင်ဆင်ချက် နိုဝင်ဘာလဆန်းတွင် ကော်မတီသို့ ပေးပို့မည်

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(NBF)က ဆွေးနွေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီသို့ လာမည့်နိုဝင်ဘာလဆန်းပိုင်းတွင် ပေးပို့သွားမည် ဖြစ်ကြောင်း NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

“NBF မူအရ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြင်ဆင်ရေးကိုပဲ ဦးစားပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားပြီး အခြေခံ ဥပဒေပြင်ဆင်ရေးကို အချောသတ်နိုင်ရန် အဖွဲ့ဝင်ပါတီများ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးထက် ပြည်နယ် များနှင့် ပြည်ထောင်စု အစိုးရတို့၏  သယံဇာတခွဲဝေမှု ညီမျှရေးကို ဦးစားပေးရေးဆွဲထားပြီး အားလုံးပြီးစီးသွားပါက ပြည်သူများ သိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးဇိုဇမ်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကမူ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းကာ အခြေခံဥပဒေ ပြင်ဆင်ရေး သို့ အသစ်ပြန်လည်ရေးဆွဲရေးအတွက် ပြည်သူ့ သဘောထားဆန္ဒ ကောက်ယူနေပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး အဆိုပါကော်မတီ၏ တွေ့ရှိချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းကော်မတီက ကြေညာထားသည်။

NBF ကို ၂၀၁၂ ခုနှစ်တွင် ပြည်တွင်းတိုင်းရင်းသားပါတီများဖြစ်သော ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသား ဖွံဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဇလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသား တိုးတက်ရေးပါတီတို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်တိုင်းရင်းသားပါတီ ၁၅ ခု ရှိနေပြီဖြစ်သည်။

အဆိုပါ NBF အဖွဲ့ဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတွင် ပါဝင်နေပြီး NBF ၏ အခြေခံဥပဒေ ပြင်ဆင်ချက်ကို ယင်းလွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံရေးပါတီများမှ သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment