Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


KNU အထူးစုံစမ်းရေး ကော်မရှင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို စတင်စစ်ဆေး

ရန်ကုန်မြို့ရှိ ကုန်သည်ကြီများ ဟိုတယ်အပါအဝင် မြို့ကြီးအချို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖွဲ့စည်းထားသော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်း၌ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း အဆိုပါအတွင်းရေးမှူး ဗိုလ်းမှူးကြီး စောဖောဒိုက ပြောကြားသည်။

“ကော်မရှင်ကနေပြီးတော့ ကြပ်ကြပ်မတ်မတ် စစ်ဆေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့တွင် ဗုံးပေါက်မှုနှင့်ဗုံးဖောက်ခွဲရန် ပြုလုပ်ခဲ့သူများသည် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် KNU စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူ စောနေတိုးက ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အောက်တိုဘာလ ၁၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် KNU က ပါဝင်ပတ်သက်မှု ရှိနေသောကြောင့် ယင်းဖြစ်ရပ်များကို KNU မှ တာဝန်ယူ စုံစမ်းဖော်ထုတ်ရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

အဆိုပါ ဗုံးဖောက်ခွဲသူများကို ဘာသာရေးအသွင်ဆောင် ပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်နှင့် ပုဂံအာနန္ဒာတွင်လည်း ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် KNU ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့သည်။

ယင်းဗုံးဖောက်ကွဲမှု ဖြစ်စဉ်များကြောင့် KNU နှင့် အစိုးရကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ဘဲ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်ကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌအဖြစ်  KNU ဗိုလ်မှူးကြီး စောရောဂျာခင်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင်များအဖြစ် KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ဖဒိုစောအောင်မော်အေး၊ ဗိုလ်မှူးစောတာမလာသောနှင့် ဖဒိုစောအယ် ကလူးစေးတို့ ပါဝင်ပြီး အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

YC


သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် တည်ဆောက်မည့် ရေကာတာခြောက်ခု စီမံကိန်းကြောင့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်၍ လူထုအခြေပြုအဖွဲ့များမှ တောင်းဆို

သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ရေကာတာခြောက်ခု တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒေသခံ ပြည်သူတို့၏ ထိခိုက်နစ်နာမှုများနှင့် ပြည်သူ့ဆန္ဒသဘောထားများကို ကောက်ယူကာ အစိုးရထံသို့ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ရေကာတာဆောက်လုပ်မည့် ဒေသများဖြစ်သော မွန်၊ ကရင်၊ ကယားနှင့် ရှမ်းပြည်နယ်ရှိ လူထုအခြေပြုအဖွဲ့ အစည်းများက အောက်တိုဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒိုတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

အဖွဲ့အစည်းများက ယင်းသို့ တောင်းဆိုခဲ့ရာတွင် သံလွင်မြစ်ကြောင်းတစ်လျှောက်ရှိ ရေကာတာများ၏ အကျိုး သက်ရောက်မှုများကြောင့် ဒေသခံများထိခိုက်နစ်နာမှုများ၊ ရေကာတာ စီမံကိန်းများတည်ရှိရာ ပြည်နယ်များရှိ ဒေသခံများကို စီမံကိန်းမှရရှိသည့် အကျိုးရလဒ်များကို ခွဲဝေပေးရန်၊ စီမံကိန်းများ တည်ဆောက်လျှင် ဒေသခံများ ထံမှခြိမ်းခြောက်မှုကင်းသော သဘောဆန္ဒကိုရယူပေးရန်၊ ဒေသခံရပ်ရွာအခြေပြုအဖွဲ့စည်းများကို အစိုးရမှချုပ်ကိုင် ထားခြင်းမရှိရန်၊ ဒေသခံများပါဝင်သည့် လူထုအခြေပြုအဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရန်စသည်တို့ ပါဝင်သည့် အချက် ၁၂ ချက်ဖြစ်သည်။

အစိုးရမှ ရေကာတာ ၆ ခုကို ရှမ်းပြည်နယ်အတွင်းရှိ ကွမ်လုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ မိုင်းပန်းမြို့နယ် တို့တွင်လည်းကောင်း ကယားပြည်နယ် ဘော်လခဲမြို့နယ်တွင်လည်းကောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်လည်းကောင်း တည်ဆောက်ရန်အတွက် စီမံကိန်းချထားခြင်းဖြစ်သည်။

အဆိုပါ ရေကာတာစီမံကိန်းများကို အစိုးရမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးအောင်မြင်သွားပါက ထွက်ရှိလာမည့် ဓါတ်အားပမာဏ၏ ၈၀ ရာခိုင်နှုန်းအား ထိုင်းနှင့် တရုတ် နိုင်ငံများက ခံစားခွင့်ရရှိမည်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်အား ပြည်တွင်းမှ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်နှင့် သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုင်းစေးဆိုင်၏ ပြောကြားချက်မှ သိရသည်။

“တည်ဆောက်မယ့် ရေကာတာ ခြောက်ခုမှာ ရှမ်းပြည်နယ်အတွင်းမှာ တည်ဆောက်မယ့် ရေကာတာက လေးခုပါတယ်။ အဲဒီရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓါတ်အားရဲ့ ၈၀ ရာခိုင်နှုန်း က သူတို့ကို ပြန်ပေးရမှာဆိုတော့ မြန်မာနိုင်ငံအတွက်ရော အကျိုးအမြတ် ဘယ်လောက်ရရှိမှာလဲ။ ဒေသခံလူထုအတွက် အာမခံချက် မရှိဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရမီ ဒီလိမျိုး စီမံကိန်း တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး” ဟု၎င်းက ဆိုသည်။

စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန် နှင့်ပတ်သက်၍ သံလွင်ချစ်သူအဖွဲ့မှ နန်းခမ်းလှိုင်က “ကယားပြည် နယ်ကရွာသစ်ရေကာတာကြောင့် စစ်ပွဲတွေဖြစ်ပေါ်လာရတယ်၊ ရပ်ရွာကို စွန့်ခွာခဲ့ရတဲ့ဒေသခံတွေ ဒေသမှာ အတည်တကျပြန် နေလိုကြတယ်၊ ရေကာတာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကိုအစိုးရက ပွင့်လင်းမြင်သာစွာထုတ်ဖော်ပြီး လူထုကခွင့်ပြုမှစီမံကိန်းကို အကောင်အထည်ဖော်သင့်ပါတယ်၊ စီမံကိန်းနဲ့ ပတ်သက်တဲ့ စစ်တမ်းတွကိုလူသိရှင်ကြား ထုတ်ပြန်ပေးစေချင်ပါတယ်” ဟုဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်အဖွဲ့မှ စောသာဘိုးက “ငြိမ်းချမ်းရေး မရသေးတဲ့ ဒေသမှာ ဒီလို မျိုးဆောက်တော့ နယ်မြေစိုးမိုးရေးအတွက် ပဋိပက္ခတွေ အားပေးသလိုဖြစ်မယ်။ အဲ့ဒီအတွက် ဒုက္ခရောက်ရမှာက ပြည်သူတွေပါပဲ။ ဒေသခံပြည်သူတွေအတွက်လည်း အကျိုးအမြတ်မရှိဘူး။ မြေပြဿနာတွေလည်း ဖြစ်ပေါ်လာမယ်။ သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်မယ်” ဟုဆိုသည်။

ရှမ်းပြည်နယ်တွင်အတွင်း တည်ဆောက်မည့် ရေကာတာလေးခုအတွက် လိုအပ်သည့် စီမံကိန်းမြေနေရာ အတွက် ဒေသခံ ကျေးရွာပေါင်း ၁၉၇ ရွာ ပြောင်းရွှေ့ခဲ့ရပြီးဖြစ်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ သံလွင်မြစ်တစ်လျှောက်ရှိ ရေကာတာစီမံကိန်းဖြစ်သည့် ကယားပြည်နယ်ရွာသစ်ရေကာတာ စီမံကိန်း ကြောင့် ၁၉၉၆ ခုနှစ်မှစ၍ ဒေသခံနှစ်သိန်းကျော်သည် ထိုင်းနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကယားပြည်နယ် ဒေသခံများဖြင့် ဖွဲ့စည်းထားသော သံလွင်ချစ်သူအဖွဲ့မှ ပြောဆိုမှုများ ရှိနေခဲ့သည်။

 YC


ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် စိတ်ဝင်စားသည့် နိုင်ငံခြား ကုမ္ပဏီ ၃ဝ ကျော်ရှိ

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် နိုင်ငံခြားကုမ္ပဏီများကို စက်တင်ဘာ ၈ ရက်မှ စတင်ကာ တင်ဒါ စနစ် ဖြင့်ခေါ်ယူခဲ့ရာတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၃၀ ကျော်က အဆိုပြုကမ်းလှမ်းထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သန်း၏ ပြောကြားချက် မှ သိရသည်။

 “ရခိုင်ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်မလာမှာ စိုးရိမ်မှုရှိခဲ့ပေမယ့် နိုင်ငံတကာက ကမ်းလှမ်း လာကြပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာတင်ဒါပိတ်ပြီး စိစစ်ရွေးချယ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

တင်ဒါအောင်မြင်သော နိုင်ငံခြားလုပ်ငန်းရှင်များအနေဖြင့် အထည်ချုပ်၊ ဘိနပ်ချုပ်စက်ရုံများ၊ အီလက်ထရွန်နစ် ပစ္စည်း တပ်ဆင်မှု၊ အအေးခန်းစက်ရုံအစရှိသည့် ကုန်ထုတ်လုပ်မှု စက်ရုံများကိုအခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်နေ့ ၌ ဒေသခံကျေးရွာလေးဆယ်ကျော်မှ ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ပေးရန်၊ သိမ်းဆည်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးကို နိုင်ငံတကာစံချိန်စံညွှန်း နှင့်အညီ ပေးဆောင်ရန်၊ ဒေသခံများကို အထူးစီးပွားရေးဇုန်အတွင်း အလုပ်အကိုင်ခန့်ထားရန်၊ ပြောင်းရွှေ့ခံထား ရသောကျေးရွာများမှ အိမ်ထောင်စုများကို စနစ်တကျပြန်လည်နေရာချထားပေးရန်စသည့်အချက်များ ကိုကြေညာချက်ထုတ်၍ တောင်းဆိုထားသည်။

“ဒေသဖွံ့ဖြိုးမယ်၊ ဒေသခံတွေ အလုပ်အကိုင်ရရှိမယ်ဆိုရင် ကျွန်တော်တို့ဒေသခံတွေက ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ဒါတွေကိုဖြေရှင်းနိုင်မှု မရှိသေးတဲ့အပြင် သိမ်းဆည်းထားတဲ့လယ်ယာတွေကိုလည်း လျော်ကြေးပြည့်ဝ အောင် မပေးသေးပါဘူး။ ရွှေ့ပြောင်းရတဲ့ ကျေးရွာတွေလည်း ရှိပါတယ်”ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းလွင်က မှတ်ချက်ပြုသည်။

စီမံကိန်းဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင်စတင် အကောင်အထည်ဖော်ကာ ၂၀၁၆ ခုနှစ်တွင် ပထမအဆင့်လုပ်ငန်းစဉ်များပြီးစီးရန် မျှော်မှန်းထားသည်ဟု စီမံကိန်းရေးဆွဲနေသည့် JDI (Japan Development Institute) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment