Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘဏ္ဍာငွေ ကျပ်သန်းတစ်သောင်း ချထားပေးသော်လည်း သုံးစွဲခြင်းမရှိ သေး

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကျပ်သန်းတစ်သောင်းအား နိုင်ငံတော်သမ္မတရုံးသို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ချထားပေးသည်မှာ ၅ လတာ ကာလရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ သုံးစွဲခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ပြောကြားသည်။

“ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ ဘဏ္ဍာငွေ အခက်အခဲဖြစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်တော်တို့အားလုံးကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားကြတာ ဖြစ်တဲ့အတွက် ဒါကို ဘတ်ဂျက်မှာ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဦးမောင်တိုးက ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဘဝပြန်လည် ထူထောင်ရေး၊ အလုပ်အကိုင် ဖန်တီးပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်နိုင်ရန် ငွေကြေး လိုအပ် ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရာ၌ နိုင်ငံတကာ၏ အထောက်အပံ့များကို မစောင့်ဘဲ နိုင်ငံတွင် ရှိသည့် ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရန် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသူများကို တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံး စွဲရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတရုံး အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများက နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အတွက် Myanmar Peace Center ကို တည်ထောင်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါစင်တာသို့ ပြည်ပနိုင်ငံများမှ အလှူငွေများ ထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

YC


ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံများထဲတွင်ပါဝင်

၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီးတွင် ရပ်တည်ခဲ့ပြီး စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်လာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကို ကြီးကြီး မားမား ပြုလုပ် နေခဲ့သော်လည်း အဆိုပါစာရင်းတွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် ၁၈၂ နေရာတွင် ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံး စာရင်းတွင် ပါဝင်ခဲ့ပြီး မလေးရှားနှင့် ထိုင်းနိုင်ငံ တို့သည်လည်း စီးပွားရေးလုပ်ကိုင်ရန် ကောင်းမွန်သည့် နိုင်ငံ (၂၀) စာရင်းတွင် ပါဝင်ခဲ့ ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်မြဲ စီးပွားရေးအစီရင်ခံစာ တစ်စောင်ဖြစ်သော “Doing Business 2014: Understanding Regulations for Small and Medium Size Enterprises” တွင် စီးပွားရေးလုပ်ငန်း တစ်ခုစ တင်ခြင်း မှစ၍ ကြွေးမြီးကိစ္စပေး ခြင်းအထိ စီးပွားရေးလုပ်ကိုင်ခြင်းကို လွှမ်းမိုးချုပ်ကိုင်သည့် အချက် ၁၁ ချက်ကို လေ့လာသုံး သပ်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနေရာ အား ရှစ်နှစ်ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်ပြီး မလေးရှား နိုင်ငံအနေဖြင့်လည်း ဆောက်လုပ်ရေးပါမစ်ရရှိရန် လုပ်ငန်းစဉ်အဆင့်များ လျော့နည်းသွားအောင် လျှော့ ချပေးခဲ့ခြင်း  လျှပ်စစ် ဓါတ်အားလိုင်းသစ်များ တည်ဆောက်ရန်ကြာချိန်တို့ကို လျှော့ချပေးနိုင်ခဲ့ခြင်းနှင့် ကုမ္ပဏီ မှတ်ပုံ တင်ကြေးများ ကို လျော့ချပေးခဲ့သည့် အချက်များကြောင့် ယမန်နှစ် ကထက် အဆင့် (၆) ဆင့်တက်လာခဲ့ခြင်းဖြစ်ေ ကြာင်း သိရသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ပျှမ်းမျှသတ်မှတ်ချက်အရ လုပ်ငန်းတစ်ခုစတင်ရန် လျှောက်ထားရာတွင် လုပ်ငန်းစဉ် ၇ ဆင့်၊ အချိန် ၂၅ ရက်နှင့် တစ်ဦးချင်းဝင်ငွေ၏ ၃၂ ရာခိုင်နှုန်း ကုန်ကျစရိတ်ရှိရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအား အာရှတွင် နောက်ဆုံးကျန်ရှိနေသေးသည့် အကြီးမားဆုံးဈေးကွက်တစ်ခု အဖြစ်သတ်မှတ်ထား သော် လည်း လျှပ်စစ်ဓါတ်အား လုံလောက်စွာ ထောက်ပံ့မှု နည်းပါးခြင်း၊ လုပ်ထုံးလုပ်နည်းများ တိကျမှုမရှိသေးလ သည့်အချက်များ ကြောင့် ကွန်ဂို၊ လစ်ဗျားနိုင်ငံများနည်းတူ စီးပွားရေးလုပ်ငန်းတစ်ခုစတင်နိုင်ရန် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

YC


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်အတွက် နိုဝင်ဘာလ ၁ ရက်နေ့ဆုံးဖြတ် ချက်ချမည်

ကချင်ပြည်နယ် လိုင်ဇာရှိ ကေအိုင်အိုဌာနချုပ် တွင်ကျင်းပပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များညီလာခံ ဆွေးနွေးပွဲမှ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက်နေ့ တွင်ထုတ်ပြန်သွားရန်အတွက် သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း ပြောကြားချက်မှ သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့ဆွေးနွေးပွဲတွင် အစိုးရ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ မူကြမ်းနှစ်ခုကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ၏ ဘုံသဘောတူညီချက်များကို ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုင်ဇာမူကို ချမှတ်ရေးဆွဲနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော ကော်မတီတစ်ရပ်ကို အောက်တိုဘာလ ၃၁ ရက်နေ့ ဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါကော်မတီကို ချင်းအမျိုးသားတပ်ဦး (NCF) ၏အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်း လျန်မုန်းက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(CNF) မှ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းဦးဆောင်၍ အစိုးရ၊ UNFC မူကြမ်းများနှင့် တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) တို့၏ မူကြမ်းများ ပေါင်း၍ ဘုံသဘောတူညီ ချက်တစ်ခု ကို ချမှတ်မည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း၏ ပြောကြား ချက်မှ သိရသည်။

 “အဲဒီမူ သုံးခုပေါင်းပြီးတော့မှ ဒေါက်တာဆလိုင်းလျန်မုန်း ဦးဆောင်ပြီးတော့ သူတို့ဘုံ သဘောထားတစ်ရပ်ကို ရေးဆွဲမယ်။ ကော်မတီဖွဲ့ဖို့တော့ နောက်တစ်ကြောင်း၊ အဲဒါက မနက်ဖြန်မှ ဆွေးနွေးမယ်”ဟု ၎င်းက မီဒီယာများကို ပြောသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် လိုင်ဇာညီလာခံ၏ သဘောထားမူဘောင်ကို အပြီးသတ်ရေးဆွဲ နိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိသေးသည့်အတွက် ညီလာခံနောက်ဆုံးကျင်းပမည့်ရက် နိုဝင်လာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့သို့ အချိန်တိုးမြှင့်လိုက်ကြောင်း အဆိုပါညီလာခံ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်ဥက္ကာက ဆိုသည်။

“တစ်ရက်တိုးဖို့တော့ ပြောတယ်။ မနက်ဖြန် အခြေအနေပေါ်မူတည်ပါတယ်။ ဒီနေ့က တစ်ပြည်လုံး အတိုင်း အတာ အပစ်အခတ်ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး သဘောထားတွေ ဆွေးနွေးနေတာပါ။ အပစ် အခတ်ရပ်စဲရေးကိစ္စ၊ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်တာ ကောင်းပါတယ်”ဟု ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF) မှ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

ညီလာခံသို့ UNFC အဖွဲ့ဝင်များဖြစ်သော KIO, KNU, PSLF, SSPP, CNF, MNSP, PNLO, WNO, ALP, KNPP စသည့် အဖွဲ့အစည်းများမှ တိုင်းရင်းသားခေါင်းဆောင်များတက်ရောက်နေပြီးအခြား UNFC အဖွဲ့ဝင် RCSS/ SSA မဟုတ်သော ကရင်အမျိုးသားတပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KPC မှ အပါအ၀င် အဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသော်လည်း “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်UWSA နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် NDAA မူတက်ရောက်ခဲ့ခြင်းမရှိပေ။

YC 


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment