Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အစိုးရနှင့် ဖက်ဒရယ်စနစ်ကို ဆွေးနွေးရန် အခက်အခဲမရှိနိုင်ဟု တိုင်းရင်းသားခေါင်းဆောင်များမျှော်လင့်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူညီချက်ရထားသည့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများတွင် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အစိုးရနှင့် ဆွေးနွေးရာတွင် ခက်ခဲမှုမရှိနိုင်ဟု မျှော်လင့်ထားကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၏ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အောက်တိုဘာလ ၃၀ ရက်မှ ၂ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အခုအချိန်မှာ အစိုးရဘက်ကလည်း ဖက်ဒရယ်ကို ပြောနေပါတယ်။ တစ်နိုင်ငံလုံးလည်းပြောနေပြီဆိုတော့ ခေါင်းစဉ် ကတော့ အားလုံးပြောပြနေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါပြီ။ အဲဒီတော့ ဆက်ပြီးဆွေးနွေးရင် သိပ်ပြီးအခက်အခဲ ရှိမယ် မထင်ပါဘူး”ဟု ၎င်းကဆိုသည်။

ထို့အတူ ချင်းအမျိုးသားတပ်ဦး (CNF) ၏အဓိပတိကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက အစိုးရဘက်မှ တိုင်းရင်းသားအဖွဲ့များ သုံးစွဲနေသည့် ဖက်ဒရယ်စကားလုံးကို သုံးစွဲလာခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရဘက်ကလည်း ကျွန်တော်တို့ပြောတဲ့အတိုင်း ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ ဒါက အင်မတန်မှ ကောင်းတဲ့ အလားအလာဖြစ်ပါတယ်။ ဟိုတုန်းက ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးဆိုပြီးတော့ ကင်ပွန်း တပ်တယ်။ အခု သူတို့ကလည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ ပူးပေါင်းရေးဖြစ်တယ် ဆိုတာ သူတို့ လက်ခံ လာတယ်။ သိမြင်လာတယ်”ဟု ဆလိုင်းလျန်မှုန်းက ဆိုသည်။

ထို့အပြင် ပင်လုံမူကို အခြေခံသော ပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် အားလုံးကြိုးစားသင့်သည့် အချိန်ကို ရောက်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ပင်လုံမူအတိုင်း ပြည်ထောင်စုပြန်လည်ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်ကလည်း လုပ်မယ်။ ပြီးတော့ သူရဦးရွှေမန်းတို့ ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကလည်း လုပ်မယ်။ သမ္မတဦးသိန်းစိနဦးဆောင်တဲ့ အစိုးရကလည်း လုပ်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဆိုတော့ ကျွန်တော်တို့ အားလုံးရဲ့ တူညီမှုအပေါ်မှာ ဒီပြည်ထောင်စုကို ပြန်လည်ထူထောင်ဖို့ အကောင်းဆုံးကာလဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီးအစည်းအဝေးပွဲတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးကော်မတီ(WGEC) ကရေးဆွဲထားသော မူကြမ်း၊ ညီညွတ်သော  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ကရေးဆွဲထားသော ဘုံသဘောတူညီချက်၊ ၂၀၁၂ ခုနှစ် တိုင်းရင်းသားညီလာခံတွင် ရေးဆွဲခဲ့သော မူကြမ်း၊ ကရင်အမျိုးအသားအစည်းအရုံး(KNU) နှင့် RCSS တို့က တင်ပြခဲ့ သော WGEC ၏မူကြမ်းကို အစိုးရက ပြင်ဆင်ဖြည့်စွက်ရေးဆွဲထားသော မူကြမ်းများကို ပေါင်းစည်းပြီး မူကြမ်းတစ်ခု အနေဖြင့် ရေးဆွဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

YC


ပင်လုံကျောက်တိုင်နှင့် ပင်လုံပြတိုက် ကျပ် ၅၁ သန်းကျော် သုံးစွဲတည်ဆောက်မည်

ပင်လုံစာချုပ်ရေးထိုးသည့် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့သော ပြည်ထောင်စုကျောက်တိုင် အကြီးစားပြုပြင်ရန် နှင့် ပင်လုံ ပြတိုက် တည်ဆောက်ရန် ငွေကျပ်သန်းပေါင်း ၅၁ သန်းကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိမ်းမောင်က ပြောကြားသည်။

“တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်လို့ အခုလို ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် ပြည်ထောင်စု ကျောက်တိုင်ကို အကြီးစား ပြုပြင်မွမ်းမံသွားနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အခုလို စီစဉ်ခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄-၁၅ ခုနှစ်အတွက် အစိုးရထံမှ ရှမ်းပြည်နယ်ဘတ်ဂျက်တွင် ပြည်ထောင်စုကျောက်တိုင် အကြီးစား ပြုပြင်မွမ်းမံရန်အတွက် ဘဏ္ဍငွေကျပ် ၅၁ သန်းကျော် အသုံးပြုခွင့်ပေးရန် အစိုးရထံ တင်ပြထားခဲ့ရာ အစိုးရအနေဖြင့် လည်း ယခုကိစ္စသည် လုပ်ဆောင်သင့်သည့်ကိစ္စ ဖြစ်သည့်အတွက် အမြန်ဆုံးချပေးသင့်သည်ဟု ပြောကြားခဲ့ကြောင်း ဦးခွန်သိမ်းမောင်က ဆိုသည်။

ပြည်ထောင်စု ကျောက်တိုင်၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် အဝင်မုခ်ဦး သုံးခုကို လည်း ခမ်းနားစွာ တည်ဆောက်မည်ဖြစ်ပြီး ပင်လုံပြတိုက်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားေ ခါင်းဆောင်များ၏ ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြသည့် ပုံရိပ်များသာမက ပင်လုံစာချုပ်ကိုပါ ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုကျောက်တိုင်ကို ပြင်တာ မူရင်းလည်းမပျက်အောင် ပြင်ဆင်စေချင်ပါတယ်။ ပင်လုံစာချုပ်ကို ပြသမယ့်နေရာမှာလည်း စာချုပ်ကို မူရင်းအတိုင်း ဖော်ပြစေချင်ပါတယ်။ သမိုင်းကို အမှားတွေနဲ့ မပြောင်းလဲပစ်စေ ချင်ပါဘူး” ဟု ပင်လုံမြို့ခံတစ်ဦးဖြစ်သူ အသက် ၈၀ အရွယ်ရှိ ဦးစိုင်းအောင်မြတ်က ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားးခေါင်းဆောင်များသည် ဗြိတိသျှထံမှ လွတ်လပ်ရေးကို တောင်တန်း- မြေပြန့် မခွဲခြားဘဲ အတူတကွရယူရန် သဘောတူ လက်မှတ်ထိုးသည့် အထိမ်းအမှတ်အဖြစ် တောင်တန်း-မြေပြန့် ပူးပေါင်းရေး စာချုပ်ကျောက်တိုင် (ပြည်ထောင်စု ကျောက်တိုင်) ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။

YC


 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် လွှတ်တော်ရေးရာကိစ္စများတွင် ပိုမိုထိရောက် အောင် မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်ဆိုင်ရာအဖွဲ့ကို လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ဖွဲ့စည်း နိုင်သည့်အချက် များ အပါအဝင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုဝင်ဘာလ ၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

စာချုပ် ၊ သဘောတူညီချက်များ ၊ လျှပ်စစ်ဓါတ်အား စီမံကိန်းကြီးများအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရမည့် အချက်များ ပါဝင်သော အဆိုပါ ဥပဒေကြမ်းကို အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်စာရင်း ပေးသွင်း ခြင်းမရှိသည့်အတွက် အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခု ပြင်ဆင်လိုက်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတွင် ထပ်မံ ဖြည့်စွက်ခဲ့သော အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ နှင့် သဘောတူညီချက်များ ၊ ဒေသဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက် များ ဆိုင်ရာ ကိစ္စ၊ အခွန်အကောက်များနှင့် သက်ဆိုင်သည့်ကိစ္စ၊ သဘာဝ စွမ်းအင်များနှင့် သယံဇာတ ပစ္စည်းများ ထုတ်ဖော်မှုနှင့် သက်ဆိုင်သည့်ကိစ္စ နှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းကြီး စသည့် ကိစ္စများတွင် ဖြည့်စွက်ထား သည်များကို အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သဘောတူခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံတွင် ပြဋ္ဌာန်းထားသော ပြည်ထောာင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးရေ ၊ ပြည်ထောာင်စုအစိုးရ၏ ဝန်ကြီးဌာန အရေ အတွက် နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ရေးတို့အတွက် နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေး ရမည်ဟု ထပ်မံဖြည့်စွက်ထားပြီး လွှတ်တော်သည် ပုဒ်မ ၃၁ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ ဦးရေ သတ်မှတ်ချက်၊ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေတို့ကို အခါအားလျော်စွာ ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ဦးရေကို တိုးခြင်း ၊ လျှော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်းပြီး အဆုံးအဖြတ် ပေးရမည် ဟု ဖြည့်စွက်ထားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက အဆိုပြုလာသည့် ပြည်ထောင်စုအဆင့်များဖြစ် သော ပြည်ထောင်စု တရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်များကို ခန့်အပ် ရာတွင် လွှတ်တော်၏ သဘောတူညီချက်ကို ရယူရမည်ဖြစ်ကြောင်း ထပ်မံ ဖြည့်စွက်ထားသည်ဟု သိရှိရသည်။

YC 


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment