Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  • မြန်မာအစိုးရတပ်များ နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား  တိုက်ပွဲများဖြစ်ပွား
  • နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော်တွင် ဖြေရှင်းရမည်
  • ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ သဘောတူညီချက်များ ပူးတွဲထုတ်ပြန်

မြန်မာအစိုးရတပ်များ နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား  တိုက်ပွဲများဖြစ်ပွား

ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖက်ကာအုပ်စု ဂျုံနန်းရွာ၊ တောတန်းအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာအစိုးရ တပ်များနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တအောင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော်(T.N.L.A)၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

မြန်မာတပ်မတော်တပ်ရင်း ခလရ ၁၂၃ ၊ ၄၅ ၊ ၁၄၃ နှင့် ၁၄၅ ပူးပေါင်းစစ်ကြောင်းတို့မှ ဂျုံနန်းရွာ အနီးရှိ ပြောက်ကျားအခြေစိုက်နေသော တအောင်းတပ်မတော်တပ်ရင်း ၁၁၂ အား အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခွဲခန့်မှစတင်ခဲ့သောတိုက်ပွဲသည် ညနေမိုးချုပ်၍ အလင်းရောင် ပျောက်ကွယ်သွားမှသာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အင်အား ၃ဝဝ ခန့်ရှိ မြန်မာတပ်မတော် တပ်ပေါင်းစုမှ တအောင်း တပ်ရင်း ၁၁၂ ကို အဝေးမှ ၆ဝ မမ ၊ ၈ဝ မမ လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး TNLA ပြောက်ကျားတပ်စခန်းရှိရာသို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။ TNLA ဘက်မှလည်း မြန်မာတပ်ပေါင်းစုအား ပြောက်ကျားစခန်းတွင် အသင့်စောင့်ဆိုင်းနေကာ တပ်မတော် ဘက်မှပစ်ခတ်နေသည့် လက်နက်ကြီးများအန္တရာယ်ကိုရှင်းလင်းခဲ့ပြီးညနေ ၅ နာရီအချိန်ခန့်တွင်တအောင်း တပ်မတော်မှ ထောင်ထား သည့် ရှေ့ထွက်မိုင်းများအား တပ်မတော်မှ နင်းမိပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ကြောင်း သိရ သည်။

ထို့နောက် မြန်မာတပ်မတော်မှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်၍ ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၆ နာရီ အချိန်ခန့်တွင် တိုက်ပွဲသံများ ရပ်စဲသွားခဲ့ကြောင်းယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တအောင်းတပ်ဖွဲ့များ ပြောက်ကျားစခန်းမှ ဆုတ်ခွာသွားခဲ့ပြီး မြန်မာတပ်မတော်အနေဖြင့် တအောင်းတပ်ဖွဲ့၏ ပြောက်ကျားစခန်းသို့ ဆက်လက်ထိုးစစ်ဆင်ခြင်း မရှိတော့သော်လည်း တစ်ဖက်တောင်ကုန်းတွင်မူ နေရာယူထားကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အနေအထား ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကြောင့် TNLA ဘက်မှ ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီးကျည်စထိမှန်ကာ လက် မောင်းတွင် အနည်းငယ်ဒဏ်ရာရရှိသွားခဲ့ပြီး မြန်မာတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု စာရင်းကိုမူ တိတိကျကျ မသိရှိ ရသေးပေ။


နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော်တွင် ဖြေရှင်း ရမည်

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရမည့် ကြွေးကျန်ပမာဏများ အလွန်များပြားနေ၍ အကြွေးပေးရန်ကျန်ရှိနေသော ဝန်ကြီးဌာနများမှာ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ဖြေရှင်း ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်  ဆုံးဖတ် ခဲ့ခြင်းဖြစ်သည်။

အစိုးရဝန်ကြီးဌာနများမှနိုင်ငံတော်သို့ကြွေးကျန်ပေးသွင်းရန် ၂ နှစ်ဆက်တိုက်ကျန်ရှိနေသောကြောင့် ကြွေးကျန် ပမာဏမှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း နိုင်ငံတော်၏ အရအသုံးမှန်းခြေငွေစာရင်းများအား စစ်ဆေးရာတွင်တွေ့ရှိရသော အချက်အလက်များကြောင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက နိုဝင်ဘာလ ၅ ရက်နေ့ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့လာရောက်ရှင်းပြရန် အဆိုတင်သွင်း ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူများက ပြောကြားသည်။

ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရမည့် အကြွေးများအတွက် အခြေအနေကိုသိရှိလိုပြီး အဆိုပါ အကြွေးများ ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ဝန်ကြီးဌာနများမှလည်း တွန်းအားပေးလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ် ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သို့ ကြွေးကျန်ပေးသွင်းရန် ကျန်ရှိသည့်ဝန်ကြီးဌာနစုစုပေါင်း ၁၉ ခုရှိပြီး ကြွေးကျန်ပေးသွင်းရန် ကျန်ရှိ သည့် ဝန်ကြီးဌာနများ လွှတ်တော်သို့ လာရောက်ရမည့် အချိန်နှင့် နေ့ရက်ကိုမူ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါ အကြွေးများပေးသွင်းရန်ကျန်နေသော ဝန်ကြီးဌာနများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲနေခြင်းဖြစ်သည့် အတွက် ပွင့်လင်းမြင်သာမှုရှိရန်နှင့် အများပြည်သူယုံကြည်မှုရှိစေရန်လိုအပ်ကြောင်း ယင်းကော်မတီက တင်ပြခဲ့သည်။


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ သဘောတူညီချက်များ ပူးတွဲထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့မှ နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမ၌ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာ သဘောတူညီမှု ၆ ချက်ကို ပူးပေါင်း ထုတ်ပြန်ကြေညာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာညီလာခံတွင် တရားဝင်ဖွဲ့စည်းခဲ့သည့် "တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(Nationwide Ceasefire Coordination Team – NCCT)”မှ "လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များ (လိုင်ဇာမူ သဘောတူညီချက်)” ကိုဆွေးနွေးတင်ပြခဲ့ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ တရားဝင်ပေးအပ်ခဲ့သည်။

ထို့ပြင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ "ပြည်ထောင်စုအစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူ စာချုပ် (မူကြမ်း)” ကိုလည်း NCCT သို့ ပြန်လည်ပေးအပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သောအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များတက်ရောက်ခဲ့ပြီး လေ့လာသူများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဝမ်ရင်ဖန်းတို့က တက်ရောက် ခဲ့ကြောင်း သိရသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှ နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန်တို့အတွက်လည်း သဘောတူညီခဲ့ကြသည်။

“ဒီကနေ့ဆွေးနွေးပွဲက နှစ်ဖက်အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကပေးတဲ့မူဘောင် ရှိတယ်။ အခန်း ၁၅ ခန်းပါတဲ့ဟာပေါ့။ အဲ့ဒါရယ်။ နောက်သူတို့ဆီက မနေ့ကပေးတဲ့ ၁၁ ချက်မူပေါ့။ အဲ့ဒီနှစ်ခုကို သူတို့ ထပ်ပြီးတော့မှဆွေးနွေးမယ်။ ဆွေးနွေးပြီးနောက်မှ ဒီဇင်ဘာမှာထပ်ပြီးတော့ ကျွန်တော်တို့တွေ့မယ်ဟု  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ဒုတိယနေ့ဆွေးနွေးပွဲအပြီးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့သည် လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရေးအတွက် ဆွေးနွေးပွဲဆက်လက်ကျင်းပသွားရန်ရှိပြီး အဆိုပါ ဆွေးနွေးပွဲအား KNU မှ အိမ်ရှင်အဖြစ် တာဝန်ယူမည် ဖြစ်သည်။


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment