Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့ စုံစမ်းရေးကော်မတီက တွေ့ရှိတာတွေကို စုံစမ်းပြီးရရှိတဲ့ အချက်အလက်တွေကို လွှတ်တော်ကို တင်ပြသွား မှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုလွှတ်တော်ကို တင်သွင်းပြီးသွားရင် ကျွန်မတို့ စုံစမ်းရေးကော်မတီရဲ့ တာဝန်ကျေသွားပြီး ဖြစ်တယ်။ ဒီ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့ကတော့ အုပ်ချုပ်ရေးအပိုင်းက ဆက်လုပ်မှာဖြစ်ပါတယ်။ မြန်တာ၊ကြာတာကတော့  သူတို့နဲ့ပဲ ဆိုင်ပါတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၇) တွင်ပါရှိသော “လယ်ယာမြေများကိစ္စ ပူပန်နေရတယ်ဟု ဦးအောင်သိန်းလင်းဆို” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံတော် မူဝါဒတွေချမှတ်ပြီး၊ ငြိမ်းချမ်းဖို့ဆောင်ရွက်နေသလို ပြည်သူတွေရဲ့ ရင်ဆိုင်ခံစား နေရတဲ့ လူမှုရေးပဋိပက္ခတွေကိုလည်း ဖြေရှင်းပေးဖို့လိုတယ်။ ဥပမာအားဖြင့် လက်နက်ရှိသူက လက်နက်မဲ့သူတွေကို၊ ငွေရှိသူ သူဌေးတွေက နွမ်းပါးတဲ့ ဆင်းရဲသားတွေကို၊ တောင်သူလယ်သမားတွေကို အနိုင်ကျင့်နေတာမျိုးတွေရှိနေရင် ထာဝရငြိမ်းချမ်းရေး ရလာမှာမဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေး ဆိုတာက အောက်ခြေပြည်သူတွေရဲ့ ဘဝလုံခြုံမှုနဲ့ အနိုင်ကျင့် ခံရမှု၊ နစ်နာမှုမရှိစေရေး ဥပဒေအောက်မှာ လွတ်လပ်စွာ နေနိုင်စေရေး၊ စတာတွေအပေါ် အခြေခံတယ်။ ခု တိုင်းပြည်က လက်နက်ကိုင် ပဋိပက္ခတွေက လွတ်လာပြီလို့ ဆိုလို့ရတယ်။ ဒါပေမယ့် လူမှု့ပဋိပက္ခတွေကနေ မလွတ်သေး ဘူး။ နိုင်ငံတော် မှာ အာဏာသုံးရပ်ရှိတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသဖြင့် ယခင် အုပ်စိုးသူ အဆင့်ဆင့်က အဲဒီအာဏာ သုံးရပ် ပေါင်းပြီး ကိုယ့်သဘောကိုယ် လုပ်ခဲ့ကြတယ်။ အာဏာလည်း သူတို့မှာပဲရှိတယ်။ ဥပဒေလည်း သူတို့မှာပဲ။ တရားစီရင် တာလည်း သူတို့မှာပဲစသဖြင့်လုပ်ခဲ့တော့ ပြည်သူတွေလည်း အရမ်းနစ်နာခဲ့ရတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၇) တွင်ပါရှိသော “လက်နက်ကိုင် ပဋိပက္ခများနှင့်အတူ ပြည်သူများ၏ လူမှုပဋိပက္ခများကို အစိုးရကမဖြေရှင်းပေးပါက ထာဝရငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟုဆို” သတင်းမှ ဖလုံစဝေါ်ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလို လွှတ်ပေးတာကို ကျွန်တော်တို့ ကြိုဆိုတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသင့်ဘူး။ အခုလို လွှတ်ပေးတာအပြင် ထပ်ဖမ်းဆီးထောင်ချတာမျိုး မလုပ်ဖို့လိုတယ်”

နိုဝင်ဘာလ ၂၂ ရက်နေ့ ထုတ် မြန်မာတိုင်း (မ်) ဂျာနယ် အတွဲ (၃၃)အမှတ် (၆၄၈) တွင်ပါရှိသော “နှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် ကုလထပ်မံတိုက်တွန်း” သတင်းမှ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးရဲအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တရားမဝင်ကုန်သွယ်မှုကို တားဆီးဖို့အတွက် ဖွဲ့စည်းထားတဲ့ Mobile Team ကလည်း ကုန်သွယ်မှု မြင့်တက် ရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒီနှစ်ထဲမှာ Mobile Team ကဖမ်းမိတဲ့ အမှုတွဲပေါင်း ၂၂၁၉ မှုရှိပြီး၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၇.၅၁ ဘီလျံ နိုင်ငံတော်က ရရှိခဲ့ပါတယ်။ အခုဆိုရင် ပို့ကုန်၊သွင်းကုန် ဥပဒေက လူကိုပါ အရေးယူနေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ကုန်သွယ်မှုပမာဏ မြင့်မားတဲ့ပင်လယ်ထွက်ပေါက်ရဲ့ ဆိပ်ကမ်းတွေမှာလည်း စစ်ဆေးဖို့ မကြာခင် ဆောင်ရွက်တော့မှာပါ”

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃) အမှတ် (၆၄၈) တွင်ပါရှိသော “အစိုးရသစ်တက် ပြီးနောက်ပိုင် ကုန်သွယ်မှု ဒေါ်လာ ခြောက်ဘီလျံအထိတက်လာ” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “လှည့်ပြန်သွားတဲ့သူတွေက မြေယာပြဿနာအခက်အခဲနဲ့ လျှပ်စစ်မီးအဆင်မပြေမှုကြောင့်များတယ်။ အစိုးရ အနေနဲ့ အရင်က ချပေးထားတဲ့ မြေတွေမှာ တကယ်အသုံးမပြုတာတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ပြန်ပြီး စီမံခန့်ခွဲဖို့ လိုပါတယ်။ ဒါကို နိုင်ငံတော်ကလည်း သိပါတယ်။ ဖြေရှင်းနိုင်တဲ့အာဏာမှာလည်း သူ့မှာပဲရှိပါတယ်။ ဒါကို တရားဥပဒေနဲ့အညီ သေချာလုပ်ရင် ရပါတယ်”

နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၈၄) တွင်ပါရှိသော “နိုင်ငံခြားရင်း နှီးမြှုပ်နှံလိုသူများ ပြန်လှည့်သည့် ဖြစ်စဉ်များတွင် မြေယာပြဿနာက ထိပ်ဆုံး၌ရှိဆဲ” သတင်းမှ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment