Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံကို တရုတ်က အဆုံးအဖြတ်မပေးပါ

(Strategy Page မှ 2 Nov 2013 ရက်စွဲပါ “Myanmar: China does not Judge” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မွတ်ဆလင်များအား ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုအပေါ် ကုလသမဂ္ဂ၏ ပြစ်တင်ဝေဖန်မှု တိုးမြှင့်လာစေရန်အတွက် မွတ်ဆလင်နိုင်ငံများက ၎င်းတို့၏ စီးပွားရေးနှင့် သံတမန်ရေး သြဇာအာဏာကို အသုံးပြု နေကြသည်။ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု အများဆုံးဖြစ်ပွားရာဒေသ အနောက်ဖက်ကမ်းရိုးတမ်းမှ နိုင်ငံခြား ကယ်ဆယ်ရေး အဖွဲ့များကလည်း အိုး၊အိမ်မဲ့ မွတ်ဆလင်များအပေါ် ကယ်ဆယ်ထောက်ပံ့ရန် ကြိုးပမ်းမှုများကို ဒေသခံ ဗုဒ္ဓဘာသာဝင်များက ကြားဝင်နှောင့်ယှက်နေကြသည်ဟု စောဒကတက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် မနှစ်က လူ ၂၅၀ ခန့် သေဆုံးကာ လူ ၁၅၀၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်စေခဲ့သော အကြမ်းဖက်မှု များမပြီးနိုင်၊ မစီးနိုင် ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ယခင်လက မွတ်ဆလင် ၅ ဦး သေဆုံးခဲ့ရပြန်သည်။ ဘေးဒဏ်သင့် သူ အများစုမှာ မွတ်ဆလင်များ ဖြစ်သောကြောင့် ထိုနေရာသို့ သွားသော နိုင်ငံခြားကယ်ဆယ်ရေး အဖွဲ့များ ပို၍ပို၍ များလာ သည်။ ထိုမတိုင်ခင်ကမူ အစိုးရတပ်နှင့် ကချင်လက်နက်ကိုင် တပ်များအကြား တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် ၂၀၁၁ ခုနှစ်က လူပေါင်းတစ်သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော မြောက်ပိုင်းတောင်းတန်းဒေသသို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များ အများဆုံး သွားရောက်ခဲ့ ကြသည်။ ထိုဒေသသို့ ဆက်လက် အကူအညီပေးနေသော်လည်း မနှစ်က မွတ်ဆလင်ဆန့်ကျင် ရေး အကြမ်းဖက်မှုများကြောင့် ယခင်ကလောက် အရေးမပါတော့ပေ။

မနှစ်က ဒေသတွင်း၌ ဒေါ်လာ ၁.၃ ဘီလျံခန့် တန်းဖိုးရှိသော မီသာအင်ဖက်တမင်းဆေးပြား ၂၂၇ သန်းခန့် ဖမ်းဆီး ရမိခဲ့ပြီး၊ ယင်း ပမာဏသည် ၂၀၀၈ ခုနှစ်ကထက် ၇ ဆများသည်။ မီသာအင်ဖက်တမင်း သည် အရှေ့တောင်အာရှတွင် ရေပန်းအစားဆုံးဖြစ်နေသည်။ ဆေးပြားအများစုကို တရုတ် (၄၅ ရာခိုင်နှုန်း) နှင့် ထိုင်း (၄၂ ရာခိုင်နှုန်း) မှ သိမ်းဆည်းရ မိခြင်းဖြစ်ပြီး ၎င်းဆေးပြား အများစုမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဓါတ်ခွဲခန်းများမှ ရောက်လာကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ဓါတ်ခွဲခန်းများသည် မီသာအင်ဖက်တမင်း ဆေးပြား တစ်နှစ်လျှင် ၁.၄ ဘီလျံခန့် ထုတ်လုပ်နေသည်ဟု ယုံကြည်ရသည်။ ၎င်း ပမာဏသည် ကာလတန်ဖိုး ဒေါ်လာ ၈ ဘီလျံခန့်ရှိသည်။ ထိုငွေပမာဏ၏ လေးပုံတစ်ပုံမှာ မြန်မာ တောင်တန်းဒေသတွင် လည်ပတ်နေပြီး မူးယစ်ဆေးဝါးပိုက်ဆံသည် ဒေသန္တရ စီးပွားရေး၏ အဓိကအစိတ် အပိုင်းဖြစ်လာ သည်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ စုစည်းထားသော  မကြာသေးမှီက မြောက်ပိုင်းတွင် ငြိမ်းချမ်း ရေးညီလာခံ တစ်ရပ်ကျင်းပခဲ့ကြသည်။ KIO နှင့် အခြားတိုင်းရင်းသား ၁၇ ဖွဲ့တို့ စီစဉ်ကြသော ညီလာခံသို့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ၊ ကရင် KNU ၊ ရှမ်း RCSS ၊ ကရင် DKBA ၊ မွန်ပြည်သစ် NMSP စသော အဖွဲ့များ ပါဝင်တက်ရောက် ကြသည်။ သို့သော် အင်အားကြီး လက်နက်ကိုင်အုပ်စုအချို့ တက်ရောက်ခြင်း မရှိပေ။ အထူး သဖြင့် UWSA ဝ တပ်ဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့ တို့ဖြစ်သည်။

တိုင်းရင်းသားများအတွက် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေပြီး မြေပြန့်သားတို့၏ အဂတိလိုက်စား မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ လျှော့နည်းသွားစေမည့် ဖက်ဒရယ်ပိုမိုပီသသော အစိုးရပုံစံမျိုးကို လက်ခံချမှတ် ကျင့်သုံးနိုင် အာင် မြန်မာအစိုးရကို ဆွဲဆောင်ရန် အဆိုပါ တိုင်းရင်းသားအုပ်စု အားလုံးက ကြိုးစားနေကြခြင်း ဖြစ်သည်။ ဖက်ဒရယ် ပီသသောပုံစံကို ပြည်မတွင်ထောက်ခံမှု ပိုမိုရရှိလာသော်လည်း အစိုးရ၏ တရားဝင်မူဝါဒတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မှန်သမျှကို ဆန့်ကျင်ကန့်ကွက်နေဆဲ ပင်ဖြစ်သည်။ ထိုအတွက် ထုတ်ဖော်ပြော၍ မရသော အဓိက အကြောင်းအရင်းမှာ မြောက်ပိုင်းတွင် အဂတိလိုက်စားရန် အခွင့်အလမ်းများ တိုးပွားလာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် မြောက်ပိုင်းဒေသတွင် ရေလှောင်တမံများ ပိုမိုတည်ဆောက်ချင်နေသည့်အပြင် ကုန်ကြမ်းပစ္စည်းအတွက် သတ္တုတွင်းများကို မျက်စိကျနေသည်။ ၎င်း လမ်းကြောင်းပေါ်ရှိ တိုင်းရင်းသားများကို ထိန်းရန်မြန်မာအစိုးရက ဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့ အစောင့်အရှောက်များ ပေးနေသမျှ ကာလပတ်လုံး ထိုဝန်ဆောင်မှုများအတွက် တရုတ်တို့က ပေး၍မဆုံး ဖြစ်နေပေလိမ့်မည်။ ယင်း အကြောင်းအချက်အားလုံးသည် တိုင်းရင်းသားများ ပိုမိုစိတ်ဆိုးလာအောင် လုပ်သလို ဖြစ်လိမ့်မည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment