Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Bernama News မှ 27 Nov 2013 ရက်စွဲပါ “Myanmar’s opposition leader Aung San Suu Kyi arrives in Australia” သတင်းကို ဘာသာပြန်ဆိုသည်)


လူမျိုးရေး အကြမ်းဖက်မှုတွင် ပတ်သက်သူများကို အမြောက်အမြားဖမ်းဆီးကာ တရားစွဲဆို ထားကြောင်း မြန်မာထုတ်ပြန်

(VOA News မှ 26 Nov 2013 ရက်စွဲပါ “Burma announcers charges, mass arrests  in sectarian violence” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း သံတွဲမြို့နယ်တွင် ယခင်လက လူ ၇ ဦးသေဆုံးကာ နေအိမ်အမြောက်အများ မီးလောင် ပျက်စီးစေခဲ့သော လူမျိုးရေးအကြမ်းဖက်မှုနှင့် ပတ်သက်နေသူ ၉၃ ဦးကို တရားစွဲဆို လိုက်ပြီဟု မြန်မာအာဏာပိုင်များက ပြောကြားသည်။

၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ အထူးစုံစမ်းရေးအဖွဲ့များက ဒါဇင်နှင့်ချီသော ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ပြီး နောက်ထပ် ၇၁ ဦးကျန်ရှိနေသေးသည်ဟု ရန်ကုန်မြို့မှ အစိုးရတာဝန်ရှိသူများက ဆိုပါသည်။

တရားစွဲဆိုသည့် ပုဒ်မများတွင် မီးရှို့ဖျက်ဆီးမှုမှသည် ဗုဒဘာသာ-မွတ်ဆလင် အကြမ်းဖက် အဓိကရုဏ်းကို အားပေးမှု အထိပါဝင်သည်ဟု သိရှိရသည်။

ပြီးခဲ့သော အောက်တိုဘာလက ရခိုင်ပြည်နယ် ပဋိပက္ခဘေးဒဏ်သင့်နေရာများသို့ သမ္မတဦးသိန်းစိန် လှည့်လည် ကြည့်ရှုနေစဉ် သံတွဲမြို့အကြမ်းဖက်မှု ဖြစ်သွားခဲ့ပြီး၊ ချက်ခြင်းပင် ၎င်း၏ အစိုးရအဖွဲ့က အထူးစုံစမ်း စစ်ဆေးမှုများ ပြုလုပ် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခင်လ အကြမ်းဖက်ဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ မွတ်ဆလင်နိုင်ငံရေးသမား ဦးကျော်ဇံလှ၏ ဆွေမျိုး တစ်ဦးက အာဏာပိုင်များသည် ဗုဒဘာသာဝင်များကို ပစားပေးပြီး၊ မွတ်ဆလင်များကို မမျှမတဆက်ဆံကြောင်း စွပ်စွဲ ပြောဆိုသည်။

“မီးရှို့မှု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေတဲ့ ဗုဒဘာသာဝင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ အာမခံပေးပြီး ပြန်လွှတ်ပေးပါတယ်။ လုံလောက်တဲ့ မျက်မြင်သက်သေ အထောက်အထား မရှိဘူးလို့ သူတို့ ကပြောပါတယ်။ ဒါပေမယ့် အဖမ်းခံရတဲ့ မွတ်ဆလင်တွေကိုတော့ လုံးဝအာမခံမပေးတဲ့အပြင် အခုအချိန်အထိ ဖမ်းဆီးထား တုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ် ကမူ အခင်းဖြစ်ရပ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် သမ္မတက ကိုယ်တိုင် အမိန့်ပေးခဲ့သည်ဟု ပြောကြားသည်။

“အရင်ကပြောခဲ့တဲ့အတိုင်းပဲ အကြမ်းဖက်မှုကိစ္စဟာ အခုအချိန်အထိ စိုးရိမ်နေရတုန်းပါပဲ။ ဒီလို ရာဇဝတ်မှုမျိုး ကျူးလွန်သူတွေကို ကျွန်တော်တို့ အနေနဲ့ ဘယ်ဘက်ကိုမှ မျက်နှာမလိုက်ပဲ အရေးယူဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် လည်း အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ ရခိုင် ပြည်နယ်ကို သမ္မတဦးသိန်းစိန် ရောက်နေတုန်း ဖြစ်ခဲ့တာပါ။ ဒီ အကြမ်းဖက်မှုမှာ ပူးပေါင်းကြံစည်ပါဝင် ကျူးလွန်ကြတဲ့ အသိုင်းအဝိုင်း နှစ်ခုစလုံးက လူတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ သမ္မတကြီးက ညွှန်ကြားထားပါတယ်” ဟု ဦးရဲထွဋ် က ပြောကြားပါသည်။

တရားစွဲဆိုခံရသူများထဲတွင် ဗုဒဘာသာဝင် နှင့် မွတ်ဆလင်များ မည်မျှစီပါဝင်သည်ကိုမူ သဲသဲကွဲကွဲ မသိရသေးပါ။

မနှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ပြည်နယ်တွင် ဗုဒဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြား အကြမ်းဖက်အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး၊ အနည်းဆုံး လူ ၂၄၀ ခန့် သေဆုံး၍ လူပေါင်း ၁၄၀ ၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရာ ဘေးဒဏ်သင့်သူ အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ၎င်း အကြမ်းဖက်မှု ဂယက်သည် မြန်မာနိုင်ငံ အခြားဒေသများ အထိ ကူးစက်ပျံ့နှံလျက်ရှိသည်။


 မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျသို့ ရောက်ရှိ

(Bernama News မှ 27 Nov 2013 ရက်စွဲပါ “Myanmar’s opposition leader Aung San Suu Kyi arrives in Australia” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီ ဆက်လက်ပြုပြင်ပြောင်းလဲရေး ကိစ္စအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို မြှင့်တင်မည့် ၅ ရက်ကြာ သြစတြးလျခရီးစဉ်အဖြစ် ဗုဒဟူးနေ့က ဆစ်ဒနီသို့ ရောက်ရှိလာသည်။

ကမ္ဘာကြိုက်၊ မြန်မာကြိုက် ဒီမိုကရေစီခေါင်းဆောင်သည် ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ကင်ဘာရာ မြို့များသို့ လှည့်လည်၍ မိန့်ခွန်းခြွေမည် ဖြစ်ပြီး၊ ပထမဆုံးမိန့်ခွန်းကို ဆစ်ဒနီ Opera House တွင် စတင်မည် ဖြစ်သည်။

သူမ သည် ဗုဒဟူးနေ့ မွန်းလွဲပိုင်းတွင် ဆစ်ဒနီ အစိုးရအိမ်တော်၌ နယူးဆောက်ဝေး ပြည်နယ် အုပ်ချုပ်ရေးမှူး မေရီဘာရှာ နှင့် တွေ့ဆုံမည်ဖြစ်သည်။ ကင်ဘာရာတွင် ဝန်ကြီးချုပ် တိုနီအက်ဘော့က၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ တို့အပြင် သြစတြေးလျလွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

သောကြာနေ့တွင်မူ Australian National University မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူမည် ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျားကနေ ကြိုဆိုခွင့်ရတဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်မိပါတယ်” ဟု နိုင်ငံခြားဝန်ကြီး ဘစ်ရှော့ က ဆိုပါသည်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီတို့ လွှတ်တော်ထဲ ဝင်ရောက်ခွင့်ရတဲ့ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် မြန်မာအစိုးရရဲ့ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သြစတြေးလျားနိုင်ငံက ထောက်ခံ အားပေးနေပါ တယ်” ဟု ဂျုလီဘစ်ရှော့ က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ယခုထက်များစွာ ပိုမိုကျယ်ပြန့်လာအောင် သြစတြေးလျ နိုင်ငံက ဆက်လက်ထောက်ခံပေးရန် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိမ့်မည်ဟု ပြည်တွင်းမီဒီယာများက ရေးသားကြသည်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်နှေးကွေးကြန့်ကြာအောင် ယခင်အာဏာရှင်ဟောင်းများက ကြိုးပမ်းနေ သည့် အရိပ်အယောင်များ အံ့အားသင့်ဖွယ် ထွက်ပေါ်လာသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာ သူများက မှတ်ချက်ပေး ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment