Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(Channel 4 News မှ 18 Dec 2013 ရက်စွဲပါ “Burma hosts SEA Games-with a little help from its friends” သတင်းကို ဘာသာပြန်ဆိုသည်)

(17 Dec 2013 ရက်စွဲပါ canoda.com မှ AP ၏ UN drug agency: Poverty,demand,keep drivinn increase in Myanmar opium production ကို ဘာသာပြန်ဆိုသည်)


ပေါက်ဖော်မိတ်ဆွေတို့ထံမှ အကူအညီနည်းနည်းဖြင့် မြန်မာနိုင်ငံတွင် ဆီးဂိမ်းလက်ခံ ကျင်းပ

(Channel 4 News မှ 18 Dec 2013 ရက်စွဲပါ “Burma hosts SEA Games-with a little help from its friends” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၁၉၆၉ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံ ကျင်းပကာ လတ်တလော ပြုပြင်ပြောင်းလဲနေမှုများကို ထုတ်ဖော်ပြသရန် မျှော်လင့်လျက်ရှိသည်။ သို့သော်လည်း အနောက် အုပ်စုကို ဆွဲဆောင်ရန် ကြိုးစားနေသည့် တိုင်အောင် တရုတ်နိုင်ငံ အပေါ်တွင် မှီခိုနေရဆဲ ဖြစ်သည်ကို တွေ့ရသည်။

ယခင်အပတ်က ခမ်းခမ်းနားနား၊ သားသားနားနား ဖွင့်ပွဲအခမ်းအနား အပြီးတွင် မြန်မာနိုင်ငံသည် ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းအားကစားပွဲကို လက်ခံကျင်းပနေပြီ ဖြစ်ပြီး၊ လက်ရှိ အပြောင်းအလဲများကို ထုတ်ပြရန်နှင့် နိုင်ငံတကာ ယုံကြည်မှုကို ရယူရန် အခွင့်အလမ်းတစ်ခု ဖြစ်လိမ့်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

အာဏာရှင်အစိုးရ အဆက်ဆက် လက်အောက်တွင် အထီးကျန်သော နိုင်ငံအဖြစ် နှစ်ပေါင်း ၅၀ ကြာခဲ့ပြီး နောက် တွင် မြန်မာနိုင်ငံဒေသတွင်း အကြီးဆုံး နိုင်ငံစုံအားကစားပွဲ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အိမ်နီးချင်း စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံသည် မြန်မာနှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်နှင့် သယံဇာတပေါသော နိုင်ငံတွင် စီးပွားရေး လုပ်ကိုင်မှုများ အာမခံချက်ရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားအပါအဝင် ၂၂ ရက်ကြာ ဆီးဂိမ်း ပွဲတော် အတွက် ဒေါ်လာ ၃၃ သန်းဖိုးနီးပါး နည်းပညာ အကူအညီ ပေးခဲ့သည်။

“၂၇ ကြိမ်မြောက် ဆီးဂိမ်းကို စီစဉ်ကျင်းပဖို့ မြန်မာနိုင်ငံကို အကူအညီပေးတာဟာ တရုတ်အစိုးရအတွက် အရမ်း အရေးကြီးတဲ့ စီမံချက် ဖြစ်ပါတယ်” ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဝမ်ရှင်ဝင် က ပြောကြားပါတယ်။

“ဒါဟာ နှစ်နိုင်ငံအကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပြသတာပါ” ဟု အရှေ့တိုင်း ဆွေမျိုးတော်စပ်မှု ခေါ်ဝေါ်ပုံကို ကိုးကားကာ ၎င်းက ပြောကြားသည်။ မြန်မာဘန်းစကားတွင် တရုတ်လူမျိုးကို ပေါက်ဖော်ဟု ခေါ်ဝေါ်ခြင်းကို တရုတ်အာဏာပိုင်များက သဘောတွေ့ နေကြသည်။

တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများထဲတွင် တစ်ဦးတည်းသော အဂတိလိုက်စားမှု ကင်းရှင်းသူအဖြစ် ဂုဏ်သ တင်းမွှေးသော သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ တွင် အာဏာလွှဲပြောင်းရရှိပြီး နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ခဲ့သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းသည် အားကစားပွဲတစ်ခု ဖြစ်သော်လည်း စီးပွားရေးအခွင့်အလမ်းများ၊ စိတ်ဝင်စားစရာ များ တိုးပွားလျက်ရှိသည်။ ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု Sanctions များကို မနှစ်က ရုတ်သိမ်းပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကလည်း Sanctions အများစုကို ဆိုင်းငံ့ရပ်ဆိုင်းပေးထားသည်။

ယခုကဲ့သို့ အနောက်အုပ်စုနှင့် ဆက်ဆံရေးတိုးတက်လာမှုသည် တရုတ်တို့အတွက် ၎င်း၏ နောက်ဖေး တံခါးပေါက် အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်လက် လွှမ်းမိုးထားနိုင်ရေးကို သံသယများ ထွက်ပေါ်လာစေ သည်။ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော တရုတ်ဝန်ကြီးချုပ် လူယန်ဒေါင်း က အိမ်နီးချင်းကောင်း မူဝါဒကို ထိန်းသိမ်းရေးနှင့် ရေရှည်ဆက်ဆံရေး ကောင်းမွန်ရေးတို့ကို တိုက်တွန်းသွားသည်။

မည်သို့ပင်ဖြစ်စေ  ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံတွင်းသို့ ဒေါ်လာ ၁၄ ဘီလီယံမှ ၂၀ ဘီလီယံအကြား လောင်း ထည့်ထားသော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေဆဲပင် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် များများစားစား ပြုပြင်ပြောင်းလဲခဲ့သော လက္ခဏာအဖြစ် အားကစားပွဲများကို အောင်မြင်စွာ ကျင်းပပေးလျက်ရှိသည်။ အိုလံပစ်နှင့် အကြုံးမဝင်သော ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပမှု ကြောင့် ဝေဖန်သံများ ဆူညံခဲ့သော်လည်း ပထမဆုံးအကြိမ် အိမ်တွင်းပုန်း ပုဝါချွတ်ကာ စင်ပေါ်တက် လာသော မြန်မာ အပျိုစင်ကို အိမ်နီးချင်း အာဆီယံကို လူမျိုးတို့က ခွင့်လွှတ် နားလည်ပေးခဲ့ကြသည်။

ပြီးခဲ့သော သီတင်းပတ်ပ မြင်းအလှစီးပြိုင်ပွဲတွင် ကမ္ဘာကျော် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မြင်းစီးကလပ်မှ လက်ဆောင်ရထားသော သူမ၏ မြင်း ပြိုင်ပွဲဝင်သူကို လာရောက်ကြည့်ရှု အားပေးခဲ့သည်ကို တွေ့ရသည်။

အားကစားသမားများကို လာရောက်ကြည့်ရှုအားပေးမည့် ပရိတ်သတ်နည်းပါးမည် (ထိုင်ခုံများ လွတ်နေမည်) ကို စိုးရိမ်သော အာဏာပိုင်များက ဖွင့်ပွဲအခမ်းအနားကျင်းပရာ အားကစားရုံ၏ ထိုင်ခုံများ ပြည့်အောင် နေပြည်တော်ဝန်းကျင်မှ ကျောင်းသား၊ကျောင်းသူများကို ခေါ်ယူခဲ့သည်ဟုလည်း သိရှိရသည်။

ယခုအခါ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်နေသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီနှင့် လားလားမျှ မအပ်စပ်သော အငြင်းပွားစရာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သူမ ၏ ပြည်တွင်း ပြည်ပ ထောက်ခံသူများကို လှုံဆော်လျက် ရှိသည်။ လက်ရှိ အခြေခံဥပဒေသည် ယခင်တပ်မတော် အစိုးရလက်ထက်က ရေးဆွဲထားခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံသား နှင့် လက်ထပ်ခဲ့သော သူမအား သမ္မတမဖြစ်နိုင် အောင် ရည်ရွယ်ပိတ်ပင် တားဆီးထားသည်။

မြန်မာနိုင်ငံ၏ ၁၉၈၈ မှ ၂၀၁၁ အကြားကာလ အထူးသဖြင့် အနားယူသွားသော အကြီးအကဲဟောင်း အုပ်ချုပ်ခဲ့သော ကာလသည် လူထုလိုလားသော ခေါင်းဆောင်အမျိုးသမီး တစ်ဦးကို တပ်မတော်တစ်ခုလုံး၏ အင်အား အသုံးချ၍ တားဆီးပိတ်ပင်ခဲ့ရသော ကာလအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ယခုအခါ အပြောင်းအလဲများကြောင့် ပရိတ်သတ် ၆ သောင်း ဆန့်သော အားကစားရုံတွင် ဒေသတွင်း အားကစားပွဲကို ဝှဲချီးကျင်းပနေသော်လည်း လူဦးရေသန်း ၆၀ နေထိုင်သော နိုင်ငံမှာမူ ကမ္ဘာအဆင်းရဲဆုံး တိုင်းပြည်တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ အရေးကြီးသော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲသော ပမာဏမှာ နိုင်ငံတော် ဘတ်ဂျတ်၏ သေးငယ်သော အပိုင်းမျှသာ ရှိသည်။

ယခု ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသော အားကစားရွာ အပါအဝင် နေပြည်တော်ရှိ အခြေခံ အဆောက်အဦး များအား လုံးကို ယခင်တပ်မတော် အစိုးရလက်ထက် က သဘာဝဓါတ်ငွေ့ ရောင်းရငွေများအား စာရင်းမပြပဲ သုံးစွဲတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ဆိုပါသည်။

နေပြည်တော် ဒေသခံတစ်ဦးဖြစ်သူ သန်းသန်းအေးက “မြန်မာနိုင်ငံမှာ ဒီလိုအားကစားရုံတွေ တည်ဆောက် တာဟာ အားကစားကဏ္ဍအတွက်တော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေ။ ဒီတော့ ဒါကိုလည်း ပြောင်းလဲသွားအောင် သူတို့ (အာဏာပိုင်ဆိုင်သူများ) ရင်းနှီးမြှုပ်နှံရမှာပေါ့” ဟု ပြောကြားသည်။


 

ဆင်းရဲမွဲတေမှုနှင့် ဘိန်းစားသုံးမှုများက မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု တိုးတက်စေဟု UNODC ဆို

(17 Dec 2013 ရက်စွဲပါ canoda.com မှ AP ၏ UN drug agency: Poverty,demand,keep drivinn increase in Myanmar opium production ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ရပ်ဆိုင်းရေးတရားဝင် ကြိုးပမ်းမှုများမှာ လုံးဝအောင်မြင်ခြင်း မရှိကြောင်း အဘယ့်ကြောင့်ဆိုသော် ဆင်းရဲသော လယ်သမားများမှာ စားဝတ်နေရေးအတွက် အခြားနည်းလမ်း မရှိသောကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂအေဂျင်စီတစ်ခုက ဗုဒဟူးနေ့က ပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးက နှစ်ပတ်လည် အရှေ့တောင်အာရှဘိန်းနှင့် ပတ်သက်သော ကွင်းဆင်းလေ့လာမှုက ခန့်မှန်းထားရာ၌ မြန်မာနိုင်ငံသည် ၂၀၁၃ တွင် ဘိန်း (၈၇၀) မက်ထရစ်တန် ထုတ်လုပ်သည်ဟု ခန့်မှန်းထားရာ ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးလျှင် ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုးသူ ဖြစ်နေဆဲ ဖြစ်ပါသည်။ ၎င်းမှာ ၂၀၁၂ ခုနှစ်က ထုတ်လုပ်မှုထက်စာလျှင် ၂၆% တိုးတက် လာခြင်းဖြစ်ပါသည်။

အေဂျင်စီက ပြီးခဲ့သည့်လက ပြောကြားရာတွင် အာဖကန်နစ္စတန် သည် ယခုနှစ်တွင် ဘိန်း မက်ထရစ်တန် (၅၅၀၀) ထုတ်လုပ်ကြောင်း ယင်းမှာ ယမန်နှစ်ကထက် ၄၉% မြင့်တက်လာခြင်း ဖြစ်ကြောင်း ဆိုပါသည်။

အာရှတိုက်တွင် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာခြင်းကလည်း မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ် မှုတိုးတက်စေသည့် အကြောင်းတစ်ခုဖြစ်သည်ဟု အစီရင်ခံစာက ဆိုပါသည်။

အေဂျင်စီက ပြောကြားရာတွင် လမ်းကြောင်းမှာ အချက်ပေး ခေါင်းလောင်းမြည်နေပြီ ဖြစ်ကြောင်း၊ စီးပွားရေးအရ စုစည်းမှုများနှင့် အရှေ့တောင်အာရှနှင့်တရုတ်ပြည်တောင်ပိုင်းတို့ကို ပေါင်းစည်းပေးသည် အခြေခံ အဆောက်အဦးများ တိုးတက်လာခြင်းသည် ရာဇဝတ်မှု ရောင်းဝယ်ဖောက်ကားရန် အခွင့်အလမ်းများ ပို၍ လွယ်ကူလာကြောင်း ဆိုပါသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ရွှေတြိဂံနယ်မြေသည် မက်သာဖက်တမင်းဆေးပြားနှင့် ဟီရိုးအင်း အဓိက ထုတ်လုပ်သည့်နေရာလည်း ဖြစ်ပါသည်။

“အရှေ့တောင်အာရှရဲ့ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ဖြစ်လာတဲ့ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှု ကွန်ရက်ဟာ ဒေသတွင်း ပေါင်းစည်းမှု လုပ်ဆောင်တဲ့အတွက် ရလာတဲ့ အားသာချက်တွေကြောင့် ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်လာနိုင်ပါတယ်” ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ကိုယ်စားလှယ် Jeremy Douglas ကျေညာချက်တွင် ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် ၂၀၁၂ ခုနှစ်က ဟီရိုးအင်း (၉) မက်ထရစ်တန်၊ ၂၀၁၀ တွင် (၆.၅) မက်ထရစ်တန် ဖမ်းဆီးရမိကြောင်း၊ ဘိန်း အနေဖြင့် ၂၀၁၂ တွင် (၂.၇) မက်ထရစ်တန်၊ ၂၀၁၀ တွင် (၂) မက်ထရစ်တန် ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါသည်။

“ကိန်းဂဏန်းတွေ ကြည့်ခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှုအတွက် အဓိက အကြောင်းရင်းတွေကို ရှာဖွေကိုင်တွယ် ဖို့လို ကြောင်း ရှင်းရှင်းလင်းလင်းပြနေ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြားနည်းလမ်းများကို ရှာဖွေပြီး ရှေ့ဆက်လှမ်းရမှာ ဖြစ်ပါတယ်” ဟု UNODC ၏ အမှုဆောင်ဒါရိုက်တာ Yury Fedotov က အစီရင်ခံစာ၏ အမှာစာတွင် ဖော်ပြထားပါသည်။

“ဘိန်းစိုက်ပျိုးတဲ့ရွာတွေက လယ်သမားတွေကို ကွင်းဆင်းလေ့လာချက်အရ ဘိန်းစိုကပ်လို့ရတဲ့ ဝင်ငွေဟာ မိသားစု ရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝင်ငွေဖြစ်ကြောင်း ပြဆိုနေပါတယ်။ ရွာသားတွေအတွက် အစားအသောက် ဖူလုံမှုနှင့် ဆင်းရဲမွဲတေမှုကို ကာကွယ်ရန် စဉ်ဆက်မပြတ် ဝင်ငွေရမည့်အခြားနည်းလမ်းများလိုမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ငွေရလွယ်တဲ့ ဒီ ဘိန်းစိုက်ပျိုး ခြင်းကိုပဲ ပြန်လုပ်ကြပါလိမ့်မယ်” ဟု ဆိုပါသည်။

အစီရင်ခံစာတွင် ဘိန်းစိုက်ပျိုးမှုသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမရှိခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဖြေရှာမှုများ လိုအပ်မည်ဟု ညွှန်ပြနေကြောင်း ဖော်ပြထားပါသည်။ ယခုအခါ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အစိုးရသည် ဆယ်စုနှစ်များစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်စေရမည်ဟု ၁၉၉၉ တွင် ကျေညာခဲ့ရာ ထုတ်လုပ်မှု တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အနိမ့်ဆုံး (၃၁၅) မက်ထရစ်တန်ထုတ်လုပ်ခဲ့ပါသည်။ သို့သော် ထိုနှစ်မှစ၍ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့ပါသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ၁၉၈၀ ခုနှစ်များက ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်ခဲ့ကြောင်း သို့သော် ၁၉၉၁ ခုနှစ်တွင် အာဖကန်နစ္စတန်က ပထမနေရာကို ရယူသွားခဲ့ကြောင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးအနေဖြင့် ၁၉၉၆ ခုနှစ်က မက်ထရစ်တန် (၁၆၀၀) ထုတ်လုပ်ခဲ့ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment