Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(30 December 2013 ရက်စွဲပါ The Washinton Post မှ အယ်ဒီတာဘုတ်အဖွဲ့၏ Will Burma choose to be a true democracy? ကို ဘာသာပြန်ဆိုသည်။)

(Bangkok Post မှ 28 December 2013 ရက်စွဲပါ “Thai Air Asia drops Nay Pyi Taw service” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို ရွေးမည်လော

(30 December 2013 ရက်စွဲပါ The Washinton Post မှ အယ်ဒီတာဘုတ်အဖွဲ့၏ Will Burma choose to be a true democracy? ကို ဘာသာပြန်ဆိုသည်။)

အာဏာရှင်များ၏ နောက်ဆုံးပေါ်ဖက်ရှင်မှာ တက်နိုင်သမျှ ဒီမိုကရက်တစ်အသွင်ဖြင့် ထွက်ပေါ်လာနိုင်ရေး ဖြစ်ပါသည်။ ဥပမာအားဖြင့် အီဂျစ်မှ အစိုးရသည် အခြေခံဥပဒေတစ်ခုကို ရေးဆွဲခဲ့ရာ ထိုအခြေခံဥပဒေသည် စစ်တပ်ကို တိုင်းပြည်၏ အဆုံးအဖြတ်ပြုသော အင်အားစုအဖြစ် ရှေ့တန်းတင်ထားပါသည်။ သို့သော် ဆန္ဒခံယူပွဲတစ်ခု ကျင်းပရမည် ဖြစ်ပါသည်။ အစိုးရဆန့်ကျင်သူများကို ပို၍ဖမ်းဆီးကာ ထောင်ထဲသို့ ပို့နေသော်လည်း အများကြိုက်အစိုးရ အသွင်ဖြစ် အောင် မြှင့်တင်မှုများ ပြုလုပ်နေပါသည်။

၂၀၁၄ အတွက် အရေးပါလှသော မေးခွန်းမှာ မြန်မာနိုင်ငံမှ အုပ်ချုပ်သူများသည် ထိုလမ်းကြောင်းအတိုင်း လိုက်မည်လော ဆိုသည်နှင့် ထိုလမ်းကြောင်းအတိုင်း လိုက်ခဲ့ပါက အမေရိကန်ပြည်ထောင်စုကရော မှားနေသော လမ်းကြောင်းကို အများသိအောင် ထောက်ပြသည့်ဖက်မှ ရပ်တည်မည်လော ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ထိုကိစ္စသည် အိန္ဒိယ၊ တရုတ်နှင့် ထိုင်း နိုင်ငံများကြားတွင် မဟာဗျူဟာကျစွာ တည်ရှိနေသော မြန်မာနိုင်ငံမှ သန်း (၆၀) သော ပြည်သူများအတွက် အရေးပါသည့် ကိစ္စရပ်ဖြစ်ပါသည်။ ဤကိစ္စသည် ဒေသတွင်းသာမက ဒေသတွင်း နယ်နိမိတ်ကို ကျော်၍ သက်ရောက်မှုရှိသော ကိစ္စရပ်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခုနှစ်များအတွင်း နိုင်ငံအတော် များများတွင် လွတ်လပ်ခွင့်ကို ကန့်သတ်မှုများ ပြုလုပ်လာကြရာ ထိုအထဲတွင် မြန်မာနိုင်ငံမှာ အများဆုံး အာရုံစိုက်ခံရ သည့် နိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။

ပြီးခဲ့သည့် ရာစုနှစ်တစ်ဝက်ခန့်တွင် မြန်မာနိုင်ငံမှ စစ်အစိုးရသည် ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးအစိုးရများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အထီးကျန်ပြုခံရဆုံး နိုင်ငံများတွင်လည်း ပါဝင်ပါသည်။ ထို့နောက် မြန်မာအစိုးရသည် နိုင်ငံတကာ အရေးယူမှုများနှင့် စီးပွားရေးတွင် တရုတ်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ သည်ဟု အမျိုးသားလုံခြုံရေးအကြံပေး Susan E.Rice က Georgatown တက္ကသိုလ်တွင် မကြာသေးမီက ပြောဆို ခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ပေးခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကိုလည်း လွှတ်ပေးခဲ့ပါသည်။ ထို့အပြင် အစိုးရသည် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသော တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးများ ဆွေးနွေးလျက် ရှိပါသည်။

သို့သော် အစိုးရက မည်သည့်လမ်းကြောင်းကို ရွေးခဲ့လေသနည်း။ စစ်မှန်သော ဒီမိုကရေစီလား၊ အပြကောင်းရုံ သက်သက်လား၊ ၂၀၁၅ တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်ရာ ၂၀၁၄ တွင် အခြေခံဥပဒေကို ပြင်ဆင် ခြင်းမပြုပါက အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးချယ်မှုတွင်  ဖယ်ထုတ်ထားရုံမက တိုင်းပြည်၏ နာမည်အကြီးဆုံး နိုင်ငံရေးသမားအား တားဆီးထားမှု၌ ၎င်းအတွက်မဲပေးမှုများကို တရားမဝင်နိုင်အောင် ရေးဆွဲထားပါသည်။ ၎င်း၏ လက်ရှိ အခြေခံဥပဒေမှာ အီဂျစ်တွင် အဆိုပြုထားသော အခြေခံဥပဒေ ကဲ့သို့ပင် စစ်တပ်ကို မတို့မထိနိုင်အောင် ထိန်းသိမ်း ကာကွယ်ပေးထားပါသည်။ ဥပမာအားဖြင့် လွှတ်တော်တွင် စစ်တပ်မှ ၂၅% ရယူပေးထားခြင်းမျိုး ဖြစ်ပါသည်။ ၎င်းမှာ ဒီမိုကရေစီနှင့် ကိုက်ညီခြင်း မရှိပေ။

နောက်ထပ်သတိပေးနေသည့် လက္ခဏာများစွာ ရှိနေပါသေးသည်။ အစိုးရသည် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးအစီအစဉ်ကို ပြည့်စုံစွာ မလုပ်ဆောင်နိုင်သေးမီ နောက်ထပ်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်ပြင်၊ ယခုထိ လွှတ်ပေးမှုများတွင် သတ်မှတ်ချက်များ ပါဝင်ပါသည်။ မွတ်ဆလင်များအပေါ် ဗုဒ္ဓဘာသာများ၏ အကြမ်းဖက်မှုများ (ဗုဒ္ဓဘာသာအများစု ပါဝင်လုပ်ဆောင်ပါသည်) မှာလည်းအရေးယူမှု မရှိပဲ၊ အချို့ကိစ္စရပ်များတွင် အစိုးရ တာဝန်ရှိသူများ ၏ မြှောက်ပင့်ပေးမှုများပင် ပါဝင်ပါသည်။ ဆန့်ကျင်ဖက်အားဖြင့် ထိုအကြမ်းဖက်မှုများ ရပ်တန့်အောင် လုပ်ဆောင်သည့် ရဲရင့်သည့် မွတ်ဆလင်ခေါင်းဆောင် ထွန်းအောင်ကဲ့သို့သော လူများကို ထောင်ချ ထားပါသည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများမှလည်း တိုးတက်မှုရလဒ်အနည်းငယ်သာ ရပါသေးသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အသွင်ကူးပြောင်းရေး ပြည့်ပြည့်ဝဝမဖြစ်မြောက်မီ ကိုင်တွယ်ဆောင်ရွက် စရာတွေများစွာ ရှိနေပါသေးတယ်” ဟု Ms.Rics က ပြောပါသည်။ မေးခွန်းမှာ မြန်မာခေါင်းဆောင်များသည် အခု လတ်တလော ဒီမိုကရေစီစစ်စစ်မဟုတ်သေးသည့် အခြေအနေကို အစစ်အမှန်ဟု လက်ခံမှတ်ယူပြီး တစ်ဝက်နှင့်ရပ်ကာ ၎င်းတို့အာဏာကို ဆက်လက်ထိန်းသိမ်းမည်လော သို့မဟုတ် မြန်မာနိုင်ငံသားများအား ၎င်းတို့ ခေါင်းဆောင်ကို လွတ် လပ်စွာ ရွေးချယ်ခွင့်ပြုရန် ပြင်ဆင်နေပြီလော ဆိုသည်ကို မေးရမည် ဖြစ်ပါသည်။ Obama အစိုးရက ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးသင့်သည့် ကိစ္စမှာ ပထမရွေးချယ်မှုကိုတော့ဖြင့် မရွေးချယ်မိစေရန် ဖြစ်ပါသည်။


 

Thai Air Asia နေပြည်တော်ခရီးစဉ်ရုတ်သိမ်း

(Bangkok Post မှ 28 December 2013 ရက်စွဲပါ “Thai Air Asia drops Nay Pyi Taw service” သတင်းကို ဘာသာပြန်ဆိုသည်)

Thai Air Asia TAA သည် ထိုင်းနိုင်ငံနှင့် မြန်မာမြို့တော်များအကြား ချိတ်ဆက်ပျံသန်းမှု ခရီးစဉ်ကို စတင်ပြီး တစ်လအကြာတွင် စီးနင်းသူနည်းလာသောကြောင့် ဖြုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ခရီးစဉ်ဆက်လက်ပျံသန်းရန်အတွက် လိုအပ်သော ဝယ်လိုအား သိသိသာသာလျှော့နည်း လာပြီးနောက် ပြီးခဲ့ သော ကြာသာပတေးနေ့က ဘန်ကောက်-နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ရာ ယင်းလမ်းကြောင်းနှင့် ပတ်သက်သည့် အစောပိုင်းက စိုးရိမ်ပူပန်မှုများ အတည်ဖြစ်သွားပြီ ဖြစ်သည်။

TAA သည် မြန်မာနိုင်ငံတွင် ကျင်းပသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲ စတင်ကာနီး အချိန် လောက်တွင်သာ ၎င်း၏ လူ ၁၈၀ ဆံ့ A 320 လေယာဉ် လူပြည့်သည်ကို တွေ့ခဲ့ရပြီး နောက်ပိုင်းတွင်မူ အချို့ခရီးစဉ် များတွင် လူ ၁၀ ယောက်မျှသာရှိတော့သည်ဟု လေကြောင်းလိုင်း သတင်းရပ်ကွက်က ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်က စတင်သော ခရီးစဉ်တွင် လိုက်ပါသူအများစုမှာ ထိုင်းအားကစားသမားများ၊ နည်းပြများ နှင့် ထိုင်းအိုလံပစ်ကော်မတီ၊ သတင်းထောက်များအစရှိသော ပံ့ပိုးသူများသာ ဖြစ်ကြသည်။

အားလပ်ရက် ခရီးသွားဈေးကွက်ကို မြှင့်ရန်ဆီးဂိမ်းအားကစားပွဲက အထောက်အကူပြုလိမ့်မည်ဟု လေကြောင်းလိုင်းက မျှော်လင့်ခဲ့သော်လည်း လက်တွေ့ဖြစ်မလာခဲ့ဟု TAA အမှုဆောင်များက Bangkok Post သို့ ပြောကြားသည်။

စရိတ်နည်းလေကြောင်းလိုင်းများ၏ အဓိကဖောက်သည်များဖြစ်သော အားလပ်ရက်ခရီးသွားများအတွက် နေပြည်တော်တွင် စိတ်ဝင်စားစရာ နေရာနှင့် အခြေခံအဆောက်အဦး နှစ်မျိုးစလုံးမရှိသေးဟု သတင်းရပ်ကွက် က ဆိုပါသည်။

လောလောဆယ်တွင် လုပ်ငန်းသဘောအရ ခရီးသွားသူများကသာ နေပြည်တော်နှင့်ရန်ကုန် အတွက် အဓိက ဈေးကွက် ဖြစ်နေပုံရသည်။

TAA ဆုတ်ခွာသွားသောကြောင့် ဘန်ကောက်-နေပြည်တော် လမ်းကြောင်းတွင် စရိတ်နည်း လေကြောင်းလိုင်း မရှိတော့ပဲ ဝန်ဆောင်မှုအပြည့်ပေးရသော Bangkok Airways တစ်ခုသာ ကျန်နေခဲ့ပေလိမ့်မည်။

Bangkok Airways သည် ထိုင်ခုံ ၇၀ ဆံ့ ATR-72 လေယာဉ်ဖြင့် ဘန်ကောက်နှင့် နေပြည်တော်အကြား တစ်ပါတ် ငါးကြိမ် ပျံသန်းပေးနေသည်။

Bangkok Airways သည် ဆီးဂိမ်းအားကစားပွဲ ကာလအတွင်း ဝယ်လိုအားတက်လာခြင်းကြောင့် ၁၃၈ ခုံဆံ့ Air Bus 319 လေယာဉ်ဖြင့် တစ်ပတ်လေးကြိမ် တိုးချဲ့ပျံသန်းပေးခဲ့သည်။

TAA သည် နေပြည်တော်လမ်းကြောင်းကို ရုတ်လိုက်သော်လည်း ဇန်နဝါရီ ၂၄ မှ စ၍ ဘန်ကောက် ရန်ကုန် ခရီးစဉ်ကို တစ်ပတ် ၂၁ ကြိမ်မှ ၂၈ ကြိမ်သို့ တိုးချဲ့ပျံသန်းတော့မည် ဖြစ်သည်။

ထို့အပြင် TAA ဘတ်ဂျက်လေကြောင်းလိုင်းသည် ဒွန်မောင်းလေဆိပ်မှ မန္တလေးတံတားဦးလေဆိပ်သို့လည်း ပျံသန်းပေးလျက်ရှိသည်။ ကမ္ဘောဒီးယားတွင်လည်း Bangkok Airways ၏ ၁၆ နှစ်ကြာ လက်ဝါးကြီးမှုကို အာဏာပိုင်များက အဆုံးသတ်လိုက်ပြီးနောက် TAA က အောက်တိုဘာ ၁ ရက်မှ စ၍ တစ်ပတ် ၁၀ ကြိမ် ပြေးဆွဲခဲ့ရာ ယခုအခါ ဈေးကွက်လိုအပ်ချက်အရ ဘန်ကောက်ဆီရမ်ရိဒ် ခရီးစဉ်ကို တစ်ပတ် ၁၄ ကြိမ်သို့ တိုးချဲ့ပျံသန်းပေးတော့ မည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment