Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှား ဘိလပ်မြေ Semen Gresik က ၂၀၁၃ တွင် မြန်မာနိုင်ငံ၌ စက်ရုံသစ်တည်မည်

(The Jakarta Post မှ Jan 2013 ရက်စွဲပါ Semen Gresik to build factory in Myanmar in 2013 သတင်းကို ဘာသာပြန်ဆိုသည်)

  1. မလေးရှားသို့ မြန်မာရိုဟင်ဂျာ ၅၀၀ ရေကူးရောက်ရှိလာ

( The Nation မှ 2 Jan 2012 ရက်စွဲပါ “500 Myanmar swim into  Malaysia” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ကေအိုင်အေပြဿနာပြေလည်ရေးအတွက် အိန္ဒိယအကူအညီရရန် မြန်မာကြိုးပမ်း

(The Indian Express သတင်းစာမှ 1 Jan 2013 ရက်စွဲပါ Myanmar seeks help to reign in rebels ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

အင်ဒိုနီးရှား ဘိလပ်မြေ Semen Gresik က ၂၀၁၃ တွင် မြန်မာနိုင်ငံ၌ စက်ရုံသစ်တည်မည်

(The Jakarta Post မှ Jan 2013 ရက်စွဲပါ Semen Gresik to build factory in Myanmar in 2013 သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှား နိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်သူ PT Semen Gresik SMGK ကုမ္ပဏီသည် Thang Long ဘိလပ်မြေ လုပ်ငန်းကို  ဗီယက်နမ်ပိုင်ရှင်များလက်ထက်မှ ရယူပြီးနောက်တွင် မြန်မာနိုင်ငံ၌ ၂၀၁၃ နှစ်ကုန်တွင် စက်ရုံသစ်တည်ရန် စီစဉ်လျက် ရှိသည်။

SMGR ကုမ္ပဏီသည် ၂၀၁၃ခုနှစ် နှစ်ကုန်တွင် ပြီးစီးရမည့် မြန်မာနိုင်ငံမှ စက်ရုံသစ်ကို ဖက်စပ်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဒေသခံစီးပွားဖက်များကို ချဉ်းကပ်နေသည်ဟု SMGR ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Dwi Soetjipto က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်မှုကို ၂၀၁၃တွင် တန်ချိန် ၂.၃ သန်းသို့ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ Thang Long ဘိလပ်မြေ လုပ်ငန်းသည် လောလောဆယ် တစ်နှစ်လျှင် တန်ချိန်၁.၃ သန်း ထုတ်လုပ်နေသည်။

ယခုနှစ်တွင် Thang Long ဘိလပ်မြေလုပ်ငန်းမှ တန်ချိန် ၂.၃သန်း အပါအဝင် စုစုပေါင်း ဘိလပ်မြေတန်ချိန် ၂၈.၃သန်း ထုတ်လုပ်ရန် မျှော်မှန်းထားသည်ဟု SMGR အကြီးအကဲက ပြောကြားသည်။

PT Semen Gresik၊ PT Semen Tonasa နှင့် PT Semen Padang တို့ပါဝင်သော SGMR အုပ်စုသည် ၂၀၁၂တွင် ဘိလပ်မြေ တန်ချိန် ၂၂.၆ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် တန်ချိန် ၂၆ သန်းသို့ တိုးမြှင့်လိမ့်မည်ဟု မျှော်လင့်ရသည်။

SEMR အုပ်စုသည် ဘိလပ်မြေ ထုတ်လုပ်မှုကို တိုးမြှင့်သွားမည့်အပြင် နှစ်စုပေါင်း တန်ချိန် ၂.၅သန်း ထုတ်လုပ်နိုင်စွမ်းရှိမည့် ပြည်တွင်း စက်ရုံသစ် နှစ်ခုကို အရှေ့ဂျဗားကျွန်း ရမ်ဘန်းနှင့် အနောက်ဆူမားတြားကျွန်း ပါဒန်းတို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်။

---------------------------------------------------------------------------------------------------------

မလေးရှားသို့ မြန်မာရိုဟင်ဂျာ ၅၀၀ ရေကူးရောက်ရှိလာ

( The Nation မှ 2 Jan 2012 ရက်စွဲပါ “500 Myanmar swim into  Malaysia” သတင်းကိုဘာသာပြန်ဆိုသည်)

၁၅ ရက်ကြာ စက်လှေခရီးအပြီး သီတင်းပတ်ကုန်ရက်တွင် မြန်မာနိုင်ငံသား (ရိုဟင်ဂျာ) ၅၀၀ခန့်သည် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်အတွက် နောက်ဆုံး မီတာ ၅၀၀ ကမ်းခြေအပိုင်းကိုရေကူးလာခဲ့ကြရာ တစ်ဦးသေဆုံးခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားသည်။

မီတာ ၃၀ အရှည်စက်လှေ၏ မာလိန်မှုးအပါအဝင်လှေစီးခရီးသည် ၄၈၂ဦးကို မလက္ကာရေလက်ကြားရှိ လန်ကာဝီကျွန်း အနောက်မြောက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ပုန်းအောင်းနေဆဲ ခရီးသည်လက်တစ်ဆုပ်စာခန့်ကို မိမိတို့ရှာဖွေနေကြသည်ဟု ရဲတပ်ဖွဲ့က AFP သို့ပြောကြားသည်။

ယခုတွေ့ရှိထားသူများသည် ၄င်းတို့၏နေရပ် ရခိုင်ပြည်နယ်မှ လူမျိုးစုအဓိကရုဏ်းကြောင့်ထွက်ပြေးကာ မလေးရှားနိုင်ငံသို့ရောက်ရှိလာကြသူ ရိုဟင်ဂျာအုပ်စုကြီးထဲမှ တစ်ဖွဲ့ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။

အချို့သူများမှာ ဆေးရုံတက်ကုသရန်လိုအပ်နေပြီး အများစု ဖျားနာခဲ့ကြသော ပင်လယ်ဖြတ်ကျော် စက်လှေခရီးအတွက် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ စီ ရခိုင်ပြည်နယ်မှ အေးဂျင့်ထံပေးခဲ့ရသည်ဟု လှေစီးဝင်ရောက်လာသူများက ပြောဆိုကြောင်းရဲတပ်ဖွဲ့ကပြောကြားသည်။

------------------------------------------------------------------------------------------------------------  

ကေအိုင်အေပြဿနာပြေလည်ရေးအတွက် အိန္ဒိယအကူအညီရရန် မြန်မာကြိုးပမ်း

(The Indian Express သတင်းစာမှ 1 Jan 2013 ရက်စွဲပါ Myanmar seeks help to reign in rebels ကိုဘာသာပြန်ဆိုသည်)

ကချင်ပြည်နယ်တွင်း ကေအိုင်အေ တို့၏စစ်ရေးလှုပ်ရှားမှုများတွင်NSCN(khaplang) လက်နက်ကိုင်သူပုန်အုပ်စု ပါဝင်ပတ်သက်နေမှုကို ဖြေရှင်းရာ၌ အိန္ဒိယနိုင်ငံ၏ အကူအညီကို ရယူရန် မြန်မာနိုင်ငံကနည်းလမ်းရှာဖွေလျက်ရှိသည်။ ကေအိုင်အို(KIO) ၏ စစ်ရေးတပ်ဖွဲ့ဖြစ်သော ကေအိုင်အေသည် ကချင်ပြည်နယ်တွင်းလှုပ်ရှားလျက်ရှိသော S.S Khaplang ဦးဆောင်သော NSCN သူပုန်အုပ်စုနှင့် ပတ်သက်မှုများရှိကြောင်း သိရသည်။ ယင်း NSCN မှာ နာဂသူပုန်တပ်ဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံက ကေအိုင်အေတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရာတွင် NSCN(K) အဖွဲ့ပူးပေါင်းပါဝင်အဆိုပြုထားသည်ဟု ဆိုသည်။

သတင်းရင်းမြစ်များအဆိုအရ ပြီးခဲ့သည့် ဧပြီလက မြန်မာအစိုးရနှင့်နာဂအင်အားစုတို့ နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးမှုပြုလုပ်ပြီးနောက် NSCN အုပ်စုအနေဖြင့် နောက်ထပ် စေ့စပ်ညှိနှိုင်းမှုများ သို့မဟုတ် စာချုပ်လက်မှတ်ရေးထိုးမှုများမပြုလုပ်မီ သဘောတူညီမှုတစ်ရပ်ကိုရယူရန် ကေအိုင်အေတို့ကပြောဆိုခဲ့ဟန်ရှိသည်။

ကေအိုင်အေတို့နှင့်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ကချင်ပြည်နယ်တွင်း မိတ်ဆွေအဖွဲ့အစည်းများရှိသည်ဟုယူဆရသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။

မြန်မာဘက်မှအဆိုပြုချက်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့က ကုန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကျင်းပပြုလုပ်သော ၁၈ ကြိမ်မြောက် အိန္ဒိယ-မြန်မာ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲ၌ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အိန္ဒိယနယ်စပ်ဒေသစီမံခန့်ခွဲရေးအဖွဲ့နှင့် အရေးကိစ္စမျိုးစုံကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

 လတ်တလောအနေအထားတွင် ကေအိုင်အေနှင့် မြန်မာအစိုးရစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ဆက်ဆံရေးမှာ အနိမ့်ကျဆုံးအနေအထားသို့ရောက်ရှိနေသည်။ မြန်မာအစိုးရသည် ပင်မလက်နက်ကိုင်အုပ်စု ၁၀ ခုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သော်လည်း ကေအိုင်အေနှင့် သဘောတူညီချက်မရရှိနိုင်သေးပေ။ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း အလွတ်သဘောမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရသည့်အဆင့်သို့ရောက်အောင် မပြုလုပ်နိုင်ခဲ့ပေ။

သတင်းပေးပို့ချက်များအရ တွေ့ဆုံမှုတွင် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးထိန်းသိမ်း ရာတွင် အိန္ဒိယနိုင်ငံ၏ အကူအညီသည်လွန်စွာအရေးကြီးကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာစီမံခန့်ခွဲရေး အကြီးအကဲ AK Mangotra ကိုပြောဆိုခဲ့သည်။

NSCN(K) အဖွဲ့သည် မဏိပူရနှင့် အာသံပြည်နယ်တို့တွင် အခြေစိုက်နေထိုင်သည်။ အဖွဲ့၏ထင်ရှားသောခေါင်းဆောင်မှာ အမျိုးသား ဒီမိုကရက်တစ်တပ်ဦးမှ IK Songbijit ဖြစ်သည်။ အိန္ဒိယအရာရှိကြီးများအဆိုအရ မြန်မာနိုင်ငံတွင်း အိန္ဒိယခွဲထွက်ရေးသူပုန်များလှုပ်ရှားမှုနှင့်ပတ်သက်၍ ငြင်းဆန်ရမည့်ကိစ္စမရှိဟုဆိုသည်။

အိန္ဒိယသည် ယခုအခါ သမ္မတကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပေါ်ထွန်းလာမှု၊ ဒေါ်အောင်ဆန်းစုကြည် နေရာရရှိလာမှု တို့ကြောင့် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများကို သိသိသာသာပြုလုပ်လာသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံရာတွင် လက်နက်မှောင်ခိုမှုများ၊ နယ်စပ်ဒေသစီမံခန့်ခွဲမှုများ၊ မူးယစ်ဆေးဝါးကိစ္စများ၊ အိန္ဒိယရှိမြန်မာအကျဉ်းသားများနှင့် မြန်မာရှိအိန္ဒိယအကျဉ်းသားများကိစ္စ အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။

           **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုကြောင့် နယ်စပ်မှောင်ခိုတင်ပို့မှုများပြားလာ
  2. အပတ်စဉ်ထုတ်ဂျာနယ်ရှစ်စောင် နေ့စဉ်သတင်းစာထုတ်နိုင်ရန်စီစဉ်

နိုင်ငံရေးသတင်း

  1. လွှတ်တော်နှင့်သမ္မတအကြား မှန်ကန်စွာအပြန်အလှန်ထိန်းကျောင်းရန်လို
  1. ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ငန်းနှစ်ခုအား ကော်မရှင်ပြန်လည် ရုတ်သိမ်းငြင်းပယ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုကြောင့် နယ်စပ်မှောင်ခိုတင်ပို့မှုများပြားလာ

ပြည်ပပို့ကုန်တင်သွင်း ရောင်းချမှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုကြောင့် နယ်စပ်မှောင်ခိုကုန်သွယ်မှုများမှာ ပိုမိုများပြားလာ ကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှစားအုန်းဆီတင်သွင်းမှုများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပေးခဲ့သည့်အပြင် ဆေးမျိုးစုံတင်သွင်းမှု များအပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ၀.၅ ရာခိုင်နှုန်းသာကောက်ခံခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ယင်းကုန်ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပြန်လည်ကောက်ခံမှုကြောင့် နယ်စပ်မှောင်ခိုတင်သွင်းမှု ပိုမိုများပြားလာသည့်အပြင် ဆေးဈေးနှုန်းကြီးမြင့်မှုများ၊ ပြည်တွင်းသို့ ဆေးဝါးအတု ဝင်ရောက်လာမှုများကိုပါ ရင်ဆိုင်လာရကြောင်း သိရသည်။

ထိုသို့ပြဿနာများ ရင်ဆိုင်လာရသည့်အတွက် နိုင်ငံတော်အနေဖြင့် ပြည်ပသွင်းကုန်တင်သွင်းမှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကို သင့်တင့်သောနှုန်းထားဖြင့် ကောက်ခံရန် ပြန်လည်စဉ်းစားပေးပါရန် မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွေ့ဆုံပွဲတွင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာပို့ကုန်များအား အီးယူ ၂၇ နိုင်ငံအပါအဝင် ဂျပန်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေနှင့် တူရကီနိုင်ငံများသို့ တင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်များရရှိနိုင်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ အပြန်အလှန်အကောက်ခွန် သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ သွင်းကုန်များအပေါ် အကောက်ခွန်သက်သာခွင့်ပေးမှုမှာ တန်ဖိုးကျပ် သန်းပေါင်း ၄၁၅၇ဒသမ ၆၄သန်း ကျော်အထိ ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------

အပတ်စဉ်ထုတ်ဂျာနယ်ရှစ်စောင် နေ့စဉ်သတင်းစာထုတ်နိုင်ရန်စီစဉ်

ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကနေ့စဉ်သတင်းစာများကို ဧပြီလ ၁ ရက်နေ့မှစတင်၍ ထုတ်ဝေခွင့်ပြုတော့မည်ဖြစ်သည့်အတွက် နေ့စဉ်သတင်းစာထုတ်နိုင်ရန် ပြည်တွင်းအပတ်စဉ်ထုတ် သတင်းဂျာနယ် ရှစ်စောင်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ်သတင်းစာများ ပြောင်းလဲထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သတင်းဂျာနယ်ရှစ်စောင်မှာ Eleven Media Group၊ The Voice၊ 7Day News Journals၊ Myanmar Times၊ Popular News၊ Yangon Time၊ Messenger နှင့် ဒီလှိုင်းဂျာနယ်တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ရရှိရေးအတွက် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များမှာ ယခင်ကတည်းကပင် ငွေအင်အား၊ လူအင်အား၊ စက်အင်အား အကုန်ကျခံ၍ ပြင်ဆင်မှုများပြုလုပ်ထားသည့်အပြင် သတင်းထောက်များကိုလည်း သတင်းစာပညာနှင့် ပတ်သက်၍ အရည်အသွေးမြင့်မားလာနိုင်စေရန် သင်တန်းပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

နေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ရရှိရေး သတင်းမီဒီယာများမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော်လည်း နေ့စဉ်အချိန်မှီ ရိုက်ထုတ်နိုင်မည့် ပုံနှိပ်စက်၊ တစ်နိုင်ငံလုံးသို့ အချိန်မီဖြန့်ချီနိုင်ရန်၊ ဈေးကွက်ရရှိနိုင်ရန်နှင့် ကြေငြာရရှိနိုင်ရန်ကိစ္စများမှာ ခက်ခဲလျက်ပင်ရှိနေသေးကြောင်း သိရသည်။

ပုဂ္ဂလိက နေ့စဉ်သတင်းစာထုတ်ဝေလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနတွင် ထုတ်ဝေခွင့်လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

လွှတ်တော်နှင့်သမ္မတအကြား မှန်ကန်စွာအပြန်အလှန်ထိန်းကျောင်းရန်လို

လွှတ်တော်နှင့် နိုင်ငံတော်သမ္မတအကြား အပြန်အလှန် ထိန်းကျောင်းမှုစနစ်မှာ မှန်ကန်ရန်လိုအပ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံခုံရုံးဥပဒေပြင်ဆင်ချက်နှင့် ပတ်သက်၍ ဥပဒေပြုအတည်ပြုရေး သဘောထားမှတ်ချက်များကို လွှတ်တော်နှင့် သမ္မတအကြားအပြန်အလှန်ပေးပို့လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်သမ္မတမှ လွှတ်တော်၏ဖွဲ့စည်းပုံခုရုံးဥပဒေအားပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မများသည် တရားစီရင်ရေးမူအား ဆန့်ကျင်နေကြောင်း သဘောထားမှတ်ချက်အား မကြာမီကျင်းပမည့် ဆဌမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြန်လည်တင်ပြတော့မည်ဖြစ်သည့်အတွက် ယင်းပြင်ဆင်ချက်သည် လွှတ်တော်၏ မူလသဘောတူညီချက်အတိုင်းသာ ဖြစ်လာပါက ပထမဆုံးသမ္မတလက်မှတ်မရေးထိုးသည့် ဥပဒေများကဲ့သို့ လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ် လာနိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။

ထိုသို့ လွှတ်တော်နှင့်သမ္မတအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတကာတွင် သိက္ခာပိုင်းဆိုင်ရာများ ထိခိုက်စေနိုင် သည့်အပြင် ပြည်သူ၊ လွှတ်တော်နှင့် သမ္မတအကြား ယုံကြည်မှုများ လျော့ပါးလာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လွှတ်တော်နှင့် သမ္မတအား အာဏာသာတူညီမျှပေးထားသော်လည်း ဥပဒေပြုရာတွင် လွှတ်တော် ကို ပိုမိုအသားပေးထားသည့်အတွက် နောက်ပိုင်းကာလများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လည်သုံးသပ်ပြင်ဆင်သည်အထိ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်အကြား သဘောထားတင်းမာမှုများ ပိုမိုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံခုံရုံးပြင်ဆင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်းဖတ်ကြားပြီး အမျိုးသားလွှတ်တော်အတည်ပြုခဲ့သည့်အတိုင်း လွှတ်တော်က အတည်ပြုရန် ဥပဒေကြမ်းကော်မတီက တင်ပြသည့်အတွက် ပြည်သူ့လွှတ်တော်က သဘောတူကြောင်းအတည်ပြုဆုံးဖြတ်ခဲ့သည်။  ထိုသို့ အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှသဘောတူခဲ့သည့်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့ခဲ့ကြောင်း သိရသည်။

              YC

-------------------------------------------------------------------------------------------------------

ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ငန်းနှစ်ခုအား ကော်မရှင်ပြန်လည် ရုတ်သိမ်းငြင်းပယ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပွင့်လင်းမြင်သာမှုမရှိသည့် ဗိုလ်တထောင်ဆိပ်ကမ်းအဆင့်မြှင့်တင်ရေးလုပ်ပိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး၏ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ပျိုးရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း တင်ပြမှုများအား ရုတ်သိမ်းငြင်းပယ် လိုက်ကြောင်းသိရသည်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးအတွက် ကောင်းမြန်မာအောင်ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့မှုအား ကော်မရှင်မှ လုပ်ထုံးလုပ်နည်းနှင့် အညီပြန်လည် စိစစ်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ၅ ဦး၊ ဒုတိယဝန်ကြီး ၁ ဦးနှင့် အရပ်ဘက်မှ ပညာရှင် ၅ ဦးတို့ပါဝင်သော ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အစည်းအဝေးပြုလုပ်ကာ ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်ကတည်းကပင် လုပ်ပိုင်ခွင့်များစွာရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း တင်ပြလာမှုအပေါ် ကော်မရှင်မှစိစစ်၍ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် လုပ်ကိုင်ခွင့်ကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်မှ နိုင်ငံရေးလောကသို့ဝင်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦး၏ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် မြေဧက ပိုမိုတောင်းခံမှုများကိုလည်း ကော်မရှင်မှစိစစ်၍ ငြင်းပယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ၁၉၈၈ ခုနှစ်မှစတင်၍ ၂၀၁၂ နှစ်ကုန်ထိတိုင် လုပ်ငန်းနယ်ပယ် ၁၁ ခုတွင်ကုမ္ပဏီ ၈၆၉ ခုမှ ကျပ်သန်းပေါင်း ၂၂၅၅၉၂၀.၆၂ သန်းရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

YC

*************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ဗိုလ်ချုပ် မူတူးစေးဖိုးက Yes ဆို Yes ပဲပြောတယ်။ No ဆို No ပဲပြောတယ်။ စညှိနှိုင်းတုန်းကဆိုတော်တော် ညှိခဲ့ရတယ်။ ငြိမ်းချမ်းရေးကို မြန်မြန်လုပ်ချင်တဲ့သူလို့ အခိုင်အမာယုံကြည်တဲ့လူ”

ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၁) အမှတ် (၄၂) တွင်ပါရှိသော “ကေအင်န်ယူ ဥက္ကဠသစ်သည် ငြိမ်းချမ်းရေးမြန်မြန်သွားလိုသူဟု သုံးသပ်” သတင်းမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုတိယ ဥက္ကဠ ဦးအောင်မင်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------

”အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ဖို့အရမ်းကို အားနည်းနေဆဲဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ဆိုတာ မအောင်မြင်နိုင် သေးဘူး”

ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Myanmar Post Journal အတွဲ (၅) အမှတ် (၁) တွင်ပါရှိသော “အဂတိလိုက်စားမှုများသည် နိုင်ငံအတွက်စိုးရိမ်ဖွယ်ရှိကြောင်း သမ္မတဦးသိန်းစိန်ကပြောကြား” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

-------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုသဘောထားလဲ။

“သိပ်ကိုစိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာပါ၊ ကမ္ဘာကြီးတစ်ခုလုံးကလည်း စိတ်လှုပ်ရှားနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအပြောင်းအလဲတွေဟာ ဘယ်လိုလဲလို့မေးကြတော့ ဒေါ်စု က ကျွန်မတို့ရဲ့ ဒီမိုကရေစီဟာ ၁ ရာခိုင်နှုန်းထက်တောင်လျှော့နည်းနေပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတဲ့နေ့အထိ အစိုးရထိန်းချုပ်မှုကနေ သတင်းစာတွေ၊ အသံလွှင့်ဌာနတွေ လွတ်ကင်းတဲ့အထိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ စဉ်းစားဖို့ခက်နေပါသေးတယ်။ အများကြီးလိုအပ် နေပါသေးတယ်။”

ဇန်နဝါရီလ ၂ ရက်နေ့ထုတ် MyanmarPost Journal အတွဲ (၅) အမှတ် (၁) တွင်ပါရှိသော “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ စဉ်းစားဖို့ခက်နေပါသေးတယ်” သတင်းမှ UN Article 19 အဖွဲ့မှ ပြင်ပဆက်ဆံရေးနှင့် ဥပဒေရေးရာအကြီးတန်းအရာရှိ အိုလီဗာစပန်ဆာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive