Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

  1. ရဟတ်ယဉ်ပျက်ကျမှုအပေါ် သူပုန်တို့၏ ပြောဆိုမှုမမှန်ကန်ဟု တပ်မတော်ငြင်းဆို

(Channel News Asia မှ 13 Jan 2013 ရက်စွဲပါ “Myanmar army , rebel trade claims over helicopter crash” သတင်းကို ဘာသာပြန်ပါသည်)

**************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်လင့်ချက်ရှိလာ

(13 Jan 2013 ရက်စွဲပါ Jakarta Globe မှ Myanmar deposits hope in Bank overhaul ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည်အာရှ၏ လာမည့် စီးပွားရေးကြယ်ပွင့်ဖြစ်လာရန် ကြိုးစားလျှက်ရှိရာ ၎င်း၏ရှေးကျပြီး ယုံကြည်မှုမရရှိသည့် ဘဏ်စနစ်အား အစအဆုံးပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံခြားဘဏ်များ၊ ဘဏ်ခွဲဖွင့်နိုင်ရေးကို လမ်းခင်းပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်၊ ဥပဒေနှင့်ပတ်သက်၍ လာမည့်ရက်သတ္တပတ်များတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်ပါသည်။ ယခင် စစ်အစိုးရလက်ထက်က ဆိုးရွားစွာမှားယွင်းအုပ်ချုပ်မှုများ ဆယ်စုနှစ်နှင့်ချီ၍ ရှိခဲ့ရာမှ ယခုပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာမှု၏ နောက်ဆုံးလုပ်ဆောင်လာမှုတစ်ခု ဖြစ်ပါသည်။

ယခုလုပ်ဆောင်မှုများမှာ မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်လုပ်ငန်းကဏ္ဍကို အားကောင်းစေရန်နှင့် ဖြေလျှော့မှုများပြုလုပ်ပြီး ငွေကြေးကဏ္ဍကို ကျယ်ပြန့်လာအောင် လုပ်ဆောင်သည့် ပထမခြေလှမ်းဖြစ်ကြောင်း သုတေသနအုပ်စုဖြစ်သည့် HIS Global Insight မှ စီးပွားရေးပညာရှင် Rajiv Biswas ၏ အဆိုအရသိရှိရပါသည်။

မြန်မာနိုင်ငံတွင်ငွေများကို ဘဏ်တွင်မထားဘဲ ရွှေဝယ်စု၍ စုသည့် ဓလေ့ရှိပြီး မကြာခဏ ပြဿနာဖြစ်၍ ဘဏ်များအပေါ် သံသယများရှိ နေခြင်းနှင့် ပတ်သက်သော ရှုပ်ထွေးမှုများကို ပြသသည့် သဘောလည်းဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ပုဂ္ဂလိကဘဏ် (၁၉) ခုရှိပြီးအစိုးရဘဏ် (၄) ခုရှိပါသည်။ သို့သော် အဆိုပါ အစိုးရဘဏ်များမှာ ငွေအရင်းအနှီး အားနည်းကြောင်း Vrions and Partners အကြံပေး ကုမ္ပဏီမှ ဒါရိုက်တာ Romain Cailloud ကပြောပါသည်။

ချေးငွေသက်တမ်းကို တစ်နှစ်သာသတ်မှတ်ထားခြင်း၊ အတိုးနှုန်းကို ပုံသေသတ်မှတ်ထားခြင်း စသည့် တင်းကြပ်သောစည်းမျဉ်းများဖြင့် ဗဟိုဘဏ်က ချုပ်ကိုင်ထားရာ ပုဂ္ဂလိကဘဏ်များကြားတွင်  ပြိုင်ဆိုင်မှုကို ဇက်ကြိုးသပ်ထားသည့်သဖွယ် ဖြစ်ကြောင်း ၎င်းကပင်ပြောပါသည်။

နိုင်ငံပိုင်ဘဏ်များမှာမူ အဆိုပါစည်းမျဉ်းအတိုင်းမဟုတ်ပေ။ သို့သော် ငွေချေးသူများ နည်းပါးစေရန် အတိုးနှုန်းတန်ဖိုးကိုမြှင့်၍ အကဲဖြတ်ထားပါသည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူပိုင်သိမ်းခဲ့ရာ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ တသီးတခြားစီ ဖြစ်သွားခဲ့ပါသည်။ ဆိုရှယ်လစ်မူဝါဒဖြင့် အကောင်အထည်ဖော်ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပေါင်းလျှင် (၉) ဂဏန်းရသော ငွေစက္ကူများ ထုတ်ဝေခြင်းကဲ့သို့သော မဆီမဆိုင်လုပ်ရပ်များပင်ရှိခဲ့ပါသည်။

ထိုအထဲတွင် အမေရိကန်၏ ငွေကြေးဆိုင်ရာ အရေးယူမှုများထပ်ဆောင်းလိုက်သောအခါ အခြေအနေပိုမိုဆိုးရွားခဲ့ရပါသည်။ သို့သော် အမေရိကန်အရေးယူမှုမှာ ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရပြီးနောက် ပြုပြင်ပြောင်းလဲရေးများကြောင့် အချို့တစိတ်တပိုင်း ရုတ်သိမ်းသွားခဲ့ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်မှာ ပြန်လည်၍ နလံမထူနိုင်သေးပေ။

၂၀၀၃ ခုနှစ်တွင် အကြီးအကျယ် အထိနာခဲ့ရာဘဏ်(၃)ခု ပြိုလဲခဲ့ပါသည်။

‘ကျပ်’ ငွေရှားပါးသွားခဲ့ကာ စီးပွါးရေးကို ချိနဲ့လာစေရုံမက ပြည်သူလူထု၏ အယုံအကြည်ကင်းမဲ့မှုကို ဖြစ်စေခဲ့ပါသည်။

“ကျွန်မကတော့ ဘဏ်တွေမှာ ငွေမစုဘူး” ဟုသူနာပြုဆရာမတစ်ဦးဖြစ်သူ ဒေါ်လှလှ ကပြောပါသည်။ “ငွေစုတဲ့အနေနဲ့ အနည်းဆုံးတော့ ကျွန်မရတနာတွေ ဝယ်ဝတ်နိုင်ပါတယ်” ဟုဆိုပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိသည့်အနက် တစ်သန်းမှ နှစ်သန်းသာ ဘဏ်ကို အသုံးပြုကြသည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းဦး ကပြောပါသည်။

နောက်ထပ်အဓိက ပြဿနာတစ်ခုမှာ ဘဏ်ခွဲများနည်းပါးခြင်းပင် ဖြစ်ပါသည်။

မြန်မာပြည်တလွှားဘဏ်ခွဲများ (၄၀၀) ခန့်သာရှိသည်ဟု ဦးရဲမင်းဦးက ဆိုပါသည်။ မြန်မာနိုင်ငံနှင့် အရွယ်အစားရော လူဦးရေပါ တူညီသည့် ပြင်သစ်တွင် ဘဏ်ခွဲပေါင်း (၃၉၀၀၀) ကျော်ရှိပါသည်။

“လူအများစုက ဘဏ်ဆိုတာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေကြပါတယ်” ဟု ၎င်းက ဆိုပါသည်။ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ရန် ဘဏ်ခွဲများပိုမိုဖွင့်ရန် တိုက်တွန်းထားပါသည်။

ဘဏ်စနစ်အလုပ်မဖြစ်ပါက အသက်သေနေသော တိုင်းပြည်၏ စီးပွါးရေး အသက်ပြန်ဝင်လာရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် မလွယ်ကူကြောင်း ပညာရှင်များကပြောပါသည်။

“ပုဂ္ဂလိကဘဏ်တွေဟာ နိုင်ငံတကာစံနှုန်းနဲ့ အညီ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီနိုင်ခြင်း မရှိပါဘူး” ဟု ငါးလုပ်ငန်းအဖွဲ့မှ ဒုဥက္ကဠ ဦးနှင်းဦး ကပြောပါသည်။

မြန်မာနိုင်ငံ၏ ကြီးမားသော ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့ ရွေးကောက်ခြင်းခံရခြင်း၊ တိုင်းပြည်၏ အမျိုးမျိုးဖြစ်နေသော ငွေလဲလှယ်မှုနှုန်းကို တစ်ခုတည်း ဖြစ်အောင်ပြုလုပ်နိုင်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုနိုင်ခြင်း အပါအဝင် စီးပွါးရေးကို ပြန်လည်နိုးထအောင် စတင်လုပ်ဆောင်နိုင်ခဲ့ပါသည်။

သို့သော် ATM စက်အနည်းငယ်ရှိလာခြင်းနှင့် ခရက်ဒစ်ကဒ်အချို့သုံးနိုင်ခြင်းမှလွဲ၍ ဘဏ်လုပ်ငန်းတွင်တိုးတက်မှုအနည်းငယ်သာရှိသေးကြောင်း ဦးနှင်းဦး ကပြောပါသည်။

ပြောင်းလဲမှုအတွက်မျှော်လင့်ချက်မှာ ငွေကြေးတောင့်တင်းပြီး စက်မှုနည်းပညာများပါလာမည့် နိုင်ငံခြားဘဏ်ကဏ္ဍ ဖွင့်လှစ်လာမှုအပေါ် မူတည်နေပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများ တစ်ဆင့်ပြီးတစ်ဆင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာလက ပြောကြားခဲ့သည်ကို IMF ဝက်ဆိုဒ် တွင်ဖော်ပြထားပါသည်။

ပထမအဆင့်အနေဖြင့် နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များ ဖက်စပ်ထူထောင်ခြင်းဖြင့် စတင်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများအပြည့်အဝ ဖွင့်ခွင့်ရရေး မျှော်မှန်းထားရန် ဖြစ်ပါသည်။

လောလောဆယ်အားဖြင့် နိုင်ငံခြားဘဏ်များသည် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိဘဲ ကိုယ်စားလှယ်ရုံးများသာ ဖွင့်ခွင့်ရှိပါသည်။

HIS မှ Biswas က ပြောကြားရာတွင် လွှတ်တော်သည် ဖက်စပ်ဘဏ်များထူထောင်ရေး အတွက် ယခုနှစ်တွင် မီးစိမ်းပြဖွယ်ရှိပြီး၊ ၂၀၁၅ တွင် နိုင်ငံခြား ဘဏ်ခွဲများ ဖွင့်ခွင့်ရနိုင်သည်ဟု ဆိုပါသည်။

ယခုလောလောဆယ် ဘဏ်ကဏ္ဍတွင် တံခါးမဖွင့်သေးခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းတွင် နိုင်ငံခြားငွေ အရင်းအနှီး၊ နည်းပညာနှင့် တီထွင် ဖန်တီးမှုများ အားကောင်းရေးအတွက် အတားအဆီးဖြစ်နေပါသည်ဟု ၎င်းကဖြည့်စွက်ပြောပါသည်။

--------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ICRC အကြီးအကဲ ပထမဆုံးအကြိမ်ရောက်ရှိ

(The Daily Star မှ 13 Jan 2013 ရက်စွဲပါ “Red Cross head makes first-ever visit to Myanmar” သတင်းကိုဘာသာပြန်ပါသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အကြီးအကဲသည်သမ္မတဦးသိန်းစိန်နှင့် အခြားတာဝန်ရှိသူများအားတွေ့ဆုံရန်အတွက် ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့တွင်ရောက်ရှိလာပါသည်။

ICRC ကြေညာချက်တွင် ပီတာမော်ရာက “မြန်မာအစိုးရဟာ ကျွန်တော်တို့နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အကြောင်းကြားခဲ့ပါတယ်” ဟုပြောကြားသည်။

“ဒါဟာ မြန်မာအစိုးရနဲ့ ကျွန်တော်တို့ ဆက်ဆံရေးခိုင်မာရေး၊ ညှိနှိုင်းဆွေးနွေးရေး ကိစ္စတွေမှာ သိသိသာသာရှေ့တိုးလာတဲ့ ခြေလှမ်းပါပဲ” ဟု ၎င်းကဆိုပါသည်။

မြန်မာအာဏာပိုင်များသည် မကြာသေးမီကာလပိုင်းများအတွင်း ပြုပြင်ပြောင်းလဲမှုများကို တစ်သီတစ်တန်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော တစ်နှစ်လုံး ကိစ္စရပ်များစွာတွင် အပြုသဘောတိုးတက်မှုများဖြစ် ပေါ်ခဲ့ပြီး မြန်မာပြည်သူများကို ICRC ၏ ဆောင်ရွက်ချက်များဖြင့် အကျိုးပြုနိုင်ခဲ့သည်ဟု ပီတာမော်ရာက ပြောကြားသည်။

အပြန်အလှန်အကြမ်းဖက်မှု ဘေးဒဏ်သင့်ခဲ့သော ပြည်သူများအား ICRC ကကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်သို့ ပီတာမော်ရာ သွားရောက်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။

ICRC အကြီးအကဲသည် မြန်မာအစိုးရတာဝန်ရှိသူများနှင့် အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ICRC ဝန်ထမ်းများကို အကျဉ်းထောင်များသို့ သွားရောက်ခွင့်ပြုမည့် အစိုးရ၏ မကြာသေးမှီက ကြေညာချက်နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းဖြစ်ပွားပြီး အချိန်တိုအတွင်းမှာပင် ICRC ကမြန်မာကြက်ခြေနီအသင်းနှင့်အတူ ဘေးဒဏ်သင့် အိုးမဲ့ အိမ်မဲ့ ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အလားတူ ပဋိပက္ခ ဘေးသင့်နေသော ကချင်နှင့်ကရင်ပြည်နယ်များမှ ဒုက္ခသည်ပြည်သူများကိုလည်း ထောက်ပံ့ကူညီရန် အဆင်သင့်ရှိသည်ဟု ICRC ကပြောကြားသည်။

---------------------------------------------------------------------------------------------------------------------------

ရဟတ်ယဉ်ပျက်ကျမှုအပေါ် သူပုန်တို့၏ ပြောဆိုမှုမမှန်ကန်ဟု တပ်မတော်ငြင်းဆို

(Channel News Asia မှ 13 Jan 2013 ရက်စွဲပါ “Myanmar army , rebel trade claims over helicopter crash” သတင်းကို ဘာသာပြန်ပါသည်)

စစ်မက်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ဟယ်ရီကော့ပတာ တစ်စင်းပျက်ကျမှုကြောင့် တပ်ဖွဲ့ဝင်သုံးဦး သေဆုံးသွားသည်ဟု မြန်မာနိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်လိုက်ပြီး ၎င်းရဟတ်ယာဉ် ပစ်ချခံရခြင်းဖြစ်သည်ဟူသော သူပုန်တို့၏ ပြောကြားမှုကို ငြင်းဆိုခဲ့ပါသည်။

တပ်မတော်ရဟတ်ယာဉ်သည် သောကြာနေ့က လုံခြုံရေးနှင့် အုပ်ချုပ်စီမံရေးတာဝန်ထမ်းဆောင်နေစဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် ရဟတ်ယာဉ် အစိတ်အပိုင်းများ ပျက်စီးသွားခဲ့ပြီး ပိုင်းလော့ နှစ်ဦးနှင့် ပျံသန်းရေးတပ်ကြပ်ကြီးနှစ်ဦးတို့ တိုင်းပြည်အတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကို ကိုကား၍ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရတပ်နှင့် ကေအိုင်အေတပ်ဖွဲ့အကြားတိုက်ပွဲများ ပြင်းထန်လာမှုသည်မြန်မာ့နိုင်ငံရေး ပြူပြင်ပြောင်းလဲမှုကို ဂုဏ်သရည်ညှိုးစေပြီး ပြီးခဲ့သောဒီဇင်ဘာလကစ၍ မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေခြင်းကို ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်ခဲ့ကြသည်။

၎င်းရဟတ်ယဉ်ကို လေကြောင်းတိုက်ခိုက်မှုနှင့် တပ်ဖွဲ့ဝင်ရွှေ့ပြောင်းမှုအတွက် အသုံးပြုနေခြင်းဖြစ်ပြီး ကေအိုင်အေ၏ ပစ်ခတ်မှု ထိမှန်သွားပြီးနောက် အစိုးရတပ်ထိန်းချုပ်နယ်မြေတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု ကေအိုင်အေတပ်ဖွဲ့က ပြောကြားထားသည်။

ကေအိုင်အေ၏ နိုင်ငံရေးဌာနခွဲ ပြောရေးဆိုခွင့်ရှိသူဂျိမ်းလမ်ဒေါင်က “ကေအိုင်အေက ပစ်ချတယ်ဆိုတာ မှန်ပါတယ်။ အရေးပေါ်ဆင်းတာ မဟုတ်ပါဘူး” ဟု AFP သို့ ပြောကြားပါသည်။

AFP သတင်းဌာနအနေဖြင့် အစိုးရ၏ ပြောဆိုမှု (သို့) ကေအိုင်အေ ၏ပြောဆိုမှု မှန်/မမှန် ကို စုံစမ်းအတည်ပြုရန် မဖြစ်နိုင်ပါ။

ယခုသတင်းပတ်များအတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများပြင်းထန်လာခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေး အားထုတ်မှုများကို အနှောင့်အယှက် ဖြစ်စေမည့် အလားအလာရှိသည်ဟု အကဲခတ်လေ့လာသူများက သတိပေးပြောဆိုနေပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုဖြင့် နာမည်ကောင်းရရန် ရည်မှန်းထားသော မြန်မာအစိုးရသစ်သည် အခြားလက်နက်ကိုင်အုပ်စုကြီးများနှင့် အပစ်ရပ်စဲမှုပြုလုပ်နိုင်ခဲ့သော်လည်း တရုတ်တို့မျက်စိကျနေသော ကချင်ပြည်နယ်မှ ကေအိုင်အေတပ်ဖွဲ့နှင့် အကြိမ်ကြိမ်ဆွေးနွေးမှုများတွင်မူ သိသာသော တိုးတက်မှု မရရှိနိုင်သေးပါ။

ကချင်လက်နက်ကိုင်များက “မြန်မာအစိုးရသည် အပစ်ရပ်ရေးနှင့်တပ်ဆုတ်ရေးကိုသာ ဖိအားပေးဆွေးနွေးရန်ကြိုးစားနေပြီး၊ နိုင်ငံရေး အခွင့်အရေး ပိုပေးရန် ကာလကြာတောင်းဆိုထားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်းမရှိ” ဟု ပြစ်တင်ဝေဖန်ထားပါသည်။

သမ္မတဦးသိန်းစိန်ကမူ “မြန်မာ့တပ်မတော်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘောဖြင့်ပါဝင်ရန် ဖြစ်နိုင်သမျှအရာရာကို လုပ်ဆောင် ခဲ့သည်” ဟု ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြပေးခဲ့သည်။

သို့သော်လည်း ၂၀၁၀ ဒီဇင်ဘာလက တပ်မတော်ထိုးစစ်များရပ်ဆိုင်းရန် သမ္မတက ညွှန်ကြားမှုကို စစ်တပ်ကသိသိသာသာ လစ်လျူရှုခဲ့ပြီးနောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် သမ္မတ၏ ထိန်းချုပ်နိုင်မှု အနေအထားကို အကဲခတ်လေ့လာသူများက သံသယရှိလာခဲ့ကြသည်။

မြန်မာ့ရေးရာကျွမ်းကျင်သူ အချို့ကမူ ကန့်လန့်ကာနောက်ကွယ်မှ အကြီးအကဲဟောင်းသည် အစိုးရနှင့် စစ်တပ်ကို သီးခြားစီခွဲ၍ ကြိုးကိုင်နေပုံရသည်ဟု မှတ်ချက်ပေးပြောဆိုထားကြသည်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၄.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. စပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းတိုးမြှင့်
  2. မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် ပေါ်ပေါက်နိုင်ရန် စီစဉ်
  3. မီဒီယာကို တရားစွဲဆိုမှုများ ရှိလာလျှင် စာနယ်ဇင်းကောင်စီမှ ညှိနှိုင်းပေးမည်

နိုင်ငံရေးသတင်း

  1. အစိုးရနှင့် UNFC တို့ တွေ့ဆုံလျှင် KIA တက်ရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

စပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းတိုးမြှင့်

ယခုနှစ်မိုးစပါးရာသီမှစ၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ကြသော တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းသို့ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ကြေညာ ထားသည်။

ယခင်က စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကတွင် ရှစ်သောင်း ထုတ်ချေးခဲ့ပြီး ယခု တစ်သိန်းတိုးမြှင့်ရာတွင် မူလကြွေးဟောင်း ကြွေးကျန်များကို ဘဏ်လုပ်ငန်းဥပဒေအရ အပြေအကျေ ဆပ်ပြီးမှသာလျှင် ထပ်မံ ချေးယူခွင့်ရှိကြောင်း သိရသည်။

အမှန်တကယ် စိုက်ပျိုးငွေအခက်အခဲရှိသည့် တနိုင်တပိုင်နှင့် လယ်မြေ ၁၀ ဧကနှင့်အောက် တောင်သူ လယ်သမားများကိုသာ ထုတ်ချေးပေးမည်ဖြစ်ကာ အချိန်မီ မြန်မြန်ဆန်ဆန် ထုတ်ချေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များက စိုက်ဧကများ၏ စာရင်းကို မှန်ကန်စွာဖြင့် အမြန်ဆုံး စစ်ဆေးကောက်ယူ စာရင်းပြုစုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ချိန်ကိုက်ပေးပို့ပါရန်လည်း နှိုးဆော်ထားသည်။

YC

-----------------------------------------------------------------

မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် ပေါ်ပေါက်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံတွင် ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် (Single Market) ဖြစ်ပေါ်စေရန်အတွက် အများပိုင်ကုမ္ပဏီနှင့် ရွှေလုပ်ငန်းရှင်များအသိုင်းအဝိုင်းက စီစဉ်လျှက်ရှိကြောင်းသိရသည်။

ယင်းဗဟိုဈေးကွက်ကို ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ယင်းဈေးကွက်ပေါ်ပေါက်လာပါက အရောင်းအဝယ်ပိုင်းတွင် စနစ်တကျ လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး မမှန်မကန် လိမ်ညာ၍ မိမိပိုင်ဆိုင်မှုထက် အဆမတ် ပိုမိုကာ ဝယ်ရောင်းလုပ်နေမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခု ရွှေအရောင်းအဝယ် ဗဟိုဈေးကွက် အကောင်အထည်ဖော်ရန်အတွက် မြေနေရာရွေးချယ်မှုများပြုလုပ်နေပြီး လုံခြုံစိတ်ချရသော၊ ဘဏ်များနှင့် အလွယ်တကူချိတ်ဆက်၍ရသော၊ အများပြည်သူသွားလာရ လွယ်ကူသော နေရာဖြစ်ရန်လိုအပ်သည်။

Single Market ကို ကနဦးတွင် ရန်ကုန်နှင့် မန္တလေးမြို့တွင် နည်းပညာအသုံးပြုကာ ချိတ်ဆက်ဆောင်ရွက်ရန် စီစဉ်ထားပြီး ထိုမှတဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် အမီ ရင်ပေါင်တန်းလိုက်နိုင်အောင် တက်ညီလက်ညီ ကြိုးစားကာ နောက်ပိုင်းတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး One Stop Service ပေးနိုင်သည်အထိ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------

မီဒီယာကို တရားစွဲဆိုမှုများ ရှိလာလျှင် စာနယ်ဇင်းကောင်စီမှ ညှိနှိုင်းပေးမည်

စာနယ်ဇင်းကောင်စီအနေဖြင့် မီဒီယာသမားများအား တရားစွဲဆိုမှုများရှိလာပါက ကြားဝင်ညှိနှိုင်းပေးမည် ဖြစ် ကြောင်း စနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေမှ ဇန်နဝါရီ ၁၂ ရက်နေ့က ရန်ကင်း မြို့နယ်ရှိ ဘဏ်လုပ်ငန်းရှင်များအသင်း၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ငန်းလုပ်ဆောင်ချက်များ သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။

ကောင်စီသည် ယခုလက်ရှိ ကျေအေးလိုက်ပြီဖြစ်သည့် The Voice ဂျာနယ်နှင့် သတ္တုတွင်းဝန်ကြီးဌာန အမှုတွင် ပါဝင်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည့်အပြင် လတ်တလော အမှုရင်ဆိုင်နေရသည့် လျှပ်တစ်ပြက်ဂျာနယ်ကို လည်း ကူညီညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု စာနယ်ဇင်းကောင်စီ ပေါ်ပေါက်လာဖို့ ကြိုးစားခဲ့ရသည့် ကာလအတွင်း မီဒီယာများ၌ရေးသားမှု နှင့် ပတ်သက်၍ အစိုးရအဖွဲ့အစည်းလေးခု၊ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတို့မှ သတင်းဂျာနယ် ၂၉စောင်နှင့် မဂ္ဂဇင်းတစ်စောင်တို့အား တိုင်ကြားမှုများအပေါ် ညှိနှိုင်းပေးခဲ့ရကြောင်း ဦးဖေမြင့်မှ ပြောကြားသည်။

ကောင်စီဖွဲ့စည်းပြီးနောက်တွင် ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းမှုအပိုင်းကို ထိရောက်စွာ မလုပ်ကိုင်နိုင်သည့် ညှိ့မဂ္ဂဇင်းပိတ်သိမ်းခြင်း အပါအဝင်၊ ဂျာနယ်ခြောက်စောင်အား သတိပေးခြင်း လုပ်ငန်းများအား စာပေစိစစ်ရေးမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

YC

***********************************************************************

နိုင်ငံရေးသတင်း

အစိုးရနှင့် UNFC တို့ တွေ့ဆုံလျှင် KIA တက်ရောက်မည်

KIA အနေဖြင့် အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံ ဆွေးနွေးမည်ဆိုပါက တက်ရောက်မည်ဖြစ်ကြောင်းကို KIA တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

KIA သည် တွေ့ဆုံညှိနှိုင်းအဖြေရှာမှုမှ ပြေလည်မှုရရှိနိုင်မည်ဟုဆိုသော မူကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်မည် ဆိုပါက စစ်ရှိန်လျော့ချဖို့နှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ပါမည်ဟုဆိုသည့် ကတိအာမခံချက်ပေးရန် ပြောကြားခဲ့ကြောင်းနှင့် KIA အနေဖြင့် စစ်ရှိန်မြင့်နေခြင်း ကြောင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာသေးသည့်တိုင် UNFC နှင့် အစိုးရ တွေ့ဆုံဆွေးနွေးလျှင် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် UNFC  အဖွဲ့သည် တရားမျှတသော နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆိုသည့် ကြေငြာချက်တစ်စောင်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါကြေငြာချက်တွင် “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံကို မြင်တွေ့လိုပါက ကချင်အဖွဲ့ (KIO/KIA) အား ထိုးစစ်ဆင် တိုက်ခိုက်နေသည်ကို ချက်ချင်းရပ်တန့်ပြီး လွတ်လပ်တန်းတူ တရားမျှတသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပပေးရန် အစိုးရအဖွဲ့နှင့်တပ်မတော်အား တောင်းဆိုလိုက်ကြောင်း” ဖော်ပြပါရှိသည်။

အစိုးရနှင့် UNFC တို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ တွေ့ဆုံဆွေးနွေးမည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်နေသူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောကြားထားသော်လည်း ယခုအခါထိ ဖြစ်ထွန်း လာခြင်းမရှိသေးချေ။

YC

*******************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ထားဝယ်အထူးစီးပွါးရေးဇုန်ရဲ့ ထူးခြားချက်ကတစ်ကယ့် ဧရာမစီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီရဲ့အကျိုးသက်ရောက်မှုကလည်း ကြီးမားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့မှသာ ဆောင်ရွက်မယ်ဆိုရင် အကြံဥာဏ်တွေ ထွက်လာနိုင်တယ်။ ဒီစီမံကိန်းက ထားဝယ်ဒေသ တစ်ခုတည်း အကျိုးခံစားရမှာမဟုတ်ဘဲ ကျန်တဲ့ဒေသတွေအားလုံးခံစားရမှာ ဖြစ်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Express Times Journal အတွဲ (၂) အမှတ် (၄၃) တွင်ပါရှိသော “ထားဝယ် အထူးစီးပွားရေးဇုန် တနသာင်္ရီဒေသအပေါ် ၂၇၂ ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိနိုင်” သတင်းမှ မဟာအောင် မြေမဲဆန္ဒနယ် မှ ဦးအုန်းကြိုင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------

“တောင်သူလယ်သမားတွေ ဆင်းရဲမှုမျဉ်းကြောင်းအောက်ရောက်နေတာက နှစ်စဉ်နှစ်တိုင်း စပါးဈေးက ကုန်ထုတ်လုပ်မှု စရိတ်မကာမိအောင်ကျဆင်းနေတာက အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လယ်သမားတွေ လယ်ယာမြေကို စွန့်ပစ်သွားရင် ဆန်ကိုအားပြုစားသုံးနေရသူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တောင်သူတွေက အားလပ်တဲ့အချိန်မှာလည်း တခြားအလုပ်အကိုင်လုပ်ဖို့ ကျွန်တော်တို့ဆီမှာ အလုပ်လက်မဲ့ ပြဿနာကရှိနေသေးတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူအကျိုးရှိဖို့ ဘာတွေတောင်းဆို ပြီးပြီလဲ၊ ပါသင့်ပါထိုက်တဲ့အချက်အလက်တွေ ပါပြီလားဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၅) အမှတ် (၈) တွင်ပါရှိသော “သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို စောင့်ကြပ်စစ်ဆေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------

“နိုင်ငံအတွင်းမှာလက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု နည်းနေသလို ပြည်သူတွေကလည်း လက်မခံကြဘူး။ နိုင်ငံအခြေအနေကလည်း ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ဝေဖန်နေတဲ့ အချိန်မှာ စီမံကိန်းတချို့ကို ရပ်ဆိုင်းထားသင့်ပြီး ပွင့်လင်းမြင်သာမှုရှိမှ ပြန်လည်လုပ်ကိုင်သင့်ပါတယ်။”

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၅) အမှတ် (၈) တွင်ပါရှိသော “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ရေနံပိုက်လိုင်းစီမံကိန်းတွင် ပိုက်လိုင်းဖြတ်သန်းက အဆမတန်နည်းပါးနေသည့်အပြင် ရေနံပိုက်လိုင်းယိုဖိတ်မှု၊ ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအတွက် ကြိုတင်တွက်ဆထားခြင်း ရှိ၊မရှိ မသိရ” သတင်းမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီမှ အဖွဲ့ဝင်တစ်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

**********************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive