Transparency Myanmar

transparency.myanmar@gmail.com

Op-Ed
Document Op-Ed

Snapshot of the item below:
Op-Ed

*

*

၂၇.၁.၂၀၁၃

အတွေးအမြင်

ခရိုနီဆို ဂျိုနဲ့လားကွဲ့

နိုင်မော်

ကျွန်တော်တို့သည် ခေတ်ကာလအလိုက် နားကျည်းမုန်းတီးဖွယ်ရာ စကားလုံးများနှင့် လူများယှဉ်တွဲသိ မြင်ခဲ့ကြသည်။ ဂျပန်ခေတ်တုန်းက ဂျပန်အလိုတော်ရိ စကားပြန်များဆိုလျှင်အလွန် တရာမုန်းတီးကြသည်။ ကွန်မြူနစ်တွေ ခေတ်ကျတော့လည်း လုပ်ငန်းရှင်ဆိုလျှင် ဂုတ်သွေးစုတ် အမြတ်ကြီးစားများ၊ အလုပ်သမားများ ၏ ပင်ပန်ကြီးစွာ လုပ်ကိုင် ရမှုများကို စားသောက်နေသူ အမြတ်ကြီးစားများအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဟော……..ဒီမိုကရေစီခေတ်ရောက်ပြန်တော့လည်း ခရိုနီဆိုသည်ကို လူအများစုက မျက်မုန်းကျိုးကြသည်။ ထိုသို့ဖြစ်ရသည်မှာလည်း အဆိုး မဆိုသာ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ၁၉၈၈နောက်ပိုင်း နိုင်ငံတော် အာဏာရ ယူခဲ့သော န.ဝ.တနှင့်န.အ.ဖ လက်ထက်ကာလများက မြန်မာ နိုင်ငံ ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးသည့် အချိန်မှစ၍ အစိုးရနှင့် မျက်နှာရသော၊ အထူး favour ပေးမှု ရရှိခဲ့သော စီးပွားရေး လုပ်ငန်းရှင်များ၏ ၎င်းတို့ ကိုယ်ကျိုးအတွက် အစိုးရနှင့် ပေါင်းကာ အထူးစီးပွားရေး လုပ်ကိုင်ခွင့် ရခဲ့သောလုပ်ငန်းရှင်များ ဖြစ်နေသောကြောင့် ပင်တည်း။

ထိုသို့သော အစိုးရနှင့် မျက်နှာသာရနေသော စီးပွားရေး လုပ်ငန်းရှင်(သို့မဟုတ်) သူဋ္ဌေးများကို ယခု လက်ရှိ လူပြောများနေသော ခရိုနီများဟု ခေါ်ကြခြင်းဖြစ်သည်။ ဤနည်းဖြင့် သာမာန်လုပ်ငန်းရှင်နှင့် favour ပေးခံရသော လုပ်ငန်းရှင်များ ဖြစ်လာသည်။ လက်ရှိခရိုနီဟု ပြောခံနေရသော သူများ တွင် ယခင်တပ်မတော် အရာရှိကြီးများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆွေမကင်းမျိုးမကင်းသူများ ပါဝင်သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ခရိုနီဟူသည်ကား အာဏာရှိသူနှင့် ပေါင်း၍ စီးပွားရေးလုပ်စားသူများဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ပညာရပ် သဘောအရ လည်းကောင်း၊ စီးပွားရေးသဘောအရ လည်းကောင်း လုပ်ငန်းရှင် သည် မိမိတို့လုပ်ငန်း တိုးတက် ကြီးထွားဖို့အတွက် အကျိုးအမြတ်အများဆုံးရရှိအောင်လုပ်ကိုင်သည့် သဘော Profit Maximization သာဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ Profit Maximization သဘောအရ စီးပွားရေးသမားသည် သူ့လုပ်ငန်း ရှင်သန်နိုင်ဖို့ရာ သူနည်းသူ့ဟန်၊ ခေတ်စနစ်အခြေအနေအရ လုပ်ငန်း ဆက်လက် ရှင်သန် တိုးတက်နိုင်ရန် ဗျူဟာများ သုံးကာ လုပ်ကိုင်ဆောင်ရွက် ရသည့်သဘောရှိသည်။ စီးပွားရေး စီမံခန့်ခွဲမှု ရှုထောင့်မှကြည့်လျှင် စီးပွားရေးလုပ်ငန်းသည် မိမိ လုပ်ကိုင်ရာ လုပ်ငန်းနယ်ပယ်၏ နိုင်ငံရေးပတ်ဝန်းကျင်၊ နည်းပညာဆိုင်ရာ ပတ်ဝန်းကျင်၊ မက်က္ကရို စီးပွားရေးပတ်ဝန်းကျင်၊ ဥပဒေရေးရာပတ်ဝန်းကျင်၊ ပြိုင်ဆိုင်မှု ဆိုင်ရာ ပတ်ဝန်းကျင်၊ ဥပဒေရေးရာ ပတ်ဝန်းကျင်တို့ အကြားတွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် လုပ်ကိုင်ဆောင်ရွက်ရသည်ဖြစ်ရာ မြန်မာ နိုင်ငံ၏ အတိတ်နိုင်ငံရေး အခြေအနေအရ ရှင်သန်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်ရသည့် သဘောရှိသည်ကိုလည်း မမေ့သင့်ပါ။

အဆိုပါစနစ်ကြောင့်သာ ခရိုနီခေါ်တွင်သော လုပ်ငန်းရှင်တို့သည် ထိုသို့နာမည်ဆိုး ပုံရိပ်များ ဖြစ်သွားရသည်။ ခရိုနီဟူသည်ကား အာဏာရှင် ခေတ်တွင်သာမက ဒီမိုကရေစီနိုင်ငံများတွင်လည်း ရှိသည်။ ထိုသို့ဖြစ်ရသည်မှာလည်း သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်တို့၏ တည်ရှိနေ မှု ရေခံမြေခံ၊ ခိုင်မာမှု/အားနည်းမှု တို့အပေါ်တွင် အခြေခံပါသည်။ တနည်းဆိုရလျှင် ခရိုနီဟူသည်ကား ခေတ်အခြေ အနေကြောင့်သာ ပေါ်ထွန်းလာရ သော လူတန်းစား တစ်ရပ်ဟု ရှုမြင်သုံးသပ်ရပါသည်။

အကယ်၍ နိုင်ငံတစ်နိုင်ငံသည် ညီညွတ်မျှတသော တရားဥပဒေ၊ စီးပွားရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းမှန်သော မူဝါဒများရှိခဲ့ပါလျှင် ထိုသို့သော သီးခြားလူတန်းစားတစ်ရပ်မပေါ်တော့ ပဲ သမာအာဇီဝ ပုံမှန်စီးပွားရှာသော စီးပွားရေး လုပ်ငန်းရှင်လူတန်းစားသာ ပေါ်ပေလိမ့်မည်။ Bill Gate ကဲ့သို့သော၊ မိမိပညာပေါ်တွင် အခြေခံသော သူများသာပေါ်ထွန်းလာမည်ဖြစ်ပါသည်။

တချိန်က တပ်မတော်အရာရှိကြီးများ၏ လှူဒါန်းပွဲများတွင် သူနှင့်အကြောင်းသင့်သော သူဋ္ဌေများလိုက်ပါ၍ သိန်းပေါင်းများစွာလှူဒါန်းကြသည် ကိုတွေ့ရပြီး၊ ထိုသို့သော သူများကို နှစ်စဉ် သိရိသုဓမ္မသိင်္ဂိ၊ သီဟသုဓမ္မသိင်္ဂိဘွဲ့များ အသီးသီးရရှိကြသည်။ ပြည်သူတို့ကြားတွင် ထိုသို့သော ဘွဲ့များကို အများအားဖြင့်နှာခေါင်းရှုံ့ကြသည်များ ရှိလာရသည်။

စီးပွားရေးစီမံကိန်းများ ဆိုလျှင်လည်းသူတို့ပဲရသည်။ စီးပွားရေးနှင့် ပတ်သက်လျှင်သူတို့ပဲရသည်။ သူတို့သည် တရားဝင်ရော၊ တရားမဝင်ရော ကုန်သွယ်စီးပွားလုပ်ကြသည်များလည်း ရှိခဲ့သည်။

သူတို့သည် လက်ရှိတွင် ထိုသို့သော ရေလိုက်ငါးလိုက် “Water Fallow, Fish Follow” လုပ်ကိုင်လာ ကြသည်မှာ ကျွန်ုပ်တို့အပြစ်မဆိုပါ ခရိုနီသည် လည်းကောင်း၊ လာဘ်ပေးလာဘ်ယူမှုသည် လည်းကောင်း ခေတ်စနစ်ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတစ်ရပ်သာဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ထိုစဉ်က အစိုးရသည်လည်း အသွင်ပြောင်းသွားပြီဖြစ်သလို မရှိတော့ပြီလည်း ဖြစ်သည်။ တပ်မတော်အရာရှိဟောင်းများ လည်း ယခင်လမ်းကြောင်းမှ သွေဖယ်လာကြပြီ၊ ခရိုနှီတို့လည်း သူတို့၏ အတိတ်မှလုပ်ရပ် များကို နားလည်ပြီး ခေတ်ကိုသိမြင်လာကြပြီဖြစ်သည်။ ယခင် အစိုးရ မရှိတော့သော်လည်း ခရိုနှီများမှာ ကျန်ခဲ့ရရှာပြီ၊ အစိုးရသည်ကား ခရိုနီများကို ထားရစ်ခဲ့ပြီဖြစ်သည်။

သို့သော်မပြောင်းလဲသေးသည်က ကျွန်တော်တို့ပြည်သူများ၏ သဘောထားပင်ဖြစ်သည်။ ခရိုနီဆိုလျှင် အဆိုး မြင်ကြသည်။ ခရိုနီဟု နာမည် ရသူများကို လူအများနှာခေါင်းရှုံ့ကြသည်။

ယခုတစ်လော လူပြောသူပြောများလာသည့် ကိစ္စကား အဆိုပါ လူအများသမုတ်ကြသည့် ခရိုနီခေါ်တွင် လုပ်ငန်းရှင်ဟောင်းများက လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ရံပုံငွေပွဲကို လှူဒါန်ကြမှုကို အမျိုးမျိုးပြော ဆိုနေကြခြင်း ပင်တည်း။ အဆိုပါဖြစ်ရပ်ကို ကြည့်လျှင် ကျွန်တော်တို့သည် လှေနံဓားထစ် တွေးကြသည်။ ခရိုနီနှင့် ပေါင်းနေသူအလား ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲကြသည့်သဘော ခနဲ့တဲ့တဲ့ ရေးသားလာသည်များကို တွေ့ရသည်။ ထိုသို့ပြောဆို ရေးသားနေမှုများသည် ရင့်ကျက်မှု မရှိသည့်သဘောကို တွေ့ရ သည်။ ခရိုနီများ အနေဖြင့် အတိတ်ကလုပ်ရပ်များရှိခဲ့သည်ကို ကျွန်တော့်အနေဖြင့် အထူးပြောစရာမလို။သို့သော ထိုသို့သောလှူဒါန်းရုံဖြင့် အထင်လွဲစရာ မလိုပါ။ မြန်မာလူမျိုးတို့သည် တကယ်လုပ်ကိုင်သူ များကို တကယ်မိမိတို့ တတ်နိုင်သ၍ လှူဒါန်း ချင်ကြသည်ချည်းဖြစ်ရာ ခရိုနီးမျာအပေါ် ထိုသို့ နား လည်နိုင်ပါက ပိုမိုအပြု သဘောဆောင်ပေလိမ့်မည်။

အဓိက အရေးကြီးသည်ကား ထိုသူများအပေါ် ပြည်သူများအဖြစ်ရှုမြင်ပြီး Favor ပေးမှုမရှိဘဲ တန်းတူ ညီမျှ ဆက်ဆံရေးသည်သာ အရေးကြီး သည်။ မြန်မာတို့သည် အဖြူဆိုလျှင်အဖြူချည်း သက်မြင်လိုသည်။ မိမိတို့လေးစားသူကို ထိုလေးစားမှုအတိုင်း ရှိစေချင်သည်။ ထိုအချက်ကိုလည်း အပြစ် မပြောလိုပါ။ သို့သော် အမြော်အမြင်ရှိဖို့လိုသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့အလှူငွေလက်ခံခြင်းသည် ခရိုနီနှင့်ပေါင်း သည်ဟု ရှုမြင်၍ဖြစ်ပါ မည်လော။ လှူဒါန်းခြင်းကို အပျက်သဘောဆောင်အပ်ပါသည်လော။ ထိုအလှူသည် ပညာရေးအတွက်ဖြစ်သည်။ အလှူခံရော အလှူပေးသူရော မွန်မြတ်ဖို့သည်သာ အဓိကဖြစ်သည်။

အရေးကြီးသည်မှာ အလှူပေးသူနှင့် အလှူရယူသူတို့၏ မှန်ကန်သော သဘောထားသည်သာ အရေးကြီပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းကားရာနိုင်ငံဖြစ်သလို စွန့်ကြဲပေးကမ်းမှု ထက်သန်သော နိုင်ငံဖြစ်ရာ သာမာန်ဆင်းရဲသားရဲ့ လှူဒါန်းမှုရော သူဋ္ဌေးကြီး၏ လှူဒါန်းပါဝင်မှုကိုရော လက်ခံ၍ ပရဟိတလုပ်ရစမြဲဖြစ်ရာ ပြညသူတို့အနေဖြင့် ထိုသဘောကိုနားလည်ပေးစေလိုပါသည်။

အမေစုနှင့် ခရိုနီပေါင်းပြီဟု ပြောလျှင်တက်တက်စင်အောင် လွဲပေလိမ့်မည်။ ကျွန်တော့်ကို ဤဆောင်းပါးရေးသည့် အတွက် အချို့က အထင်လွဲ ကောင်းလွဲမည်၊ ကျွန်တော်အနေဖြင့်မူ စာဖတ်သူတို့ အထင်လွဲလျှင်လွဲပါစေ အားလုံးအမြင်မှန် အောင်ရေးသည်သာ အရေးကြီးပါသည်ဟု ခံယူပါသည်။

ကျွန်တော်တို့သည် ခရိုနီများ၏ပိုင်ဆိုင်မှုကို မည်သို့မျှ လုယူစရာမလိုအပ်သလို ခရိုနီဟောင်းများ ၏ပါဝင်မှုကို အသိအမှတ်ပြုသင့်သည်။ ကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေလှူ၍ ငါမယူဘူးဟုပြောရင်ရော ဖြစ်ပါ မည်လော၊ လှူဒါန်းသူတို့အနေဖြင့်ရော စိတ်ချမ်းသာပါမည်လော၊ လှူဒါန်းမှုကို ပိတ်ပင်ရာ မရောက်ပေလော။ ယခု လှူဒါန်းမှုသည်ရော ပညာရေးအတွက် မဟုတ်ပေလော။ ကျွန်တော်တို့ အမှန် တကယ် ဆိုလျှင် ကျွန်တော်တို့ အနေဖြင့် ထိုသို့မတွေးသင့်မတွေး အပ်ပေ။

လင်းဠ ဘုရားပေါ်လာနားခြင်းသည် နိမိတ်မကောင်းဟုဆိုနိုင်မည်လော၊ လင်းဠဘုရားမှာ လာနားခြင်း ကို လင်းဠတွေ ဘုရားကို ဖူးခြင်းဟု မှတ် ယူလျှင် မကောင်းပေလော။ ခရိုနီတွေ တကယ်လိုအပ်တဲ့နေရာ တကယ်လှူခြင်း ကိုရော ထိုအတိုင်း ကောင်းသောနိမိတ်အဖြစ် မစဉ်းစားနိုင်ပေဘူး လော။ မည်သို့ပင်ဆိုစေ အမြင်ပြောင်းလဲကာ အမြင်မှန်သို့ပြောင်းလဲလာသူများ၊ တကယ်လုပ်ကိုင်နေသူများကို တကယ်ပံ့ပိုးပေးသူများ ကို ကျွန်တော်တို့ထိုသို့ မြင်အပ် ပါ၏လော။

ခရိုနီဆိုသည်ကား အာဏာရှင်စနစ်၏ ဖန်တီးခံ တစ်ခုဖြစ်ပြီး နိုင်ငံတော်တွင် စီးပွားရေး အရဘက်လိုက်မှု မရှိသော မှန်ကန်သည့် မူဝါဒကို ကျင့်သုံး၍ ခရိုနီဝါဒမပေါ်နိုင်ကြောင်း၊ ခရိုနီလက်သစ်များ မပေါ်ရေးသည်သာ အဓိကဖြစ်သည်ကိုလည်း ဂရုပြုသင့်ပေသည်။

ခရိုနီဟောင်းများ၏ အမှန်မြင်လာသည့်အပေါ် ကြိုဆိုပါသည်။ ခရိုနီဟောင်းများ အနေဖြင့်လည်း အကျင့်ကောင်းနှင့် မှန်ကန်သော လမ်းကြောင်း သို့ ဆက်လက်ချီတက်ကြဖို့လည်းတိုက်တွန်းလိုက်ရပါသည်။

ကျွန်တော်တို့ပြည်သူများ သိထားရမည့် အရေးအကြီးဆုံး အချက်မှာ ဘက်လိုက်မှုကင်းဖို့နှင့် နိုင်ငံရေး သမားများ စီးပွားရေးသမား ဘက်မယိုင် ဖို့သာ ဖြစ်ပြီး ခရိုနီစနစ်ကိုသာ မကြီးထွားစေဖို့သာဖြစ်ပါသည်။ လှူဒါန်းမှုကို လက်ခံရုံဖြင့် အထင်အမြင်မလွဲသင့်ပါကြောင်း တင်ပြလိုက်ရပေသည်။

“ အတွေးအယူ မမှန်ပါက တစ်မျိုးသားလုံး ဘေးရောက်နိုင်ပါကြောင်း။ ”

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၇.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

  1. တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင် စစ်ပွဲရပ်အောင် ကူညီကြရန် တရုတ်နှင့် အမေရိကန်ကို ကချင်တို့တောင်းဆို

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “China,US asked to help and war in Kachin State” သတင်းကို ဘာသာပြန်ပါသည်)

Photo: internet

ပြည်ပရောက် ကချင် ၁၀၀ ခန့်သည် သောကြာနေ့က ချင်းမိုင်မြို့ရှိ တရုတ်နှင့် အမေရိကန် ကောင်စစ်ဝန်ရုံးများ သို့ချီတက်ကာ ကချင်   ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများ ရပ်ဆိုင်းအောင် မြန်မာ အစိုးရအား ဖိအားပေးရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား မြန်မာအစိုးရတပ် က လေကြောင်းအင်အား သုံးချေမှုန်းနေခြင်းကို ပြစ်တင်ရှုံချ သည့်ပေးစာကို တင်ပြခဲ့ကြ ပြီးကေအိုင်အေနှင့် နေပြည်တော် စေ့စပ်ညှိနှိုင်းအောင် ဘီဂျင်းက ဖိအားပေးရန်နှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

၎င်းတို့သည် ဆက်လက်၍ အမေရိကန် ကောင်စစ်ဝန်ရုံးသို့ ချီတက်သွားကြပြီး ကချင် ဒုက္ခသည် များအား လူသားချင်းစာနာမှု အကူအညီ ပေးရန် မြန်မာအစိုးရအား စီးပွားရေး Sanction ပိတ်ဆို့ရန် တောင်းဆို ခဲ့ကြသည်။

ထို့အပြင်ဆန္ဒပြသူများက ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး UNHCR အား ကချင်ဒုက္ခသည် များကို အထူးသဖြင့်ကူညီရေးအတွက် အရှေ့တောင်အာရှတွင် ရုံးခွဲဖွင့်ရန်နှင့် ၎င်းတို့၏ကိစ္စကို ကုလသမဂ္ဂညီလာခံသို့ တင်ပြ ပေးရန်တောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲ ထားခဲ့သော်လည်း ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က ရေအားလျှပ်စစ် တမံ စီမံကိန်း တစ်ခုအနီးမှ ကေအိုင်အေ ဆက်ဆံရေးရုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြင့် ရန်စကာ တိုက်ခိုက်ရာမှ စစ်ပွဲပြန်လည် ဖြစ်ပွားကာ ဒေသခံ ပြည်သူ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

------------------------------------------------------------

တယ်လီကွမ်း ကုမ္ပဏီ ၄ ခုခန့် မြန်မာကိုစိတ်ဝင်စား

(Bangkok Post မှ 25 Jan 2013 ရက်စွဲပါ “4 Telecom Firms eye Myanmar” သတင်းကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကာလက လစ်လျူရှုထားခဲ့သော ဆက်သွယ်ရေးကဏ္ဍကို မှန်ကန်သောကွန်ယက်ဖြစ်အောင် ဖန်တီးတော့မည် ဖြစ်ရာ တယ်လီကွန်းလိုင်စင်အတွက် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုမှု ၄ ခုခန့်ကို အနည်းဆုံးရရှိဆွဲဆောင်ထားပြီး ဖြစ်သည်။

အလားအလာရှိသော အော်ပရေတာ ကုမ္ပဏီများမှာ နော်ဝေး Telenor၊ ထိုင်း DTAC ၊ မလေးရှား Axiata ၊စင်ကာပူ Sing Tel နှင့် ST Telemedia တို့ဖြစ်သည်။

Bloomberg News သို့ အီးမေးလ်ဖြင့်ပြန်ကြား သောAxiataကုမ္ပဏီက “မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် စဉ်းစားဖို့ဆီလျော်ပြီး စိတ်ဝင် စားစရာ ကောင်းတဲ့ဈေးကွက်ပါ။ ဖွံ့ဖြိုးဖို့အလားအလာကောင်းတဲ့ မဟာဗျူဟာ ဈေးကွက် အဖြစ်ထင်ဟပ်နေပါတယ်” ဟုပြောကြားသည်။

ဇန်နဝါရီလ ၁၇ရက်က နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ကြား၍ တင်ဒါခေါ်သော မြန်မာအစိုးရက ၂၀၁၆ခုနှစ်တွင် နိုင်ငံတော်၏ ၈၀ရာခိုင်နှုန်း တယ်လီဖုန်းအသုံးပြု နိုင်စေရန်အတွက် ကွန်ယက်တိုးချဲ့ရန် တယ်လီကွမ်းနှစ်ခု ချပေးမည်ဟု ပြောကြားသည်။

ပြီးခဲ့သောလအထိ  ပြည်တွင်းမိုဘိုင်း သုံးစွဲမှု ၉ရာခိုင်နှုန်းမျှသာရှိပြီး ကမ္ဘောဒီးယားတွင် ၇၀%၊ လာအိုတွင် ၆၇%၊ ထိုင်းနိုင်ငံတွင် ၁၀၀% အသီး သီးရှိကြသည်ဟု ဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံတွင် အထိုင်လိုင်းဖုန်းသုံးစွဲမှုမှာ ၁% သာရှိသည်ဟု သိရှိရသည်။

အလားအလာကောင်းသော တင်ဒါဆွဲသူများကို ကြေညာပေးမည်ဟု ဝန်ကြီးဌာနမှ ညွှန်မှူး ဦးသန်းဇော်က ပြောကြားသော်လည်း အချိန်ကာလ ကိုအတိအကျပြောကြားခြင်းမရှိပါ။ ရွေးချယ်ရေးဘုတ်အဖွဲ့တွင် ပါဝင်သော ဘဏ္ဍာအခွန်ဒုဝန်ကြီးဦးမောင်မောင်သန်းက လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်း ထံအကြောင်းမကြားသေးဟု ပြောကြားသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကမူ ချက်ခြင်းမှတ်ချက်မပေးနိုင်ပါ။

စင်ကာပူ၏ အကြီးဆုံး တယ်လီဖုန်း ကုမ္ပဏီ Sing Tel က အီးမေးလ် ဖြင့်ထုတ်ပြန်ကြေညာ ရာတွင် “ကြီးမား၍ မဖွံ့ဖြိုးသေးသော ဈေးကွက်များ တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခွင့်အလမ်းများအား အကဲဖြတ်ခြင်းကို ငွေရေးကြေးရေးအရ စည်းကမ်းသတ်မှတ်မည် ဖြစ်ကြောင်း” ဖော်ပြထားသည်။

လိုင်စင်များကို ဇွန်လတွင် ချပေးမည်ဖြစ်ပြီး နှစ် ၂၀ ကန်ထရိုက်သက်တမ်းဖြစ်၍ သက်တမ်းတိုးခွင့်ရှိသည်ဟု ဝန်ကြီးဌာနက  ဇန်နဝါရီလ ၁၅ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၁၅ နောက်ဆုံးထား၍ လွတ်လပ်သော လုပ်ငန်းဖြစ်အောင်ဖန်တီးခြင်း အပါအဝင် တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေမူကြမ်းကို ယခုနှစ်ပထမ နှစ်ဝက် အတွင်းလွှတ်တော်က အတည်ပြုဖွယ်ရှိ သည်ဟုလည်း သိရှိရသည်။

သြစတြေးလျား ဒုတိယအကြီးဆုံးဖုန်း ကုမ္ပဏီကိုပါ ပိုင်ဆိုင်ထားသူ Sing Tel သည် ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ နိုင်ငံများရှိ မိုဘိုင်းဖုန်း အော်ပရေ တာလုပ်ငန်းများတွင် ရှယ်ယာပိုင်ဆိုင်ထားသည်။ မလေးရှား ကုမ္ပဏီ Axiata ကလည်း အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံ များရှိ မိုဘိုင်းဖုန်း ကွန်ယက်တွင် ခြေချထားပြီး ဖြစ်သည်။

စင်ကာပူ၏ ဒုတိယ အကြီးဆုံး Star-Hub တယ်လီဖုန်းအော်ပရေတာ အပါအဝင် အခြားဖုန်း ကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ထားသူ ST Telemedia သည်လည်း မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံများမှ မိုဘိုင်းဖုန်း ကုမ္ပဏီ များတွင် ရှယ်ယာပါဝင်ထားသည်။

နော်ဝေး အော့စလိုအခြေစိုက် Telenor ကုမ္ပဏီသည် မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဝါယာလက်စ် ကွန်ယက်လုပ်ငန်းကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းကွန်ယက် အောင်မြင်ဖွံ့ဖြိုးရေးမှာပါဝင်ဖို့ ကျွန်တော်တို့အခြေအနေ ကောင်းနေတယ် လို့ယုံကြည်ပါတယ်” ဟု ထိုင်း နိုင်ငံမှ Telenor ပြောရေးဆိုခွင့်ရှိသူ ဂလင်းမင်ဒဲလစ် ကပြောကြားပါသည်။

***********************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive