Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၉.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အရေးပါသောကေအိုင်အေတောင်ကုန်းကို မြန်မာစစ်တပ်သိမ်းပိုက်

(AFP News မှ 27 Jan 2013 ရက်စွဲမပါ “Myanmar army captures key Kachin output” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသည်အာရှဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ဘဏ်တို့မှချေးငွေသစ်များရရှိ

(28 January 2013 ရက်စွဲပါ BBC News မှ Burma gets Asian Development Bank and World Bank Loan ကိုဘာသာပြန်ပါသည်။)

  1. နိုင်ငံတကာမြီးရှင်များထံ မြန်မာတို့ပေးရန် ကြွေးမြီဒေါ်လာ ၆ ဘီလီလျံနီးပါးသက်သာရ

(AFP News မှ 29 Jan 2013 ရက်စွဲပါMyanmar secures nearly & 6 bn debt reliefs from international lends သတင်းကိုဘာသာပြန်ဆိုသည်။)

  1. တရုတ်ကမြန်မာနိုင်ငံမှ ‘ဝ’သူပုန်များအားလက်နက်များပေးပို့သည်သတင်းအားငြင်းဆို

(၂၈ ရက် January 2013 ရက်စွဲပါ VOA News မှ China denies weapons transfers to Burma’s Wa-rebels ကိုဘာသာပြန်သည်။)

***************************************************************

ဘာသာပြန်သတင်းများ

အရေးပါသောကေအိုင်အေတောင်ကုန်းကို မြန်မာစစ်တပ်သိမ်းပိုက်

(AFP News မှ 27 Jan 2013 ရက်စွဲမပါ “Myanmar army captures key Kachin output” သတင်းကိုဘာသာပြန်ဆိုသည်)

photo credit - internet

ပဋိပက္ခပြင်းထန်နေသောကချင်ပြည်နယ်တွင် အရေးကြီးမဟာဗျူဟာတောင်ကုန်းတစ်ခုကို မြန်မာစစ်တပ်က သိမ်းပိုက်ရရှိသွားသည်ဟု ကေအိုင်အေအဖွဲ့က မနေ့ကပြောကြားသည်။ မြန်မာအစိုးရကမူ အမေရိကန်ပြည်ထောင်စု၏ ကချင်စစ်ပွဲအပေါ် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်ကို ကန့်ကွက်ပြောဆိုလျက်ရှိသည်။

ယခုလအစောပိုင်းတွင် တိုက်ခိုက်မှုများရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီး ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာသို့ နီးကပ်နေပြီဖြစ်သည်။

လက်ရှိတိုက်ပွဲကို အပြင်းအထန်ကန့်ကွက်ကြောင်းဖော်ပြထားသော အမေရိကန်သံရုံကြေညာချက်တွင် မြန်မာတပ်မတော်ကသာ ကျူးကျော် တိုက်ခိုက်နေသည့်သဖွယ် ရေးသားထားရာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထင်အမြင်လွဲမှားမှုဖြစ်စေနိုင်သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်သည်ဟု နိုင်ငံပိုင်အင်္ဂလိပ်ဘာသာသတင်းစာ New Light of Myanmar တွင် သတင်းဖော်ပြထားသည်။

၂၀၁၁ ဇွန်လတွင် အစိုးရနှင့် ကေအိုင်အေအကြား ၁၇ နှစ်ကြာအပစ်ရပ်ထားမှု ကျိုးပေါက်သွားပြီးနောက်ပိုင်းဒေသခံ ပြည်သူထောင်ပေါင်းများစွာ (တစ်သိန်းခန့်) နေအိမ်များ စွန့်ခွာထွက်ပြေးနေကြသည်။ အရေအတွက်အတိအကျ မသိရသော်လည်း ၎င်းစစ်ပွဲကြောင့် အရပ်သားများ သေကြေပျက်စီးခဲ့ရသည်။

အရေးပါသောတောင်ကုန်းသည် လက်နက်ကြီးဖြင့် ထောင့်ပေါင်းစုံမှ အထုခံရပြီးနောက် မြန်မာစစ်တပ်လက်သို့ ကျရောက်သွားသည်ဟု ကေအိုင်အေက ပြောကြားသည်။

“လက်နက်ကြီးနဲ့အချက်ပေါင်းထောင်ချီပြီးအထုခံရလို့ ကျွန်တော်တို့ စခန်းကုန်းကျသွားတာပါ၊ အဲ့ဒီနယ်မြေ၊ အဲ့ဒီတောင်ကုန်းကနေ ကျွန်တော်တို့ ဆုတ်ခွာပေးလိုက်ရပါပြီ” ဟုထိုင်းနိုင်ငံမှ ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဂျိန်းလမ်ဒေါင်းက ဆိုပါသည်။

၎င်းက ဆက်လက်၍ “မြန်မာစစ်တပ်ကရှေ့တိုး၍ လိုင်ဇာကိုတိုက်မှာလားဆိုသည်မှာ မသဲကွဲကြောင်း၊ သို့သော်လိုင်ဇာကျသွားသည့်တိုင်အောင် ကေအိုင်အေကျဆုံးသွားမည် မဟုတ်ကြောင်း” ရှင်းလင်းပြောဆိုခဲ့သည်။

ဘီဂျင်းကလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖူးရင်နှင့် သမ္မတဦးသိန်းစိန်တို့ ဆွေးနွေးခဲ့သောခရီးစဉ်အပြီးတွင် တိုက်ခိုက်မှုများအဆုံးသတ်ရန် တိုင်တွန်းထားသာည်။ ယင်းသို့ဆွေးနွေးစဉ် နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းမှုရှိရေးကို နှစ်ဖက်သဘောတူခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောကြားသည်။

နယ်စပ်ဖြတ်ကူးလာနိုင်သောဒုက္ခသည် တစ်သောင်းခန့်အတွက် ရေနှင့်မီး ဖြည့်ဆည်းပေးထားသောဒုက္ခသည် စခန်းများကို ယူနန်ပြည်နယ်က စီစဉ်လျက်ရှိသည်ဟုလည်း တရုတ်နိုင်ငံပိုင် မီဒီယာကသတင်းထုတ်ပြန်ထားသည်။

မနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ကန့်ကွက်ကြေညာချက်တွင် ပဋိပက္ခကိုသူပုန်များက မီးမွှေးကြောင်းအပစ်တင်ထားသည်။

ထို့အပြင် အမေရိကန်သံရုံးကြေညာချက်၌ Burmer ဟုတွင်တွင် သုံးထားခြင်းသည် နှစ်နိုင်ငံအပြန်အလှန် လေးစားမှုကို ထိခိုက်စေသဖြင့် ရှောင်ကြဉ်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တောင်းဆိုတိုက်တွန်းထားသည်။

Burma ဟူသောအမည်သည် ကိုလိုနီအမွေဟုဆိုကာ ယခင်တပ်မတော်အစိုးရက လွန်ခဲ့သောနှစ် ၂၀ ခန့်က Myanmar ဟု နာမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်ယခင် တပ်မတော်အစိုးရ (စစ်အစိုးရ) ၏ အမွေဟုဆိုနိုင်သော Myanmar အမည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံခေါင်းဆောင်အများစုနှင့် မြန်မာပညာတတ်အလွှာက လက်ခံခြင်းမရှိဘဲ Burma ဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိသည်။

------------------------------------------------------------------------------

မြန်မာနိုင်ငံသည်အာရှဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ဘဏ်တို့မှချေးငွေသစ်များရရှိ

(28 January 2013 ရက်စွဲပါ BBC News မှ Burma gets Asian Development Bank and World Bank Loan ကိုဘာသာပြန်ပါသည်။)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာ့ဘဏ်တို့သည်မြန်မာနိုင်င့မှလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကူ အညီပေးနိုင်ရန် ချေးငွေသစ်များ (Fresh Loans) အတည်ပြုခဲ့ပါသည်။

ADB သည် ဒေါ်လာ 512သန်း(ပေါင်စတာလင်325သန်း)ခွင့်ပြုခဲ့ပြီး၊ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း(၄၄၀) အတည်ပြုခဲ့ပါသည်။

အဆိုပါချေးငွေသစ်များကို မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရှင်းလင်းပြီးမှသာရရှိမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံဟာဆင်းရဲနေသော ပြည်သူများရဲ့လူနေမှုဘဝတွေ တိုးတက်လာဖို့ တစ်ခါမျှမလုပ်ဖူးတဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်။ ဒီစီးပွားရေးအရ အသွင်ပြောင်းမှုတွေဟာ အရှည်ကြီးလျှောက်ရဦးမှာပါ။“ဟု ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ဒါရိုက်တာ Annette Dixon က ပြောကြားခဲ့ပါသည်။

“လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်။ ကျွန်မတို့ဟာအစိုးရရဲ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ရယ် အားလုံးသာယာဝပြောဖို့ တည်ဆောက်ရေးမှာ ကူညီဖို့ကတိပြုထားပါတယ်။ ကျွန်မတို့ဘဏ်ဟာ ADB၊ ဂျပန်အစိုးရ၊ အခြားပတ်တနာတွေနဲ့အတူ လုပ်ဆောင်နေမှုဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်မှု၊ တိုးတက်ကြီးထွားဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးရာမှာ အထောက်အကူပြုမှာပါ”ဟုMs Dixon က ပြောပါသည်။

 ------------------------------------------------------------------------------------------------

နိုင်ငံတကာမြီးရှင်များထံ မြန်မာတို့ပေးရန် ကြွေးမြီဒေါ်လာ ၆ ဘီလီလျံနီးပါးသက်သာရ

(AFP News မှ 29 Jan 2013 ရက်စွဲပါMyanmar secures nearly & 6 bn debt reliefs from international lends သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ၎င်း၏ကြွေးမြီများအနက် ဒေါ်လာ ၆ ဘီလျံနီးပါးကို ပယ်ဖျက်ရန် နိုင်ငံတကာမြီးရှင်များနှင့် မနေ့က သဘောတူညီမှု ရရှိသွားပြီဖြစ်ရာ၊ စစ်ဖက်အုပ်ချုပ်သောတိုင်းပြည်အဖြစ်မှ မြန်ဆန်စွာအသွင်ကူးပြောင်းမှုတွင် နောက်ထပ်မှတ်တိုင်တစ်ခု စိုက်လိုက်ခြင်းပင်ဖြစ်သည်။

ထိုပြင်ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေဖြင့် ကမ္ဘာဘဏ်နှင့် ADB သို့ ပေးရန်အကြွေးများကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်၍ နိုင်ငံတကာ ထောက်ပံ့မှုများ ပြန်ရရန် အခက်အခဲတစ်ခုကို ဖယ်ရှားနိုင်ပြီဖြစ်သည်။

မြီးရှင်နိုင်ငံအဖွဲ့ Paris Club က ၎င်းတို့ထံ မြန်မာတို့ပေးရန်ရှိသော ကြွေးမြီးထက်ဝက်ခန့်ကို ပယ်ဖျက်ရန် သောကြာနေ့က အစည်းအဝေးတွင် သဘောတူလိုက်ပြီးဖြစ်ပြီး လက်ကျန်ကြွေးမြီကို ၁၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရန် စီစဉ်မည်ဟုပြောကြားသည်။

စက်မှုဖွံ့ဖြိုးသောနိုင်ငံများ အလွတ်သဘောဖွဲ့စည်းထားသော Paris Club က ၎င်း၏ဝက်ဘ်ဆိုက်တွင် အထက်ပါ သဘောတူညီမှုကို အတည်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲရန် ခိုင်မာစွာကတိပြုခြင်းကို ချီးကျူးကြိုဆိုထားသည်။

အဆိုပါ သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံက Paris Club အဖွဲ့ဝင်အားလုံးနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်တော့မည့် ဆက်ဆံမှုအသစ် စတင်ပြီဟု ဘဏ္ဍာအခွန်ဝန်ကြီးဦးဝင်းရှိန်က ပြောကြးသည်။

မြန်မာနိုင်ငံသည် ကြွေးမြီသက်သာခွင့်ကြောင့် ရရှိလာမည့်ရင်းမြစ်များကို ဆင်းရဲမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးအစီအစဉ်များတွင် အသုံးပြု သွားမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးနွံမှ ရုန်းထကာ ပြိုလဲနေသောစီးပွားရေးကို ပြင်ဆင်ရန်အတွက် ဖွံ့ဖြိုးရေးအထောက်အပံ့နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုရရှိအောင် ကြိုးစားနေသည့်အလျောက် သိသာသောနိုင်ငံရေးပြောင်းလည်းမှုများ တစ်သီတစ်တန်းပြုလုပ်ခဲ့ပြီးနောက် ယခုခြေလှမ်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအပြင်မြန်မာနိုင်ငံအား ကမ္ဘာဘဏ်ကဒေါ်လာ သန်း ၄၄၀ နှင့် ADB ကဒေါ်လာ ၅၁၂ သန်း အသီးသီး အသစ်ပြန်လည်ချေးငှားရန် ကတိပြုလိုက်ပြီးဖြစ်ရာ မြန်မာတို့အနေဖြင့် Japan Bank for Intrernational Cooperation ၏ ပေါင်းကူးချေးငွေကို ပြန်လည်ပေးဆပ်နိုင်ပေလိမ့်မည်။

ကမ္ဘာဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အင်းနက်ဒစ်ဆင်က “မြန်မာနိုင်ငံဟာ သနားစရာပြည်သူတွေရဲ့ ဆင်းရဲတဲ့ ဘဝတွေကို တိုးတက်စေဖို့အတွက် မကြုံစဖူးအပြောင်းအလဲတွေလုပ်ရင်း စီးပွားရေးအသွင်ပြောင်းခရီးရှည်ကိုသွားနေပါတယ်၊ လုပ်စရာတွေကျတာ့အများကြီးကျန်နေပါသေးတယ်၊ မြန်မာ အစိုးရရဲ့ ဆင်းရဲမှုလျော့ချရေး၊ တန်းတူညီမျှ ဖွံ့ဖြိုးရေးအရှိန်မြင့်တည်ဆောက်နေမှုကို ကျွန်မတို့ကူညီပေးဖို့တာဝန်ယူထားပါတယ်” ပြောကြားသည်။

 ------------------------------------------------------------------------------------------------

တရုတ်ကမြန်မာနိုင်ငံမှ ‘ဝ’သူပုန်များအားလက်နက်များပေးပို့သည်သတင်းအားငြင်းဆို

(၂၈ ရက် January 2013 ရက်စွဲပါ VOA News မှ China denies weapons transfers to Burma’s Wa-rebels ကိုဘာသာပြန်သည်။)

ပြီးခဲ့သည်နှစ်က ‘ဝ’စစ်တပ် (UWSA) အား တရုတ်က လက်နက်များလွှဲပြောင်းပေးသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သတ်၍ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ပယ်ချခဲ့ပါသည်။

တရုတ်ပြောခွင့်ရပုဂ္ဂိုလ် GaoMingbo က တနင်္ဂနွေနေ့တွင် သံရုံး၏ဝက်ဆိုဒ်တွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာ တရုတ်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားအုပ်စုများအပေါ် လက်နက်ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေး ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထိုသို့တုံ့ပြန်ခြင်းမှာ ဒီဇင်ဘာလ HIS Jane ၏ Intelligence Review အစီရင်ခံစာတွင် ‘ဝ’တိုင်းရင်းသားသူပုန် များသို့ အဆင့်မြင့်လက်နက်များ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားခဲ့၍ဖြစ်ပါသည်။ အစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် တင့်ကားဖျက်အား မတ်ကား (၁၂)စီး အနည်းဆုံးပါဝင်ကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည်အပတ်က အဆိုပါစွပ်စွဲချက်များနှင့်ပတ်သကါ၍ VOA က သတင်းဖော်ပြခဲ့ပြီး Jane ၏ အစီရင်ခံစာရေးသားသူ လုံခြုံရေးဆိုင်ရာသုံးသပ်တင်ပြသူ  Anthony Davis နှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

တရုတ်က ထိုသို့လုပ်ဆောင်လာခြင်းမှာ မြန်မာနိုင်ငံတွင် မတည်ငြိမ်စေရန်ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ မြန်မာစစ်တပ်က ကချင်အား တိုက်ခိုက်သကဲ့သို့ ‘ဝ’ အား တိုက်ခိုက်လာခြင်းမရှိစေရန် ကာကွယ်ခြင်းသာဖြစ်ကြောင်း ၎င်းကပြောပါသည်။

၎င်းအပြင် တရုတ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ သြဇာကျဆင်းလာမှုကို တုန့်ပြန်ခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပါသည်။

တရုတ်၏ကြေငြာချက်တွင် ကာကွယ်ရေးဆိုင်ရာလေ့လာရေးအဖွဲ့၏ စွပ်စွဲချက်များသည် အခြေအမြစ်ခိုင်မာခြင်းမရှိဘဲ မှားယွင်းကြောင်း ဖော်ပြခဲ့ပါသည်။ တရုတ်၏မူဝါဒမှာ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အစဉ်အမြဲလေးစားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကြေညာချက်တွင်စွပ်စွဲမှုအား မီဒီယာကသတင်းဖော်ပြမှုအတွက် မသင့်လျော်ကြောင်းဖော်ပြခဲ့ပြီး၊ မှားယွင်းသောသတင်းများဖော်ပြမှုသည် မြန်မာပြည်သူများနှင့် အခြားနေရာများတွင် အဓိပ္ပါယ်ကောက်ယူမှုမှားယွင်းစေခြင်းနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေကြောင်းဆိုပါသည်။

တရုတ်သံရုံးပြောခွင့်ပုဂ္ဂိုလ် Gao က VOA သို့ အဆိုပါသတင်းနှင့်ပတ်သတ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြသည့် အီးမေးလ်ပေးပို့ခဲ့ပါသည်။ သို့သော်အဆိုပါကိစ္စကို ဖုန်းဖြင့်အင်တာဗျူးပြုလုပ်ခြင်းကို မပြုလုပ်ခဲ့ပေ။

Gao က ပြောကြားရာတွင် တရုတ်သည် ပဋိပက္ခဖြေရှင်းရာတွင် ဆွေးနွေးမှုများအတွက်လည်ကောင်း၊ ငြိမ်းချမ်းရေး မြှင့်တင်ရန်လည်းကောင်း အပြုသဘောဆောင်သောနေရာမှ အမြဲတစေပါဝင်ခဲ့သည်ဟုဆိုပါသည်။    

                                        **********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၉.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ကချင်ပဋိပက္ခအပေါ် သတင်းမီဒီယာများ၏ထုတ်ပြန်ချက်တချို့ကိုကာကွယ်ရေးဝန်ကြီးဌာနတုံ့ပြန်
  2. ဘဏ္ဍာအခွန်ဝန်ကြီးပါရီကလပ်ပေါ်တင်ရှိနေသောကြွေးမြီများကိုရှင်းလင်းဆောင်ရွက်
  3. ဝ အဖွဲ့မှ ၎င်း နယ်အတွင်းကချင်အရေးဆောင်ရွက်ရန် နှစ်ဖက်စလုံးဖိတ်ခေါ်
  4. အကောက်အခွန်ဥပဒေကိုနိုင်ငံတကာအဆင့်မီရန်ပြင်ဆင်မည်

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ကချင်ပဋိပက္ခအပေါ် သတင်းမီဒီယာများ၏ထုတ်ပြန်ချက်တချို့ကိုကာကွယ်ရေးဝန်ကြီးဌာနတုံ့ပြန်

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအပေါ် ပြည်တွင်းပြည်ပရှိမီဒီယာတချို့၏ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါမီဒီယာတစ်ချို့၏ သတင်းထုတ်ပြန်မှုတွင် မြန်မာတပ်မတော်ကသာ ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတဝိုက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းစသည့် အချက်များကိုသာဖော်ပြပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကြောင့် ပြည်သူများကိုထိခိုက်ဒဏ်ရာရစေခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မလိုလားအပ်သည့် လမ်းတံတားများကို ဖောက်ခွဲဖျက်စီးခြင်းစသည့်အချက်များကို ဖော်ပြခြင်းမရှိသည့်အတွက် အစိုးရနှင့်တပ်မတော်အပေါ် နိုင်ငံတကာမှ အထင်လွဲမှားမှုများကို ဖြစ်စေနိုင်သည့်အတွက်ကြောင့် သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်ကိုကာကွယ်ရန်မှအပ တိုက်ခိုက်ခြင်းမပြုရန် အချက်ကို တိကျစွာလိုက်နာပါကြောင်း၊ ထိုအချက်ကို ကေအိုင်အေမှ အခွင့်ကောင်းယူကာ စစ်ကြောင်းများ ပုံမှန်ချီတက်ရာတွင် ချုံခိုမိုင်းဆွဲတိုက်ခိုက်ခြင်းများ တပ်မတော်မှ အရာရှိနှင့် စစ်သည်အမြောက်အများ ကျဆုံးခဲ့ကြောင်း၊ အဓိကလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးကို ပိတ်ဆို့သည့်အတွက် ပြည်သူများအနေဖြင့်လည်း စာနပ်ရိက္ခာ၊ ဆေးဝါးများမလုံလောက်မှုနှင့် ဒုက္ခများကိုခံစားရပါကြောင်း ဖော်ပြထားသည်။

အဆိုပါဝိုင်းရံပိတ်ဆို့မှုများကြောင့် တပ်မတော်အနေဖြင့်  လဂျားယန်နယ်မြေဒေသတဝိုက်ကို နယ်မြေရှင်းလင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ရှင်းလင်းဆောင်ရွက်ပြီးသဖြင့် တပ်မတော်အနေဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီမှ စတင်ကာ စစ်ရေးဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း လက်နက်ကိုင်ပဋိပက္ခများကိုလျော့ချပြီး ထာဝရငြိမ်းချမ်းရေးကို အထူးလိုလားပါကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

                                                                                                                                                    YC

-----------------------------------------------------------------------------------------------

ဘဏ္ဍာအခွန်ဝန်ကြီးပါရီကလပ်ပေါ်တင်ရှိနေသောကြွေးမြီများကိုရှင်းလင်းဆောင်ရွက်

photo credit - internet

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပါရီကလပ်အဖွဲ့ဝင် ၁၁ နိုင်ငံ ပေါ်တွင် တင်ရှိနေသောကြွေးမြီများနှင့် ပတ်သက်ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံပါရီမြိုတွင် ပါရီကလပ် အဖွဲဝင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကြွေးမြီကိစ္စများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏တောင်းဆိုချက်မှာ ကြွေးအားလုံး၏ ၆၇ ရာခိုင်နှုန်းကို လျော်ပစ်ရန်နှင့် ကျန်ကြွေးမြီများကို ဆိုင်းငံကာလ ၇ နှစ်နှင့် ပြန်ဆပ်ရန်အတွက် ၂၃ နှစ်ကြာ ခွင့်ပြုရန်တင်ပြခဲ့ရာ၊ ပါရီကလပ်အဖွဲ့ဝင်နိုင်ငံများက ကြွေးအားလုံး၏ ၄၀ ရာခိုင်နှုန်းကို လျော်ပစ်ရန် နှင့် ကျန်ကြွေးမြီများကို ဆိုင်းငံကာလ  ၅ နှစ်နှင့် ပြန်ဆပ်ရန်အတွက် ၁၅ နှစ်ကြာသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်ဦးနှစ်ဖက် ၁၈ နာရီကြာအပြန်အလှန် ဆွေးနွေးမှုများဖြင့် နောက်ဆုံးတွင် ပါရီကလပ်မြီးရှင်အဖွဲ့အနေဖြင့် ကြွေးအားလုံး၏ ၅၀ ရာခိုင်နှုန်းကို လျှော်ပစ်ရန်နှင့် ကျန်ကြွေးမြီများကို ဆိုင်းငံကာလ  ၇ နှစ်နှင့် ပြန်ဆပ်ရန်အတွက် ၁၅ နှစ် အတွင်းပြန်လည်ပေးဆပ်ရန် သဘောတူခဲ့သည်။

အဆိုပါအကြွေးမြီးရှင်နိုင်ငံများနှင့်လည်း ကြွေးမြီသက်သာခွင့်များ ပိုမိုရရှိနိုင်ရန်အတွက် နှစ်နိုင်ငံချင်းစီသီးခြားတွေ့ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် လိုက်ပါညှိနှိုင်းခဲ့သူ ဒေါက်တာဇော်ဦးကလည်း မြန်မာနိုင်ငံ၏ ကြွေးမြီများကို ဒေါ်လာသန်းပေါင်းခြောက်ထောင်ကျော် လျှော်ပစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာဘဏ်နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်များမှ ချေယူထားသည့်ပေးဆပ်ရန် သတ်မှတ်ရက်ကျော်လွန်နေသည့် ကြွေးမြီများကိုလည်း အောင်မြင်စွာရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------

 

ဝ အဖွဲ့မှ ၎င်း နယ်အတွင်းကချင်အရေးဆောင်ရွက်ရန် နှစ်ဖက်စလုံးဖိတ်ခေါ်

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနှင့် မြန်မာအစိုးရအကြားရပ်တန့်နေသော ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် ဝ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA မှ ၎င်းတို့ဒေသ ပန်ဆိုင်းမြို့တွင် လာရောက်ဆွေးနွေးရန်အတွက် နှစ်ဖက်စလုံးကို တိုက်ရိုက်ဖိတ်ခေါ်လိုက်ကြောင်း  UWSA မှ ဦးမြင့်အောင်က ပြောကြားကြောင်းသိရသည်။

အစိုးရအဖွဲ့မှ ဖိတ်ကြားချက်ကို လက်ခံလိုက်သော်လည်း ကေအိုင်အေဘက်မှ သတင်းတစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသည့်အတွက် အစိုးရက စောင့်ဆိုင်းနေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်ဆိုင်းနေသည့်အတွက် ဖြစ်နိုင်ခြေရှိသည့်နေရာတွင် အကူအညီပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ USWA အဖွဲ့အနေဖြင့် ဆွေးနွေးပွဲကိုဝင်ရောက် စွက်ဖက်မှာမဟုတ်ကြောင်း၊ ကေအိုင်အေအနေဖြင့်လည်း မကြာခင်အကြောင်းပြန်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကေအိုင်အေနှင့် နိုင်ငံရေးစကားဆွေးနွေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ကူညီပေးမည်ဖြစ်ကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလပထမပတ်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Myanmar Peace Center မှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောကြားကြောင်းသိရသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ ပန်းဆန်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက  UWSA ဥက္ကဋ္ဌမှလွဲ၍ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သို့ တရုတ်နိုင်ငံမှ ခေတ်မီလက်နက်များရောင်းချနေမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အခြေအမြစ်မရှိသည့်အပြင် အထင်အမြင်လွဲအောင် လုပ်ဆောင်တာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

                                                                                                                                                    YC

 --------------------------------------------------------------------------------------------

အကောက်အခွန်ဥပဒေကိုနိုင်ငံတကာအဆင့်မီရန်ပြင်ဆင်မည်

မြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် အကောက်အခွန်ဥပဒေများမှ ခေတ်ကာလနှင့် ညီညွတ်မှုမရှိသည့်ဥပဒေများကို နိုင်ငံတကာစနစ်များနှင့်အညီ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်းကို အကောက်အခွန်ဦးစီးဌာနသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးဦးဇော်မင်းက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်းသိရသည်။

အခွန်စည်းကြပ်ကောက်ခံမှုတွင် လက်ရှိကျင့်သုံးနေသည့် ပျှမ်းမျှတန်ဖိုးသက်မှတ်ခြင်းအစား နိုင်ငံတကာတွင် ကျင့်သုံးနေသည့် WTOVA စနစ်ဖြင့် ကူးပြောင်းဆောင်ရွက်သွားမည်ကြောင်း၊ အာဆီယံအသိုင်းအဝန်း ACE ကို မျှော်လင့်ပြီး ပြောင်းလဲပြင်ဆင်ရေးဆွဲထားကြောင်း၊ ယခုခေတ် ကာလတွင် ကိုက်ညီမှုမရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် အခေါ်အဝေါ်များကိုလည်း ပြောင်းလဲရန်အတွက် ပြင်ဆင်ရေးဆွဲထားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တင်ပြထားကြောင်းကို ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ World Trade Organization Valuation Agreement (WTOTA) စနစ်ကို ကျင့်သုံးရန်အတွက် အခွန်စည်းကြပ်ကောက်ခံ၍ ထုတ်ယူပြီးသော ကုန်ပစ္စည်းများ၏ ဆိပ်ကမ်းအရောက်တန်ဖိုး (အမှန်တန်ဖိုး) ကို စစ်ဆေးနိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အဆိုပါစနစ်နှင့် ပတ်သက်၍ အကောက်အခွန်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အကောက်အခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းဥပဒေများကို ၁၉၈၂ ၊၁၉၈၇၊ ၁၉၉၀၊ ၁၉၉၂၊ ၁၉၉၅ နှင့် ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့ပြီး ပြင်ဆင်ရန်လိုအပ်သည့်အတွက် ယခုအချိန်တွင် ထပ်မံတင်ပြထားသည်။

                                                                                                                                                    YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive