Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“သူတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အချိန်မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုထားတယ်။ ဒါ့ကြောင့် သူတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းတွေဟာ တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာတာကိုတွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဟာနှစ်ပေါင်း ၆၀ လောက် ကြာတာတောင် ယခုအချိန်ထိသေနတ်သံတွေ ကြားနေရတုန်းပဲ”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၇) တွင်ပါရှိသော “ဖိလစ်ပိုင်တပ်မတော်က ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု ပေါ် အခြေခံဂုဏ်ပြု” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“ကျွန်မဒီကိစ္စကို အရေးကြီးအဆိုအနေနဲ့ လွှတ်တော်မှာတင်ပြခဲ့ပြီးပါပြီ။ စစ်ပွဲတွေကတော့ အရှိန်တော်တော် ပြင်းလာတယ်။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်နေသမျှ ပြည်သူပဲနစ်နာတာ။ နောက်ဒေသခံပြည်သူဆိုအိုးစွန့်၊ အိမ်စွန့်ပြီး နေနေရရှာတာ ဒါတွေနဲ့ အဓိက အကြောင်းရင်းက တစ်ယောက်နဲ့ တစ်ယောက် ခွင့်မလွှတ် နိုင်ကြလို့ နားလည်မှုမရှိလို့ ပြောရရင် တစ်ဖက်နဲ့တစ်ဖက် အပြစ်ပုံချနေကြလို့ပဲ။ ဒီလိုအဖြေမရှာပဲတစ်ဖက်နဲ့တစ်ဖက် အပြစ်ပြော၊ အပြစ်ပုံချနေတာတွေက ငြိမ်းချမ်းရေးကိုဝေးသထက် ဝေးသွားစေတာပါ။ နှစ်ဖက်လုံးအပစ်အခတ် ရပ်စဲရင် ဘယ်သူ့အကျိုးရှိမလဲ။ အားလုံးအတွက် အကျိုးရှိမယ်။ ပြည်သူတွေလည်း အေးချမ်းစွာ နေထိုင်နိုင်မယ်။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၇) တွင်ပါရှိသော “တစ်ဖက်နှင့် တစ်ဖက် အပြစ်ပုံချနေသည့်အတွက် ငြိမ်းချမ်းရေးက အလှမ်းဝေးနေခြင်းဖြစ်” သတင်းမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်တိုင်းဒေသကြီးမှာတင် မဟုတ်ဘဲ၊ မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီး၊ မော်လမြိုင် နှင့် ပုသိမ် လိုလူဦးရေများတဲ့ မြို့တွေမှာပါ တည်ဆောက်ဖို့ရှိပါတယ်။ ရန်ကုန်က တန်ဖိုးနည်းအိမ်ရာတွေက ၃၊ ၄ ထပ်ပဲရှိပြီး အိုဟောင်းနေပြီ။ လူတွေအများကြီးနေထိုင်နိုင်ဖို့ ရည်ရွယ် ချက်နဲ့ ဆောက်လုပ်ရခြင်း ဖြစ်ပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၂ ခုဖြစ်တဲ့ ဧရာဝဏ် နဲ့ ရတနာအိမ်ရာစီမံကိန်း ပြီးရင် နောက်ထပ်မြေကြီးမရှိတော့ဘူး။ ရန်ကုန်ကို စင်င်္ကာပူလို ဖြစ်ချင်ပေမယ့် တော်တော်နဲ့ လုပ်လို့မရဘူး။ အဆောက်အအုံတွေက ပိုင်ဆိုင်ပြီးသား ဖြစ်နေတယ်။ ဒါ့ကြောင့် လုပ်လို့ ရတဲ့ နေရာတွေမှာထပ်လုပ်ရတာပါ။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Fresh News Journal အမှတ် (၁/၀၄၅) တွင်ပါရှိသော “လူဦးရေ တစ်သိန်းအထက် မြို့ကြီး ၅၉ မြို့ တန်ဖိုးနည်း အိမ်ရာတွေ ဆက်ဆောက်သွားမည်” သတင်းမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“သူတို့က ဖြစ်နိုင်ရင် အခုဆောက်ချင်နေတာ။ ဒါပေမယ့် သူတို့က ၃ နှစ်စာ အလုပ်သမားလစာနဲ့ မြန်မာနိုင်ငံမှာ ရရှိမယ့် အလုပ်သမားအရေအတွက်ကို တွက်ချက်ခိုင်းတယ်။ လတ်တလော အဲဒီလောက် တွက်လို့ မရသေးဘူး။ မြန်မာအလုပ်သမားတွေရဲ့ လစာကအတည်တကျမရှိသေးတော့ ၃ နှစ်စာ တွက်ဖို့ က ခက်ခဲနေသေးတယ်။ ဒါ့ကြောင့် အချိန်နည်းနည်းပေးရဦးမယ်။”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Fresh News Journal အမှတ် (၁/၀၄၅) တွင်ပါရှိသော “တရုတ်က အထည်ချုပ်စက်ရုံ ၅၀၀ တည်ဖို့ကမ်းလှမ်း၊ ၃ နှစ်စာ လခလုပ်စာနှင့် အလုပ်သမားရရှိနိုင်မှု တွက်ချက်ခိုင်း” သတင်းမှ လက်ဝါး အထည်ချုပ်လုပ်ငန်းမှ ဦးခင်မောင်အေး၏ ပြောကြားချက်အား       ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“ပြီးခဲ့တဲ့ အခေါက်တွေကတိုင်း၊ ခရိုင်၊ မြို့နယ်၊ တရားရုံး တော်တော်များများကို ကြည့်ရှုခဲ့ပြီးပြီ၊ အခု ပြည်နယ် တရားရုံး တွေကိုသွားကြည့်ဖို့ရှိတယ်၊ ဘယ် ပြည်နယ်သွားမယ်ဆိုတာ မပြောနိုင်သေးဘူး။ တစ်ချို့ကလည်း သတင်းတွေ ထွက်လာတော့ ဟိုပြည်နယ်၊ ဒီပြည်နယ်တွေကသူတို့ ဆီလာမယ်ထင်ပြီး ခုကတည်းက ကြိုပြီးတော့  တရားခွင်တွေ ရွှေ့ဆိုင်းထားတယ်။ နားထားတယ်လို့ သိရပါတယ်။ ”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Fresh News Journal အမှတ် (၁/၀၄၅) တွင်ပါရှိသော “တရားစီရင်ရေးကိစ္စ ပြည်နယ်ရုံး များကိုလေ့လာမည် တိုင်း၊ ခရိုင်၊ မြို့နယ်များ တရားစီရင်ရေးကြားဖြတ် အစီရင်ခံစာတင်” သတင်းမှ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

 **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမည့်ကိစ္စမြန်မာဘက်မှ အတည်ပြု

(VOA News မှ 31 Jan 2013 ရက်စွဲပါ “Burma confirms peace talks with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်)

  1. အစိုးရအာဘော် သတင်းစာ အသွင်ပြောင်းရန် ပုဂ္ဂလိက တွဲဖက်ရှာ

(AFP News မှ 31 Jan 2013 ရက်စွဲပါ “Myanmar regime mouthpiece seeks private partner” သတင်းကို ဘာသာပြန်ပါသည်)

  1. ရခိုင်ပြည်နယ်တွင် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Troops shoot one dead in West Myanmar: government official ” သတင်းကို ဘာသာပြန်ပါသည်။)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမည့်ကိစ္စမြန်မာဘက်မှ အတည်ပြု

(VOA News မှ 31 Jan 2013 ရက်စွဲပါ “Burma confirms peace talks with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်)

photo:Internet

ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ နှင့် အသစ်ထပ်မံဆွေးနွေးမှုများကို နောက်ထပ်သူပုန်အုပ်စု တစ်ခုဖြစ်သော UWSA ဝ တပ်ဖွဲ့ကဖိတ် ခေါ်ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာအစိုးရဖက်မှ အတည်ပြုပြောဆိုသည်။ UWSA သည် နယ်စပ် တည်ငြိမ်ရေးကိစ္စကို စိုးရိမ်နေသော တရုတ်နိုင်ငံနှင့် ရင်းနှီးသော အဖွဲ့ဖြစ်သည်။

ရှမ်းပြည်အရှေ့ပိုင်း ပန်ဆိုင်းတွင် ကျင်းပမည့် ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ကေအိုင်အေ ဖက်မှသဘောတူပြီးနောက် ကြာသာပတေးနေ့ တွင် မြန်မာအစိုးရဖက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က VOA သို့အတည်ပြုပြောကြားခြင်း ဖြစ်သည်။ ပန်ဆိုင်းသည် တရုတ်နှင့် အနီးကပ် ဆက်ဆံ နေသော ဝ အဖွဲ့ UWSA ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်သည်။

ဦးရဲထွဋ်က “အစိုးရနှင့် ကေအိုင်အေ အကြားဆွေးနွေးပွဲကို လက်ခံကျင်းပရန် ဝ အဖွဲ့ကကမ်းလှမ်း လာခြင်းကို အစိုးရက သဘောတူ လိုက်ကြောင်း၊ ကျင်းပမည့် ရက်ကိုညှီနှိုင်းနေဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကေအိုင်အို နှင့် ဆွေးနွေးရေးကိုအချိန်မရွေး၊ နေရာမရွေး အဆင်သင့် ရှိသည်ဟု ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝ အဖွဲ့ကကမ်းလှမ်းလာချိန်တွင် သဘောတူလိုက်ကြောင်း” ရှင်းလင်းပြောဆိုသည်။

ကေအိုင်အေနှင့် အစိုးရတပ်ဖွဲ့အကြား ၁၇ နှစ်အကြာ အပစ်ရပ်စဲထားမှုမှာ ၂၀၁၁ ဇွန်လတွင် ကျိုးပေါက်သွားခဲ့ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်း အတွက်တစ်ဖက်နှင့် တစ်ဖက် အပြစ်ဖို့လျက်ရှိကြသည်။

ပြီးခဲ့သော ဒီဇင်ဘာတွင် တိုက်ပွဲများအရှိန်မြင့်လာခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှ လဂျားယန် နယ်မြေကို အစိုးရတပ်များက လုယူ ထိန်းချုပ်ရန်အတွက် ဂျက်လေယာဉ်၊ ရဟတ်ယာဉ် နှင့် လက်နက်ကြီး ပစ်ကူအားကိုးကာ ထိုးစစ်ဆင်ခဲ့သည်။ ထို့အတွက် နယ်စပ်မျဉ်းတစ်လျှောက်နှင့် တရုတ်ပိုင်နက်ထဲသို့ အမြောက်ဆံများ ကျရောက်ခဲ့သည်။

ထို့အတွက်နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး ဖိအားပေး မှုများကြောင့် မြန်မာအစိုးရက တိုက်ခိုက်မှုများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် လေကြောင်းမှ တိုက်ခိုက်မှုများရပ်သွားခြင်းသာ ဖြစ်ပြီး၊ အမြောက်နှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရှိရသည်။

ဝ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “UWSA ၏ ကမ်းလှမ်းမှုကို အစိုးရက ရက်အတန်ကြာကပင် လက်ခံထားပြီးဖြစ်၍ KIA ထံမှ သဘောတူခေါင်းညိတ်မှုကို စောင့်နေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲရက် သတ်မှတ်ပြီးပါက နှစ်ဖက်အသိုင်းအဝိုင်း ကိုယ်စားပြု တက်ရောက်မည့် သူများကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ ဝ နယ်မြေသည်လုံခြုံမှုရှိ၍ အကြောင်းသိပြီး ဖြစ်သောကြောင့် နှစ်ဖက်စလုံးက ဆွေးနွေးပွဲ ကျင်းပရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောဆိုသည်။

ယခင် ဘီဂျင်းက တိုက်ရိုက်ပံ့ပိုးပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ တွင် ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်း ကြသောလက် နက်ကိုင် အုပ်စုများထဲတွင် ဝ အဖွဲ့ UWSA သည် အကြီးဆုံးအဖွဲ့ဟု သိရှိရသည်။

ဝ နှင့် ကချင် နှစ်ဖွဲ့စလုံးသည် တရုတ်နိုင်ငံနှင့် နယ်စပ် တစ်လျှောက် နယ်မြေများကို ထိန်းချုပ်ထားကြပြီး ဝ အဖွဲ့သည်အစိုးရနှင့် မကြာခဏ တင်းမာမှုများရှိခဲ့သော်လည်း ၁၉၈၉ မှစ၍ အပစ်ရပ်စဲ ထားသည်။

ထိုကဲ့သို့ အပစ်ရပ်နယ်မြေကို ထိန်းချုပ်ထားနိုင်မှုကြောင့် ဝ အဖွဲ့သည် ဒေသတွင်း အကြီးဆုံး မူးယစ်ကုန်ကူးသော အဖွဲ့ ဖြစ်လာခဲ့ပြီး ဝါရှင်တန် ၏ most wanted စာရင်းတွင် ဝ အဖွဲ့ခေါင်းဆောင် ပါဝင်လာခဲ့သည်။

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်သော ကိုးကန့်အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်က နှိပ်ကွပ်ပြခဲ့သောကြောင့် အလားတူငြင်းဆန်နေသော ဝ အဖွဲ့ကိုပါ ဖိအားပေးနိုင်ခဲ့သည်။

ဝ အဖွဲ့သည် ကချင်ပြည်နယ်မှ ပဋိပက္ခကို သတိထား စောင့်ကြည့်နေပြီး၊ တရုတ်ပြည်၏ အကူအညီ ဖြင့် တိတ်တဆိတ် စစ်အင်အားကောင်း အောင် တည်ဆောက်နေသည်ဟု လုံခြုံရေး အကဲခတ်များက ဆိုပါသည်။

ဝ အဖွဲ့အား တရုတ်နိုင်ငံက လက်နက်ပံ့ပိုးနေသည်ဟူသော သတင်းများကို ရန်ကုန်မြို့ တရုတ်သံရုံးက ငြင်းဆိုထားသည်။

အစိုးရနှင့် ကေအိုင်အို အကြား ယခင် အကြိမ်ကြိမ်ဆွေးနွေးမှုများတွင် အစိုးရဖက်က ရှေးဦးစွာ အပစ်ရပ်ရေးကို ဆန္ဒရှိသော်လည်း ကေအိုင်အို ဖက်က အကဲဆတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စကို ပိုမိုဆွေးနွေးလိုခြင်းကြောင့် တိုးတက်မှုအနည်းငယ်သားရှိခဲ့သည်။

အောက်တိုဘာလက နောက်ဆုံးကျင်းပသော ရွှေလီဆွေးနွေးပွဲတွင် ကေအိုင်အေဖက်က ဆုံးဖြတ်ချက်ပေးနိုင်သော တပ်မှူးကို စေလွှတ်ပေးခြင်း မရှိခဲ့ပါ။

ဦးရဲထွဋ်က “ကျွန်တော်တို့ဖက်က မြောက်ပိုင်းကချင်ပြည်နယ်ကို ကိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကို စေလွှတ်ပေးခဲ့ပေမယ့် သူတို့ဖက်က လုပ်ပိုင်ခွင့်ရှိတဲ့ တပ်မှူးကို စေလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးပွဲပျက်သွားပြီး လဂျားယန် မှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ရတာပါ” ဟုပြောကြား သည်။

ယခု အချီဆွေးနွေးပွဲတွင် ကေအိုင်အေဖက်မှ ထိပ်တန်းအဆင့် ကိုယ်စားလှယ်စေလွှတ်ပေးဖို့လိုအပ်ပြီး သို့မှသာ တိုးတက်မှုရှိအောင် ပြုလုပ် နိုင်လိမ့်မည်ဟု ဦးရဲထွဋ် က ဆိုပါသည်။

ကေအိုင်အေ ဖက်မူ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။သို့ရာတွင် ကေအိုင်အေ သူပုန်တို့ဖက်မှ လိုလိုလားလားမရှိမှုသည် အယုံ အကြည်မဲ့ခြင်းပေါ်တွင် အခြေခံသည်ဟု ငြိမ်းချမ်းရေးစေ့စပ်သူများနှင့် အကဲခတ်လေ့လာ သူများက ပြောကြားကြသည်။

ကချင်ပြည်နယ်ပဋိပက္ခသည် မြန်မာအာဏာရှင်အကြီးအကဲဟောင်း၏ တစ်ချက်ခုတ်လေးချက်ပြတ် မဟာဗျူဟာတစ်ခု ဖြစ်သည်ဟုလည်း တစ်ချို့အကဲခတ်များက ခန့်မှန်းကြသည်။

---------------------------------------------------------------------------------

အစိုးရအာဘော် သတင်းစာ အသွင်ပြောင်းရန် ပုဂ္ဂလိက တွဲဖက်ရှာ

(AFP News မှ 31 Jan 2013 ရက်စွဲပါ “Myanmar regime mouthpiece seeks private partner” သတင်းကို ဘာသာပြန်ပါသည်)

photo:Internet

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အစိုးရသစ်က နိုင်ငံပိုင်မီဒီယာအပေါ် ချုပ်ကိုင်မှုဖြေလျှော့နေပြီ ဖြစ်သောကြောင့် အစိုးရအာဘော်သတင်းစာ New Light of Myanmar အနေဖြင့် လက်တွဲရန် ပုဂ္ဂလိက ပါတနာ ရှာဖွေနေကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အသေးစိတ်အချက်များကို မသိရသေးသော်လည်း အတိုက်အခံများနှင့် နိုင်ငံခြားအုပ်စုများကို နှစ်ပေါင်းများစွာ ဆန့်ကျင်ရပ်တည်လာခဲ့သော အင်္ဂလိပ်ဘာသာ သတင်းစာအပေါ် အစိုးရက အနည်းဆုံးအားဖြင့် ခေါင်းကြီးပိုင်းထိန်းချုပ်ထားမှုကို ဖြေလျှော့ပေးမည့် အလားအလာတိုးပွားလာပြီဟု သိရှိရ သည်။

“အင်္ဂလိပ်ဘာသာ New Light of Myanmar သတင်းစာ ကိုထုတ်ဝေဖို့ စိတ်ဝင်စားသူတွေကို တင်ဒါခေါ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူလိုက်ပါပြီ” ဟု အမည်မဖော်လိုသူ ပြည်သူ့ဝန် ဆောင်မှု မီဒီယာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက AFP သို့ပြောကြားသည်။

အောက်တိုဘာလက နိုင်ငံပိုင်သတင်းစာ ၃ စောင်ကို ပြည်သူ့အကျိုးပြု မီဒီယာအဖြစ် အသွင်ပြောင်းရန် စီစဉ်နေကြောင်း ကြေညာချိန်တွင် ဖွဲ့စည်းခဲ့သော အထက်ပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက “ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ လူသားရင်းမြစ်လိုအပ်ချက်ကြောင့် ဒီနေ့သတင်းစာကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပြောင်းပစ်လိုက်မှသာ ကွာလတီ သတင်းစာဖြစ်လာဖို့ မျှော်လင့်နိုင်မှာပါ” ဟု ဆိုပါသည်။

New Light of Myanmar သတင်းစာသည် အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံခြား သတင်းဌာနများအပေါ် ပုတ်ခတ် စော်ကားသောကြွေး ကြော်သံများကို ပယ်ဖျက်ခဲ့ပြီး၊ ယခုနောက်ပိုင်းတွင် ဟောလိဝုဒ် အတင်း အဖျင်းများ ကိုပင် ဖော်ပြလာသည်ကိုတွေ့ရသည်။

အလားတူ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Myanmar Times Weekly ပူးတွဲ ထူထောင်သူ သြစတြေးလျားနိုင်ငံသား ရော့ဒန်ကလီ က New Light of Myanmar နှင့် ပူးပေါင်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဒီလိုအချိန်မှာ ဒီတိုင်းပြည်ရဲ့ နိုင်ငံပိုင်သတင်းစာကို ပြန်လည်ပုံသွင်းဖို့ ကူညီခွင့်ရတာဟာ ကြီးမားတဲ့ အခွင့်အလမ်းပါ။” ဟု ဒန်ကလီ ကဆိုသည်။

၂၀၁၃ ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့် ညွှန်းကိန်းဇယားတွင် မြန်မာနိုင်ငံသည် ၁၇၉ မှ ၁၅၁ သို့ ၁၈ ဆင့် တက်လာသည့် အတွက် မြန်မာ့ အပြောင်းအလဲများကို ကျေးဇူးတင်ကြောင်း ပါရီအခြေစိုက် နယ်စည်းမထားသတင်းထောက်များအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

---------------------------------------------------------------------------------

ရခိုင်ပြည်နယ်တွင် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Troops shoot one dead in West Myanmar: government official ” သတင်းကို ဘာသာပြန်ပါသည်။)

photo:Internet

ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရွာသားများနှင့်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စဉ်အတွင်း အစိုးရတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂါလီများဟု မြန်မာအစိုးရက သတ်မှတ်ထားသော ရိုဟင်ဂျာ မွတ်ဆလင် အများစု  နေထိုင်ရာ နယ်မြေတွင် တနလာင်္နေ့က အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“ဘင်္ဂါလီ ၂၀ လောက်က စစ်သားတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ စစ်သားတွေက သတိပေး ပစ်ခတ်ရာမှာ တစ်ဦးထိမှန်သွားတာပါ။ ဆေးရုံပို့တဲ့လမ်းမှာတင် သေဆုံးသွားပါတယ်” ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိက ပြောကြားသည်။

အခင်းဖြစ်ပွားမှု အကြောင်းအရင်းများကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ၎င်းနယ်မြေသို့ သစ်တောဌာနဝန်ထမ်းများက စစ်ဆေးရေး ဝင်ရန် ကြိုးစားစဉ် ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်မြိုင် ကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ကစတင်ဖြစ်ပွါးသော ရခိုင်- ရိုဟင်ဂျာ အဓိကရုဏ်းကြောင့် အနည်းဆုံး ၁၈၀ ခန့် သေဆုံးခဲ့ပြီး၊ အိုးမဲ့၊ အိမ်မဲ့ ဖြစ်နေ သော ဒုက္ခသည် တစ်သိန်းကျော်တွင် ရိုဟင်ဂျာ အများစုပါဝင်သည်။ အချို့ ရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံသို့ သွားရန်အတွက် စက်လှေများဖြင့် ပင်လယ် ဖြတ်ကူးထွက်ပြေးကြသည်။

နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က “မြန်မာအစိုးရတပ်များသည် ရိုဟင်ဂျာများအားကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သည်” ဟု သြဂုတ်လက အစီရင်ခံစာ ထုတ်ပြန်စွပ်စွဲထားသည်။

ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးစုဟု ကုလသမဂ္ဂ၏ သတ်မှတ်ခြင်းခံရသူ ရိုဟင်ဂျာ-မွတ်ဆလင် ၈ သိန်းကျော်ကို မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားပါသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive