Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ရန် ကြက်ခြေနီက လုပ်ဆောင်လျက်ရှိ

(4 Feb 2103 ရက်စွဲပါ British Red Cross မှ Red Cross improves maternal health care in Myanmar ကိုဘာသာပြန်ပါသည်)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အသေးစိတ်ကိုမြန်မာထုတ်ပြန်

(Argus Media News မှ 4 Feb 2013 ရက်စွဲပါ “Burma clarifies foreign investment Law”  သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တို့ သဘောတူညီမှုအချို့ရရှိ

(BBC News မှ 4 Feb 2013 ရက်စွဲပါ “The Burmese Government reaches deal with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်။

  1. မြန်မာတယ်လီကွန်း ဈေးကွက်ကို ထိုင်းနိုင်ငံမှ AIS နှင့် True တို့မျက်စိကျ

 (The Nation မှ 4 Feb 2012 ရက်စွဲပါ AIS, True eye Myanmar market ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ရန် ကြက်ခြေနီက လုပ်ဆောင်လျက်ရှိ

(4 Feb 2103 ရက်စွဲပါ British Red Cross မှ Red Cross improves maternal health care in Myanmar ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ကြက်ခြေနီ၏ အစီအစဉ်အသစ်မှာ ဝေးလံခေါင်ပါးသော ဒေသ (၇၅) ခုမှ မိခင်များ နှင့် ကလေးများအပေါ် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ပေးရေးဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားပြီး မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဝန်ဆောင်မှုအကန့်အသတ်ရှိနေသေးသော်လည်း ကလေးငယ်သေဆုံးမှုနှုန်းတွင် များစွာ သက်ရောက်မှုများ ရှိပါသည်။ မြန်မာနိုင်ငံတွင် ကလေး တစ်ထောင်မွေးလျှင် (၇၀) ကျော် သေဆုံးလျှက်ရှိရာ အရှေ့တောင်အာရှတွင် အဆိုးဆုံးဖြစ်ပါသည်။

မြန်မာ့ကြက်ခြေနီအစီအစဉ်တွင် ဗြိတိသျှကြက်ခြေနီအဖွဲ့မှ ထောက်ပံ့ကူညီနေပြီး ကျန်းမာရေး ဝန်ဆောင်မှုများ၊  ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်သူများလေ့ကျင့်ပေးခြင်း၊ ကာကွယ်နိုင်သည့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကို သိလာအောင်လုပ်ဆောင်ပေးခြင်းများကို အာရုံပြု လုပ်ဆောင်နေပါသည်။

ကျန်းမာရေးဝန်ဆောင်မှုအတွက် အကန့်အသတ်များ

ဗြိတိသျှကြက်ခြနီအဖွဲ့ ကျန်းမာရေးအကြံပေး Gregory Rose ကပြောကြားရာတွင် “စစ်ကိုင်းရဲ့ ဝေးလံတဲ့ အစိတ်အပိုင်းဒေသတစ်ခုက အမျိုးသမီးတွေနဲ့ ဆွေးနွေးကြည့်တော့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ဟာက ဖြစ်နေကျစိန်ခေါ်မှုတစ်ခုဖြစ်နေပြီလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အဆောက်အအုံကိုရောက်ဖို့ တစ်ခါတစ်ရံလှေနဲ့သွားရတယ်။ ကလေးတွေ ဆေးကုဖို့ တခြားရွာကို လမ်းလျှောက်သွားရပါတယ်။” ဟု ဆိုပါသည်။

ထို့ကြောင့် ကြက်ခြေနီသည် အဆိုပါဒေသများတွင် သားဖွားဆရာမနှင့် အရန်သားဖွား ဆရာမ (၉၀) ကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

စကားများပြန့်နှံစေခြင်း

နောက်ထပ်တစ်ခုမှာ သန့်ရှင်းသောရေကို အသုံးပြုရေး ဖြစ်ပါသည်။ ဒေသအတော်များများတွင် ထိုကိစ္စမှာ ခက်ခဲနေဆဲဖြစ်ပါသည်။ မသန့်ရှင်းသောကြောင့် ကလေးငယ်များကိုဖျားနာမှုများ ဖြစ်စေပါသည်။ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကြက်ခြေနီသည် ပို၍ဝေးလံခေါင်ပါးသော ဒေသများတွင် ရေပေးရေး စနစ်တည်ဆောက်ပေးခြင်းနှင့် အိမ်သာများ ဆောက်လုပ်ပေးခြင်းဖြင့် အခြေအနေကို တိုးတက်စေပါသည်။

Greg ကပြောကြားရာတွင် “ကျွန်မတို့လုပ်နေတဲ့ ဒေသက အမျိုးသမီးတွေက ပြောတာက ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အတော်ကြိုးစားရတယ်လို့ ဆိုပါတယ်။ ရေနဲ့ သန့်ရှင်းမှု အခြေအနေတွေ နိမ့်ကျနေတာကလည်း ပိုမိုဆိုးရွားစေပါတယ်။” ဟု ပြောပါသည်။

“ဒါ့ကြောင့် ကျွန်မတို့အဖွဲ့တွေဟာ မိခင်နို့တိုက်ကျွေးခြင်း အပါအဝင် လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ ကျန်းမာရေးအကျင့်တွေကို သိအောင် ပိုလုပ်ပေးရမယ်။ ဒါမှ ကျန်းမာရေးအရ ကောင်းမွန်စွာ ထိန်းသိမ်းလုပ်ဆောင်မှုတွေ အတွက် ဗဟုသုတတွေရရှိပြီး အနာဂတ်မျိုးဆက်တွေကို လက်ဆင့် ကမ်းနိုင်မှာပါ”ဟု Greg ကပြောပါသည်။

-----------------------------------------------------------------------------------------------

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အသေးစိတ်ကိုမြန်မာထုတ်ပြန်

(Argus Media News မှ 4 Feb 2013 ရက်စွဲပါ “Burma clarifies foreign investment Law”  သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအစိုးရသည် အရေးကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ နောက်ထပ်အသေးစိတ် အချက်များကို ထုတ်ပြန်ခြင်းဖြင့် ရေနံ၊ ဓါတ်ငွေ့ ကုမ္ပဏီများအား ဆက်လက်တံခါးဖွင့်ပေးထားမည်ဖြစ်ကြောင်း အချက်ပြလိုက်ပါသည်။

နိုဝင်ဘာလက သမ္မတဦးသိန်းစိန် အတည်ပြုပြီးသွားသော်လည်း အသေးစိတ်မပါရှိသော ရင်းနှီးမြှုပ်နှံ ဥပဒေသစ်အားမည်သို့ အကောင်အထည် ဖော်မည်ကို အစိုးရက ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ နိုင်ငံတကာရေနံဓါတ်ငွေ့ ကုမ္ပဏီများအနေဖြင့် ရှာဖွေထုတ်လုပ်မှု စီမံကိန်းများတွင် အနည်းဆုံး ရင်းနှီးမြှုပ်နှံမှုပမာဏမလိုတော့ပဲ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်လုပ်ကိုင်နိုင်ကြတော့မည် ဖြစ်သည်။ ၎င်းဥပဒေတွင် ပြည်သူပိုင် သိမ်းခြင်းနှင့် အခွန်ကင်းလွတ်မှု ဆိုင်ရာ အာမခံချက်များလည်း ပါဝင်သည်။

ရေနံကုမ္ပဏီများအနေဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခု အထူးသဖြင့် နိုင်ငံပိုင်ကုမ္ပဏီ MOGE နှင့် ဖက်စပ် တူးဖော်ထုတ်လုပ်ရေး ကန်ထရိုက် စာချုပ်ကိုမူ လက်မှတ်ထိုးရဦးမည်ဖြစ်သည်။ သို့သော်လည်း ပြည်တွင်းရင်နှီးမြှုပ်နှံသူကို မည်၍မည်မျှ လုပ်ပိုင်ခွင့်ပေးရမည် ဟူသော အနိမ့်ဆုံးကြိုတင် သတ်မှတ်ချက်များ မလိုတော့ပဲ စီမံကိန်းတစ်ခုခြင်းအလိုက် စေ့စပ်ညှိနှိုင်းနိုင်မည်ဟု သိရသည်။

ခရိုနီများ၏ ဖိအားပေးမှုဖြင့်ရေးဆွဲထားသော မူလဥပဒေမူကြမ်း၌ ရေနံ၊ ဓါတ်ငွေ့အပါအဝင် အထူးကန့်သတ်စီမံကိန်းများတွင် နိုင်ငံခြား ကုမ္ပဏီများကို အနည်းစုရှယ်ယာသာ ပေးရန်အဆိုပြုထားပါသည်။

Dliver Kinross မှ ကြီးမှုးကျင်းပသော မြန်မာ့ရေနံဓါတ်ငွေ့ဆိုင်ရာ ညီလာခံတွင် P & A Asia ဥပဒေလုပ်ငန်းမှ ဆဘက်ရှန်ပေါ်လီတာက “ဒီ ရင်းနှီးမြှုပ်နှံမှုဥပဒေ အသေးစိတ်စည်းကမ်းတွေမှာ မြန်မာအစိုးရကများများစားစား ချုပ်ချယ်ခြင်းမရှိဘဲ၊ အကျိုးသင့်အကြောင်းသင့် ကန့်သတ်ချက်သာ ရှိတဲ့အတွက် ပြင်ပကမ္ဘာကြီးကို အများကြီးအပြုသဘောဆောင်တဲ့ လက္ခဏာတွေပြသလိုက်တာပါပဲ” ဟု မှတ်ချက်ပေးသည်။

သို့ရာတွင် ဒေသခံဝန်ထမ်းခန့်ထားရေး ပမာဏနှင့် ရင်းနှီးမြှုပ်နှံငွေ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းဆိုင်ရာ အခွန်ကောက်ခြင်း စသည့်ဥပဒေပါ စာကြောင်းအချို့မှာမူ ရေနံကုမ္ပဏီများကို အခက်တွေ့စေနိုင်ပါသည်။ “ဒါပေမယ့်လည်း အစိုးရက သွားနေတဲ့ လမ်းကြောင်းက အပြုသဘော ဆောင်ပါတယ်” ဟု Ernst & Young မှ ကမ္ဘာ့ရေနံဓါတ်ငွေ့ အရောင်းအဝယ် ဦးဆောင်သူ အင်ဒီဘရိုဂန် ကပြောကြားသည်။

၁၉၉၀ ခုနှစ်များတွင် Sanctions ပိတ်ဆို့မှုများကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ အဆက်ပြတ်သွားသော မြန်မာ့စီးပွားရေးနယ်ပယ်သို့ အသစ် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် အဆိုပါဥပဒေမှာ လွန်စွာအရေးပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြိုလဲကာ ချောက်ထဲသို့ ကျလုဆဲဆဲတွင် အာဏာရှင်အကြီးအကဲ ကန့်လန့်ကာနောက်ကွယ်သို့ ရွှေ့သွားပြီးနောက် ၂၀၁၁ တွင် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍတွင် ထိုင်း၊ တရုတ်နှင့် အခြားအာရှပစ္စဖိတ် ကုမ္ပဏီများ ကြီးစိုးနေသော်လည်း မနှစ်က Sanction များ ရုပ်သိမ်းပြီး နောက်ပိုင်းတွင် အခြားနိုင်ငံတကာ ကုမ္ပဏီများ ဖြည်းဖြည်းချင်းစတင်ဝင်လာနေပြီ ဖြစ်သည်။

ထိုင်းနိုင်ငံပိုင် PTP က လုပ်ကိုင်နေသော ရတနာ ဓါတ်ငွေ့ထုတ်လုပ်မှု ကန်ထရိုက်တွင် ပြင်သစ် Total က ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ သြစတြေးလျား Woodside ကုမ္ပဏီကလည်း မြန်မာကမ်းလွန်လုပ်ကွက် နှစ်ခုတွင် ရှယ်ယာများထည့်ဝင်ထားသည်။

သို့ရာတွင် ပြည်တွင်းဒေသခံ ကုမ္ပဏီနှင့် နိုင်ငံခြားရေနံ ကုမ္ပဏီဖက်စပ် လုပ်ကိုင်ရမည်ဟူသော စည်းကမ်းအရ ခရိုနီအချို့နှင့် တပ်မတော်ဦးပိုင် ကုမ္ပဏီများက စွမ်းအင်ကုမ္ပဏီထောင်၍ ဝင်ရောက်အမြတ်ထုတ်မှုကြောင့် နိုင်ငံဝင်ငွေ နစ်နာဆုံးရှုံးဖွယ်ရှိသည်ဟု အကဲခတ်လေ့လာသူ အချို့က သတိပေး ပြောဆိုကြသည်။

------------------------------------------------------------------------------------------------

မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တို့ သဘောတူညီမှုအချို့ရရှိ

(BBC News မှ 4 Feb 2013 ရက်စွဲပါ “The Burmese Government reaches deal with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်)

Photo Credit - AFP

မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့သည် ၎င်းတို့၏ ပဋိပက္ခ အဆုံးသတ်ရေး လမ်းပွင့်သွားစေမည့် သဘောတူညီမှုကို ရရှိသွားပြီ ဖြစ်သည်။

စစ်တပ်နှင့်သူပုန်များအကြား လတ်တလောတိုက်ခိုက်မှုများ ရှိနေသည့်ကြားမှပင် တရုတ်ပြည် အနောက်တောင်ပိုင်း ရွှေလီမြို့တွင် ဆွေးနွေးပွဲ ပြုလုပ်ရန် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် စစ်ရေးတင်းမာမှုများ လျှော့ချရန် ဆက်သွယ်ရေးလမ်းကြောင်းများဖွင့်ရန်နှင့် ဖေဖော်ဝါရီလမကုန်မှီ နောက်တစ်ကြိမ် ဆွေးနွေးရန် နှစ်ဖက် သဘောတူညီမှု ရခဲ့ကြသည်။

ထို့အပြင် နိုင်ငံရေဒိုင်ယာလော့ ဆွေးနွေးရန် နှင့် အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်နိုင်စေမည့် အကဲခတ်စောင့်ကြည့်စနစ် တစ်ခု ထူထောင်ရန်တို့ကိုပါ သဘောတူညီမှုရခဲ့ကြသည်ဟု Associated Press သတင်းက ဆိုသည်။

ယခု သဘောတူညီချက်သည် အပစ်ရပ်စဲမှု မကြေညာနိုင်သေးသော်လည်း ပိုမိုအရေးကြီးသော ဆွေးနွေးမှုများမတိုင်မှီ ယုံကြည်မှု တည်ဆောက်ရန် ကြိုးစားကြခြင်းဖြစ်သည်ဟု ဘန်ကောက်မှ BBC သတင်းထောက် ဂျိုနာဆန်ဖစ်ရှာ ကဆိုပါသည်။

၎င်းက ဆက်လက်၍ “ဆွေးနွေးပွဲ၏ အရေးပါမှုသည် လက်တွေ့အခု ဘာတွေဖြစ်နေလဲ ဆိုသည့်အပေါ်မူတည်လိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ တိုက်ပွဲအရှိန် လျှော့သွားပါက မြန်မာနိုင်ငံ၏ အလှုပ်ရှားဆုံး ပြည်တွင်းပဋိပက္ခ ပြီးဆုံးရန်အတွက် စတင်မှုဖြစ်လာနိုင်ကြောင်း” သုံးသပ်ပြောကြားသည်။

အရပ်သားတွေနေစရာမရှိ

ယခု သီတင်းပတ်များအတွင်း အစိုးရတပ်များက ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက်ရှိ အရေးပါသော တောင်ကုန်းများစွာကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သောလတွင် နှစ်ဖက်စလုံး အပစ်ရပ်ခဲ့သော်လည်း ချက်ခြင်းပင် ပျက်ပြားသွားခဲ့သည်။

၂၀၁၁ ဇွန်လတွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း တိုက်ပွဲအရှိန် မြင့်လာခြင်းကြောင့် ဒေသခံအရပ်သား ထောင်ပေါင်း များစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ထိုအတောအတွင်း အကြိမ်ကြိမ်ဆွေးနွေးမှုများတွင်လည်း နှစ်ဖက်သဘောတူညီမှု တစ်စုံတစ်ရာ မရခဲ့ကြပေ။

အစိုးရဖက်မှ ကနဦး အပစ်ရပ်လိုသော်လည်း ကေအိုင်အေဖက်မှ အပစ်မရပ်မီ နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုကို အရင်ရရှိလိုသည်ဟု သိရှိ ရသည်။

လက်ရှိနှစ်များအတွင်း မြန်မာအစိုးရက ကေအိုင်အေမှ လွဲ၍ အခြားလက်နက်ကိုင် အုပ်စုကြီးများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုများ ရရှိအောင် ကြိုးစားခဲ့သည်။

ကချင်ပြည်နယ် ပဋိပက္ခသည် စစ်ဖက်အစိုးရထံမှ အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည် ရနေသော သမ္မတဦးသိန်းစိန်အစိုးရအတွက် စိန်ခေါ်မှု တစ်ခုပင်ဖြစ်သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာတယ်လီကွန်း ဈေးကွက်ကို ထိုင်းနိုင်ငံမှ AIS နှင့် True တို့မျက်စိကျ

 (The Nation မှ 4 Feb 2012 ရက်စွဲပါ AIS, True eye Myanmar market ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ နာမည်ကျော်တယ်လီကွန်း ကုမဏီကြီးများ ဖြစ်ကြသော Advanced Info Service(AIS) နှင့် True Corp တို့က အခြားသော ကမ္ဘာလုံးဆိုင်ရာ တယ်လီကွန်းကုမဏီကြီးများနည်းတူ မြန်မာနိုင်ငံတွင် တယ်လီဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရယူနိုင်ရေးအတွက် စိတ်ဝင် စားလျက်ရှိနေကြောင်းသိရသည်။

AIS ၏ ဒုတိယဥက္ကဌ Somprasong Boonyachai က၎င်းတို့ကုမဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားလျက် ရှိသည်ဟု မြန်မာအစိုးရကို အသိပေးထုတ်ဖော် ပြောဆိုထားကြောင်း ပြောကြားသည်။

 ထိုနည်းတူစွာပင် True Corp မှ အမှုဆောင်အရာရှိချုပ် Suphachai Chearavanont ကလည်း မြန်မာနိုင်ငံတွင် တယ်လီကွန်းလိုင်စင်ရရှိရန် စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာအစိုးရကို အသိပေးအကြောင်းကြားထားကြောင်း ပြောကြားသည်။

AIS သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က မြန်မာ အစိုးရကို အသိပေးအကြောင်းကြားခဲ့ရာ မြန်မာအစိုးရကလည်း အကြောင်းကြားမှုကို လက်ခံရရှိကြောင်း ပြန်လည်အသိပေးခဲ့သည်ဟု AIS ၏ အမှုဆောင် အရာရှိချုပ် Wichian Mektrakarn ကပြောသည်။ တယ်လီကွန်းလိုင်စင်ရရှိရေးအတွက် လိုအပ်သည့် အသေးစိတ်အချက်အလက်ရရှိရန် ယခုအခါ AIS က စောင့်ဆိုင်းလျက်ရှိသည်။

AIS အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထဲသို့ ဝင်ရောက်လုပ်ကိုင်ရန် ယခုလိုနည်းလမ်း ရှာဖွေကြိုးပမ်းမှုမှာ ပထမဆုံးအကြိမ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆယ်လူလာဖုန်း အော်ပရေတာကြီးဖြစ်သည့် AIS သည် ယခင်က Shin Corp ဟုလူသိများသည့် InTouch ၏ အရေးပါသော လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

True  ကုမဏီမှ Suphachai ၏ အဆိုအရ True သည်မြန်မာနိုင်ငံတွင် တယ်လီကွန်းနှင့် ရုပ်သံလွှင့်လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်း လျက်ရှိသည်။ ထိုသို့ စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိနိုင်ရေးအတွက် Suphachai က ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့သည်ဟု ဆိုသည်။

လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံသည် လတ်တလော ကာလများအတွင်း တယ်လီကွန်းဝန်ဆောင်မှု လိုင်စင်များ ချထားပေးရေးအတွက် နိုင်ငံခြား တယ်လီကွန်းအော်ပရေတာများကို ဖိတ်ခေါ်ထားသည်။ မြန်မာသည် ပြည်တွင်းနှင့် နိုင်ငံတကာမှ အော်ပရေတာများ ယှဉ်ပြိုင်မှုကို မြှင့်တင်ပေးရန် တယ်လီကွန်နှင့် ICT လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မူဝါဒဆိုင်ရာမူဘောင်များ ရေးဆွဲထားပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကပန်းတိုင်မှာ လာမည့် ၂၀၁၅ - ၂၀၁၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး၏ တယ်လီသိပ်သည်မှု(Tele-Density) ကို ၇၅ - ၈၀ ရာခိုင်နှုန်းထိ မြှင့်တင်နိုင်ရေးပင်ဖြစ်သည်။

မြန်မာအစိုးရက ထုတ်ပြန်သော နောက်ဆုံးကိန်းဂဏန်းများအရ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မိုလ်ဘုန်းဖုန်းအသုံးပြုသူ ၅ ဒဿမ ၄၄ သန်းရှိသည်။

“ဒီနှစ်အတွက်ကတော့ AIS က ထိုင်းနိုင်ငံဈေးကွက်ကိုပဲ အဓိကအလေးပေး ထားပါတယ်။ မြန်မာကတော့ AIS ကစိတ်ဝင်စားနေတဲ့ တစ်ခု တည်းသော နိုင်ငံတကာဈေးကွက်ပဲ ဖြစ်ပါတယ်” ဟု InTouch ၏အမှုဆောင် ကော်မတီဥက္ကဌ တာဝန်ကိုလည်းရယူထားသူ Somprasong က ပြောကြား သည်။

AIS ၏ ဈေးနှုန်းလျှော့ချမှု နောက်ဆုံးကာလမှာ တဖြည်းဖြည်းချင်း နီးကပ်လာပြီး ကုမဏီခွဲဖြစ်သော Advance Wireless Network အနေ ဖြင့်လည်း ထိုင်းနိုင်ငံတွင် 3G2 1GHz လိုင်စင်ရရှိထားပြီဖြစ်ရာ AIS အနေဖြင့် ပြည်ပဈေးကွက်သို့တိုးချဲ့ရန် အချိန်ကောင်းပင်ဖြစ်ကြောင်း၊ AIS ဈေးနှုန်း လျှော့ချမှုသည် လာမည့် ၂၀၁၅ ခုနှစ် မတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း Wichian ကဖြည့်စွက်ပြောဆိုသည်။

“ကျွန်တော်တို့ ကုမဏီဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အင်မတန်အားကောင်းတဲ့ တယ်လီကွန်းကုမဏီ တစ်ခုဖြစ်ပြီး ပြည်ပဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မယ် ဆိုတာကို ကျွန်တော်တို့ယုံကြည်မှု အပြည့်အဝရှိထားတယ်” ဟု ၎င်းကဆိုသည်။

လတ်တလောအနေအထားတွင် InTouch ၏ ဂြိုလ်တုအော်ပရေတာဖြစ်သော Thaicom သည် နိုင်ငံတကာတယ်လီကွန်းလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိ ထားသည်။ Thaicom သည် လာအိုနိုင်ငံမှ Lao Telecommunications Co(LTC) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။ လာအိုအစိုးရကမူ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သည်။ ကမ္ဘောဒီးယားရှိ တယ်လီကွန်းအော်ပရေတာ Mfone သည်လည်း Thaicom လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

Bloomberg သတင်းဌာနအဆိုအရ စင်ကာပူမှ Singapore Telecommunications၊ မလေးရှားမှ Axiata လုပ်ငန်းစု၊ ST Telemedia၊ နော်ဝေမှ Telenor တို့သည် မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရန် စိတ်ဝင်စားနေကြောင်း မြန်မာအစိုးရကို အကြောင်းကြားထားပြီးဖြစ်သည်။

 

*********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၅.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အခွင့်ပေးထားပေမယ့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေမှာက ဆန္ဒပြချင်ရင်မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ တင်ပြရတယ်။ ဒီလို ကိုယ့်ကိုဖမ်းမဲ့သူတွေကို တင်ပြရတော့ ဘယ်လိုပဲဥပဒေနဲ့ အညီပဲတင်တင် ခွင့်မပြုဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာဆို ငြိမ်းချမ်းစွာလမ်းလျှောက်တဲ့ လူငယ်တွေကို မြို့နယ် ၁၀ မြို့နယ်က အမှုဖွင့်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာပဲ ပါတယ်။ ရဲမှူးဆီတင်ပြရမယ်လို့ မပါပါဘူး။”

ဖေဖော်ဝါရီ ၆ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၁၈) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များရှိနေ၍ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအနေဖြင့် ပြင်ဆင်သင်သည့် အချက်များကို ကောက်ယူနေပြီး အခွင့်သင့်ပါက ပြင်ဆင်မည်ဟုဆို” သတင်းမှ တရားလွှတ်တော် ရှေ့နေဦးကိုနီ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

“အခုခေတ်ကို ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆက်ဆံရေးက အဆင်ပြေတာမြင်ရတော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် အဆင်ပြေတာပေါ့။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီအသွင်သို့ ကူးပြောင်း အောင်လုပ်ရမယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် အခြား ကိစ္စတွေလည်း အဆင်မပြေနိုင်ဘူး။ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းချင်ရင်တော့ ဒီဖွဲ့စည်းပုံကို ပြင်ကိုပြင်ရမယ်။ ဒီ ဖွဲ့စည်းပုံဥပဒေကို ပြင်ဖို့အတွက် အားလုံးဝိုင်းဝန်း လုပ်ဆောင်ရမယ်။ ဒါ့ကြောင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့အတွက် လူထုတစ်ရပ်လုံး နိုးနိုးကြားကြားရှိဖို့လိုအပ်တယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “အစိုးရကို မကျေနပ်သဖြင့် နိုင်ငံရေးဝင်လုပ်ခြင်းသည် နိုင်ငံရေး သမားစစ်စစ် မဟုတ်ဟုဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦး သုံးသပ်” သတင်းမှ အောင်သာ (ပီသုံးလုံး) ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အခုတလော ပုဒ်မ ၁၈ နဲ့အရေးယူတာတွေ အရမ်းများနေတယ်။ အလုပ်သမားက အလုပ်ရှင်ဆီက ရသင့်တာတောင်းတာလည်း ပုဒ်မ ၁၈ နဲ့ လူတွေကို တော်တော်ဒုက္ခပေးနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကိုက လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိပြီးသား ဘယ်သူ့ဆီမှာမှ ခွင့်တောင်းစရာမလိုဘူး။ စီတန်းလှည့်လည်တဲ့နေရာမှာ ဥပဒေအရတားမြစ်ထားတာတွေ လုပ်မှသာ အရေးယူခွင့်ရှိတယ်။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “ရဲတပ်ဖွဲ့မှူးသည် အခြေခံဥပဒေ အထက်ရောက်သွားသကဲ့သို့ ဖြစ်နေကြောင်း ဦးကိုနီပြော” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ  ၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လယ်၊ ဆည် ဝန်ကြီးဌာနကတော့ တောင်သူတွေပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အကြွေးမကြေ သေးတဲ့လူတွေကလွဲလို့ အားလုံးမှတ်ပုံတင်ပေါင်နှံလို့ရတယ်လို့ ပြောထားပေမယ့် တစ်ကယ်တမ်းချေးငွေ ပေးမယ့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ကဘာမှမပြောသေးဘူး။”

ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၆) တွင်ပါရှိသော “လယ်ယာမြေများ မှတ်ပုံတင်ပြီးပါက အစိုးရ အသိအမှတ်ပြု ဘဏ်များတွင် ချေးငွေရယူနိုင်” သတင်းမှ မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း  ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လိုင်ဇာဘက်ကို အလှူရှင်တွေလာဖို့က မလွယ်ဘူးဖြစ်နေတယ်။ ကျွန်မတို့ကတော့ ဒေသခံတွေလာတော့ သွားလို့ရတာပေါ့။ အလှူရှင်အများကြီး လိုအပ်ပါတယ်။ နိုင်ငံခြားရန်ပုံငွေ ၇၄ ရာခိုင်နှုန်း လိုအပ်နေတယ်”

ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၃၈) တွင်ပါရှိသော “လိုင်ဇာမှ ဒုက္ခသည်စခန်းများတွင် အကူအညီများ ပိုမို လိုအပ်နေဟုဆို” သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ မခွန်ဂျာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

   **************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive