Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၁၄.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံတွင် အလားအလာကောင်းသော်လည်း ဂျပန်ကုမ္ပဏီများတုံ့နှေး

(Kyodo News မှ 13 feb 2013 ရက်စွဲပါ “Firms hesitant on Myanmar despite potential” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် အလားအလာကောင်းသော်လည်း ဂျပန်ကုမ္ပဏီများတုံ့နှေး

(Kyodo News မှ 13 feb 2013 ရက်စွဲပါ “Firms hesitant on Myanmar despite potential” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit - Kyodo News

ကုမ္ပဏီကြီးများ၏ ထိပ်တန်းအမှုဆောင်များ အပါအဝင် တာဝန်ရှိသူ ၁၄၀ ခန့်လိုက်ပါသွားသော ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ၆ ရက် ကြာမြန်မာ၊ ကမ္ဘောဒီးယား ခရီးမှ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့၏ ဦးတည်ချက်မှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရန် အဓိက ရည်ရွယ် သော်ငြားလည်း တရုတ်၊ တောင်ကိုရီးယားနှင့် အနောက်နိုင်ငံ ကုမ္ပဏီများ၏ ပစ်မှတ်ဖြစ်နေသော အာရှ၏ နောက်ဆုံးပေါ် ခေါင်းပြူစ လတ်လတ်ဆတ်ဆတ် မြန်မာဈေးကွက်သို့ဝင်ရေးနှင့် ပတ်သက်၍ အချို့ကုမ္ပဏီများ တုံ့ဆိုင်းနေသည့် လက္ခဏာရှိသည်။

သို့သော် ဂျပန်ကုမ္ပဏီများ၏ အကြီးအကဲများသည် လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံ၏ အလားအလာကောင်းကို ကောင်းစွာသိရှိနေကြသည်။

ဂျပန်ကုန်သည်ကြီးများအသင်း JCCI ဥက္ကဋ္ဌ ရှီရိုဆာဟီနာက “မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်ဟာ ထိုင်းနိုင်ငံရဲ့ ဘန်ကောက်ထက် နှစ်ပေါင်း ၃၀ နဲ့ ဗီယက်နမ်နဲ့ ဟနွိုင်း ထက် ၅ နှစ်လောက် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျနေပါတယ်။” ဟု ပြောကြားသည်။

နှစ်ပေါင်းများစွာ တံခါးပိတ်ထးပြီးနောက်တွင် မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု  နယ်ပယ်တွင် ကာလကြာရှည် အဝေးကြီး ပြတ်ကျန်ခဲ့သော်လည်း ထိုအချက်သည် ဖွံ့ဖြိုးရန် အလားအလာကြီးမားနေခြင်းကို ပြသနေသည်။

ကီဒန်ရင် စီးပွါးရေးကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဟိရိုမာဆာ ယိုနီကူရာ က မြန်မာနိုင်ငံ၏ လက်ဝယ်ရှိ အခွင့်အလမ်းများကို အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“တောင်တက်တာနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အခုမှ တောင်တက်ဖို့ ခရီးစရုံပဲ ရှိပါသေးတယ်။” ဟု ၎င်းက ဆိုပါသည်။

JCCI ဥက္ကဋ္ဌ အာဆာဟီနာက “မြန်မာနိုင်ငံ၏ သဘောကျစရာ အချက်များထဲမှ တစ်ခုမှာ စာတက်မြောက်နှုန်း ၉၀% ကျော်နေခြင်းဖြစ်ပြီး ထိုအချက်သည် ဖွံ့ဖြိုးမှုအရှိန်မြှင့်ရန် လွယ်ကူစေလိမ့်မည်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် စီးပွါးရေးစီမံကိန်း ကြိုတင်ပြင်ဆင်ခြင်းကဲ့သို့ ကဏ္ဍများတွင် လေ့ကျင့်သင်တန်း ပေးမှုများ ခိုင်မာလာပါက အိမ်နီးချင်းများကို အချိန်တစ်ဝက်နှင့် လိုက်မှီသွားလိမ့်မည်ဟု အာဆာဟီနာ က ယုံကြည်ထားပါသည်။

သမ္မတ ဦးသိန်းစိန်က ၎င်း၏ နိုင်ငံသည် ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံစရာ အကောင်းဆုံးနေရာ တစ်ခုဟု ဂျပန်ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍ သက်ဆိုင်ရာဝန်ကြီးများကလည်း ဓါတ်အားပေးစက်ရုံများနှင့် စက်မှုဇုန်များ  တိုးချဲ့မည့်အစီအစဉ် များကို စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ထုံးစံအတိုင်း တုံ့ဆိုင်း နေကြသည်။ ဂျပန်နိုင်ငံသည် ၁၉၈၉ မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတွင် ၀.၅% မျှသာ ပါဝင်ခဲ့သော်လည်း တရုတ်က ၃၅% နှင့် တောင်ကိုရီးယားက ၇% အသီးသီး ရှိကြသည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

ယခုကဲ့သို့ တုံ့ဆိုင်းနေရခြင်းမှာ သံသယဖြစ်မှုပေါ်တွင် တစ်စိတ်တစ်ပိုင်းအခြေခံသည် “မြန်မာနိုင်ငံဟာ ဂျပန်ကို အမှန်တကယ်အားကိုးတာ ဟုတ်ရဲ့လား” ဟု ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးက မေးခွန်းထုတ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရကြီးစိုးစဉ်ကာလ၌ပင် တစ်ရင်းတစ်နှီး ဆက်ဆံခဲ့သော တရုတ် တို့သည် အခြားနိုင်ငံများမှ ကုမ္ပဏီများအား ဈေးနှုန်းချယှဉ်ပြိုင်ခြင်း အပါအဝင် အခြားနည်းလမ်း ပေါင်းစုံဖြင့် အသာစီးယူသွားလိမ့်မည်ဟု သံသယရှိသူများက သုံးသပ်ပြောကြားလျက်ရှိသည်။

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၄.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်လိုဟုထုတ်ဖော်

{Guardian သတင်းစာမှ 12 Feb 2013 ရက်စွဲပါ Aung San Suu Kyi offers to mediate Burma peace talks ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်မည်

{Bangkok Post သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Myanmar warships to visit Phuket ကိုဘာသာပြန်ဆိုသည်)

  1. Sing Tel က မြန်မာတယ်လီကွမ်းလိုင်စင်ကို တင်ဒါတင်ထားသော်လည်း ရလာဒ်မသဲကွဲသေး

(Return News မှ 13 February 2013 ရက်စွဲပါ “Sing Tel says has expressed interest in Myanmar Telecom License” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်လိုဟုထုတ်ဖော်

{Guardian သတင်းစာမှ 12 Feb 2013 ရက်စွဲပါ Aung San Suu Kyi offers to mediate Burma peace talks ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြားဖြစ်ပွားနေသောအကြမ်းဖက်မှုများအဆုံးသတ်ရေးတွင် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်းအတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကချင်တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးစာပွဲဝိုင်းသို့ဝင်ရောက်ရန် မြန်မာအစိုးရက တရားဝင်ဖိတ်ခေါ်ထားမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့) အခါသမယတွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုခြင်းလည်းဖြစ်သည်။ ပြည်ထောင်စုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်(မြန်မာ့လွတ်လပ်ရေးဗိသုကာ) ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်က ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရရှိရန် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးခေါင်းဆောင်ကြီးများနှင့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့်နေ့လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခတို့နှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် သဘောမျိုးနေထိုင်ခဲ့ရာ လူ့အခွင့်အရေးအုပ်စုများက ၎င်းအပေါ် ပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးအတွက် ၎င်း၏နိုင်ငံတကာအသိုင်းအဝိုင်းတွင်ရရှိထားသော ဂုဏ်ဒြပ်ကို အသုံးပြုခြင်းမရှိကြောင်း ဝေဖန်ရေးဆရာများကဆိုသည်။

သို့သော် ၎င်းက မိမိအနေဖြင့် ပဋိပက္ခများတွင် မည်သည့်ဘက်ကမှဝင်ရောက် ရပ်တည်လိုခြင်းမပြုလိုကြောင်း၊ အကယ်၍ အစိုးရက မိမိအား တရားဝင်ဖိတ်ခေါ်မှုပြုမည်ဆိုပါက ပါဝင်ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်သင့်သည်ဟု နိုင်ငံပိုင်မီဒီယာများက အကြံပြုရေးသားမှုများပြုလုပ်ထားသော်လည်း အစိုးရအနေဖြင့် သူမအား တိုက်ရိုက်ဖိတ်ခေါ်မှု ပြု၊ မပြုဟူသောကိစ္စမှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်ဆိုပါက ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဆွေးနွေးရာတွင် တမူထူးခြားသော ကွဲပြားခြားနားမှုမျိုးပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော်လည်း တိုင်းရင်းသားအုပ်စုများ၏ ဆန္ဒဖြစ်သော ဖက်ဒရယ်စနစ်ကိစ္စကို သူမအနေဖြင့် အလေးပေးပြောဆိုမှသာ ထူးခြားမည်ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသူများက ပြောကြားသည်။

“ကချင်တစ်မျိုးတည်းမဟုတ်ပါဘူး၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံး လွှတ်တော်ရဲ့ပြင်ပမှာ ဆွေးနွေးဖို့ ပြောဆိုနေကြသလို ဖက်ဒရယ်စနစ် ကျင့်သုံးဖို့လည်း ပြောဆိုနေကြတာပါ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်(KPN) မှ Khon Ja ကပြောသည်။

“ဖက်ဒရယ်မဟုတ်တဲ့ စနစ်ကို ဘယ်တိုင်းရင်းသားလူမျိုးကမှ ပြောဆိုဆွေးနွေးမှုမပြုကြပါဘူး၊  ဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့အချက်က အတူတူပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ကြားဝင်ဆောင်ရွက်မယ်ဆိုရင်တော့ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆုံးဖြတ်လုပ်ကိုင်ခွင့်တို့ မရရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားသလို သူမ၏ နိုင်ငံရေးပါတီကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးလိုကြောင်း ပြောဆိုထားသည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ လေးပုံတစ်ပုံခန့်ပါဝင်သည့် မြန်မာအစိုးရက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကာလကြာရှည်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး သမ္မတ ဦးသိန်းစိန်ဦးဆောင်သော  အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သော်လည်း ကေအိုင်အေအုပ်စုတစ်ခုသာ သဘောတူညီချက်မရရှိနိုင်ဘဲဖြစ်နေသည်။ ကချင်သူပုန်များဖြစ်သော ကေအိုင်အေ တို့သည် ၁၉၆၁ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်ခဲ့သည်။ ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား ဖြစ်ပေါ်နေသော လက်ရှိ စစ်မက်ပဋိပက္ခက ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်သွားမည်ဟု ဆိုထားသော သမ္မတဦးသိန်းစိန်၏ အရည်အချင်းကို စိန်ခေါ်လျက်ရှိသည်။

------------------------------------------------------------------------------------------------

မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်မည်

{Bangkok Post သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Myanmar warships to visit Phuket ကိုဘာသာပြန်ဆိုသည်)

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၆၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ မြန်မာ့တပ်မတော်(ရေ)မှ စစ်သင်္ဘော နှစ်စီး သမိုင်းဝင်ခရီးအဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ရေတပ်သတင်းရင်းမြစ်များကဆိုသည်။

UMS 561 နှင့် UMS 562 အမည်ရ မြန်မာစစ်သင်္ဘောနှစ်စီးသည် ဖေဖော်ဝါရီလ ၂၀ မှ ၂၃ ရက်နေ့အထိ ဖူးခက်မြို့သို့ သုံးရက်တာမျှသွားရောက်လည်ပတ်မည် ဖြစ်သည်။ အဆိုပါ စစ်သင်္ဘာများကို ထိုင်းရေတပ်စစ်ဌာနချုပ် အမှတ် ၃ မှ စစ်ဘက်အရာရှိများက ကြိုဆိုကြမည်ဖြစ်သည်။

ယခုလိုလည်ပတ်မှုသည် ထိုင်းနိုင်ငံသို့ မြန်မာစစ်သင်္ဘောများ ပထမဆုံးလာရောက်လည်ပတ်မှုဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ယခုလိုလည်ပတ်မှုက ထိုင်းနဲ့ မြန်မာရေတပ်နှစ်ရပ် အကြားဆက်ဆံရေးတိုးတက်ကောင်းမွန်တဲ့ သင်္ကေတကိုဖော်ပြသလို မြန်မာနိုင်ငံပိုမိုပွင့်လင်းလာပြီဆိုတဲ့အချက်ကိုလည်း ထုတ်ဖော်ပြသရာရောက်ပါတယ်။ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှု တွေ(ခရီးစဉ်အတွင်း) ပြုလုပ်ကြလိမ့်မယ်၊ ရေတပ်ပူးတွဲကင်းလှည့်မှု ပထမဆုံးအကြိမ်လုပ်ဆောင်မယ့်ကိစ္စနဲ့ပတ်သက်နိုင်ပါတယ်”ဟု သတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေလည်း ထိုင်းနိုင်ငံသို့ သီးခြားသွားရောက် လည်ပတ်မည်ဖြစ်သည်ဟု သတင်းရင်းမြစ်ကဆိုသည်။ ၎င်းသည် ထိုင်းရေတပ်ကာကွယ်ရေးဦးစီးချုပ် Surasak Toonruangwong ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

-----------------------------------------------------------------------------------------------------------

Sing Tel က မြန်မာတယ်လီကွမ်းလိုင်စင်ကို တင်ဒါတင်ထားသော်လည်း ရလာဒ်မသဲကွဲသေး

(Return News မှ 13 February 2013 ရက်စွဲပါ “Sing Tel says has expressed interest in Myanmar Telecom License” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit - SPH

စင်ကာပူ တယ်လီကွမ်း လီမိတက် Sing Tel က မြန်မာနိုင်ငံမှ တယ်လီဖုန်းအော်ပရေတာ လိုင်စင်ကို ရရှိရန် စိတ်ဝင်စားကြောင်းထုတ်ဖော် ပြောဆိုကာ အဆိုပြုထားသော်လည်း ရလာဒ်မှာ မသေချာသေးဟု ကုမ္ပဏီ စီအီးအို ချူဆွတ်ခွန်း က ကြာသာပတေးနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံက တယ်လီဖုန်း အော်ပရေတာလိုင်စင်နှစ်ခု ချပေးရန်ရှိသည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသို့ချပေးမည့် တယ်လီဖုန်းအော်ပရေတာ လိုင်စင်နှစ်ခုအတွက် အဆိုပြုတင်ဒါတင်သွင်းသူ မူလက ကုမ္ပဏီလေးခုသာရှိသော်လည်း ဆက်သွယ်ရေးဝန်ကြီး နှုတ်ထွက်သွားပြီး နောက်တွင် အဆိုပြုတင်ဒါတင်ရန် နောက်ဆုံးရက်ကို နောက်ဆုတ် ပေးခဲ့သောကြောင့် စုစုပေါင်း တင်ဒါတင်သော ကုမ္ပဏီ ၁၈ ခုခန့် ရှိလာခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၄.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အခုလို ရွေးကောက်ပွဲမဖြစ်တော့ ပြည်သူတွေနစ်နာတာပေါ့။ ပြည်သူ့ကိုယ်စား မတင်ပြနိုင်ဘူး။ အဲဒါကြောင့် ကျွန်မရှိတဲ့ နေရာမှာ လက်လှမ်းမှီသလောက် ဖွံ့ဖြိုးရေးတွေ၊ လူမှုရေးတွေ ဖြေရှင်းပေးနေရတယ်။ လွှတ်တော် ထဲမရောက်တော့ ဒေသရဲ့အဖြစ်မှန်တွေ တင်ပြခွင့်အားနည်းသွားတာပေါ့”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Unity journal အတွဲ (၂) အမှတ် (၇) တွင်ပါရှိသော “ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ ထပ်မံလုပ်ဆောင်ရန် အစီအစဉ်မရှိသေး” သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ဒီလို စိုးရိမ်မကင်း ဖြစ်နေရတာတွေကို ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားလို့ ကျွန်တော်တို့က သဘောထားတဲ့သူတွေကို အစိုးရကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူတို့တွေအနေနဲ့ကတော့ ထောင်တွေထဲဆက်နေကြရဦးမှာပါ။ ဒါ့ကြောင့်လည်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျကျနန ရှင်းပြဖို့လိုသလို၊ အရေအတွက်ကိုလည်း ပြောဖို့လိုပါတယ်။ ဒါတွေက အခုလုပ်ငန်းစဉ်တွေထဲမှာ တစ်စိတ်တစ်ပိုင်း အဖြစ်နဲ့ပါရမှာပါ။ ဒါတွေကို မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း နိုင်ငံတကာနဲ့ ပြည်တွင်းက ကျွမ်းကျင်သူတွေရဲ့ ပံ့ပိုးမှုတွေလိုပါတယ်။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Unity journal အတွဲ (၂) အမှတ် (၇) တွင်ပါရှိသော “နိုင်ငံရေးအကျဉ်းသား စီစစ်မှုကော်မတီဖွဲ့မည်။” သတင်းမှ ကိုဘမျိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“လက်ရှိမှာ ပြည်သူတွေက သူတို့ရဲ့မတရားခံရမှုတွေကို ကျွန်တော်တို့ ကော်မတီကို လာတိုင်တယ်။ တင်ပြတယ်။ ဒါပေမယ့် ဒါတွေဟာထိရောက်တယ်လို့ သူတို့တွေခမျာခံစားရရှာတယ်။ ဘာလို့ဆိုတော့ နစ်နာတဲ့ ပြည်သူတွေအတွက် တစ်ကယ်အကျိုးရှိလာဖို့နဲ့ သန့်ရှင်းပြီး တရားမျှတတဲ့ တရားစီရင်ရေးဖြစ်လာဖို့ သတင်း မီဒီယာတွေကို အားကိုးရမှာပဲ။ မီဒီယာတွေက အကျင့်ပျက်လာဘ်စားတဲ့ တရားသူကြီးတွေ၊ တရားရေးဝန်ထမ်း တွေကို Height Light လုပ်ရမယ်။ ပြီးတော့ အဂတိနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ တရားရုံးတွေကို အားလုံး သိအောင်တင်ပြရမယ်။ အဲသလို ပြည်သူအတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဖော်ထုတ် ကူညီတဲ့အခါမှာလည်း အဟန့်အတားမရှိလုပ်နိုင်အောင် ဥပဒေမှာ ထည့်သွင်းဖို့လည်း စီစဉ်နေပါတယ်။”

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၉) တွင်ပါရှိသော “ခြစားသော ဝန်ထမ်းများကို မီဒီယာများက ပူးပေါင်းဖော်ထုတ်ရန် လွှတ်တော်တရားစီရင်ရေးကော်မတီ တိုက်တွန်း” သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကိုယ့်နေရာ ကိုယ့်တိုင်းပြည်ကို ပိုကောင်းအောင် လုပ်နိုင်ဖို့အတွက် ဖက်ဒရယ်ကို ဖြစ်စေချင်တယ်။ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ကို လိုချင်တယ်။ လက်တွေ့ကျကျ ချဆွေးနွေးနိုင်မယ်ဆိုရင် အလွယ်တကူ ဖြစ်လာမှာပါ ”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၇) တွင်ပါရှိသော “တိုင်းရင်းသား တန်းတူညီမျှရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ဟု ဆို” သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်မကို ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မပါဝင်ဘူးလားဆိုပြီး မေးမြန်းကြ၊ ဝေဖန်ကြတာတွေရှိပါတယ်။ ကျွန်မအမြဲ ပါဝင်ချင်ပါတယ်။ အချိန်ရွေးလိုလားတယ်ဆိုရင် ပါဝင်ဖို့အဆင်သင့် ရှိတယ်လို့ထုတ်ဖော်ပြီးသားပါ။ ဘာလို့မပါလည်းဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင်အောင်မြင်မြင်ပါဝင်နိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှဖြစ်မှာပါ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မကိုပါဝင်ဖို့ ကာယကံရှင်များက လိုလားတယ်၊ ဖိတ်တယ်ဆိုရင် ကျွန်မ ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူး”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၇) တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive