Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၁၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. ကြေးနီမိုင်းဆန္ဒပြမှု ဖြိုခွဲရာတွင် ဖော့စပရပ် မီးလောင်ဗုံးအသုံးပြုခဲ့

(UPI News မှ 14 February 2103 ရက်စွဲပါ “White Phosphorus munitions used in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် နောက်ကြောင်းပြန်လှည့်မှုများဖြစ်နိုင်ဟုလူ့အခွင့်အရေးလှုပ်ရှားသူများ သတိပေး

{Washington Times သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Human rights advocates warn of backsliding in Myanmar ကိုဘာသာပြန်ဆိုသည်}

***************************************************************

ဘာသာပြန်သတင်းများ

ကြေးနီမိုင်းဆန္ဒပြမှု ဖြိုခွဲရာတွင် ဖော့စပရပ် မီးလောင်ဗုံးအသုံးပြုခဲ့

(UPI News မှ 14 February 2103 ရက်စွဲပါ “White Phosphorus munitions used in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Reuters

             လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ ဆန္ဒပြသပိတ်စခန်းများကို ဖယ်ရှားရှင်းလင်းရာတွင် မြန်မာ အာဏာပိုင်များက White Phosphorus ကို အသုံးပြုခဲ့ကြကြောင်း လူ့အခွင့်အရေးအုပ်စုနှစ်စုက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါသည်။

             နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဆန္ဒပြသူများအပေါ် အစိုးရ၏ တုန့်ပြန်ပြုမူပုံကို စုံစမ်းစစ်ဆေးမှု ပြုရာတွင် White Phosphorus ကို တာဝန်ရှိသူများက သုံးစွဲခဲ့ကြောင်း တွေ့ရှိ ရခြင်းဖြစ်သည်။ ၎င်းအစီရင်ခံစာကို  Justice Trust in the United States နှင့် Lawyers Network in Myanmar  အဖွဲ့တို့က ထုတ်ပြန်ခဲ့သည်။

             Justice Trust ၏ ဒါရိုက်တာ ရော်ဂျာနော်မန်က မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အပြုအမူမှာ လက်သင့် ခံနိုင်ဖွယ်မရှိဟု ရန်ကုန်မြို့တွင် ပြောကြားသည်။

             “တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် စစ်ဖက်သုံး မီးလောင်ဗုံး အသုံးပြုဖြိုခွဲတယ် ဆိုတာမျိုးကို ဘယ်မှာမှ မကြားခဲ့ဖူးပါဘူး။ အခုလို ပြည်သူတွေရဲ့ အခြေခံဥပဒေနဲ့ လူ့အခွင့် အရေးအပေါ် ရာဇဝတ်မှုမြောက်ကျူးလွန်ချိုးဖောက်တဲ့ ကိစ္စတွေရှိလာတဲ့အတွက် ထိပ်တန်းအဆင့် အမိန့်ပေးသူတွေရဲ့ တာဝန်ရှိမှုကို မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။” ဟု ရော်ဂျာနော်မန်က ပြောကြားကြောင်း ထိုင်းအခြေစိုက် ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။

             အတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် သည်လည်း လက်ပံတောင်းတောင် ဖြစ်ရပ် တရားဝင်စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နောက်ဆုံးသတ်မှတ်ရက် ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိဟု သိရှိရသည်။

             မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် နိုင်ငံတကာအစိုးရများက သံတမန်ရေးဖိအားပေးမှုများကို ဖြေလျှော့ပေးထား ကြသည်။ သို့သော်လည်း လူ့အခွင့်အရေးနှင့် ပြည်တွင်းရေးပြဿနာများက အစိုးရ၏ တိုးတက်ပြောင်းလဲမှု အပေါ် လောင်းရိပ်မိုးနေဆဲ ဖြစ်သည်။

             လက်ပံတောင်းတောင် ကြေးနီမိုင်းသည် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ် နိုရင်ကို လက်နက်ကုမ္ပဏီလက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့၏ ဖက်စပ်လုပ်ကိုင်မှု စီမံကိန်းဖြစ်သည်။ ၎င်းစီမံကိန်း လမ်းကြောင်းအတွက် လယ်ယာမြေများမှ အဓမ္မမောင်းထုတ်ခြင်းခံရသည်ဟု ရွာသားများက စွပ်စွဲပြောကြား ထားသည်။

             သတ္တု၊ ရေနံ၊ သဘာဝဓါတ်ငွေ့စသော နိုင်ငံ၏ သယံဇာတထုတ် စီးပွားရေးနယ်ပယ်၌ အစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်ရာတွင် တပ်မတော်ဦးပိုင် ကုမ္ပဏီများနှင့် ခရိုနီကုမ္ပဏီများ က အခွင့်ထူးခံ ရှယ်ယာဝင်၍ အမြတ်ထုတ်နေသည့် ကိစ္စရပ်များကို ပြန်လည်သုံးသပ်ပြင်ဆင်သင့်သည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက ပြောကြားကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် နောက်ကြောင်းပြန်လှည့်မှုများဖြစ်နိုင်ဟုလူ့အခွင့်အရေးလှုပ်ရှားသူများ သတိပေး

{Washington Times သတင်းစာမှ 13 Feb 2013 ရက်စွဲပါ Human rights advocates warn of backsliding in Myanmar ကိုဘာသာပြန်ဆိုသည်}

Photo Credit by Washington Times

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည်နောက်ကြောင်းပြန်လှည့်နိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်တပ်ကျော ထောက်နောက်ခံ အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများဖယ်ရှားခြင်းကိုအထူးသတိပြုရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက တိုက်တွန်းပြော ဆို လိုက်သည်။

“မတောင်းဘဲကမ်းလှမ်းလိုတဲ့ ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးကိစ္စအပေါ် ဖြေးဖြေးချင်း ကိုင်တွယ် သွားပြီးတတ်နိုင်သလောက် သြဇာအရှိန်အဝါတစ်ခုရယူထားဖို့ပါပဲ” ဟု Amnesty International ၏ဝါရှင်တန်ရုံးမှ အကြီးအကဲ Frank Jannuzi ကပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကိုလွှတ်ပေးခြင်း၊ အတိုက်အခံနိုင်ငံရေးပါတီများကို တရားဝင် မှတ်ပုံတင်ခွင့်ပြုခြင်း၊ မီဒီယာဆင်ဆာတည်းဖြတ်မှုများ ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများထူထောင်ခွင့်ပြုခြင်း အစရှိသည်တို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြန်လည်နွေးထွေးလာခဲ့သည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် သွင်းကုန်ပိတ်ပင်ကန့်သတ်မှုများကို ဖယ်ရှားပေးခြင်းဖြင့် မြန်မာအစိုးရကို အပြုသဘောတုံ့ပြန်ခဲ့သည်။  ၂၀၁၂ သြဂုတ်လတွင် ကွန်ဂရက်လွှတ်တော်က ပိတ်ဆို့အရေးယူမှုအချို့ကို တစ်နှစ်အထိ ထပ်မံတိုးမြှင့်လိုက်သော်လည်း အိုဘားမားအနေဖြင့် သွင်းကုန်ပိတ်ပင်မှုများဖယ်ရှားပေးနိုင်သည့် အခွင့်အာဏာပေးထားသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ သမိုင်းတွင် ပထမဆုံး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူအမေရိကန်သမ္မတဖြစ်သွားသည်။

“ကျွန်တော်တို့ တဖြည်းဖြည်းချင်းသွားရမှာဖြစ်ပါတယ်၊ မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုတုံ့ပြန်တယ်၊ တိုးတက်ဖြစ်ထွန်းမှုတွေအပေါ် ဘယ်လို ချီးမြှောက်တယ်ဆိုတဲ့အချက်နဲ့လုပ်ကိုင်သွားကြရမှာဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) မှ ဒါရိုက်တာ Tom Malinowski

ကပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒတွေဟာ အင်မတန် ရှင်းရှင်းလင်းလင်းနဲ့ပြတ်ပြတ်သားသား ဖြစ်နေဖို့လိုအပ်ပါတယ်”

လူ့အခွင့်အရေးတက်ကြွစွာလှုပ်ရှားသူများကမူ မြန်မာခေါင်းဆောင်များ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာအောင် ပိတ်ဆို့အရေးယူမှု များက တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ အခုဆိုရင် ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပြီးနောက် လမ်းခုလတ်ကိုရောက်နေပါတယ်။ အဲဒီပိတ်ဆို့အရေးယူမှုတွေဟာ အခုဆိုရင် ပယ်ပျက် နေပြီဖြစ်ပါတယ်။ အဲဒီတော့ မေးစရာဖြစ်လာတာက မြန်မာ့ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို အသေအချာဖြစ်အောင် အမေရိကန်ပြည်ထောင်စုက ဘယ်လိုအနေအထားမျိုးနဲ့ လုပ်ဆောင်သွားမှာလဲဆိုတာပါ” ဟု မစ္စတာ Jannuzi ကပြောကြားသည်။

“အမေရိကန်ပြည်ထောင်စုအနေဖြင့် သြဇာအရှိန်အဝါတစ်ခုခုကို ကြီးနိုင်သမျှကြီးအောင်လုပ်ပြီး မြန်မာအပေါ် ချုပ်ကိုင်ထားရမှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ဒါဟာ ပေါ့တီးပေါ့ဆ ပေးရမယ့် လက်ဆောင်မျိုးမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ အရေးကိစ္စမှန်သမျှ တိုးတက်ဖြစ်ထွန်းမှုရှိတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာဖြစ်အောင် လုပ်ဆောင်သွားရမှာပါ” ဟု ပြောကြားသည်။

မြန်မာစစ်တပ်သည် ကချင်တိုင်းရင်းသားလက်နက်ကိုင်သူပုန်များနှင့် စစ်မက်ဖြစ်ပွားလျက်ရှိသည်။ ရခိုင်ပြည်နယ်ကိုကြည့်မည်ဆိုလျှင်လည်း နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စလင်များမှာ ဆူပူအကြမ်းဖက်မှုများတွင် ပစ်မှတ်များသဖွယ်ဖြစ်နေသည်။

မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ခန့်ကို တစ်နှစ်ခွဲကျော်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။း သို့သော် အဆိုပါ အကျဉ်းသားများမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရနိုင်သည်။ ဦးသိန်းစိန်အစိုးရက ကျန်ရှိသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုနိုင်ရေးအတွက် ပြန်လည်ဆန်းစစ်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခွင့်ပြုလိုက်သည်။

တရားစီရင်ရေးအပိုင်းကိုကြည့်မည်ဆိုလျှင် အပြစ်အနာအဆာများရှိနေသည်။ စစ်တပ်က စီးပွားရေးနှင့် နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုး နေဆဲဖြစ်သည်။

“ပြုပြင်ပြောင်းလဲရေးဆိုတာ လူအနည်းငယ်လောက်ကပဲ လုပ်နေကြတာပါ။ကျန်တဲ့ပြည်သူတွေအများစုကတော့ ဘာမှမပြောင်းလဲဘူး လို့ပဲ ထင်မှတ် နေကြတာ၊ အဓိကအပြောင်းအလဲကြီးတွေလိုအပ်နေပါသေးတယ်” ဟု Perseus Strategies မှ မန်နေးဂျင်းဒါရိုက်တာ Jared Genser ကပြောကြားသည်။

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၅.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

  1. Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို   ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ငြိမ်းချမ်းရေးကိစ္စဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပေးရန်အဆိုပြုမှုကို ကချင်တို့ပယ်ချ

(14 February 2013 ရက်စွဲပါ Global Post မှ Patrick Winn ၏ Myanmar: Kachin guerrillas turn down Suu Kyi’s offer to broke peace ကိုဘာသာပြန်ဆိုပါသည်)

Photo Credit by Global Post

ပြည်တွင်းစစ်တွင် တိုက်ပွဲများလ (၂၀) ခန့်ရှိပြီဖြစ်ရာ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရကြား ငြိမ်းချမ်းရေးစကားပြောရာတွင် ကူညီနိုင် ကြောင်း အစိုးရဆန့်ကျင်သူအဖြစ်မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါသည်။

              တိုင်းရင်းသားစစ်တပ်က မည်သို့တုန့်ပြန်သနည်း။

              မလိုပါ။ ကျေးဇူးတင်ပါသည် ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပေါ်ယံသာနားလည်သူများနှင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပူချိန်မြင့် နေသူများကမူ ထိုကိစ္စကို နားမလည် ဖြစ်ရပေမည်။

သူသည် ဒုက္ခရောက်နေသော တိုင်းပြည်အတွက် အစိုးရဆန့်ကျင်သူတို့၏ အသံဖြစ်သလော။

              အတိအကျတော့မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်က ကချင်ပဋိပက္ခတွင် ငြိမ်းချမ်းရေး စကားပြောရာ၌ ပါဝင်ခြင်းမရှိသောကြောင့် အချို့ပြည်သူများ၏ ဝေဖန်မှုကို ခံရကြောင်း၊ သူ့အနေဖြင့် အမြဲပြောခဲ့ကြောင်း၊ အကယ်၍ သက်ဆိုင်သည့်အဖွဲ့ များက အလိုရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု AP ၏ သတင်းအရ သိရှိရပါသည်။

သို့သော် Democratic Voice of Burma မှ ထုတ်ပြန်သော သတင်းအရ ကချင်စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှန်တကယ် သမာသမတ်ရှိလိမ့်မည်ဟု ယုံကြည်ခြင်းမရှိပေ။

ဤလူ့အခွင့်အရေးနှင့်ပတ်သက်သော အထင်ကရ ပုဂ္ဂိုလ်သည် သူ၏တိုင်းပြည်ရှိ နှစ်လိုဖွယ်မရှိသည့် စစ်ပွဲနှင့် ပတ်သက်၍ အဘယ့်ကြောင့် နှုတ်ဆိတ်နေရသည် ဆိုသည်ကို အပြည့်အဝနားလည်ရန် ဤအချက်ကို နားလည်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာမီဒီယာများနှင့် အနောက်တိုင်းသံတမာန်များကြားတွင် ကချင်များအပေါ် စာနာစိတ်ရှိကြ ပါသည်။

သို့သော် မြန်မာနိုင်ငံ၏ အစိုးရအသိုင်းအဝိုင်းနှင့် ၎င်း၏သတင်းစာများတွင် ကချင်စစ်သားများကို အကြမ်းဖက်သမားများ ဖြစ်နေပါသည်။ အဆိုပါ အကြမ်းဖက်သမားများနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကြိုးပမ်းနေသည်က တစ်ခုဖြစ်ပါသည်။ ၎င်းတို့အပေါ် စာနာမှုရှိကြောင်း ပြသသည် ကတခြားတစ်ခု ဖြစ်ပါသည်။

ထိုအချက်များအပြင် အကြီးတန်းကချင် စစ်ခေါင်းဆောင်များကြားတွင် ခံစားနေရသည့် အချက်တစ်ခု မှာ ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့နှင့် ရန်သူဖြစ်သော အစိုးရအာဏာပိုင်များနှင့် နီးကပ်စွာ မဟာမိတ်ဖြစ်နေခြင်း ဖြစ်ပါသည်။

အနောက်အသိုင်းအဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများအပေါ် လင်ခံခြင်းမရှိသေးပေ။ သို့သော် မကြာသေးမီက စာရေးသူနှင့် ကေအိုင်အေ ဗိုလ်မှူးကြီး Jame Lum Dau တို့ အင်တာဗျူးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၏ နယ်ရုပ်ကလေးတစ်ခုသာ ဖြစ်ပြီး၊ အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေစေရန် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။

“ဦးသိန်းစိန် သမ္မတ ဖြစ်ပါတယ်။ သူ့တာဝန်က ပြင်ပကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို မြှင့်တင်ပေး နေတယ်လို့ မြင်အောင်လုပ်ပေးရမှာပါ။ သူတိ့မြင့်လာဖို့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့အနေအထားကို မြှင့်ပေးရ မှာဖြစ်ပါတယ်” ဟု ဆိုပါသည်။

“ဒါမှ မင်းတို့ အမေရိကန်တွေက သိပ်ကောင်းတယ်၊ စီးပွားရေးအရ အရေးးယူမှုတွေ ရုပ်သိမ်းပေးရမယ်လို့ဆိုမှာပေါ့။ ဒါ သူတို့ရဲ့ မဟာဗျူဟာပဲ” ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ကိုယ်စား စကားပြောပေးရသူဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ယခုအချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားတစ်နေရာတွင်သာ ဝင်ရောက်ပြောရန် KIA က အကြံပြုလျက်ရှိပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××

Prtronas က ရဲတံခွန်လုပ်ကွက်တွင် ပလက်ဖောင်းသစ်ထပ်တိုး

(Offshore News မှ 12 feb 2013 ရက်စွဲပါ “Petronas adds Platform at Yetagon offshore Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Offshore Energy Today.com

Petronas Carigali ရေနံကုမ္ပဏီက မြန်မာကမ်းလွန်လုပ်ကွက်တွင် တွင်းတူးဝင် ပလက်ဖောင်းသစ် တပ်ဆင်ရန်အတွက် Larsen & Toubro (L & T) ကုမ္ပဏီ ကိုကန်ထရိုက်ပေးလိုက်ပြီ ဖြစ်သည်။

၎င်းတွင်းတူးဝင် ပလက်ဖောင်းသစ်ကို Petronas Carigali Myanmar (Hong Kong) ၊ မြန်မာအစိုးရပိုင် MOGE ၊ ထိုင်းနိုင်ငံ၏ PTTEP Intermational နှင့် ဂျပန် JX Nippon Oil Exploration (Myanmar) တို့ ပူးပေါင်း လုပ်ကိုင်နေသော ရဲတံခွန် ကမ်းလွန်စီမံကိန်း၏ Yetagon North Field တွင် တပ်ဆင်မည်ဟု သိရှိရသည်။

L & T ကုမ္ပဏီက ရရှိသော ဒေါ်လာသန်း ၁၀၀ ကျော်တန် ကန်ထရိုက်လုပ်ငန်းတွင် အင်ဂျင်နီယာလုပ်ငန်း၊ ပစ္စည်းကိရိယာဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ ပလက်ဖောင်းစီမံခန့်ခွဲ ခြင်း၊ ပင်လယ်ရေအောက်အနက် ၁၀၈ မီတာ (၃၅၄ ပေ) တွင် ရေအောက်ပိုက်လိုင်း တပ်ဆင်ခြင်း စသော လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

လုပ်ငန်းသတ်မှတ်ချက်တွင် ရဲတံခွန်စီမံကိန်း၏ မူလရှိပြီးသား ပလက်ဖောင်းနှင့် မြန်ဆန်ချောမွေ့စွာ ချိတ်ဆက်ပေးရမည့် အစီအစဉ်များလည်း ပါဝင်သည်။ အိန္ဒိယ အရှေ့ဖက်ကမ်းခြေ ကတ်တူပါလီရှိ L & T အခြေစိုက်စခန်းက ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းကို လုပ်ဆောင်ပေးမည်ဟု သိရှိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင်ရိုးမနှင့် မစ်ဆူဘီရှီ ဖက်ဆပ်ကုမ္ပဏီဖွဲ့စည်း

(The Business Times မှ 15 February 2013 ရက်စွဲပါ “Yoma enters Mitsubishi Venture in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by AFP

Yoma Strategic Holdings ၏ ရာနှုန်းပြည့်ပိုင် ကုမ္ပဏီခွဲ Elite Matrix International Ltd သည် မြန်မာနိုင်ငံတွင် မစ်ဆူဘီရှီ Mitsubishi Moptors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ ကို လုပ်ကိုင်ရန် First Myanmar Investment Co Ltd (FMI) နှင့် ဖက်စပ် ကုမ္ပဏီတစ်ခု ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

၎င်းဖက်စပ်ကုမ္ပဏီကို Myanmar Motors Pte Ltd ဟု အမည်ပေးမည်ဖြစ်သည်။

သီးခြားပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Yoma ရိုးမ ကုမ္ပဏီက “မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် Motors  Corporation၊ Mitsubishi Corporation၊ First Myanmar Investment Co Ltd တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးလိုက်ပြီ ဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။

ယခု သဘောတူညီမှုကြောင့် မြန်မာနိုင်ငံတွင် Mitsubishi Motors အတွက် တရားဝင် အရောင်းနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းကွန်ယက် ထူထောင်မှုကို အထောက်အကူဖြစ်စေမည်ဟု သိရှိရသည်။

                              ********************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive