Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၆.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာကိစ္စအတွက် လူ့အခွင့်အရေးတာဝန် အာဆီယံတွင်ရှိဟုဆို

(Bernama သတင်းဌာနမှ 16 Feb 2013 ရက်စွဲပါ Rohingya Issue Requires ASEAN's Human Rights Responsibility ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအလားအလာ အလွန်ကောင်းဟု ကမ္ဘာ့ဘဏ်ရှုမြင်

(AFP News မှ 16 feb 2013 ရက်စွဲပါ “World Bank see enormous potential in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တက္ကသိုလ်များကို ပြန်လည်အသက်သွင်းခြင်းက မြန်မာကျောင်းသားများ၏ မျှော်လင့်ချက်များကို မွေးဖွားစေ

(February 13, 2013 ရက်စွဲပါ VOA News ၏ “Burmese Students Find Hope in University Revival” ဆောင်းပါးကို ပြန်ဆိုပါသည်)

  1. ထိုင်း၊ မြန်မာ နယ်စပ်အနီးတွင် မီသိုင်းအင်ဖက်တာမင်းဆေးပြား ၁.၉၇ သန်းကို ထိုင်းရဲ ဖမ်းဆီးရမိ

(The Associated Press မှ 15 February 2013 ရက်စွဲပါ “Thai Police seize 1.97 million tablets of methamphetamine near Thai-Myanmar border” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာကိစ္စအတွက် လူ့အခွင့်အရေးတာဝန် အာဆီယံတွင်ရှိဟုဆို

(Bernama သတင်းဌာနမှ 16 Feb 2013 ရက်စွဲပါ Rohingya Issue Requires ASEAN's Human Rights Responsibility ကိုဘာသာပြန်ဆိုသည်)

                                                        Photo Credit: Online

မြန်မာနိုင်ငံတွင်း တစ်စထက်တစ်စ ကြီးထွားလာသော ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာမွတ်စလင်များ အရေးကိစ္စအတွက် ပူးပေါင်း၍အဖြေ ရှာကြရန် အာဆီယံနိုင်ငံများ အားလုံးတိုက်တွန်းပြောဆိုခြင်း ခံထားရကြောင်း ထိုင်းသတင်းအေဂျင်စီ(TNA) က ရေးသားဖော်ပြပါသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ချူလာလောင်ကွန်းတက္ကသိုလ်က ကြီးမှူးကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင် အဓိကပါဝင်ဆွေးနွေးသူ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်(NHRC)မှ Somchai Homla က "အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် ရွှေ့ပြောင်းနေထိုင် ကြသူ ရိုဟင်ဂျာလူမျိုးများ၏ ပြဿနာများကို မည်သည့်အခါကမျှ ကောင်းမွန်စွာအရေးတယူပြု လုပ်ကိုင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ရိုဟင်ဂျာများ ဦးတည် ပြောင်းရွှေ့သွားလေ့ရှိသော ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားအစရှိသည့်နိုင်ငံများကိုသာ ကြီးထွားလာသည့် ပြဿနာများဖြေရှင်းရန် လွှဲချလေ့ ရှိကြောင်း" ပြောကြားသည်။

ရိုဟင်ဂျာလူမျိုးများသည် ကာလကြာရှည်စွာ ခွဲခြားဆက်ဆံခံခဲ့ရခြင်းကြောင့် နိုင်ငံမဲ့များဖြစ်လာကာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မြေယာပိုင်ဆိုင်ခွင့်များလည်း မရရှိနိုင်ဘဲဖြစ်နေကြောင်း အခြားသောဆွေးနွေးသူများက ပြောကြားသည်။

ရိုဟင်ဂျာများ အဓိကဦးတည် ရွှေ့ပြောင်းသွားလေ့ရှိသည့် နိုင်ငံများအနေဖြင့် ၎င်းတို့အတွက် အခြေခံလူသားချင်း စာနာထောက်ထားသော အကူအညီ အထောက်အပံ့များရရှိနိုင်ရန် ရှိထားပြီးဖြစ်သည့် အမျိုးသမီးနှင့်ကလေးငယ်များဆိုင်ရာ ဥပဒေများကို ပိုမိုသက်ဝင်အောင် ပြုလုပ်သင့်သည်ဟု အကြံပြုလိုကြောင်း ဆွေးနွေးသူများကဆိုသည်။

မစ္စတာ Somchai နှင့် အခြားသောဆွေးနွေးသူများ အဆိုအရ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုသည့်မူဝါဒကို စွန့်လွှတ်မှသာလျှင် မြန်မာနိုင်ငံကို ဖိအားပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။

ထို့အတူ လူ့အခွင့်အရေးကိုအခြေခံကာ ပညာရေးမြှင့်တင်ပေးမှုသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပေါင်းစည်းမှုနှင့် သဟဇာတဖြစ်မှုအတွက် မရှိမဖြစ်လိုအပ်သော အချက်ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းတို့ကဆိုသည်။

                                                 -------------------------------------------------------------------

မြန်မာနိုင်ငံအလားအလာ အလွန်ကောင်းဟု ကမ္ဘာ့ဘဏ်ရှုမြင်

(AFP News မှ 16 feb 2013 ရက်စွဲပါ “World Bank see enormous potential in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

                                                        Photo Credit: Online

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေခြင်းကြောင့် အလားအလာကြီးမားနေပြီဟု ကမ္ဘာ့ဘဏ်တာဝန်ရှိသူ တစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။ မြန်မာနိုင်ငံမှ ထိုကဲ့သို့ ပြောင်းလဲလာခြင်းကြောင့် ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်ကလည်း မြန်မာပြည်သူများအား လျှပ်စစ်မီး ဖြည့်ဆည်းပေးရန် စတင်ကြိုးစားလျက်ရှိသည်။

၁၉၈၇ နောက်ပိုင်းရန်ကုန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲ ပထမဆုံးဖွင့်လှစ်ရန် ယခုလအတွင်းသွားရောက်ခဲ့သူ ကမ္ဘာ့ဘဏ် အရှေ့အာရှပစ္စဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အက်ဆယ်ဗန်ထရိုဆင်ဘတ်က “အလွန့်အလွန်အားတက်မိကြောင်းနှင့် အကောင်းမြင်သည့် ခံစားမှုများရှိလာကြောင်း” ထုတ်ဖော်ပြောဆို ပါသည်။        

“မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ်ထွက်ပေါ်နေတဲ့အတွက် အလားအလာအရမ်း ကောင်းနေပြီလို့ ယုံကြည်ပါတယ်။ သူတို့ (မြန်မာတွေ)ကြိုးကြိုးစားစား အများကြီးလုပ်ဖို့ လိုလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာနဲ့အမျှ နိုင်ငံတကာ ရဲ့ ထောက်ခံအားပေးမှုကလည်း ခိုင်မာလာပါလိမ့်မယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

တစ်ချိန်တစ်ခါက အာရှ၏‘ဆန်အိုးကြီး’ဖြစ်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးကာလ နှစ် ၅၀ အတွင်း စီးပွားရေးပြိုလဲသွားခဲ့သော မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက် (သို့) အရေးတကြီး လိုအပ်ချက်များအတွက် ဒေါ်လာ ၂၄၅ သန်း အကူအညီပေးရန် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာထားသည်။

ထရိုဆင်ဘတ်၏ ခရီးစဉ်အတွင်းထုတ်ပြန်ခဲ့သော စီမံချက်အရ မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသော ဓါတ်အားထုတ်လုပ်မှုကို နှစ်ဆခွဲမြှင့်ရန် ရည်ရွယ်သည့် ဓါတ်ငွေ့တာဘိုင်များ တပ်ဆင်မှုအတွက် ကမ္ဘာ့ဘဏ်က ကူညီပံ့ပိုးသွားမည် ဖြစ်သည်။

ယခု ကြိုးပမ်းမှုကြောင့် လူဦးရေလေးပုံတစ်ပုံသာ လျှပ်စစ်မီးသုံးစွဲနိုင်သော မြန်မာနိုင်ငံတွင် နောက်ထပ်လူဦးရေ ငါးသန်းခန့်ကို လျှပ်စစ်မီး ပေးခြင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများကို မြှင့်တင်ပေးခြင်းတို့ ပြုလုပ်နိုင်မည်ဟု ထရိုဆင်ဘတ်က မျှော်လင့်ထားပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာကြွေးမြီများ ရှင်းလင်းရန်အတွက် ဂျပန်နိုင်ငံကကူညီထားသော ပေါင်းကူးချေးငွေကိုပြန်ဆပ်ရန် အတိုးမဲ့ချေးငွေ ဒေါ်လာသန်း ၄၄၀ ကိုလည်း ကမ္ဘာ့ဘဏ်က ယခင်ကာလက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အာဏာရပြီးနောက်ပိုင်း စတင်ပြုလုပ်လာခဲ့သော ပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံရေးအကျဉ်းသားများ စီစစ် လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြေလျှော့ပေးခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်းတို့ ပါဝင် ပါသည်။

                                       -------------------------------------------------------------------------------------

တက္ကသိုလ်များကို ပြန်လည်အသက်သွင်းခြင်းက မြန်မာကျောင်းသားများ၏ မျှော်လင့်ချက်များကို မွေးဖွားစေ

(February 13, 2013 ရက်စွဲပါ VOA News ၏ “Burmese Students Find Hope in University Revival” ဆောင်းပါးကို ပြန်ဆိုပါသည်)

ရန်ကုန်တက္ကသိုလ်သည် တစ်ခါက အရှေ့အာရှ၏ ထိပ်တန်းတက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့ရာတွင် ဆိုးရွားလှသည့် နိုင်ငံပိုင် သိမ်းယူမှုဖြစ်စဉ်နှင့် စီမံခန့်ခွဲမှု အလွဲများအောက်တွင် မြန်မာ့ပညာရေးစနစ်သည် ချည့်နဲ့သွားခဲ့ရပြီး ကျောင်းသားကျောင်းသူ အများအပြားအား ပညာရေးအခွင့်အလမ်းအတွက် နိုင်ငံရပ်ခြားသို့သာ ထွက်ခွာရမှုများ ဖြစ်စေခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ တက္ကသိုလ်များ၊ ကျောင်များကို အတိတ်မှ အခြေအနေကောင်းဆီသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ကြဉ်းနိုင်ရေးကို ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်လာပြီး ပေါ်လစီမိတ်ကာများ အကြားတွင်ပါ ပညာရေးနှင့်ပတ်သက်သည့် သဘောထားသစ်များ ဖြစ်ပေါ်လာအောင် ပြုလုပ်ခဲ့သည်။

မြန်မာကျောင်းသားများသည် ရန်ကုန်တွင်ကျင်းပသော အမေရိကန်ကောလိပ်များ၏ ပညာရေးပြပွဲသို့ လာရောက်ခဲ့ကြပြီး အမေရိကားတွင် သွားရောက်ကျောင်းတက်နိုင်ရန် မျှော်လင့်နေကြသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ပေးခဲ့ခြင်း၏ရလဒ်အဖြစ် ယခုကဲ့သို့ပွဲမျိုးကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်းဖြစ်သည်။ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်(လ်) က ၎င်းအနေနှင့် မြန်မာကျောင်းသားများ အမေရိကားသို့သွားရောက်ကာ နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ သို့ရာတွင်တစ်ချိန်တည်းတွင် နိုင်ငံတွင်း၌လည်း ပညာရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မစ်ချယ်(လ်)က “အရေးအကြီးဆုံးက ကျွန်တော်တို့ အခုတက္ကသိုလ်တွေအတွက် ပြောနေကြပေမယ့် တက္ကသိုလ်အဆင့် မတိုင်ခင်မှာ အခြေခံပညာရေးတွေဖြစ်တဲ့ မူလတန်း၊ အလယ်တန်းပညာရေးတွေကို အရင်ဆုံးပြုပြင်ပြောင်းလဲဖို့ လိုပါတယ်” ဟု ဆိုသည်။

၁၉၆၄ ခုနှစ် တက္ကသိုလ်များကို နိုင်ငံပိုင်သိမ်းယူလိုက်စဉ်ကတည်းက အစိုးရသည် သင်ရိုးညွှန်းတမ်းများကို ချုပ်ကိုင်ခဲ့ပြီး သမိုင်းနှင့် နိုင်ငံရေး သိပ္ပံကဲ့သို့သော ဘာသာရပ်များကို ကန့်သတ်တားမြစ်ခဲ့သည်။ ယခု ပြုပြင်ပြောင်းလဲမှုများ စတင်နေသည့်ကာလတွင် မည်သို့ပင်ဖြစ်စေ စာသင်ခန်းများ ၌ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခများ သမိုင်းကဲ့သို့သော အကဲဆတ်သည့် အကြောင်းအရာများ စတင်ဆွေးနွေးလာကြသည်ကို တွေ့ရသည်။

အမေရိကန်စင်တာတွင် သမိုင်းဘာသာရပ်အတန်းကို တက်ရောက်နေသူ မေငြိမ်းချမ်းက “ကျွန်မအရင်က ဒီလိုအတန်းမျိုး တက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါမျိုးက တရားမဝင်တဲ့ဟာမျိုးလို ဖြစ်နေတာကိုး” ဟု ပြောသည်။ “ဒီလို လေ့လာရေးခရီးမျိုးလည်း အရင်က တစ်ခါမှ မသွားခဲ့ဖူးဘူး” ဟု သူမ က ဆိုပါသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်ငါးခုကျော်ကတည်းက ကျောင်းသားသပိတ်များ၏ ဗဟိုချက်မဖြစ်ခဲ့သည်။ အစိုးရက ထိုတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး ယင်းတို့အားအန္တရာယ်ပေးနိုင်သည့် ကျောင်းသားများကို အဝေးကိုရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ထွက် တစ်ဦးဖြစ်သည့် ဦးသိန်းလွင်က ယခုအခါ ကော်မတီတစ်ခုဖွဲ့စည်း၍ လွှတ်တော်တွင် ပညာရေးဆိုင်ရာမူဝါဒများ အကြံပြုတင်သွင်းရန် ကြိုးစားလျှက်ရှိသည်။ သူက “အစိုးရအနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး အခြေခံသဘောထားက စတင်ပြောင်းလဲရန် လိုအပ်ပါတယ်” ဟု ပြောသည်။ ၎င်းကဖြည့်စွက်၍ “ဒါပေမယ့် အရင်အစိုးရဖျက်ဆီးခဲ့တဲ့ မြန်မာ့ပညာရေးစနစ်ကို ပြုပြင်နိုင်ဖို့ဆိုတာ အချိန်ကာလတစ်ခုတော့ စောင့်ရ မှာပေါ့”ဟုဆိုသည်။ ယင်းကဆက်လက်၍ “ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂကို လွတ်လပ်စွာဖွဲ့စည်းခွင့် ရှိရမယ်၊ ကျောင်းသား ကိုယ်စားလှယ်တွေဟာ တက္ကသိုလ်တွေရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်ခွင့်ရသင့်တယ်”ဟု ဆိုသည်။ ထို့ပြင် “တက္ကသိုလ်ဆိုတာ တိုင်းပြည်ကိုဝေဖန် အကြံပြုနိုင်တဲ့ နေရာတစ်ခုဖြစ်သင့်တယ်” ဟု ၎င်းက ဆိုပါသည်။

သူတို့၏ ပညာရေးကို ရှေ့ဆက်တိုးတက်လိုသော မြန်မာကျောင်းသားများသည် မိခင်မြန်မာနိုင်ငံကို စွန့်ခွာလိုဆဲပင် ဖြစ်လျှက်နေပေသည်။

                                                           -------------------------------------------------------------------------

ထိုင်း၊ မြန်မာ နယ်စပ်အနီးတွင် မီသိုင်းအင်ဖက်တာမင်းဆေးပြား ၁.၉၇ သန်းကို ထိုင်းရဲ ဖမ်းဆီးရမိ

(The Associated Press မှ 15 February 2013 ရက်စွဲပါ “Thai Police seize 1.97 million tablets of methamphetamine near Thai-Myanmar border” သတင်းကို ဘာသာပြန်ဆိုပါသည်)

                                                        Photo Credit: EPA

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးတွင် မူးယစ်မှောင်ခိုများထဲမှ မီသိုင်းအင်ဖက်တမင်းဆေးပြား ၂ သန်းခန့်ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခြင်းသည် ယခုနှစ်အတွင်း အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးမှုတစ်ခု ဖြစ်ပါသည်။

ကြာသာပတေးနေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီး ချင်းမိုင်ပြည်နယ်တွင် ပစ်ကပ်ကားနှစ်စီးကို ရဲများကခြေရာခံလိုက်ခဲ့ပြီးနောက် မုန်း တိုင်းရင်းသား ၃ ဦးကို ဖမ်းဆီးခဲ့ကြသည်ဟု ရဲမှူးကြီး ပါနူဒက်ဘွန်ရန်းက သောကြာနေ့တွင် ပြောကြားသည်။

ပစ်ကပ်ကားတစ်စီးအတွင်း ဖွက်ထားသော မီသိုင်းအင်ဖက်တာမင်း ဆေးပြား ၁.၉၇ သန်းနှင့် ခရစ်စတယ်မက် ၂၀ ကီလိုဂရမ်ကို ရဲများကရှာဖွေ သိမ်းဆည်းခဲ့သည်ဟု သိရှိရသည်။

ထိုင်းမူးယစ်ဆေးတိုက်ဖျက်ရေး ကော်မတီအကြီးအကဲ ဒုတိယဝန်ကြီးချုပ် ချာလမ်ယူဘမ်ရန်က “ယခုဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်သူများကို ခြေရာခံရှာဖွေပေးရန် နိုင်ငံတကာရဲ(အင်တာပို)ကို ထိုင်းအာဏာပိုင်များက တောင်းဆိုသွားမည်”ဟု သောကြာနေ့တွင် ပြောကြားသည်။        

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထုတ် မူးယစ်ဆေးဝါးများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရာတွင် ကြားစခန်းတစ်ခုဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်အတွင်း မြောက်ဖက်နှင့် အရှေ့မြောက်နယ်စပ်မှတဆင့် မီသိုင်းအင်ဖက်တမင်းဆေးပြား ၁၅ သန်းခန့် မှောင်ခိုသွင်းယူ လာခဲ့သည်ဟု သိရှိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၁၆.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“အားလုံး ပူးပေါင်းပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ခဏခဏပြောထားတာရှိတယ်။ အဲဒီအတွက် ရှေ့နေကွန်ယက်က လေ့လာစုံစမ်းတယ်။ တွေ့ရှိချက် ကို ကော်မရှင်ကိုပို့ထားတယ်၊ ဒီတွေ့ရှိချက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ဘဲ ရှင်းလင်းပြထားတာဖြစ်တယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့က NLD အီးမေးလ် နဲ့ ပို့တယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရားဝင်စာနဲ့ ပို့ပါတယ်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၆) တွင်ပါရှိသော “ဗုံးခွံ့စစ်ဆေးချက်အဖြေ ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ဟုဆို” သတင်းမှ ရှေ့နေကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                        **************************************************

“အောက်ခြေက တပ်မတော်သားတွေက တော်တော်ချို့ချို့တဲ့တဲ့ရှိတယ်။ ဒါကြောင့် ဒီအချက်ကို ထည့်ဆွေးနွေးတာ တပ်မတော်သားတွေကို နိုင်ငံခြား ပညာတော်သင်လွှတ်သင့်တယ် ဆိုတဲ့အကြောင်း၊ တိုင်းရင်းသားတွေပါဝင်ခွင့်နဲ့ တပ်မတော်ကိစ္စတွေမှာ ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်းရှိဖို့ ဆွေးနွေးခဲ့တယ်”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၆) တွင်ပါရှိသော “အမျိုးသားစီမံကိန်းဥပဒေကြမ်းဆိုင်ရာ လွှတ်တော်မှာ ဆွေးနွေး” သတင်းမှ ဒေါ်ဒွဲဘူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                            *****************************************************

“အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲလိုက်ပြီဆိုရင် အစိုးရက စီးပွားရေးလုပ်ပိုင်ခွင့်ပေးတယ်။ အဲဒီပေါ်မှာ ယစ်မူးသာယာပြီး ရေရှည် ငြိမ်းချမ်းရေးကို မဆွေးနွေးနိုင်ရင်တော့ တစ်ချိန်မှာလက်နက်ကိုင် တိုက်ပွဲတွေပြန်ဖြစ်လာမှာပဲ။ ဒီတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့ဆိုရင် နိုင်ငံရေးအရ ဆွေးနွေး ဖို့ပဲလိုတယ်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Fresh News Journal အမှတ် (၁/၀၄၇) တွင်ပါရှိသော “စိတ်ချလက်ချပြန်လာနိုင်ဖို့ လုပ်ပေးပါ လွတ်ငြိမ်းချမ်းသားခွင့်နှင့် ပုဒ်မများဖယ်ရှားရန်” သတင်းမှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။

                                                            ****************************************************

“နိုင်ငံရေးအကျဉ်းသားတွေ ရှိတာတို့၊ ယုံကြည်ချက်၊ ခံယူချက်ကြောင့် ဖမ်းတာတွေရှိတာလို့ ပြောတယ်ဆိုရင် ဒါကျွန်တော်တို့ ကမ္ဘာနဲ့ဆက်ဆံရတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာ သွားချိတ်နေပါတယ်။ ငွေရေး၊ကြေးရေး ကိစ္စတွေမှာ ဒီကောင်လေးက လာလာပြီး အထစ်ကလေး တစ်ထစ်ပါပါနေတယ်။ အဲဒါလေးပြေပြစ်မှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ လွတ်လွတ်လပ်လပ်ရွေ့သွားမှာလေ။”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၈၅) တွင်ပါရှိသော “အမေရိကန် စီးပွားရေးပိတ်ဆို့မှု နိုင်ငံရေး အကျဉ်းသားကိစ္စနှင့်ဆိုင်” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                        ****************************************************

“တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာများ ဖြေရှင်းရေးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်တွဲပါဝင်ဖို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ တိုက်တွန်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဖို့ သူတို့ရဲ့တာဝန် ဝတ္တရားအဖြစ်ရှုမြင်တဲ့ လူပုဂ္ဂိုလ်အားလုံးကို ကြိုဆိုမှာဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၈၅) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင်ဖြန်ဖြေရေး KIA ငြင်းပယ်” သတင်းမှ KIA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးလနန်၏ပြောကြားချက်အား ကောက်နှုတ် ချက်။

                                                            ********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive