Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၂၂.၂.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

အနောက်အုပ်စုနှင့်ဆက်ဆံရေး တိုးတက်စေရန်အတွက် မြန်မာခေါင်းဆောင်အော်စလိုသို့ရောက်ရှိ

(EU Bussiness News မှ 26 February 2013 ရက်စွဲပါ “Myanmar Leader in Oslo, to seek deeper ties with west” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Alter Net

မြန်မာသမ္မတဦးသိန်းစိန်သည် ယခင်တံခါးပိတ်အထီးကျန်မြန်မာနိုင်ငံနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးခိုင်မာအောင် ရည်ရွယ်သော ပထမဆုံး ဥရောပခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး အင်္ဂါနေ့က အော်စလိုသို့ရောက်ရှိလာခဲ့သည်။

မြန်မာပြုပြင်ပြောင်းလဲရေး ဝါဒီသမ္မတသည် စကင်ဒီနေဗီယန်း တိုင်းပြည်နော်ဝေးတွင် ၃ ရက်ကြာနေထိုင်မည်ဖြစ်ပြီး မတ်လ ၈ တွင် မြန်မာနိုင်ငံသို့ မပြန်မှီ ဖင်လန်၊ သြစတြေးလျား၊ ဘယ်လဂျီယံ၊ အီတလီနိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဟု နော်ဝေး တာဝန်ရှိသူများက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသည် ၂၀၁၁ အစောပိုင်းအာဏာရလာပြီးနောက် ယခင် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအမြောက်အများလွှတ်ပေးခြင်းတို့အပါအဝင် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲပြခြင်ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆွဲဆောင်စည်းရုံးခဲ့သည်

၁၉၉၁ ကရရှိခဲ့သော နိုဘယ်ဆုကို လက်ခံ၍ မိန့်ခွန်းပြောရန် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် မနှစ်ကနော်ဝေသို့ ရောက်ရှိခဲ့ပြီး နောက် ယခုနှစ်တွင် သမ္မတဦးသိန်းစိန် နော်ဝေသို့ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အော်စလိုတွင်ရောက်ရှိစဉ် အနာဂတ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးရေးအကူအညီ၊ ပတ်ဝန်းကျင်ဆိုင်ရာ နှင့်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးရန်ရှိသော်လည်း အရေးကြီးသော သဘောတူညီချက်များ လက်မှတ်ရေးထိုးဖြစ်ဖွယ် မရှိဟု နော်ဝေးနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူ Kjetil Elsebutangen ကပြောကြားသည်။

“လက်ရှိနှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံ၌ ကောင်းသောအရာများစွာ ဖြစ်ပေါ်ခဲ့သော်လည်း လုပ်စရာ များစွာကျန်ရှိနေဆဲဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံအနေဖြင့် ထိုကဲ့သို့ အပြုသဘောတိုးတက်မှုများကို အားပေးပြီး၊ လမ်းကြောင်းမှန်အတိုင်းချီတက်နေသူများကို ကူညီရန်ကြိုးစားခြင်းသည် အရေးကြီးသည်ဟု ယူဆကြောင်း” Elsebutangen ကဆက်လက်ပြောကြားသည်။

သိုဝှက်တက်သော ရှေးရိုးစွဲသစ္စာခံတစ်ဦးဟု သတ်မှတ်ခံရသူ သမ္မတဦးသိန်းစိန်သည် နော်ဝေ ဝန်ကြီးချုပ် Jen Stolfenberg ၊ နိုင်ငံခြားရေးဝန်ကြီး Espen Barth တို့နှင့် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး နော်ဝေးရှိမြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံလိမ့်မည်ဟု သိရှိရသည်။

              ထို့အပြင် နော်ဝေအခြေစိုက်အတိုက်အခံမီဒီယာ ဒီမိုကရက်တစ် မြန်မာ့အသံ DBV နှင့် လွန်စွာအရေးပါ သော အင်တာဗျူးတွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရန် တရားဝင်အစီအစဉ်တွင် ထည့်သွင်းထားဖွယ်ရှိသော်လည်း အတည်မပြုနိုင်သေးဟု ဆိုသည်။

ဘယ်လဂျီယံခရီးစဉ်တွင်မူ နှစ်နိုင်ငံဆွေးနွေးပွဲများအပြင် အီးယူအဆင့်မြင့် အစည်းအဝေးများပါ ကျင်းပရန်စီစဉ်ထားသည်ဟု ဥရောပသံတမန်တစ်ဦးက AFP သို့ပြောကြားသည်။

အီးယူနှင့်ဆွေးနွေးမည့် ကိစ္စရပ်များတွင် Sanctions ပိတ်ဆို့မှုများ၊ ဖွင့်ဖြိုးရေးအကူအညီ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ ပြည်တွင်းပဋိပက္ခများတွင် ငြိမ်းချမ်းရေးရအောင် စေ့စပ်ကြိုးပမ်းမှုများ စသည်တို့ပါဝင်ဖွယ်ရှိသည်ဟု သံတမန်နောက်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရက အရေးပါသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အီးယူက လက်နက်အရောင်းအဝယ် မှလွဲ၍ ကျန်ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ပြီးခဲ့သော ဧပြီလတွင် ဆိုင်းငံ့ပေးခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုကလည်း အဓိကကျသော ရင်းနှီးမြှုပ်နှံမှု နှင် ကုန်သွယ်ရေး အတားအဆီးများကို ဖျက်သိမ်းပေးခဲ့သည်။

သို့သော်လည်း မြောက်ပိုင်းကချင်ပြည်နယ်မှ တိုက်ပွဲများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းတို့နှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိနေဆဲပင်ဖြစ်၍ မြန်မာမိုးကုတ်စက်ဝိုင်းတွင် တိမ်မည်းတွေဆင် နေသည်ဟု အကဲခတ်လေ့လာသူများက သုံးသပ်ကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် အခွင့်အလမ်းများလေ့လာမည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် GM လည်းပါဝင်

(Reuters မှ 24 February 2013 ရက်စွဲပါ “GM joins US business group heading to Myanmar to explore opportunities” သတင်းကို ဘာသာပြန်ဆိုပါသည်)

              အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးပြီးနောက်တွင် သဝယံဇာတကြွယ် ဝသော မြန်မာနိုင်ငံသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ အခွင့်အလမ်းများ လေ့လာရန် ယခုတစ်ပတ်သွားရောက် ခဲ့သော အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်ကား ထုတ်လုပ်သူ (General Motors (GM) လည်း ပါဝင်သည်ဟု အမေရိကန်ကုန်သည်ကြီးများအသင်းက သောကြာနေ့တွင် ပြောကြားသည်။

              ကုန်သည်ကြီးများအသင်း၏ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ တာမီအိုဗာဘီ က “ဒီကိုယ်စားလှယ် အဖွဲ့ခရီးစဉ်ဟာအရေးကြီးတဲ့ မိုင်တိုင်တစ်ခုပါ။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေး ပုံမှန်ဆက်ဆံရေး မှာ သိပ်ကောင်းတဲ့တိုးတက်မှုကို ပြုလုပ်ခဲ့ပါတယ်။ အခု ဆက်ဆံရေး နောက်တစ်ဆင့်တက်ရမယ့် အချိန်ရောက် ပါပြီ” ဟု ကြေညာချက်တွင် ထုတ်ပြန်ပြောဆိုသည်။

              ယခုကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလက သမ္မတဘားရက်အိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ် နောက်ပိုင်းတွင် အရေးပါသော အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက် ခြင်းပင်ဖြစ်သည်။

              ၎င်းကိုယ်စားလှယ်အဖွဲ့တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ လက်လီအရောင်းလုပ်ငန်း၊ တယ်လီကွမ်းနှင့် အခြားကဏ္ဍများစွာမှ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ ပါဝင်ကြသည်ဟု သိရှိရသည်။

              မော်တော်ကားထုတ်လုပ်သူ GM အပြင် Metlife , Cargill, Fedex, Chevron, General Electric, Target, Honeywell နှင့် e Bay စသော နာမည်ကျော်ကုမ္ပဏီများလည်း မြန်မာခရီးစဉ်တွင် လိုက်ပါသွား ကြသည်။

              ရန်ကုန်မြို့တွင် နှစ်နိုင်ငံစလုံးမှ အကြီးတန်းကုမ္ပဏီအမှုဆောင်များ၊ အစိုးရတာဝန်ရှိသူများ၊ အတူတကွ ပါဝင်တက်ရောက်ကြမည့် ရန်ကုန်မြို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင်လည်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဖြစ်သည်။

 

******************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၇.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

 “လွှတ်မယ်၊ မလွှတ်ခြင်းက အုပ်ချုပ်ရေး အခွင့်အာဏာရှိတဲ့ တာဝန်ရှိသူတွေနဲ့ဆိုင်တယ်။ ဒီကော်မတီကစိစစ် မှာပဲ။ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ကျန်လဲ၊ ဘယ်သူတွေဆိုတာကို ဝိုင်းပြီးတော့နောက် အစည်း အဝေး တွေမှာဆက်ပြီး စိစစ်ဖို့ပေါ့နော်။ စိစစ်ပြီးတော့ စိစစ်ထားတဲ့စာရင်းကို တာဝန်ရှိတဲ့လူတွေကို တင်ပြရမှာပေါ့”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် ပြည့်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၅) တွင်ပါရှိသော “လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင်များ ပထမအကြိမ်တွေ့ဆုံ” သတင်းမှ ၈၈ ကျောင်းသားများအဖွဲ့ ဦးကိုကိုကြီး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“သက်ဆိုင်ရာကို ကျွန်တော်မေးပါ့မယ်။ ရန်ကုန်မြို့တော်စည်ပင်ကိုလည်းမေးမယ်။ ဦးမြင့်ဆွေနဲ့လည်း ကျွန်တော်မေးမယ်။ ဒီဟာကတော့ ရန်ကုန်တိုင်းရဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ ရဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် မဟုတ်ပါဘူး။ ပြည်သူတွေအားလုံးရဲ့အကြောင်းအရာကို ကျွန်တော် တို့ရဲ့အကြောင်း အရာလို့ပဲ ခံယူပါတယ်။ ဒါ့ကြောင့် ခဏလေး အချိန်ပေးပါ။ ကျွန်တော်မေးကြည့်ပါ့မယ်။ ယခင်တုန်းက ကတိကဝတ်ပြုထား သလို ဖြစ်အောင်ကျွန်တော်တို့လုပ်ပေးပါ့မယ်”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် ပြည့်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၅) တွင်ပါရှိသော “ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းကိစ္စ မြို့တော်ဝန် ကတိအတိုင်း ဆောင်ရွက်ပေးမည်” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။

----------------------------------------------------------------------------------

“ဗဟို(ကေအိုင်အို)မှာ ပြင်ဆင်မှုအစည်းအဝေးတွေ လုပ်နေတဲ့အတွက် ရက်အနည်းငယ်နောက်ကိုရောက် နိုင်တယ်ဆိုတာကို တိုက်ရိုက်လှမ်း အကြောင်း ကြားပါတယ်။ အကြောင်းပြန်တဲ့အခါမှာ အရမ်းအပြုသဘော ဆောင်တယ်လို့ ဝန်ကြီးကပြောပါတယ်”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၁) အမှတ် (၅၁) တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အို မတ်လဒုတိယ အပတ်တွင် တွေ့ဆုံသွားရန် ကေအိုင်အို အကြောင်းပြန်” သတင်းမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------

“အောက်ခြေဝန်ထမ်းတစ်ယောက်သည် သူနှင့်သူ့မိသားစု စားဝတ်နေရေး၊ လူမှုရေးအဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုမလဲ ဆိုတာကို စဉ်းစားကြည့်ဖို့လိုသလို အောက်ခြေဝန်ထမ်းဦးစီးမှုးတစ်ယောက် အတွက်လည်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည် ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားပေးဖို့လိုမှာဖြစ်ပါတယ်။ ယနေ့အချိန်အခါ၊ အခြေအနေနှင့် ယှဉ်တွဲစဉ်းစားသုံးသပ်ကြည့်ရင် ဘယ်လိုဖြစ်နေကြမလဲ။ ဒါကို စိစစ်စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၁) အမှတ် (၅၁) တွင်ပါရှိသော “အစိုးရဝန်ထမ်းများအား လစာတိုးပေးရန် သူရဦးရွှေမန်း ထပ်မံတိုက်တွန်း” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------------------------------------

“နော်ဝေနိုင်ငံ အနေနဲ့ဒီလိုအပြုသဘောတိုးတက်မှုတွေကို ထောက်ခံအားပေးဖို့အရေးကြီးတယ်ဆိုတာ စဉ်းစား မိပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်သွားနေတဲ့ ပုဂ္ဂိုလ်တွေကို ကူပံ့ဖို့ ကြိုးပမ်းသွား မှာပါ”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၉) တွင်ပါရှိသော “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် နော်ဝေသို့ရောက်ရှိ” သတင်းမှ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျက်တယ်အိုက်ဘူတန်ခန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၇.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

နေ့စဉ်ထုတ်သတင်းလွှာ

  1. ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းထုတ်ပြန်ကြေညာ
  1. အော်စလိုတွင် သမ္မတအားဆန္ဒပြသူ လူစု၏ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေး
  2. ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များအား အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်
  3.  ပြည်တွင်းဆန်ဈေးနှုန်း ပြည်တင်ပို့မည့်ဆန်ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံအတွင်း ထုတ်ဝေစာများပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဥပဒေကြမ်းတွင် နိုင်ငံတွင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ကိုင်လိုသူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များသည် မှတ်ပုံတင်အရာရှိထံတွင် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိမှစိစစ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူကို သတ်မှတ်အခကြေးငွေ ပေးဆောင်စေ၍ လုပ်ငန်းအသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပုံနှိပ်ထုတ်ဝေသူများအနေဖြင့် တိုင်းရင်းသားလူမျိုးအချင်းချင်း၊ အခြားဘာသာ သာသနာကိုထိခိုက်နစ်နာစေမည့် အကြောင်းအရာများ၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်နှင့် ဆူပူအကြမ်းဖက်မှုကို ဖြစ်ပွားစေမည့် အရေးအသားများဖော်ပြခြင်း၊ ညစ်ညမ်းစာများဖော်ပြခြင်း၊ ရာဇဝတ်မှုများ လုပ်ဆောင်စေရန် အားပေးလှုံဆော်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ပျက်ဖောက်ဖျက်သည့် အရေးအသားမျာကို ပုံနှိပ်ထုတ်ဝေခြင်း မပြုရန် ဥပဒေကြမ်းတွင် တားမြစ်ထားသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် အဓိကတားမြစ်ချက်များအနေဖြင့် မည်သူမဆို လုပ်ငန်းအသိအမှတ်ပြုလိုင်စင်မရှိဘဲ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ထုတ်ဝေစာများကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ပုံနှိပ်ဖြန့်ချီနိုင်ရန် တင်ပို့ခြင်းနှင့် သက်ဆိုင်ရာမှ လုပ်ငန်းအသိအမှတ် ပြုလိုင်စင်ကို ရုတ်သိမ်းထားခြင်း(သို့)ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုလုပ်နေစဉ်ကာအတွင်း မည်သည့်ထုတ်ဝေစာကိုမှ ထုတ်ဝေဖြန့်ချီခြင်းများ လုပ်ကိုင်ခွင့်မရှိကြောင်း အဆိုပါဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

အဆိုပါဥပဒေကြမ်း၏ အခန်း(၄) အပိုဒ် ၁၃ နှင့် ၁၄ တို့တွင် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရရှိထားသူအနေဖြင့် မိမိ၏ထုတ်ဝေစာ မူရင်းကို အင်တာနက် သတင်းဖြန့်ချီသောနည်းဖြင့် ဝက်ဆိုဒ်များတွင် ဖြန့်ချီခွင့်ရှိသည့်အပြင် သတင်းအေဂျင်စီလုပ်ငန်းအသိအမှတ်ပြု လုပ်ငန်းလက်မှတ် ရရှိထာသူအနေဖြင့်လည်း မိမိလွှင့်တင်ဖြန့်ချီသည့် သတင်းအချက်အလက်နှင့်ပုံများကို အင်တာနက်သတင်းဖြန့်ချီသောနည်းဖြင့် ဝက်ဆိုဒ်များအသုံးပြု၍ ဖြန့်ချီခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

                       **************************************************************

အော်စလိုတွင် သမ္မတအားဆန္ဒပြသူ လူစု၏ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေး

နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ အဆိုပါနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆန္ဒပြသည့်အဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ကိုယ်စားလှယ်အဖွဲ့တို့သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်အပြီး တည်းခိုရာ The Continental Hotel သို့အပြန်တွင် လမ်းတစ်ဖက်တစ်ချက်စီ၌ ဆန္ဒပြသူ ၄၀ ခန့်မှ သမ္မတဦးသိန်းစိန်အား ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒပြလျက် ရှိကြောင်း တွေ့မြင်ရသည့်အတွက် သမ္မတက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား ဆန္ဒပြဦးဆောင်သူများနှင့်တွေ့ဆုံကာ ၎င်းတို့ပြောပြသည်များကို နားထောင်၍ ဆွေးနွေးမှုပြုလုပ်ရန် ညွှန်ကြားမှုကြောင့် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနှင့် ဒု-ဝန်ကြီး ဦးရဲထွဋ်တို့မှ ဆန္ဒပြဦးဆောင်သု ဦးမြင့်အေးနှင့် ဒေါ်နန်းကြည်အေးတို့နှင့် တစ်နာရီကျော်ခန့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာ့ဒီမိုကရေစီအင်အားစုခေါင်းဆောင် ဦးမြင့်အေးက မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်သော ၎င်း၏ ခံစားချက်များနှင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ဒေါ်နန်းကြည်အေးမှ ကရင်လူမျိုးများနှင့်ပတ်သက်သော ခံစားချက်များ ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဝန်ကြီးဦးစိုးသိန်းမှ လက်ရိုအစိုးရအဖွဲ့၏ လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မြေယာသိမ်းဆည်းမှု အခြေအနေများနှင့် ဥပဒေအရမြေယာပိုင်ဆိုင်မှုပေးရေး ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

နော်ဝေနိုင်ငံရောက် ကရင်တိုင်းရင်းသူ ဒေါ်နန်းကြည်အေးမှာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ တစ်ခေါက် မျှရောက်ဖူးခြင်း မရှိသေးကြောင်း သိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံသို့လာရောက်၍ ယခင်ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့သည်။

YC

                                        **************************************************

ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များအား အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် လုပ်ကိုင်သူမရှိဘဲ လစ်လပ်လျက်ရှိသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် များတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ကုန်းတွင်းပိုင်းရေနံလုပ်ကွက်များတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပထမအကြိမ် အပြည်ပြည် ဆိုင်ရာ တင်ဒါခေါ်ယူခဲ့သည့်အပြင် ကုန်တွင်းပိုင်းလုပ်ကွက် ၁၈ ကွက်တွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ရေနံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၃ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ်တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းသုံးစွဲမှုအတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု အခြေအနေအရ CNG အရောင်းဆိုင်နှင့် CNG သုံး မော်တော်ယာဉ်များ ဓာတ်ငွေ့ထပ်မံဖြည့်တင်းပေးရေး ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်သော အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်း၍ အမျိုးသားစွမ်းအင်လုံခြုံရေးမဟာဗျူဟာ (National Energy Security Strategy)တစ်ရပ် ရေးဆွဲလျှက်ရှိကြောင်း သိရသည်။

YC

************************************************************ 

 ပြည်တွင်းဆန်ဈေးနှုန်း ပြည်တင်ပို့မည့်ဆန်ဈေးနှုန်းထက် ပိုမိုမြင့်မားလျက်ရှိ

ဆန်ဝယ်ယူသိုလှောင်သူများနှင့် ကုန်သည်များ၏ ဈေးကစားမှုများကြောင့် လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ပြည်ပသို့တင်ပို့မည့် ဆန်ဈေးနှုန်းများထက် ပိုမိုမြင့်မားလျက်ရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ပမှ ဆန်ကြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၃၄၀ ဖြင့် ဝယ်ယူနေသော်လည်း ပြည်တွင်းဆန်ကြမ်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၄၅၀၀ (ဒေါ်လာ ၃၆၀) ဖြစ်နေကြောင်း သိရသည်။  

ထိုသို့ ပြည်တွင်းဆန်ဈေးနှုန်းများ ကြီးမြင့်လျက်ရှိနေသည့်အတွက် တောင်သူများမှာ စာချုပ်ပါအတိုင်း ပြည်ပသို့တင်ပို့မည့် အရေအတွက် ပြည့်မှီနိုင်စေရန် တင်ပို့သောအခါ အရည်အသွေးပိုင်းတွင် နိမ့်ကျသွားနိုင်သည့်အပြင် ဆန်အကြမ်းအရောအနှောများလည်း ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၂ သန်းကျော်ဖြင့် နှစ် ၄၀ အတွင်း ပြည်ပသို့အများဆုံးဆန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

YC

***************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive