Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

*

*

၃.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. မြန်မာနိုင်ငံအား ဖင်လန်နိုင်ငံမှ ယူရို ၆ သန်းကူညီရန် သဘောတူလက်မှတ်ရေးထိုး
  2. အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လှည့်စားခြင်းသာဖြစ်ကြောင်း SSA တပ်ဖွဲ့ပြောကြား
  3. တပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်မှုကြောင့် KIA နှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကြန့်ကြာ
  4. မြန်မာသို့ ရုရှားကာကွယ်ရေးဝန်ကြီးလာရောက်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ 

မြန်မာနိုင်ငံအား ဖင်လန်နိုင်ငံမှ ယူရို ၆ သန်းကူညီရန် သဘောတူလက်မှတ်ရေးထိုး

မြန်မာ-ဖင်လန် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံအား ယူရို ၆ သန်းကျော်ကို ဖင်လန်နိုင်ငံမှ ကူညီပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖင်လန်နိုင်ငံခရီးစဉ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဖင်လန်သမ္မတ Sauli Niinisto တို့သည် ဖင်လန်နိုင်ငံမြို့တော် ပာယ်လ်စင်ကီးတွင် မတ်လ ၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ဘက်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်မှုစနစ်သို့ ကူးပြောင်းလာခဲ့သည့် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွင်း ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာနိုင်စေရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများကို ဖင်လန်နိုင်ငံမှ ဝေမျှသွားမည်ဖြစ်သည့်အပြင် ဖင်လန်နိုင်ငံ၏ အကူအညီများကို ၂၀၁၄ ခုနှစ် ၂၀၁၆ ခုနှစ်ကြားကာလများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည့်အပြင် စီးပွားရေး၊ ကျန်းမာရေးနှင့် နည်းပညာ အကူအညီများကိုလည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဖေဖော်ဝါရီလ၂၅ ရက်နေ့မှစတင်၍ ဥရောပ နိုင်ငံများဖြစ်သည့် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ အဆိုပါနိုင်ငံ အစိုးရများ၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

YC

                                ------------------------------------------------------------------------------------

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လှည့်စားခြင်းသာဖြစ်ကြောင်း SSA တပ်ဖွဲ့ပြောကြား

လက်ရှိ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များမှာ လှည့်စားမှုသက်သက်သာဖြစ်ကြောင်း တပ်မတော်နှင့် ရင်ဆိုင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တပ်မတော်မှ SSA တပ်ဖွဲ့အခြေစိုက် စခန်းများအားဖယ်ရှားရန် တိုက်ခိုက်ခဲ့သည့်အပြင် မြန်မာ တပ်မတော် တပ်မ ၃၃ နှင့် ခြေမြန်တပ်ရင်း ၃၃၂ စစ်ကြောင်းများကလည်း လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းရှိုမုန်းကိုးနှင့် လွယ်လန်းဒေသရှိ SSA တပ်ရင်း အမှတ် ၁၉၂ ကိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြန်မာတပ်ဖွဲ့မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးဖြစ်သည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်ခြင်းမှာ SSPP/SSA တပ်ဖွဲ့များနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှီ United Wa State Party(UWSP/UWSA)တို့၏ အဆက်အသွယ်များကို ဖြတ်တောက်ပစ်ရန်၊ ပြည်ထောင်စု နယ်မြေအားလုံးကို အစိုးရမှထိန်းချုပ်နိုင်ရန်နှင့် UNSA ခေါ် ‘ဝ’တပ်ဖွဲ့များအား ရေရှည်စစ်ဆင်ရေးဆင်နွဲရန်အတွက်တို့ကြောင့် ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း တပ်မတော်နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်မှုကြောင့် KIA နှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကြန့်ကြာ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်၍ တပ်မတော်မှ KIA တပ်ရင်း ချီဘွေဘက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည့်အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIA တို့ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း KIA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် တပ်မတော်မှ KIA တပ်ဖွဲ့များ အခြေစိုက်လျက်ရှိသော အချို့နယ်မြေဒေသများအား ဖယ်ရှားပေးရန် ရာဇသံပေး၍ တောင်းဆို ခဲ့သည့်အပြင် KIA တပ်ဖွဲ့ပိုင် အချို့နယ်မြေဒေသများတွင်လည်း ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

KIA အနေဖြင့် အစိုးရတပ်များနှင့် ငြိမ်းချမ်းရေးရရှိနိုင်စေရန် လာမည့် ၂၀၁၃ မတ်လဆန်းတွင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် KIA တို့၏ ဒုတိယအကြိမ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး အမှန်တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိ နိုင်စေရန်အတွက်မူ အစိုးရ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO/KIA)တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ငြိမ်ချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အချက်အပါအဝင် အချက်(၆)ချက်ပါ နှစ်ဘက်သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာသို့ ရုရှားကာကွယ်ရေးဝန်ကြီးလာရောက်မည်

မကြာမီကာလအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူမှ မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း မော်စကိုတိုင်းမ်သတင်းတွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော်အကြား ပိုမိုရင်းနှီးနွေးထွေးသော ဆက်ဆံရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် အာရှ-ပစိဖိတ်ရေးရာ ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ ဗီယက်နမ်နိုင်ငံရှိ ရုရှား၏ ပစိဖိတ်ရေတပ် စစ်သင်္ဘောများထားရှိရာ ကမ်မရန် ရေတပ်ဌာနချုပ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

YC

*******************************************************************

Google Drive: create, share, and keep all your stuff in one place. Logo for Google Drive