Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို ထိုင်းနိုင်ငံအကူအညီပေးခြင်းမရှိဟု HRW ပြောကြား

(UPI သတင်းဌာနမှ 14 March 2013 ရက်စွဲပါ HRW: Thailand not helping Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကို ထိုင်းရေတပ်က ပစ်ခတ်မှုအပေါ် ကုလသမဂ္ဂ စိုးရိမ်ပူပန်

(ပါကစ္စတန်သတင်းစာ The Nation မှ 16 March 2013 ရက်စွဲပါ UN concerned over shooting at Rohingyas ကိုဘာသာပြန်ဆိုသည်)

  1. ဂူဂဲလ်ဥက္ကဋ္ဌ အီရစ်ရှမစ် မြန်မာနိုင်ငံသို့သွားရန်စီစဉ်နေ

(San Francisco Business Times မှ 15 Mar 2013 ရက်စွဲပါ “Google Chairman Eric Schmidt to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. အငြင်းပွားဖွယ်အခြေခံဥပဒေကို မြန်မာ့လွှတ်တော် ပြန်လည်သုံးသပ်တော့မည်

(Reuters News မှ 15 Mar 2013 ရက်စွဲပါ “Myanmar parliament to review controversial constitution” သတင်းကို ဘာသာပြန်ဆိုသည်။)


မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို ထိုင်းနိုင်ငံအကူအညီပေးခြင်းမရှိဟု HRW ပြောကြား

(UPI သတင်းဌာနမှ 14 March 2013 ရက်စွဲပါ HRW: Thailand not helping Myanmar Reforms ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို ပစ်ခတ်မှုများမပြုလုပ်ဘဲ လက်သင့်ခံ ခွင့်ပြုထားရှိရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့HRW က ထိုင်းအစိုးရကိုတိုက်တွန်းလိုက်ကြောင်း သိရသည်။

HRW ၏ အဆိုအရ ထိုင်းရေတပ်မှ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူမျိုး အနည်းဆုံးနှစ်ဦး ခန့်သေဆုံးခဲ့ရကြောင်း၊ ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းသူ ၂၀ ခန့်မှာ မြန်မာနိုင်ငံမှ မလေးရှားသို့ စက်လှေဖြင့်ထွက်ပြေးကြစဉ် ဆီကုန်သွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။

HRW ၏ အာရှအစီအစဉ်ဆိုင်ရာ ဒါရိုက်တာ Brad Adams က ထိုင်းအစိုးရအနေဖြင့် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေသူများအပေါ် စစ်ရေးအရ တုံ့ပြန်နေမှုများကို ထိုင်းအစိုးရအနေဖြင့် အသေအချာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံကလာတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးတွေကို ထိုင်းအစိုးရက ကူညီမှုပြုလုပ်သင့်ပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို ပိုမိုဆိုးရွားအောင်မလုပ်သင့်ပါဘူး။ ထို့ပြင် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေအားလုံးကို ကူညီ စောင့်ရှောက်နိုင်မယ့် ကုလသမဂ္ဂအေဂျင်စီတွေကို ထိုင်းအစိုးရက ထားရှိခွင့်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းစတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကချင်နှင့် ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများက လောင်းရိပ်ကျစေသလိုဖြစ်နေသည်။

ရိုဟင်ဂျာလူ့အခွင့်အရေးအသင်းမှ အတွင်းရေးမှူး မိုဟာမက်နာဆင်က ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ သတင်းဌာဖြစ်သော IRIN သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြောကြားရာတွင် “နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး အောက်ခြေမှာ ပကတိဖြစ်ပျက်နေတာတွေကို လက်ဦးမှုရယူဖြေရှင်းဖို့ ကျွန်တော်ပန်ကြားလိုပါတယ်” ဟု ပြောသည်။


ရိုဟင်ဂျာများကို ထိုင်းရေတပ်က ပစ်ခတ်မှုအပေါ် ကုလသမဂ္ဂ စိုးရိမ်ပူပန်

(ပါကစ္စတန်သတင်းစာ The Nation မှ 16 March 2013 ရက်စွဲပါ UN concerned over shooting at Rohingyas ကိုဘာသာပြန်ဆိုသည်)

photo credit - The Nation

အခြားနိုင်ငံတွင် ခိုလှုံခွင့်ရရှိနိုင်ရေးတွက် မြန်မာနိုင်ငံမှ စက်လှေဖြင့် ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည်များကို ထိုင်းရေတပ်က ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၂ ဦးသေဆုံးသွားခဲ့ရသည်ဟူသည့် သတင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့် အရေးရုံးက စိုးရိမ်ပူပန်မိကြောင်း မတ်လ ၁၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး အဆိုအရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ရိုဟင်ဂျာဒုက္ခသည် ၁၃၀ ခန့်လှေငယ်များဖြင့် ရောက်ရှိလာစဉ် ထိုင်းရေတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထိုသို့ ပစ်ခတ်သည်ဟု စွပ်စွဲပြောဆိုချက်များကို ချက်ချင်းလက်ငင်း ဘက်လိုက်မှုကင်းစွာဖြင့် စုံစမ်းစစ်ဆေးမှု အခိုင်အမာပြုလုပ်ရန် ထိုင်းအစိုးရကို ကျွန်ုပ်တို့ အထူးတိုက်တွန်းပါသည်။ အဆိုပါ ရာဇဝတ်မှုကို ပါဝင်ကျူးလွန်သူမည်သူမဆို တရားစီရင်ခံရရေးအတွက်လည်း တိုက်တွန်းအပ်သည်” ဟု မဟာမင်းကြီးရုံးကထုတ်ပြန်သော ကြေညာချက်ကဆိုသည်။

“ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းအခြားနိုင်ငံများအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပင်လယ်ပြင်တွင်း သေဆုံးမှုကို ဖြေရှင်းနိုင်မည့် မူဝါဒများ၊ နိုင်ငံခိုလှုံခွင့်ရရှိရန်ကြိုးပမ်းသူများအတွက် အထောက်အပံ့ဖြစ်စေမည့် မူဝါဒများအတွက် အလေး အနက်ထားစဉ်းစားကြရန်လည်း တိုက်တွန်းသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ဝတ္တရားများနှင့် တစ်သားတည်းဖြစ်ရန်လည်း လိုအပ်ပါသည်” ဟု ဖော်ပြပါရှိသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်း ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် အကြမ်းဖက်မှု များကြောင့် မွတ်စလင် ၁၁၅၀၀၀ ခန့်ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အနည်းဆုံး ၁၀၀ ခန့်သေဆုံးသွားသည်။ OHCHR အဖွဲ့ကလည်း မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်း ခွဲခြားဆက်ဆံမှု၊ ဆူပူအကြမ်းဖက်မှု အစရှိသည့် ပြဿနာများ၏ အဓိကဇစ်မြစ်ကို ထုတ်ဖော်ဖြေရှင်းရန် တိုက်တွန်းထားသည်။

UNHCR အဖွဲ့ကလည်း ထိုင်းအစိုးရအနေဖြင့် ရေတပ်ကပစ်ခတ်သည်ဟူသော သတင်းကို အသေအချာ စုံစမ်းအတည်ပြုရန် တိုက်တွန်းသည်။ “လုံခြုံမှု ရရှိရေးအတွက် ထွက်ပြေးလာသူများအနေဖြင့် ပိုမိုဆိုးရွားသည့် အခြေအနေနှင့်ရင်ဆိုင်ရမည့် အနေအထားမျိုးရှိနေမှုအပေါ် များစွာစိုးရိမ်ရသည်” ဟု UNHCR ကဆိုသည်။ UNHCR မှ ပြောခွင့်ရပုဂ္ဂိုလ် Fatoumata Lejeune Kaba အဆိုအရ ရခိုင်ပြည်နယ်မှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံမှုရှိသော အရပ်ဒေသများသို့ မှောင်ခိုစက်လှေများဖြင့် ထွက်ပြေးသွားလျက်ရှိသည်ဟု သိရသည်။

“ယခုနှစ် ပထမ ၂ လတာအတွင်းမှာပင် ရိုဟင်ဂျာဒုက္ခသည် ၇၀၀၀ ခန့်ဟာ အန္တရာယ်များလှတဲ့ စက်လှေတွေကို စီးပြီးထွက်ပြေးခဲ့ကြပါတယ်” ဟု ၎င်းကဆိုသည်။ သို့အတွက်ကြောင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါ စက်လှေများဖြင့် ထွက်ပြေးလာသူများအတွက် ဝင်ရောက်ခွင့်ပြုပေးရန် UNHCR က ပန်ကြားထားသည်။


ဂူဂဲလ်ဥက္ကဋ္ဌ အီရစ်ရှမစ် မြန်မာနိုင်ငံသို့သွားရန်စီစဉ်နေ

(San Francisco Business Times မှ 15 Mar 2013 ရက်စွဲပါ “Google Chairman Eric Schmidt to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo: ANDREW CROWLEY

ကမ္ဘာကျော် Google Inc ၏ အမှုဆောင်ဥက္ကဋ္ဌ အီရစ်ရှမစ်သည် မတ်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ အမေရိကန်ထိပ်တန်းနည်းပညာကုမ္ပဏီအကြီးအကဲ၏ ပထမဆုံးမြန်မာခရီးစဉ် ဖြစ်လာမည်ဟု Wall Street Journal က သတင်းဖော်ပြသည်။

နှစ်ပေါင်းနှစ်ဆယ်ကြာ တင်းကြပ်သော အနောက်အုပ်စုပိတ်ဆို့မှု sanction များအောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ခေါင်းပြူလာသည့်အလျှောက် ပေါ်ထွက်လာသော Google အကြီးအကဲ၏ ခရီးစဉ်သည် မြန်မာနိုင်ငံက အမေရိကန်နည်းပညာကုမ္ပဏီများကို ဆွဲဆောင်သည့် လက္ခဏာ ပေါ်လွင်နေပါသည်။

ယခင်ကမူ လူဦးရေ သန်း ၆၀ ရှိသော မြန်မာ့ဈေးကွက်တွင် အမေရိကန်ကုမ္ပဏီများ စီးပွားမရှာရန် အမေရိကန်ပြည်ထောင်စုဥပဒေက တားမြစ်ထားခဲ့သည်။

လွတ်လပ်၍ ပွင့်လင်းသော အင်တာနက်အကြောင်း ဆွေးနွေးပြောဆိုသည့် ကိုယ်ရေးကိုယ်တာခရီးစဉ်ဖြစ်သည်ဟု ဆိုသော ဇန်နဝါရီလ မြောက်ကိုရီးယားခရီးစဉ်အပြီးတွင် ယခုမြန်မာခရီးသည် ဂူးဂဲလ်ဥက္ကဋ္ဌ၏ ယခုနှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်ဖြစ်လာလိမ့်မည်။

ဂူးဂဲလ်အကြီးအကဲ ရှမစ်သည် နေပြည်တော်၌ မြန်မာအစိုးရအကြီးတန်းတာဝန်ရှိသူများနှင့် သွားရောက်မတွေ့ဆုံမီ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန် ICT park ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု သိရှိရသည်။


အငြင်းပွားဖွယ်အခြေခံဥပဒေကို မြန်မာ့လွှတ်တော် ပြန်လည်သုံးသပ်တော့မည်

(Reuters News မှ 15 Mar 2013 ရက်စွဲပါ “Myanmar parliament to review controversial constitution” သတင်းကို ဘာသာပြန်ဆိုသည်။)

photo credit - internet

မြန်မာ့လွှတ်တော်သည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းစာရင်းမဝင်နိုင်အောင် ပိတ်ပင်ထားသော အခြေခံဥပဒေအား ဖြစ်နိုင်ခြေပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့က ပထမဆုံးခြေလှမ်းကို စလိုက်ပြီဖြစ်သည်။

အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုဋ္ဌာန်းခဲ့ပြီး ဒီမိုကရေစီနည်းမကျဟု အများစုက သတ်မှတ်ထားကြ သော အခြေခံဥပဒေအရ မိသားစုဝင်ထဲတွင် ပြည်ပနိုင်ငံသား ခံယူထားသူရှိသောသူသည် သမ္မတလောင်းနှင့် ဒုတိယသမ္မတ လောင်း လျာထားရန် အရည်အချင်းမပြည့်မှီဟု ဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်း ပါမောက္ခ မိုက်ကယ်အဲရစ် တို့မှာ ဗြိတိသျှနိုင်ငံသားများ ဖြစ်ကြသည်။

ထို့အပြင် ၎င်းအခြေခံဥပဒေသည် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သော တပ်မတော်သား ကိုယ်စားလှယ်များ အတွက် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို သီးသန့်ဖယ်ထားပေးသည်။

ထိုအခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသော ပြည်ခိုင်ဖြိုးအမတ် သူရဦးအေးမြင့်နှင့် ဦးသိန်းဇော်တို့က တင်သွင်းခဲံခြင်းဖြစ်သည်ဟု NLD ပါတီဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

တပ်မတော်သားကိုယ်စားလှယ်များကလည်း ယင်းအဆိုကိုထောက်ခံခဲ့ကြသည်ဟု သိရှိရသည်။

“စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်ဖို့အတွက် လက်ရှိအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမယ်ဆိုတာကို သူတို့နားလည်သိရှိကြပုံရပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီးနောက် ၂၀၁၁ မတ်လတွင် တပ်မတော်အစိုးရ အာဏာစွန့် ကာ သမ္မတဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ ဦးသိန်းစိန်အာဏာရပြီး ၃ လ ကျော်အကြာတွင် နိုင်ငံတံခါးဖွင့်ကာ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ စတင်ပြုလုပ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကိုမူ သူမနှင့်အတူ NLD ကိုယ်စားလှယ် ၄၂ ဦး အနိုင်ရကာ လွှတ်တော်တွင်းသို့ရောက်ရှိလာခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် သူမက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်မှုသည် NLD အနိုင်ရမည်ဟု မျှော်လင့်ရသော ၂၀၁၅ ရွေးကောက်ပွဲများ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ရန် အလားအလာရှိသော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ပါသည်။

အခြေခံဥပဒေပြန်လည်သုံးသပ်ရေးကော်မတီတွင် နိုင်ငံရေးပါတီများစွာမှ အဖွဲ့ဝင်များနှင့် ပြင်ပကျွမ်းကျင်သူများ ပါဝင်ကြလိမ့်မည်ဟု လွှတ်တော်အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်မည့်လမ်းကြောင်း အတားအဆီးများကို ဖယ်ရှားပေးဖွယ်ရှိသည့် အခြေ ခံဥပဒေပြင်ဆင်မှုကို ကြိုဆိုသည်ဟု အမည်မဖော်လိုသူ တပ်မတော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

‘ပုဂ္ဂလိကအမြင်ကိုပြောရရင် သူမဟာ စွမ်းရည်ရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် သေချာပေါက် ယုံကြည်ပါတယ်’ဟု ၎င်းကမှတ်ချက်ပေးသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

QUOTE & COMMENT
Document QUOTE & COMMENT

Snapshot of the item below:
QUOTE & COMMENT

သတင်းကောက်နှုတ်ချက်များ

“ရွာသားတွေက သူတို့ကို မီးလောင်ဗုံးနှင့်တိုက်ခိုက်ခဲ့တာကို မကျေနပ်ကြပါဘူး။ ဒဏ်ရာရပြီးတော့ ဆေးကုသမှုခံယူရန် လိုအပ်သေးသော သံဃာတော် ဦးတိက္ခဥာဏကလည်း ပြန်ကောင်းရန်အလားအလာမရှိတော့ပါဘူး။ ဒီကြားထဲ သပိတ် စခန်းမှ လူအများစုရဲ့ စားဝတ်နေရေးအခက်အခဲရှိပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံတကာ ကတိကဝတ်တွေ စာချုပ် စာတမ်းတွေရှိနေတယ်။ တစ်ဖက်ကလည်း ပြည်သူတွေအပေါ် ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြေချနေထိုင်ခွင့်ရှိပါတယ်။ သမာအာဇီဝအသက်မွေးကျောင်း ပြုခွင့်ရှိပါတယ်။ အဲဒီအနေအထားတွေအပေါ်မှာ သူတို့ဘဝ တွေမပျက်စီးစေဖို့ အကာအကွယ်ပေး ရပါတယ်။ နိုင်ငံတော်အစိုးကိုလည်း ကျွန်တော်တို့အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို တင်ပြထားပါတယ်”

မတ်လ ၁၈ ရက်နေ့ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄) အမှတ် (၂၃) တွင်ပါရှိသော “လက်ပံတောင်းတောင် သပိတ်စခန်းရေးအပေါ် ရှေ့နေများကွန်ယက်ရဲ့ သဘောထားအမြင်” သတင်းမှ ဦးသိန်းသန်းဦး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ပွင့်လင်းမြင်သာမှုလုံးဝမရှိတာမို့ ရလာတဲ့လျှပ်စစ်ဓါတ်အားတွေကို ဘယ်လိုခွဲဝေမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံကြသလဲ၊ တိုင်းပြည်အတွက် ဒေသအတွက် ဘယ်လောက်အကျိုးရှိမလဲ၊ ရလာတဲ့အကျိုးအမြတ်နဲ့ သဘာဝ ရင်းမြစ်ပျက်စီးဆုံးရှုံးမှု ဘယ်လိုအခြေအနေရှိမလဲ၊ အကျိုးရှိမှာ နိုင်ငံလား၊ တရုတ်ကလား၊ ခရိုနီတွေလား စတဲ့ မေးခွန်းတွေအများကြီး ထပ်မေးဖို့ တိုက်တွန်းပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင်မေးတာကို တာဝန်ရှိသူက တိတိကျကျဖြေဖို့လိုမယ်”

မတ်လ ၁၈ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၁၁) တွင်ပါရှိသော “မိုင်းတုံလျှပ်စစ်စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိဟုဆို” သတင်းမှ မြန်မာနိုင်ငံရေးအကျဉ်းသားများ ကွန်ယက် အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံဟာခေတ်စနစ်တွေ ပြောင်းလဲလာခဲ့ပြီး နိုင်ငံတကာအစိုးရက တိုင်းပြည်ကောင်းအောင် ကြိုးစားနေကြတာကို သိသာမြင်သာကြမှာပါ။ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အောင်မြင်မှုရှိလာပြီး စီးပွားရေးကဏ္ဍ တစ်ခုအောင်မြင်ဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် အဘက်ဘက်မှ ဟန်ချက်ညီလုပ်ဆောင်ရန် စီးပွားရေးကဏ္ဍသည် အရေးပါအရာ ရောက်သော ဆောင်ရွက်ချက်သစ်တစ်ခုလို့ မြင်ပါတယ်”

မတ်လ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၁) တွင်ပါရှိသော “နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး၌ အောင်မြင်မှုများရှိနေဟု ယခင်ဝန်ကြီးချုပ်ဟောင်းပြောကြား” သတင်းမှ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ညွန့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အပစ်ရပ်တဲ့အဆင့်ထိသွားမယ်။ ဒါပေမယ့် ကြားထဲမှာ ကြိုတင်သဘောတူရမယ့် အချက်တွေ အများကြီးလုပ်ရဦးမယ်။ ပထမဆုံးအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ သဘောတူရမယ်။ စောင့်ကြည့်သက်သေတွေရှိရမယ်။ နောက်ပြီးတော့ မိမိကိုယ်ကို ခုခံခြင်းမှအပ ဆိုတဲ့ စကားလုံးမျိုးတွေ၊ တခြားအသေးစိတ် အချက်အလက်တွေ အများကြီးကို ပြင်ဆင်ပြီးမှ အပစ်ရပ်တဲ့အထိသွားမယ်လို့ ပြောတာပါ။ အခုသတင်းဌာနတွေက ရေးကြတဲ့အခါ အမှတ်မမှားအောင် ကြိုတင်ပြောပြတာ ဖြစ်ပါတယ်။”

မတ်လ ၁၈ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၉၂) တွင်ပါရှိသော “အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ နိုင်ငံတကာစောင့်ကြည့်ရေး KIO တောင်းဆိုချက်ကို တရုတ်က လုံးဝမနှစ်သက်ဟုဆို” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီအမှုကို မြို့နယ်တရားသူကြီး ဒေါ်ခင်ခင်ဆွေက လက်မှတ်ထိုးပြီး Reject လုပ်လိုက်တယ်။ အဲဒါနဲ့ပတ်သက် ပြီး ကျွန်တော်တို့က ဥပဒေနှင့်အညီအမှုဖွင့်လှစ်နိုင်ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အမြင့်ဆုံး ဖြစ်တဲ့ တရားလွှတ်တော်ကို Complain တက်သွားပါမယ်။ နောက်တစ်ခုက မြို့နယ်တရားရုံး ပြီးရင် ခရိုင်တရားရုံး၊ တိုင်းတရားရုံး အဆင့်ဆင့်ထိ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ကိစ္စကို ဥပဒေအချက်အလက်တွေ ရှာကြံပြီးလုပ်ဆောင် သွားပါမယ်”

မတ်လ ၁၈ ရက်နေ့ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄) အမှတ် (၂၃) တွင်ပါရှိသော “နိုင်ငံတော် သမ္မတကြီးကို တရားစွဲဆိုမှုအား ဆားလင်းကြီးမြို့နယ်တရားရုံးက ပလပ်လိုက်ပြီ” သတင်းမှ ရှေ့နေ ဦးစောကျော်ကျော်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အခွန်ကောက်ခံမှုအားလုံးကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ပေးသင့်
  2. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည့် ဥပဒေများကို ကော်မတီဖွဲ့ ဆောင်ရွက်မည်
  3. ရွာသစ်ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ Social Impact များကို နိုင်ငံတကာလေ့လာ စောင့်ကြည့် ရေးအဖွဲ့များဖြင့် စီစစ်မည်
  4. စစ်ခုံရုံးဖြင့် ချမှတ်ခဲ့သောအမိန့်များအပေါ် ပြန်လည်သုံးသပ်ရန် အကြောင်းမရှိ

အခွန်ကောက်ခံမှုအားလုံးကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတစ်ခုတည်းကိုသာ တာဝန်ပေး သင့်

ဌာနဆိုင်ရာအသီးသီးက မိမိတို့ဌာနအတွက် အခွန်ကောက်ခံနေမည့်အစား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်၏ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်ရေးကော်မတီမှ  အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့တင်သွင်းထားသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိမှု စာရင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ကောက်ခံရရှိသည့် အခွန်စာရင်းများ မပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်၏ ရငွေတိုးတက်ရရှိစေရန် အခွန်ကောက်ခံမှုများအား အလေအလွင့်မရှိစေရအောင် ကောက်ခံရ မည့်အပြင် ကောက်ခံရရှိသည့် အခွန်ငွေများကိုလည်း အမှန်တကယ်လိုအပ်သည့်နေရာများတွင် စနစ်တကျသုံးစွဲရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၁၂ ရက်နေ့ကပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားထားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်ကောက်ခံရရှိမှုမှာ ကျပ် ၁၉၁၈ ဒဿမ ၉၇၆ ဘီလီယံရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ရသုံးမှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ရေးဆွဲပြီး မတ်လ ၁၂ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခဲ့သည်။

YC


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်သည့် ဥပဒေများကို ကော်မတီဖွဲ့ ဆောင်ရွက်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော ခေတ်အခြေအနေနှင့် အံဝင်ခွင်ကျမရှိဖြစ်နေသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရေး အဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကအား သဝဏ်လွှာ ပေးပို့ထားသည်ဟု သိရသည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က တင်သွင်းခြင်းဖြစ်ပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားသောကြောင့် ခေတ်နှင့်မလျှော်ညီ အံမဝင်ခွင်မကျသော ဥပဒေများအား လိုက်လျောညီထွေဖြစ်စေရန် ပြန်လည် လေ့လာသုံးသပ်သင့်သည်ဟု အခိုင်အမာယုံကြည် ပါကြောင်း ထည့်သွင်းဆွေးနွေး သွားခဲ့ပါသည်။

ယင်းကော်မတီအား ဖွဲ့စည်းရာတွင် တိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ် များပါဝင်၍ စနစ်တကျဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် ဖြည့်စွက် ဆွေးနွေးသွားခဲ့သည်။

YC


ရွာသစ်ရေကာတာစီမံကိန်းနှင့်ပတ်သက်၍ Social Impact များကို နိုင်ငံတကာလေ့လာ စောင့်ကြည့်ရေး အဖွဲ့များဖြင့် စီစစ်မည်

ကယားပြည်နယ် ဘောလခဲခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ် ရေကာတာစီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေး အဖွဲ့များ ဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်းနိုင်ငံများအား ရောင်းချသွား ရန်ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူတည်ဆောက်မည့် ရွာသစ်ရေကာတာစီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက်ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရန်အတွက် သဘာဝပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့်အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကောင်အထည်ဖော်မည်ဖြစ်သော ရွာသစ်ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနကသာ လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေပြီး ပြည်နယ်အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိသေးဟု သိရသည်။

YC


စစ်ခုံရုံးဖြင့် ချမှတ်ခဲ့သောအမိန့်များအပေါ် ပြန်လည်သုံးသပ်ရန် အကြောင်းမရှိ

ယခင်အစိုးရလက်ထက်က စစ်ခုံရုံးတွင် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်ခဲ့သော အမှုများအပေါ် ယခုအခါတွင်မှ ပြန်လည်သုံးသပ်ရန် အကြောင်းမရှိပါဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်က တည်ဆဲဥပဒေများအား ဖောက်ဖျက်ကျူးလွန် သောအမှုများကို စစ်ဆေးစီရင်ရာတွင် တပ်မတော်အရာရှိများနှင့် ဖွဲ့စည်းထားသောစစ်ခုံရုံးများဖြင့် စစ်ဆေးစီရင်ခဲ့သည့် အမှုပေါင်း ၃၁၄ မှုရှိသည်ဟုသိရသည်။

စစ်ခုံရုံးများကို စတင်ဖွဲ့စည်းခဲ့သည်မှာ ၁၉၈၉ ခုနှစ်ဖြစ်ပြီး ယခုအခါ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ကြောင်း၊ ယခုအချိန် တွင်လည်း နိုင်ငံတော်အစိုးရက ပြစ်ဒဏ်ကျခံနေသူများအား လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ပေါင်းများစွာက ချမှတ်ခဲ့သောအမိန့်များအပေါ် ယခုအခါ ပြန်လည်သုံးသပ်ရန် အကြောင်းမရှိကြောင်း ဦးစိုးညွန့်က ဖြေကြားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

အထူးတရားရုံးများနှင့် စစ်ဆေးသောအမှုများတွင် အမှုသည်များ၊ တရားခံများအား ဥပဒေ၏ အကာအကွယ်ကို တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးအပ်ထားပြီး အမှုသည်များ တရားခံများသည် ရှေ့နေငှားရမ်းခွင့်ရှိသော်လည်း တရားခံများက ၎င်းတို့ဆန္ဒအရ ရှေ့နေမငှားသောအမှုများသာ ရှိပါကြောင်း ဦးစိုးညွန့်က ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive