Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“တချို့တွေပြောသလို မိတ္ထီလာဖြစ်စဉ်မှာ သံဃာတွေအများအပြားပါတယ်ဆိုတာ မဟုတ်ပါဘူး။ အကြီးအကျယ်ဖြစ်တဲ့ ရက်တွေမှာ ကျွန်တော်ကိုယ်တိုင် အဲဒီမှာရှိနေပါတယ်။ သံဃာအများစုကတော့ ဖြစ်နေတဲ့ကိစ္စတွေကို လိုက်ထိန်းတာပါပဲ။ အနည်းအကျဉ်းတော့ရှိနိုင်ပါတယ်။ သင်္ကန်းဝတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကလည်း သံဃာအစစ်ဟုတ်၊ မဟုတ် သက်ဆိုင်ရာက စစ်ဆေးနေပါပြီ။”

ဧပြီလ ၄ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၅) တွင်ပါရှိသော “မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟုယူဆရသည့် သံဃာအချို့အား အစစ် ဟုတ်၊ မဟုတ် သက်ဆိုင်ရာ စစ်ဆေးနေ” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီဖွဲ့စည်းပုံအရတက်လာတဲ့ အစိုးရကတော့ လူမပြောင်းပေမယ့် မူပြောင်းမယ်လို့တော့ မျှော်လင့်ခဲ့တယ်။ နည်းနည်းလေး တော့ ပွင့်လင်းမြင်သာလိမ့်မယ်လို့ ထင်ခဲ့တယ်။ အခုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေဟာ ၂၀၁၅ နောက်ပိုင်းမှ ဖြစ်လာနိုင်စရာရှိတယ်လို့ ထင်ထားခဲ့တာ။ လက်ရှိ အစိုးရအနေနဲ့ ဒီလောက်ပြောင်းလိမ့်မယ်လို့ ထင်ကိုမထင်ခဲ့တာ။ မျှော်လည်းမမျှော်လင့်ခဲ့ဘူး။ ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ အထင်ရှားဆုံးကတော့ မြစ်ဆုံကိစ္စပေါ့”

ဧပြီလ ၄ ရက်နေ့ထုတ် 7 Day News Journal အတွဲ (၁၂) အမှတ် (၅) တွင်ပါရှိသော “၂ နှစ်သားအစိုးရအပေါ် အကဲဖြတ်ခြင်း” ဆောင်းပါးမှ  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးနေသန်မောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တစ်ကယ်တမ်းပြောရရင် ဒီကိစ္စတွေဖြစ်လာမယ့်အကြောင်းကို ၈၈ အနေနဲ့ကြိုတင် အသိပေးခဲ့တယ်။ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေကလည်း ပြောခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အခါ အရမ်းကို အံ့အားသင့်လောက်အောင် အစိုးရရဲ့ ထိန်းချုပ်မှုကကိုယ်တိုင်ပါဝင်ပတ်သက်နေတာလို့ သံသယရှိလောက်၊ ထင်မြင်ယူဆလောက်တဲ့အထိ ဖြစ်သွား တယ်။”

ဧပြီလ ၄ ရက်နေ့ထုတ် Independent Journal အမှတ် (၄၇) တွင်ပါရှိသော “လူတစ်စုဖန်တီးမှုကြောင့် ပြည်သူလူထုအချင်းချင်းကြား နားလည်မှုလွဲမှားနေခြင်းများကို ယုံကြည်မှုတည်ဆောက်ကာ လက်တွဲဖြေရှင်းနည်းသည် အကောင်းဆုံးချဉ်းကပ်နည်း ဖြစ်သည်။” သတင်းမှ ၈၈ မျိုးဆက် ကိုမြအေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရည်အချင်းပြည့်မှီတဲ့သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စတည်းအယ်ဒီတာ စာစစ်တာတွေ အရည်အချင်းပြည့်ဖို့ လိုပေမယ့် အခုက တက်သုတ်ရိုက်ပြီးလုပ်လိုက်ရတဲ့ သဘောဆန်သွားတဲ့အခါ အကျိုးသက်ရောက်မှုက မှားယွင်းတဲ့ သတင်းတစ်ရပ်ကို ပြည်သူလူထုတဲချပြတဲ့အခါ အဲဒီသတင်းဂယက်ကြောင့် အထင်အမြင်လွဲမှားမှုတွေ အများကြီး ဖြစ်သွားနိုင်တာပေါ့။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ လူရဲ့စိတ်ထဲမှာက သတင်း အမှားအပေါ်အခြေခံပြီး တစ်ဦးချင်း၊ တစ်အုပ်စုချင်း၊ တစ်ဘာသာချင်းမှာ နားလည်မှု လွဲမှားမှုတွေ ကြုံနိုင်တယ်။  ပိုဆိုးတာက တိုင်းပြည်တစ်လျှောက်လုံးမှာ အပင်ပန်းခံခဲ့ရပြီး အခုအချိန်မှာ အားလုံးနားလည်မှုထူထောင်ပြီး လုပ်နေတုန်း အစိုးရနဲ့ပြည်သူ အကြား၊ လက်နက်ကိုင်နဲ့ပြည်သူအကြား၊ တိုင်းရင်းသားတွေနဲ့ အစိုးရကြား နားလည်မှု မလွဲအောင် ထိန်းကျောင်းပေးဖို့ အများကြီးလိုအပ်ပါတယ်။”

ဧပြီလ ၄ ရက်နေ့ထုတ် Independent Journal အမှတ် (၄၇) တွင်ပါရှိသော “လွတ်လပ်စွာထုတ်ဝေခွင့်ရ သတင်းစာများထွက်ပေါ်လာသော်လည်း ကျွမ်းကျင်မှု စွမ်းအား အရင်းအမြစ်များ လိုအပ်လျက်ရှိကြောင်း သုံးသပ်” သတင်းမှ စာရေးဆရာ ဆူးငှက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖြစ်နေတဲ့အချိန်မှာ ကာကွယ်ထားတဲ့ပုံစံတွေနောက်ကျနေတယ်။ ပြုပြင်ပြောင်းလဲရေးကာလ နောက်ပိုင်းမှာကတည်းက အကြမ်းဖက်မှုတွေဖြစ်လာတာပဲ။ ကြိုတင်ကာကွယ်ထားရမယ့် အပိုင်းတွေက အချိန်မမီ ဖြစ်နေတယ်လို့ ယူဆတယ်။ အင်အား သုံးမယ်ဆိုတာကိုတော့ လက်ခံပါတယ်။”

ဧပြီလ ၄ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၁၄) တွင်ပါရှိသော “အကြမ်းဖက်မှုကို ထိရောက်စွာ ကိုင်တွယ်မည်ဟု သမ္မတပြောကြားချက် မှန်ကန်စွာ ဖော်ဆောင်ရန်လို” သတင်းမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့် (ဒီချုပ်ပါတီဝင်) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 NEWS IN BRIEF

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ မြစ်ကြီးနား၌တွေ့ဆုံမည်

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့မှ မကြာမီ ရက်ပိုင်း အတွင်း မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ ကမ်းလှမ်းချက်ကို KIO မှ ပြန်လည်အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အိန္ဒိယ-မြန်မာ စီးပွားရေးပညာရှင်များတွေ့ဆုံမည်

အိန္ဒိယနိုင်ငံ ကိုလ်းကတ္တားမြို့အခြေစိုက် အိန္ဒိယကုန်သည်ကြီးများအသင်း အတွင်းရေးမှူး Dr.T.Roy ပါဝင်သည့် စီပွားရေး ပညာရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် UMFCCI ၌ ဧပြီလ ၄ ရက်နေ့တွင် မြန်မာ့စီးပွားရေး လုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း UMFCCI မှ သတင်း ထုတ်ပြန်ကြောင်း သိရသည်။


 

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူဖွယ်ရှိ

မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော ဘယသာရေးအသွင်ဆောင်သော ပဋိပက္ခအတွက် သမ္မတမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၏ အထူးအစည်းအဝေးခေါ်ယူဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၏ ပြောဆိုချက်မှ သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၅ ၊ပုဒ်မ ၂၁၂ (ခ) တွင် နိုင်ငံတော် သမ္မတမှ ပုဒ်မခွဲ (က) အရထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ပြန်လည်ရုတ်သိမ်းခြင်း မရှိလျှင် ယင်းအမိန့်ထုတ်ပြန်သညိ့နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသောအနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုရမည် ဖြစ်ကြောင်းသိရသည်။


 

အထည်ချုပ်လုပ်ငန်းများ တွင်နိုင်ငံခြားရင်နှီးမြှပ်နှံမှုပြုလုပ်

အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာခြင်းတို့ကြောင့် ၂၀၁၂ ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ ပြည်ပသို့ချုပ်ထည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရရှိခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုး၏ ပြောပြချက်မှ သိရသည်။ဆက်လက်၍ ဟောင်ကောင်၊ကိုရီးယား နှင့်ဂျပန်အထည်ချုပ် လုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွေ့လုပ်ကိုင်လာကြကြောင်းသိရသည်။


 ညွှန်ချုပ်နှင့် အထက်အဆင့် ပိုင်ဆိုင်မှုစာရင်း သမ္မတထံတင်ပြရမည်

၂၀၁၂ ခုနှစ်၊သြဂုတ်လ အတွင်းနိုင်ငံတော်သမ္မတမှ ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး အပါအဝင် ထိပ်တန်းအစိုးရအရာရှိများ၏ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုစု ချိတ်ပိတ်တင်ပြရန် ညွှန်ကြားခဲ့ဖူးကြောင်း သိရသည်။ ယခုအခါ ညွှန်ချုပ်နှင့်အထက် အဆင့်အစိုးရဌာနဆိုင်ရာ အကြီးအကဲများပိုင်ဆိုင်မှု စာရင်များကို မတ်လ ၂၂ ရက် နောက်ဆုံး ထားပြီး သမ္မတရုံးသို့ တင်ပို့ရမည်ဖြစ်ကြောင်းသိရသည်။


NLD မှနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးပြုလုပ်မည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမြင့်တက်လာနိုင်စေရေးနှင့် အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာနိုင်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပညာရေး ကွန်ရက်မှပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်၊ သံဃာတော်များပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးကို၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်မတိုင်မီကာလတွင်း ရန်ကုန်မြို့၌... ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီ၏ပညာရေးကွန်ရက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပညာရေးဆွေးနွေးပွဲများကို ဧပြီလ နောက်ဆုံးပတ်မှစတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့များ၌ ပြုလုပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အကြိုဆွေးနွေးပွဲများကိုမူ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


နိုင်ငံတော်သမ္မတမှ ရခိုင်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ)၊ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စန်ရွှေအား ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်၂၀၁၃ ဧပြီလတွင် ခန့်အပ် တာဝန် ပေးလိုက်သည်။


အရန်ဆန်အတွက် ၂၅ ဘီလီယံသုံးမည်

အရန်ဆန်ဝယ်ယူရန်အတွက် နိုင်ငံတော်အစိုးရမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၂၅ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း နိုင်ငံတော်အရန်ဆန် ဝယ်ယူရေးကော်မတီမှ သိရသည်။


ယခင်နှစ်ထက် အခွန်ပိုကောက်မည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ယခုနှစ်ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေအတွက် အခွန်ကောက်ခံမည့် အခွန်ငွေရာထားချက်သည် ယခင်နှစ်ကျပ်သန်း ၁၈ သိန်းမှ ၂၄ သိန်းထိ ကျပ်သန်း ၄ သိန်းကျော် တိုးမြှင့်ရန်လျာထားချက်ရှိ ကြောင်းပြောကြားခဲ့သည်။


တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်မည်

သုံးစွဲသူများကို အကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်မှုများကို ဧပြီလမှ စတင်ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရတို့မှ ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝန်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောဆိုချက်မှ

သိရသည်။


မြန်မာ-ကိုရီးယား ဒေသဆိုင်ရာသတင်းဌာနတည်ထောင်မည်

ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံရှိ ဟန်ယန်းတက္ကသိုလ်တို့ ပူးပေါင်း၍ Myanmar-Korea Local Knowledge Center ကို တည်ထောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဌာနသည် မြန်မာနိုင်ငံဒေသဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ လူမှုရေးနှင့် ယဉ်ကျေးမှုများကို သုသေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဂျပန်တက္ကသိုလ် မြန်မာနိုင်ငံတွင် စင်တာတစ်ခုတည်ထောင်ရန်ရှိ

ဂျပန်နိုင်ငံရှိ နာဂိုယာတာတက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်၌ ဥပဒေသုတေသနစင်တာ တစ်ခုတည်ထောင်ရန် ပြင်ဆင် နေပြီး ဥပဒေကျွမ်းကျင်သူများ မွေးထုတ်ပေးရန် ရည်ရွယ်သော သုတေသနစင်တာကို ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်း ထားကြောင်း နာဂိုရာတက္ကသိုလ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်မှ သိရသည်။


မြန်မာနိုင်ငံတွင် ကာဗွန်လျှော့ချခြင်း Road Map ရေးဆွဲ

မြန်မာနိုင်ငံတွင် ကာဗွန်လျှော့ချခြင်း နည်းလမ်းကိုပြသပေးမည့် REDD ကို UNDP ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်လမ်းပြမြေပုံရေးဆွဲခြင်း Road Map ကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို REDD Road Map သည်ယခုနှစ်ဇွန်လတွင် ပြီးစီးမည် ဖြစ်ပြီး ယခုနှစ်ကုန်၌ စတင်နိုင်မည်ဖြစ်ကြောင်း ရေးဆွဲရာတွင် ပါဝင်သူ UNDP မှသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး ဦးထွန်းပေါ်ဦး၏ ပြောကြားချက်မှ သိရသည်။


အနောက်အုပ်စုသမဂ္ဂကုမ္ပဏီ၏ ဝန်ဆောင်မှုများမြန်မာနိုင်ငံတွင် စတင်ရရှိ

အနောက်အုပ်စု သမဂ္ဂကုမ္ပဏီ Western Union ၏ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲပေါင်း ၁၀၀ တွင် ဝန်ဆောင်မှုများပေးနေပြီဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့ရှိ ၎င်းတို့၏ ကမ္ဘောဇဘဏ်ခွဲ ၁၀၀ ဆီသို့ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ လုပ်ငန်းဆောင်ရွက်သူတို့သည် Western Union မှတစ်ဆင့် ငွေကြေးများ လွှဲပြောင်းမှုပြုနိုင်ကြောင်းသိရသည်။ ငွေလွှဲ နိုင်သည့် နိုင်ငံများမှာ  ၇၄ နိုင်ငံရှိပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ ကနေဒါ ၊ သြစတေးလျ ၊ UAE နှင့် အခြားနိုင်ငံများ ဖြစ်ကြောင်းသိရသည်။


တောင်သူအကာအကွယ်ပေးမည့်ဥပဒေပေါ်ပေါက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် လယ်သမားများတွေ့ဆုံမည်

မြန်မာနိုင်ငံအတွင်းရှိတောင်သူများအား အကာအကွယ်ပေူနိုင်မည့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မကြာမီကာလအတွင်း လယ်သမားများနှင့်တွေ့ဆုံသွားမည်ဖြစ် ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်သူများ အကာအကွယ်ပေး ရေး ဥပဒေမူကြမ်း ရေးဆွဲသွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဥပဒေပြဋ္ဌာန်းပြီးပါက လက်ရှိတောင်သူများ ရင်ဆိုင်နေရသည့် ကြွေးမြီပြဿနာများ၊ လယ်မြေသိမ်းဆည်းခံရမှုများနှင့် တောင်သူများ တွက်ချေမကိုက်သည့်ဈေးနှုန်းများကို အစိုးရမှ အရှုံးခံ၍ဝယ်ပေးရေးနှင့် သီးနှံများအပေါ် အာမခံမှုရရှိမှု တို့အပြင် အကျိုးစီးပွား အကာအကွယ်ပေးမှုဆိုင်ရာတို့ကို ရရှိလာမည်ဖြစ်သည့်အပြင် တောင်သူများ၏ ရပိုင်ခွင့်များအတွက် လည်း ဥပဒေနှင့်အညီတောင်းဆိုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


ကရင်အမျိုးသားစည်းလုံးရေး ကော်မတီတစ်ရပ်ဖွဲ့စည်း

ပြီးခဲ့သည့်မတ်လကုန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ြ့ပုလုပ်ကျင်းပခဲ့သော ကရင်ရေးရာဆွေးနွေးပွဲတွင် ကရင်အမျိုးသား စည်းလုံးရေးကို တွန်းအားပေးနိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီမှ ကရင်တစ်မျိုးသားလုံးပါဝင်သော ညီလာခံ ကျင်းပနိုင်ရေးနှင့် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ကရင်တစ်မျိုးသားလုံးအတွက် ယခုဖွဲ့စည်းလိုက်သည့်ကော်မတီတွင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကရင် အမျိုးသားအစည်းအရုံး(KNU)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်ခြားစောင့်တပ်(BGF) လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာ ဆရာတော်များ၊ ခရစ်ယာန်ဆရာတော်များ၊ ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့ဝင် ၃၇ ဦးဖြင့်ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. ဗလီစာသင်ကျောင်း မီးလောင်ပြီးနောက် စိုးရိမ်မှုများ ကြီးထွားနေ

(AFP news မှ 3 April 2013 ရက်စွဲပါ Burma fears rise after school inferno သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကြိုတင်သတိပေးလက္ခဏာများကို မြန်မာအာဏာပိုင်များ လျစ်လျူရှုဟု ကုလကိုယ်စားလှယ် ပြောကြား

(UPI news မှ 3 April 2013 ရက်စွဲပါ Myanmar ignored warning signs, UN says သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ စံနမူနာပုံစံနှင့် မြောက်ကိုရီးယား၏ ရွေးချယ်မှု

(2 April 2013 ရက်စွဲပါ The Hankyoreh တွင် Inje တက္ကသိုလ်ပါမောက္ခ Kim Yeon-Chul ရေးသားသော The Myanmar model and North Korea’s choice ကိုဘာသာပြန်ဆိုပါသည်)


ဗလီစာသင်ကျောင်း မီးလောင်ပြီးနောက် စိုးရိမ်မှုများ ကြီးထွားနေ

(AFP news မှ 3 April 2013 ရက်စွဲပါ Burma fears rise after school inferno သတင်းကို ဘာသာပြန်ဆိုသည်)

credit by online

မြန်မာနိုင်ငံ၌ ဘာသာရေးအကြမ်းဖက်မှု လှိုင်းလုံးထကြွနေချိန်တွင် ရန်ကုန်မြို့ ဗလီစာသင်ကျောင်းတစ်ခု၌ မီးအားမြှင့်စက် အပူလွန်ကဲမှုကြောင့်ဟုဆိုသော မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးသွားခဲ့ရာ နောက်ထပ် တင်းမာမှုများ ဖြစ်လာ မည်ကို စိုးရိမ်မှု ကြီးထွားနေပါသည်။

မနေ့မနက်အစောပိုင်းက မီးလောင်ချိန်တွင် အိပ်ပျော်နေသော ကလေးများ သေဆုံးခဲ့ရသည့် အပြာရောင် ဗလီစာသင်ကျောင်းကို ယခုအခါ ရဲနှင့် စစ်သားများက စောင့်ကြည့်လျှက်ရှိသည်။

ရေကျော်ဗလီ မီးလောင်မှုကို အာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်သော်လည်း မြန်မာပြည်အလယ်ပိုင်းမှ ဘာသာရေး အကြမ်းဖက်အဓိကရုဏ်း၏ နောက်ဆက်တွဲအဖြစ် ပစ်မှတ်ဖြစ်လာနိုင်သည်ဟူသော မူဆလင်တို့ စိုးရိမ်မှုများကို နှစ်သိမ့်အားပေးရန် ကြိုးစားသည့်အနေဖြင့် ယခုဖြစ်ရပ်မှာ မတော်တဆမီးလောင်မှုဖြစ်သည်ဟု ကနဦးစစ်ဆေးမှုများက ဆိုပါသည်။

မီးလောင်သေဆုံးသွားသော အလောင်းများကို သဂြိုင်္လ်ရန်အတွက် ရန်ကုန်မြောက်ပိုင်း ဆင်ခြေဖုံးမူဆလင် သုဿန်တွင် စုဝေးခဲ့ကြသော မူဆလင်ဘာသာဝင်များကြားတွင် တမင်သက်သက်ရည်ရွယ်၍ မီးရှို့မှုဖြစ်နိုင် သည်ဟူသော သံသယများ ပျံ့နှံ့နေပါသည်။

အဆောက်အဦးကို မီးတောက်များက ဝါးမြိုနေချိန်တွင် နိုးလာကာ အသက်ရှင်ကျန်သူများကို ကူညီကယ်ဆယ်ခဲ့သူ ကျောင်းဆရာက မီးလောင်နေစဉ် ဒီဇယ်နံ့ကို ရှူမိကြောင်း ပြောကြားပါသည်။ မျက်မြင်သက်သေများကလည်း ထိုအတိုင်း ပြောကြားကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း မီးလောင်စဉ် ထွက်ပေါ်လာသော ဒီဇယ်နံ့သည် အဆောက်အဦးတွင် အသုံးပြုသော မီးစက်မှ ဖြစ်ကြောင်းနှင့် မီးကွင်းပစ်ခံရ၍ လောင်သည်ဟူသောစကားကို မိမိတို့ မယုံကြည်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆီများကြောင့် ချော်နေသည် ကြမ်းပြင်ပေါ်မှ ထွက်ပြေးလွတ်မြောက်လာသူများက အမှန်တရားကို ဖော်ထုတ်ပေးရန် အစိုးရကို တိုက်တွန်းထားကြသည်ဟု မူဆလင်ခေါင်းဆောင် ဦးရှိုင်းဝင်းက ပြောကြားသည်။

ရှုထောင့်ပေါင်းစုံမှ စွပ်စွဲချက်များ ထွက်ပေါ်နေသော ဘာသာရေးပဋိပက္ခသည် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိနေသော သမ္မတဦးသိန်းစိန်အတွက် အပြင်စားစိန်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။

ယခင်တပ်မတော်အစိုးရလက်ထက်ကာလတစ်လျှောက်လုံး အနှိမ်ခံထားရသော ရဲတပ်ဖွဲ့မှာ ယခုအခါ စွမ်းဆောင်ရည်ပိုင်း အားနည်းနေပြီး စစ်ဘက်လုံခြုံရေးဌာနဟု အမည်ပြောင်းထားသော တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကိုလည်း ယခင်အကြီးအကဲဟောင်းက ကြိုးကိုင်ထားသည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက ပြောကြားကြ သည်။

အကြီးအကဲဟောင်း၏ ယခုပစ်မှတ် နောက်ဆုံးမဟာဗျူဟာမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘက်စုံ ဒေါင့်စုံမှ အရာရာကြိုတင်ပြင်ဆင်ထားရေးပင်ဖြစ်သည်ဟု အကဲခတ်သူများက ဆိုကြသည်။


 

ကြိုတင်သတိပေးလက္ခဏာများကို မြန်မာအာဏာပိုင်များ လျစ်လျူရှုဟု ကုလကိုယ်စားလှယ် ပြောကြား

(UPI news မှ 3 April 2013 ရက်စွဲပါ Myanmar ignored warning signs, UN says သတင်းကို ဘာသာပြန်ဆိုသည်)

ကြိုတင်သတိပေးမှုလက္ခဏာများ ရှိခဲ့သော်လည်း လူမျိုးရေးအဓိကရုဏ်း ပြန့်ပွားမှုကို တားဆီးရန် မြန်မာအစိုးရအနေဖြင့် လုံလောက်ထိရောက်စွာ လုပ်ဆောင်ခဲ့ခြင်းမရှိဟု လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်တားနားက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များအကြား အကြမ်းဖက်အဓိကရုဏ်း ထပ်မံဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်နေသည်ဟု ထုတ်ဖော်ပြောဆိုသည်။

မြန်မာအာဏာပိုင်များသည် ယခင်လကုန်ပိုင်းတွင် ဘာသာရေးအကြမ်းဖက်အဓိကရုဏ်းကို ဖြေရှင်းဆောင်ရွက် သည့်အနေဖြင့် နိုင်ငံ၏အချို့နေရာများတွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားသည်။ မနှစ်က ရခိုင်ပြည်နယ်မှ အကြမ်းဖက်အဓိကရုဏ်းနှင့် တစ်ပုံစံတည်းဟုဆိုသော ယခုနောက်ဆုံးအကြမ်းဖက်ဖြစ်ရပ်တွင် အနည်းဆုံး လူ ၄၀ သေဆုံး ခဲ့ရသည်ဟု Human Right Watch အဖွဲ့က ပြောကြားသည်။

ကင်တာနားက မြန်မာနိုင်ငံအတွင်း အဓိကရုဏ်း ပြန့်ပွားမှု ရပ်ဆိုင်းသွားစေရန် မြန်မာအာဏာပိုင်များ ထိထိရောက်ရောက် အားထုတ်ဆောင်ရွက်ဖို့လိုသည်ဟု ထောက်ပြပြောဆိုသည်။ ဤနေရာတွင် ခွဲခြားဆက်ဆံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ဆောင်မှုလည်း ပါဝင်သည်ဟု ဆိုသည်။

“မနှစ်က ဇွန်လက ရခိုင်ပြည်နယ်အဓိကရုဏ်းအပြီးမှာ သတိပေးခဲ့တဲ့ လက္ခဏာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတလွှား မူဆလင်တွေကို ခွဲခြားဆက်ဆံမှု၊ အာဃာတထားမှုတွေ ပြန့်နှံ့နေတာကို ဖြေရှင်းဆောင်ရွက်ဖို့ အစိုးရက လုံလုံလောက်လောက် အားထုတ်ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး”ဟု ကင်တာနားက ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုသည်။

မြန်မာအာဏာပိုင်များသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် စတင်ခဲ့တသာ “အထက်မှခွင့်ပြုသည့် ပြုပြင်ပြောင်းလဲမှုများ”ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြု ချီးကျူးမှုကို ရရှိနေသော်လည်း ယခုကဲ့သို့ အငြင်းပွားဖွယ် အဓိကရုဏ်းဖြေရှင်းမှုပုံစံကြောင့် ယခင်ရထားသော လက်ခုပ်သံများ လျော့နည်းသွားလိမ့်မည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောဆိုထားသည်။


မြန်မာနိုင်ငံ၏ စံနမူနာပုံစံနှင့် မြောက်ကိုရီးယား၏ ရွေးချယ်မှု

(2 April 2013 ရက်စွဲပါ The Hankyoreh တွင် Inje တက္ကသိုလ်ပါမောက္ခ Kim Yeon-Chul ရေးသားသော The Myanmar model and North Korea’s choice ကိုဘာသာပြန်ဆိုပါသည်)

credit by online

ပြီးခဲ့သည့်လက အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးအကြံပေး Thomas Donlion က ပြောကြားရာတွင် သမ္မတ Barack Obama ၏ (မြောက်ကိုရီးယား) နှင့် တွေ့ဆုံဆွေးနွေးရေးကတိကဝတ်များကို သံသယရှိသူ မည်သူမဆို မြန်မာနိုင်ငံကိုသာ နမူနာကြည့်ရန် လိုအပ်ကြောင်းဆိုခဲ့ပါသည်။ မြောက်ကိုရီးယားသည် နောက်ဆုတ်စရာ နံရံသာရှိတော့ရာ အမေရိကန်ကထွက်ပေါက်မဟာဗျူဟာ အဆိုပြုလာမှုကို စောင့်စားနေချိန်တွင် အမေရိကန်က မြောက်ကိုရီးယားအား မြန်မာနိုင်ငံကိုသာ ကြည့်ရန် ပြောနေခဲ့ပါသည်။

၂၀၀၅ ခုနှစ် ဇန်နဝါရီလ၊ အမေရိကန်သမ္မတ George Bush လက်ထက်က နိုင်ငံခြားရေးဝန်ကြီး ကွန်ဒို လီဇာရိုက်(စ်)သည် မြန်မာနိုင်ငံအပေါ်ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်တစ်ခုအဖြစ် ပြင်းထန်စွာဝေဖန်ခဲ့ပါသည်။ ထိုကဲ့သို့သော နိုင်ငံတစ်ခုသည် ကောင်းမွန်သော အပြုအမူရှိလာသည့် စံပြုရမည့် နိုင်ငံမည်သို့ပြောင်းလဲသွားသနည်း။

၂၀၁၁ ခုနှစ် မတ်လက ရွေးကောက်ပွဲဖြင့် ဦးသိန်းစိန်၏အစိုးရတက်လာသောအခါ မြန်မာနိုင်ငံသည် အသွင်ပြောင်းမှု အတွက် အလားအလာများကောင်းလာပါသည်။ ဦးသိန်းစိန်သည် စစ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရွေးချယ်ခံရပြီး စစ်တပ်အစိုးရသည် နောက်ကွယ်မှ အာဏာကို ကိုင်ထားဆဲဖြစ်ပါသည်။ အစိုးရသစ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များအတွက် မျှော်လင့်မထားသော ခြေလှမ်းများလှမ်းခဲ့ပါသည်။ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ခွင့်ပြုလာခြင်းစသည့် အရပ်သားပိုင်ခွင့်များ တိုး၍ လုပ်ဆောင်ပေးလာပါသည်။ အစိုးရသည် စစ်မှန်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဖြေလျော့မှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းနှင့် ငွေကြေးဈေးကွက်ပြုပြင်ခြင်းများ စတင်လုပ်ဆောင်လာပါသည်။

မြန်မာနိုင်ငံသည် ခရီးရှည်ကြီးဆက်လျှောက်ရန်ကျန်ရှိနေပါသေးသည်။ သို့သော် အတိတ်ကာလနှင့် စည်းခြားခဲ့ပြီ ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်ပါသည်။

ထိုသို့ဖြစ်လာရန် မည်သည့်အရာက လုပ်ဆောင်ခဲ့သနည်း။ ထိုနေရာတွင် အရေးကြီးသော အချက်နှစ်ခု တွေ့ရပါ သည်။ ပထမတစ်ချက်မှာ အမေရိကန်သည် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသော တန်ဖိုးကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းနှင့် ဒုတိယတစ်ချက်အားဖြင့် မြန်မာစစ်အစိုးရကလည်း ဖွံ့ဖြိုးတိုးတက်မှုအသစ်အတွက် အခွင့်အလမ်းကို အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။

၂၀၀၉ ခုနှစ်တွင် Obama အစိုးရသည် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်စေလွှတ်ရန် ဆုံးဖြတ်၍ ကနဦးတွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ခြင်းသည် အမေရိကန်၏ အာရှဗဟိုပြုရေးမူဝါဒနှင့် ဆက်စပ်မှုရှိပါသည်။ အမေရိကန်သည် တရုတ်အပေါ် ပြန်လည်တုန့်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး တန်ဖိုးကို ပြန်လည်အကဲဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးနိုင်သည့် မဟာဗျူဟာကျသည့် ရေကြောင်းဆိုင်ရာ အားကောင်းသည် ခြေကုတ်ရယူနိုင်သည့် နိုင်ငံလည်း ဖြစ်ပါသည်။ Bush အစိုးရသည် ဒီပလိုမေစီစံများကို ဆုပ်ကိုင်လွန်းသောကြောင့် အထက်ပါအချက်များကို မမြင်နိုင်တော့ပေ။ သို့သော် အိုဘားမားအစိုးရသည် တရုတ်၏ နိုးထလာခြင်း ကို မဟာဗျူဟာကျစွာတုန့်ပြန်နိုင်ရေးကို ရှာဖွေရန်ခွင့်ပြုခဲ့ပါသည်။

သို့သော် ထိုထက်အရေးကြီးသောအချက်ရှိနေပါသည်။ ၎င်းမှာ မြန်မာစစ်အစိုးရသည် ပြောင်းလဲမှုအတွက် အခွင့်အလမ်းကို မြည်းစမ်းကြည့်ရန် စိတ်အားထက်သန်နေခဲ့ပြီး ထိုအခွင့်အလမ်းကို အရယူနိုင်ခဲ့ပါသည်။ စစ်အစိုးရသည် အမေရိကန်၏ ပြန်လည်ဆက်ဆံရေးပြုလုပ်ရန် ကြိုးစာလာမှုကို ပြောင်းလဲမှုအတွက် အခွင့်အလမ်းအဖြစ် အသုံးပြုနိုင်ခဲ့ ပါသည်။ စစ်အစိုးရသည် ၎င်း၏နိုင်ငံရေးအာဏာ အစိတ်အပိုင်းတစ်ခုကို ၎င်း၏ လုံခြုံရေးအတွက် အာမခံချက်ရရှိရေးအတွက် လဲလှယ်ခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်စေမည့်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုအဖြစ် အသွင်ပြောင်း ခဲ့ပါသည်။

ထို့အပြင် စစ်အစိုးရသည် တရုတ်အပေါ်တွင်မှီခိုနေရခြင်း၏ ဝန်ထုပ်ဝန်ပိုးကိုလည်း ခံစားနေရမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ အရေးယူမှုများ တိုးလာခြင်းကြောင့် ရွေးချယ်စရာမရှိသောကြောင့် ဖြစ်ပါသည်။

အမေရိကန်သည် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် တရားဝင်သံအမတ်ကြီးခန့်ထားပြီး၊ အကူအညီ စတင်ပေးခဲ့ ပါသည်။ ၎င်း၏ စီးပွားရေးအရ အရေးယူမှုအားလုံးကို ၂၀၁၄ တွင် ရုတ်သိမ်းရန် စီစဉ်ထားပါသည်။ ဆက်ဆံရေးပြန်လည် နွေးထွေးလာခြင်းအတွက် ယခုဥပမာထက်ပို၍ ကောင်းသောဥပမာ ရှိပါဦးမည်လော။

မြောက်ကိုရီးယားသည် မြန်မာနိုင်ငံ၏ စံနမူနာပုံစံမှ မည်သည်များကို သင်ခန်းစာယူနိုင်ပါမည်နည်း။ မြန်မာနှင့် မြောက်ကိုရီးယားတို့၏ မကြာသေးမီက သမိုင်းကြောင်းသည် ခြားနားပါသည်။ ၎င်းတို့၏ နိုင်ငံရေး စနစ်များနှင့် ပထဝီနိုင်ငံရေးအခြေအနေများသည် ရှင်းလင်းစွာခြားနားနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပေါ်ယံ ယေဘူယျ တန်းညှိရန် မဖြစ်နိုင်ဆိုသည်ကို သတိပြုရန်လိုပါသည်။

သို့သော်ထိုနေရာတွင် မေးလိုသော မေးခွန်းတစ်ခုမှာ ယနေ့ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရပ်နေသနည်း ဆိုသည့် မေးခွန်းဖြစ်ပါသည်။ အမေရိကန်သည် မြောက်ကိုရီးယား၏ မဟာဗျူဟာကျသော တန်ဖိုးကို စဉ်းစားရန်ခွင့်ပြုခဲ့ဘူးပါသလား။ ပထဝီနိုင်ငံရေးစာလုံးများဖြင့်ဆိုရလျှင် ခွင့်ပြုခဲ့ဘူးပါသလား။ ပထဝီနိုင်ငံရေး စာလုံးများဖြင့်ဆိုရလျှင် ပါကစ္စတန်သည် အရှေ့ အလယ်ပိုင်းအတွက်လည်းကောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွက်လည်းကောင်း တန်ဖိုးရှိသကဲ့သို့ မြောက်ကိုရီးယားသည် အရှေ့မြောက်အာရှ အတွက်တန်ဖိုးရှိလာနိုင်ပါသလား။

တောင်ကိုရီးယားအတွက်လည်း ထိုနည်းလည်းကောင်းမှန်ကန်ပါသည်။ ကျွန်ုပ်တို့၏ မြောက်ကိုရီးယား မူဝါဒသည် စံပြုရမည့်အိုင်ဒီယာများပေါ်တွင်သာ အခြေမပြုပဲ မြောက်ကိုရီးယား၏ မဟာဗျူဟာတန်ဖိုးအပေါ် အခြေပြုသင့်ပါသည်။ ကိုရီးယားအချင်းချင်းကြား ဆက်ဆံရေးများသည် ကျွန်ုပ်တို့၏ နိုင်ငံရေးနှင့် စီးပွားရေး ဆက်လက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်လှပါသည်။ ထို့ထက်ပို၍ မြောက်ကိုရီးယားသည် တရုတ်နှင့် ရုရှားသို့ စီးပွားရေးအရ ချဲ့ထွင်ရန် ကျွန်ုပ်တို့၏ တံတားတစ်စင်း ဖြစ်သည်ဆိုသည်ကို မမေ့အပ်ပေ။

အဓိကပြောင်းလဲနိုင်သူမှာ မြောက်ကိုရီးယားဖြစ်ပါသည်။ မြောက်ကိုရီးယားသည် ပြောင်းလဲရန် စိတ်အားထက်သန် ရမည်ဖြစ်ပါသည်။ ၎င်း၏ ခေါင်းဆောင်များသည် မြန်မာစစ်အစိုးရက ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာသို့ အသွင်ပြောင်းရန် လိုအပ်ပုံကို သိနားလည်သကဲ့သို့ နားလည်လိမ့်မည်ဟု ထင်ပါသည်။ အကယ်၍ မြောက်ကိုရီးယားသည် ပြောင်းလဲမှုအတွက် စိတ်အားထက်သန်မှုမရှိသေးပါက ပြောင်းလဲရန် အခွင့် အလမ်းရရှိလာလိမ့်မည် မဟုတ်ပေ။

မကြာသေးမီက မြောက်ကိုရီးယား၏ အပြုအမူများမှာမူစိတ်ပျက်ဖွယ်ဖြစ်ပါသည်။ မကြာသေးမီက မြောက်ကိုရီးယား သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့ဇုန်လုပ်ဆောင်မှုရပ်ဆိုင်းသွားပြီဟု ကျေညာခဲ့ရာ သံသယဖြစ်ဖွယ်မရှိ အဓိပ္ပါယ်ကင်းမဲ့လွန်းလှပါသည်။ ထို့နောက်အမေရိကန်နှင့် တောင်ကိုးရီးယားကိုလည်း ၎င်းတို့၏ အကာအကွယ်ပြုရေး လုပ်ဆောင်ချက်များအပေါ် ဝေဖန်ခဲ့ပါသည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ အဆက်မပြတ်ကြမ်းတမ်းသော ပြောဆိုမှုများအတွက် ငြီးငွေ့လှပြီဖြစ်ပါသည်။

မြောက်ကိုရီးယားအဖို့ အမှန်တရားကိုလက်ခံရန်လိုအပ်ပါသည်။ တောင်ကိုရီးယား၏ မြောက်ကိုရီးယားအပေါ် မူဝါဒအရဆိုလျှင် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုအတွက် မဟာဗျူဟာ လိုအပ်ချက်နှင့် တောင်ကိုရီးယား ပြည်သူများ၏ မြောက်ကိုရီးယားအပေါ် နားလည်ပေးနိုင်မှုပျက်ယွင်းလာမှုကြားတွင် ကြီးမားသော ကွာဟချက်ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် မြောက်ကိုရီးယားအနေဖြင့် နားလည်ရမည့်အချက်မှာ ညှိနှိုင်းရေးအတွက် အခွင့်အလမ်းတွင် ၎င်းပဋိပက္ခကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေသ၍ လွယ်ကူလာလိမ့်မည်မဟုတ်ဟူသော အချက်ဖြစ်ပါသည်။ မြောက်ကိုရီးယားသည် ပြောင်းလဲရန်လိုလားပါသလော။ သို့ဆို ပါက ပြောင်းလဲရန်လိုလားကြောင်း ပြသရန်လိုအပ်ပါလိမ့်မည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive