Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် မလွဲမသွေကြုံရသည့် ပရမ်းပတာဖြစ်မှုများ

(5 April 2013 ရက်စွဲပါ The Japan Times မှ Didier Lauras ရေးသားသော Myanmar’s chaos fated in pursuit of democracy ကို ဘာသာပြန်ဆိုပါသည်)

  1. ထိုင်းနယ်စပ်အနီး တောင်ဖက်ဖျားတွင် မြန်မာစစ်သား ၁၃ ဦး ကျဆုံး

(The Nation News မှ 5 April 2013 ရက်စွဲပါ 13 Myanmar Soldiers killed in south near Thai border သတင်းကို ဘာသာပြန်ဆိုသည်)

  1. တိုင်းရင်းသား လူမျိုးစုများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံကို ဥရောပပါလီမန်အမတ်များ တိုက်တွန်း

(Kuwait News Agency မှ 5 April 2013 ရက်စွဲပါ “EU parliamentarians call on Myanmar to protect minorities”သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် မလွဲမသွေကြုံရသည့် ပရမ်းပတာဖြစ်မှုများ

(5 April 2013 ရက်စွဲပါ The Japan Times မှ Didier Lauras ရေးသားသော Myanmar’s chaos fated in pursuit of democracy ကို ဘာသာပြန်ဆိုပါသည်)

photo credit - Japan Time

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေရာ အခြေအနေများပရမ်းပတာဖြစ်နေမှု ဒီဂရီတစ်ခုအထိ ရောက်နေခြင်းမှာ မလွှဲမရှောင်သာ ကြုံရမည့်ကိစ္စဖြစ်ပါသည်။ သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ဘာသာရေးအရ ပြင်းထန်သောဖြစ်ရပ်များအပြီးတွင် ညီညွတ်ကြရန် တောင်းဆိုခဲ့ပါသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ခဲ့သော ဗုဒ္ဓဘာသာ-မူဆလင် မငြိမ်သက်မှုတွင် အနည်းဆုံး လူပေါင်း ၄၃ ဦး အသတ်ခံရပြီး နေအိမ်အများအပြား ဖျက်ဆီးခံရကာ အများတကာ ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးခံရသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် အရိပ်မည်းထိုးခဲ့ပါသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဝန်ခံပြောကြားရာတွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ် ပြီးဆုံးသွားခဲ့ပြီးနောက် တိုင်းရင်းသားများအရ ကွဲပြားခြားနားမှုရှိသောတိုင်းပြည်တွင် ယခင်က ဖုံးဖိထားခဲ့သော လူမျိုးရေးအရ အက်ကြောင်းများ ယခုမှ ပေါ်လာရကြောင်း ဆိုပါသည်။ “ဒါကြောင့် ဒီပရမ်းပတာဖြစ်မှုတွေကို ကျွန်တော်တို့ မရှောင်နိုင်ပါဘူး။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ တရားဥပဒေဆိုင်ရာ သတ်မှတ်ချက်တွေ ဖန်တီးပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်ခြင်းနဲ့ တာဝန်ယူခြင်းကို ဟန်ချက်ညီအောင် ကြိုးစားဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောပါသည်။

အချို့ မျိုးချစ်ပုဂ္ဂိုလ် ရဟန်းများမှာ ယခုဖြစ်ရပ်အတွက် စွပ်စွဲခံကြရပါသည်။ ၎င်းတို့သည် အင်တာနက်မှတဆင့် မူဆလင်ဆန့်ကျင်ရေးတရားများဟောကာ တချိန်က ယှဉ်တွဲနေထိုင်ခဲ့ကြသော အသိုင်းအဝိုင်းကြား တင်းမာမှုများ မြင့်တက်လာစေခဲ့ပါသည်။

ဦးရဲထွဋ်က ပြောကြားရာတွင် အမုန်းတရားများပါသော ပြောကြားဟောကြားမှုများမှာ ပြုပြင်ပြောင်းလဲရေးအစိုးရမှ ခွင့်ပြုခဲ့သော လွတ်လပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်ဟု ဆိုပါသည်။

“အရင်တုန်းကတော့ စစ်တပ်က သတင်းစာလွတ်လပ်ခွင့် ထိန်းချုပ်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ထားပါတယ်။ လွတ်လပ်စွာဖော်ထုတ်ခွင့်ပြုလာတော့ အမုန်းတရားတွေပါတဲ့ ပြောကြားဟောကြားမှုများ၊ အစွန်းရောက် ဘာသာရေးအယူအဆများနဲ့ ရက်ဒီကယ် ခွဲခြားဆက်ဆံမှုတွေ တွေ့လာရပါတယ်”ဟု ၎င်းကပြောပါသည်။

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူမှုများ ရုပ်သိမ်းပေးခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ပေးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကတိများ ပြုလာကြပါသည်။ သို့သော် စိုးရိမ်ဖွယ်ရာဖြစ်လာသည့် ကိစ္စမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းပြီး အဓိကဘာသာမတူမှု များရှိသည့် ဆင်းရဲသောဖြစ်ရပ်များ ပိုမိုဆိုးရွားလာပါက အခြေအနေများ ပိုမိုရှုပ်ထွေးသွားနိုင်ခြင်းပင် ဖြစ်ပါသည်။

ပြီးခဲ့သည့်အပတ်က သမ္မတပြောခဲ့သည်များကို ဦးရဲထွဋ်က ထောက်ခံပြောကြားရာတွင် အစွန်းရောက်အယူအဆ များသည် နုနယ်သေးသည့် ဒီမိုကရေစီရလဒ်ကောင်းများကို ပျက်စီးစေသည့် အန္တရာယ်ရှိကြောင်း ဆိုပါသည်။

“အစိုးရတစ်ခုတည်းနဲ့ အားလုံးကို လုပ်ပေးလို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောပါသည်။ နှစ်ဦးနှစ်ဖက်ကြား မယုံကြည်မှုများကို ကျော်လွှားနိုင်ရန် မြန်မာပြည်ပြည်သူများတစ်ဦးကိုတစ်ဦး နားလည်ကြရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် မငြိမ်သက်မှုများအတွင်း ဗုဒ္ဓဘာသာလူအုပ်ကြီး၏ ဖျက်ဆီးနေမှုများကို ကြည့်နေသဖြင့် မူဆလင်များနှင့် လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်မှုကို ခံခဲ့ရပါသည်။ ထိုသို့သော စွပ်စွဲခံရမှုများကို ပြီးခဲ့သည့်နှစ်က ရခိုင်တွင်ဖြစ်ပွားသည့် ဖြစ်ရပ်များတွင်လည်း ကြုံခဲ့ရပါသည်။

ဦးရဲထွဋ်က မိတ္ထီလာတွင် ဖြစ်သော ဖြစ်ရပ်၌ အာဏာပိုင်များသည် ရုတ်တရက် အငိုက်မိသွားခဲ့သည်ဟု ဆိုပြီး ဒေသခံရဲများမှာလည်း အစပိုင်းတွင် လူအုပ်ကြီး၏ လွှမ်းမိုးမှုကို ခံရကြောင်း ဆိုပါသည်။

“လမ်းပေါ်မှာ လူတွေပြေးနေတော့ အကြမ်းဖက်တဲ့သူ၊ လုတဲ့သူတွေနဲ့ ပြည်သူတွေ ရောနေတဲ့အခါ ခွဲခြားဖို့ တော်တော်ခက်ပါတယ်”ဟု ၎င်းကပြောပါသည်။ အလွန်ခေတ်မီသော ဗြိတိသျှ ရဲတပ်ဖွဲ့သည်ပင် ၂၀၁၁ ခုနှစ်က ဗြိတိန်အဓိကမြို့ကြီးများတွင် ဖြစ်ပွားသော အဓိကရုဏ်းများတွင် ထိန်းသိမ်း၍ မရကြောင်း ပြောပါသည်။ “အပြစ်တင်ရတာ လွယ်ပါတယ်။ သူတို့အခြေအနေမှာ ဝင်ကြည့်ရင် အရမ်းရှုပ်ထွေးနေတာ တွေ့ရပါလိမ့်မယ်”ဟု ဆိုပါသည်။

ဦးရဲထွဋ်ကပြောကြားရာတွင် အာဏာပိုင်များသည် အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်သော လူသတ်ခြင်း၊ မီးရှို့ခြင်းအပါအဝင် ကျူးလွန်ခဲ့ကြသော လူ ၁၂၀ နီးပါးခန့်ကို ဖမ်းဆီးထားပြီး အချို့မှာ ထွက်ပြေးနေကြောင်း ပြောပါသည်။

ဦးသိန်းစိန်သည် ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်အတွက် ရည်မှန်းချက်များ ချမှတ်ထားပြီးကြောင်း၊ သို့သော် ၎င်းတို့ကို လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအချို့က လက်ခံရန်ခက်ခဲနေသည်ကို တွေ့ရကြောင်း ဦးရဲထွဋ်က ပြောပါသည်။

“ဒါဟာ ရိုးစင်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အလွန်ရှုပ်ထွေးပါတယ်။ ပြည်သူတွေဟာ ကြောက်ရွံ့မှုတွေ ရှိလာရင် အစွန်းရောက်သွားတတ်ကြပါတယ်”ဟု ဆိုပါသည်။


ထိုင်းနယ်စပ်အနီး တောင်ဖက်ဖျားတွင် မြန်မာစစ်သား ၁၃ ဦး ကျဆုံး

(The Nation News မှ 5 April 2013 ရက်စွဲပါ 13 Myanmar Soldiers killed in south near Thai border သတင်းကို ဘာသာပြန်ဆိုသည်)

သောကြာနေ့က ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံတောင်ပိုင်းတွင် မြန်မာစစ်သား ၁၃ ဦး ကျဆုံးသွားကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားသည်။

အမည်မသိ လက်နက်ကိုင်အုပ်စုနှင့် တိုက်ပွဲဖြစ်ကာ စစ်သားများကျဆုံးသွားပြီးနောက် နယ်စပ်ဧရိယာကို အကဲခတ် စောင့်ကြည့်ရာတွင် ပူးပေါင်းကူညီရန် ထိုင်းနိုင်ငံကို မြန်မာတာဝန်ရှိသူများက တောင်းဆိုထားသည်ဟု ထိုင်း စစ်ဘက် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝမ်ထိုင်းဆူရာရီက ပြောကြားသည်။ မြန်မာနိုင်ငံဘက်မှ နောက်ထပ် သတင်းအချက်အလက်များ ပေးပို့ခြင်းမရှိဟု ၎င်းက ဆိုသည်။

ယခုအခင်းဖြစ်ရပ်သည် ဘန်ကောက်နှင့် ကီလိုမီတာ ၄၇၀ အကွာရှိ ရနောင်းခရိုင်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံတောင်ဘက်ဖျားဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေသော်လည်း မြန်မာ့တပ်မတော် (စစ်တပ်) တပ်ရင်းတပ်ဖွဲ့များက ခြေမငြိမ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများအထိ မကြာခဏ နယ်ကျော်ဝင်ရောက်မှုများ ပြုလုပ်နေသောကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ရှမ်းလက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားသည်။


တိုင်းရင်းသား လူမျိုးစုများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံကို ဥရောပပါလီမန် အမတ်များ တိုက်တွန်း

(Kuwait News Agency မှ 5 April 2013 ရက်စွဲပါ “EU parliamentarians call on Myanmar to protect minorities”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိခဲ့သော ဥရောပပါလီမန်အဖွဲ့ဝင် ၄ ဦးက မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာသူ ဘာဘရာလော့ခ်ျဘီလာက “မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် လူမှုဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း၊ ပြည်သူအများစုနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှု မရှိကြောင်း” ကြေညာချက်တွင် ပြောကြားထားသည်။

“ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ရိုဟင်ဂျာအပါအဝင် လူမျိုးစုအားလုံးကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ ကာကွယ်စောင့်ရှောက်ပေးမယ့် လိုအပ်တဲ့အစီအစဉ်တွေ ဆောင်ရွက်ဖို့ သေးငယ်တဲ့ အသိုင်းအဝိုင်းကိုသာမကဘဲ ပြည်သူအများစုကိုပါ အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးမူဝါဒတွေကို ချမှတ်ပုံသွင်းဖို့ အစိုးရကို တိုက်တွန်းပါတယ်”ဟု လောခ်ျဘီလာက ဆိုပါသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးစုဟု ကုလသမဂ္ဂက သတ်မှတ်ထားသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် မူဆလင်ရိုဟင်ဂျာများအကြား အပြန်အလှန်အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်တွင် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ စွန့်ခွာထွက်ပြေးလျှက်ရှိသည်။

မြန်မာနိုင်ငံရောက် ဥရောပ ပါလီမန်အဖွဲ့ဝင်များက “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းက တက်တက်ကြွကြွ ပါဝင်ပတ်သက်နေခြင်းကို အသိအမှတ်ပြုခဲ့ကြပြီး ဒီမိုကရေစီအရေး၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားရေးဆီသို့ ဦးတည်ကာ လက်ရှိအသွင်ကူးပြောင်းနေမှုကို ထောက်ခံအားပေး ကြောင်း”ထုတ်ဖော်ပြောကြားခဲ့ကြသည်။


         


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

“အစီရင်ခံစာမှာ ပြန်လည်နေရာချထားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ နောက်ခံသမိုင်းကြောင်းတွေကို စိစစ်တင်ပြ မယ်လို့ထင်ပါတယ်။ အခု မိုးတွင်းရောက် တော့မယ်။ ပေါက်တောနဲ့ မြေပုံမှာရှိတဲ့ကျွန်တော်တို့ ဒုက္ခသည်တွေအတွက် မိုးဒဏ် ခံနိုင်တဲ့နေရာမရသေးပါဘူး။ အစီရင်ခံစာကို စောင့်နေရပါတယ်။”

ဧပြီလ ၅ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၇) တွင်ပါရှိသော “ရခိုင်ပြည်စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ နောက်ကျသဖြင့် ဝေဖန်မှုများထွက်ပေါ်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဘူးသီး တောင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပဲခူးမှာဖြစ်တာတွေက ဒီဘက်ကကူးတာမဟုတ်ဘူး။ ဟိုဘက်ကဝင်လာတာ။ ရခိုင်ဘက်ကနေ ဝင်လာတာ။ မော်လမြိုင် ဘက်ကနေ ပြီးတော့ရခိုင်ဘက်ကိုသွားတရားဟောတဲ့ ၉၆၉ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက ဝင်လာပြီးတော့ ပြည်မှာဝင် တွေ့တယ်။ ပြည်ကလက်မခံဘူး။ လက်မခံတဲ့အခါမှာ ကားနဲ့ဆင်းသွားတဲ့အခါ တောက်လျှောက်အဲဒီမြို့တွေမှာ တွေ့တွေ့ သွားတာပေါ့။ ရခိုင်ဘက်ကကျတော့လည်း သူတို့ချည်းပဲဖြစ်နေလို့ ဘယ်လိုမှကိုယ်ချင်းစာမှာ မဟုတ်ဘူး။ ဒီဘက်မှာဖြစ်မှ ကိုယ်ချင်းစာမယ်ဆိုတဲ့ စိတ်တွေရှိတယ်။ ဒါ့ကြောင့် ပြန်သွားတဲ့အဖွဲ့တွေက လုပ်တယ်လို့ထင်တာပဲ။ မိတ္ထီလာဘက်ကြောင့် ဖြစ်တာမဟုတ်ဘူး။ မိတ္ထီလာဘက်ကို အကြောင်းပြုပြီး အဲဒီအဖွဲ့တွေက အော်သွားတာပေါ့။ တချို့လည်း လာနေတယ်လို့ ကြား တယ်”

ဧပြီလ ၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်း ပြောကြားချက်ကြောင့် အလိုတော်ပြည့် ဆရာတော်ကြီး စိတ်မကောင်းဖြစ်ရ” သတင်းမှ နိုင်ငံတော်သမ္မတ အသိုင်းအဝိုင်းမှ နီးစပ်သူ အရာရှိကြီး၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်တွေ့ဆောင်ရွက်ရမယ့် ပြဿနာက အခုတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေ တယ်။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုရင် နိုင်ငံရေး သဘောတူညီချက်တွေ ရတော့မယ်။ နိုင်ငံရေး သဘောတူညီချက်တွေ ရရင် ဒီသဘောတူညီချက်ကို ဥပဒေအသွင်ပြောင်းရမယ်။ ဥပဒေအသွင်ပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမှာပဲ၊ ဥပမာဆိုကြပါစို့ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အဲလိုလုပ်မယ်ဆိုရင် အနိမ့်ဆုံးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းနဲ့ ရွေးချယ်နိုင်ရမယ်။ သမ္မတ ခန့်အပ်တဲ့လူကိုမှ ရွေးချယ်ရမယ်ဆိုရင် ပြည်နယ်တွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျွန်တော်တို့ ခွင့်မပြုရာ ရောက်သွားလိမ့်မယ်။ အဲဒါကြောင့် အခြေခံဥပဒေပြင်ဖို့ စဉ်းစားတဲ့အခါမှာ နံပါတ်တစ်ကတော့  တိုင်းရင်းသားပြဿနာကို အဓိက ထားရမယ်။ နံပါတ်နှစ်က လူ့အခွင့်အရေးပြဿနာကို အဓိကထားရမယ်”

ဧပြီလ ၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၄) တွင်ပါရှိသော “လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေး သဘောတူညီချက်ရလျှင် အခြေခံဥပဒေပြင်ရမည်” သတင်းမှ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရဲတွေထဲမှာ တရားခံမထုတ်လို့ ဆိုပြီးတော့ မကျေနပ်တဲ့လူတွေရှိတယ်။ ဒါပေမယ့် အမှန်ပြောရရင် ထုတ်စရာတရားခံကို မရှိဘူး။ အဆင့်ဆင့်က သူတို့ဥပဒေအရ လုပ်သွားတာပဲ၊ တကယ်ပြဿနာက ဘာလဲဆိုတော့ အဲဒီမီးလောင်တဲ့ကိစ္စပဲ။ အဲဒီတော့ မီးလောင်တဲ့ကိစ္စဟာ ဒါရည်ရွယ်ချက် မရှိဘူး။ ရည်ရွယ်ချက်မရှိဘူး ဆိုတော့ တရားဥပဒေအရ ရည်ရွယ်ချက်မရှိရင် ဒီဟာကို ရည်ရွယ်ချက်နဲ့လုပ်တဲ့အပြစ်လို့ သတ်မှတ်လို့မရဘူး”

ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၃) တွင်ပါရှိသော “လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ တရားခံ ထုတ်စရာ မလိုဟုဆို” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေး ပြုလုပ်နေတဲ့အပေါ် လူတွေကစိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ ယုံကြည်မှု နည်းနေသေးတဲ့ သူတွေလဲရှိ တယ်။ ဒါပေမယ့်နှစ်ပေါင်းများစွာ မျှော်မှန်းရတဲ့ ငြိမ်းချမ်းရေးခရီး ပြန်နောက်ဆုတ်သွားတာမျိုးတော့ မဖြစ်စေချင်ကြဘူး”

ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၃) တွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေး နောက်ကြောင်းပြန်မလှည့်ဖို့ ကရင် တိုင်းရင်းသားများလိုလား” သတင်းမှကရင်ရေးရာ အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ နော်ရေဗက္ကာထင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 NEWS IN BRIEF

ထိုင်း-မြန်မာနယ်စပ်၌ အမည်မသိလက်ကိုင်အဖွဲ့တစ်ဖွဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်သား ၁၃ ဦးကျဆုံး

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် မြန်မာ့တပ်မတော်မှ စစ်သား ၁၃ ဦးကျဆုံးခဲ့ပြီး နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျဆုံးမှုကြောင့် အဆိုပါလက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်မသွားနိုင်စေရန် ထိုင်းစစ်တပ်အား အကူအညီ တောင်းထားသည့်အတွက် ထိုင်းကြည်းတပ်ဦးစီးချုပ် Gen Prayuth Chan-ocha က အဆိုပါတိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသ အား အနီးကပ် စောင့်ကြည့်ရန် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ရနောင်းခရိုင်သို့ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 

လက်ပံတောင်းတောင် ဒေသခံများအား ကျပ်သိန်းပေါင်းတစ်သောင်းခွဲကျော် ပေးအပ်ပြီးဖြစ်

လက်ရှိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံရသည့် ဒေသခံများအား ကော်မရှင်၏ အကြံပြုချက်အတိုင်း လျော်ကြေးငွေစုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဂျော်ဒန်၌ဖြစ်ပွားခဲ့သည့် အလုပ်ရှင်နှင့် မြန်မာအလုပ်သမားတို့၏ ပဋိပက္ခများနှင့်ပတ်သက်၍ သတင်စာရှင်းလင်း

ဂျော်ဒန်နိုင်ငံတွင် Ramtha မြို့ Century Miracle Apparel Mfg.Co.,Ltd အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သော  မြန်မာအလုပ်သမားများ ဖိနှိပ်ခံရမှုများနှင့်ပတ်သက်၍ ဧပြီလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စုဝေးခန်းမတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်များအကြား အငြင်းပွားမှုဖြစ်စဉ်၌ အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးမှုများနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် အရာထမ်းနှစ်ဦးတို့မှ ဂျော်ဒန်နိုင်ငံသို့ သွားရောက် ဖြေရှင်းဆောင်ရွက်မှုဖြစ်စဉ်များ၊ ဂျော်ဒန်သို့ တရားမဝင် သွားရောက်သူများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင် စေရန် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အင်ဒိုနီးရှား၌ မြန်မာအကျဉ်းသားများ အသတ်ခံရမှု မြန်မာအစိုးရဖြေရှင်းချက်တောင်းမည်

အင်ဒိုနီရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားအကျဉ်းစခန်း၌ မြန်မာရှစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရန်၊ ဖြစ်စဉ်အမှန်ဖော်ထုတ်ပေးရေး၊ ပြစ်မှုကျုးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ပေးရေးနှင့် အဆိုပါနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန် စသည့်ကိစ္စရပ်များအား မြန်မာအစိုးရမှ အင်ဒိုနီးရှားအစိုးရသို့တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားအချင်းချင်း အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပဋိပက္ခများထပ်မံဖြစ်ပေါ်မလာရေး သင်္ကြန်တွင် အထူးလုံခြုံရေးကြပ်မတ်မည်

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အချို့နေရာဒေသများတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ်များ ထပ်မံ ဖြစ်ပေါ်မလာနိုင်ရေးအတွက် ယခုနှစ်သင်္ကြန်တွင် အထူးလုံခြုံရေးဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်မှုဦးစီးဌာန ညွန်ကြားရေးမှူးက ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အလိုက် လုံခြုံရေးဆောင်ရွက်မည်ဖြစ်သည့် အပြင် မဏ္ဍပ်တစ်ခုစီတွင်လည်း CCTV ကင်မရာများ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထားရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive