Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံခေါင်းဆောင်ပြော

(17 April 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Burma opposition leader says Reforms depend on Military ကို ဘာသာပြန်ပါသည်)

  1. သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှားရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(The Japan Times မှ 18 April 2013 ရက်စွဲပါ Su Kyii hopes to surmount obstacles to presidency သတင်းကို ဘာသာပြန်ဆိုသည်)


ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံခေါင်းဆောင်ပြော

(17 April 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Burma opposition leader says Reforms depend on Military ကို ဘာသာပြန်ပါသည်)

photo credit by online

မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း၊ အားကောင်းသော စစ်တပ်အပေါ်တွင်သာ မူတည်လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။ နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် အဆိုပါမိန့်ခွန်းသည် နိုဘယ်ဆုရှင်အနေဖြင့် စစ်တပ်နှင့် သူ့ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များကြားတွင် ဆက်ဆံရေးကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နေကြောင်း ပြသသည့် လက္ခဏာတရပ်ဖြစ်ကြောင်း ဆိုကြပါသည်။

ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီဖြစ်သော်လည်း ယခုအထိ ရလဒ်များသည် ခိုင်မာသည့်အဆင့်တွင် မရှိသေးကြောင်း ဆိုခဲ့ပါသည်။

“လူတိုင်းက ကျွန်မကို မေးတဲ့ မေးခွန်းရှိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ် နောက်ပြန်လှည့်နိုင် သလားဆိုတာပေါ့။ ကျွန်မ ရိုးရိုးလေးပဲ ပြောပါမယ်။ စစ်တပ်က နောက်ပြန်လှည့်ဖို့ လက်ခံရင် ပြန်လှည့်သွား နိုင်တယ်”ဟုဆိုပါသည်။

မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် နိုင်ငံခြားမှ နိုင်ငံရေးသတင်းသမားများနှင့် နိုင်ငံခေါင်းဆောင်များ၏ ချီးကျူးမှုကို ခံရပါသည်။ နိုင်ငံတကာက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဒီမိုကရေစီ တံခါးဖွင့်မှု၏ လက္ခဏာအဖြစ် လက်ကမ်းကြိုဆိုခဲ့ကြပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ်မိန့်ခွန်းသည် သူနှင့်လည်းကောင်း၊ သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် လည်းကောင်း၊ တိုင်းပြည်တွင် အာဏာအရှိဆုံးစစ်တပ်ကြား ရှုပ်ထွေးသော ဆက်ဆံရေးကို အလေးပေးဖော်ပြသကဲ့သို့ ရှိပါသည်။

နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် စစ်တပ်ကရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲလိုသော NLD ၏ ဆန္ဒသည် အတော်ညှိယူရမည့်ကိစ္စဖြစ်သည်ဟု ဆိုပါသည်။ အခြေခံဥပဒေတွင် လွှတ်တော်၌ စစ်တပ်က ၂၅ % နေရာယူထားပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ခွင့်မပြုထားပေ။

ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြောကြားရာတွင် အတိုက်အခံသည် အလွန်ခက်ခဲသောနေရာတွင် ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းအပေါ် စစ်တပ်၏ ထောက်ခံမှုလိုအပ်နေသောကြောင့်ဟု ဆိုပါသည်။ “ဒေါ်အောင်ဆန်းစုကြည်အတွက် စစ်တပ်နဲ့ ဆက်ဆံရေးဟာ သိမ်မွေ့တဲ့အခြေအနေပါ။ စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ % နေရာယူထားပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအပေါ် သူတို့သြဇာကြီးပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ထဲရေးလို နယ်စပ်စည်ပင်လို ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်”ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် လွှတ်တော်တွင်းသို့ ရောက်လာပြီးကတည်းက သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအပေါ် လုံလောက်သော စိန်ခေါ်မှု မလုပ်နိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရးလှုပ်ရှားသူများက ဝေဖန်ကြပါသည်။

“ပြောင်းပြန်ဖြစ်သွားတယ်။ သူနေအိမ်အကျယ်ချုပ်ကျတုန်းက အသံပိုကျယ်တယ်။ လွတ်လာပြီးတဲ့နောက် ငြိမ်သွားတယ်။ ကျွန်တော်တို့က ကိစ္စရပ်တွေ ဖော်ထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ကိစ္စရပ်တွေ ဖော်ထုတ်လာရင် စစ်တပ်နဲ့ ပဋိပက္ခရှိနိုင်ပေမယ့် ပြောလာလိမ့်မယ် ထင်ထားတာ”ဟု ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဗဟိုမှ တွဲဖက်ပါမောက္ခ Pavin Chachavalpongpun က ပြောပါသည်။

တိုင်းရင်းသားကိစ္စနှင့် ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များကိစ္စတွင် ထုတ်ဖော်ပြောကြားခြင်းမရှိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ဝေဖန်ခံခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အသိုင်းအဝိုင်းများကို ကာကွယ်ပြောကြားရန်နှင့် ဗုဒ္ဓ္ဓဘာသာဘုန်းကြီးများ တိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေခြင်းများအတွက် ပြောကြားရန် ငြင်းဆန်ခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ်အပြီး တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို ထူထောင်ခြင်းမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်း ဆိုပါသည်။

“မြန်မာနိုင်ငံမှာ နှစ်ပေါင်းငါးဆယ်လောက် တရားဥပဒေစိုးမိုးမှုမရှိခဲ့ပါဘူး။ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်လာပါတယ်။ အခုမှ ပြန်ထူထောင်ဖို့ ကြိုးစားနေရပါတယ်”ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေး သုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဆလင်ကိစ္စပြောကြားပါက ၎င်းအားထောက်ခံသည့် မြန်မာအများစု၏ တစိမ်းတရံစာအဖြစ် သတ်မှတ်ခြင်းကို ခံရနိုင်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အများက ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု မျှော်လင့်နေပါသည်။


 

သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှားရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(The Japan Times မှ 18 April 2013 ရက်စွဲပါ Su Kyii hopes to surmount obstacles to presidency သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါသည်။

“ဟုတ်တယ်။ ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် သတင်းထောက်တွေအားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင်ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံ ဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။

“ကျွန်မသမ္မတ မဖြစ်အောင် တားဆီးထားတဲ့အချက်တွေ အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခြေခံဥပဒေ ဆိုတာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို နေရာမရအောင် ဒါမှမဟုတ် နေရာမြဲအောင် ရေးဆွဲရတဲ့အရာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

“သဘောတူညီမှုကတဆင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား သဘောတူညီမှုကတဆင့် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်”ဟု သူမက ပြောကြားသည်။

မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား တင်းမာမှုအရှိန်မြင့်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှု ရှိစေရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးကြောင်း မြန်မာအတိုက်အခံခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

“မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရကတည်းက အပြည့်အဝ ငြိမ်းချမ်းတဲ့အချိန်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ကျွန်မတို့တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိဖို့ ပထမဆုံး လုပ်ရမှာ ကတော့ တရားဥပဒေစိုးမိုးရေး ထူထောင်တာပါပဲ။ လုံခြုံမှုမရှိဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှု မရနိုင်ပါဘူး။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ချရတယ်လို့ မခံစားရဘဲနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးဖလှယ်ပြီး အဖြေရှာဖို့ မဖြစ်နိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိနစ် ၄၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်စုကြည်က သူမ၏တွေ့ဆုံပွဲများသို့ ဂျပန်ရောက် မြန်မာရိုဟင်ဂျာများ တက်ရောက်ခွင့်မရဟု မီဒီယာများက ဖော်ပြနေသည့်ကိစ္စကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့အထိ တစ်ပတ်ကြာနေထိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၄)

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

  1. လက်နက်ကုန်သွယ်မှုမှလွဲ၍ မြန်မာ Sanctions များအားလုံး ရုတ်သိမ်းပေးရန်  EU စီစဉ်

(Reuters မှ 17 April 2013 ရက်စွဲပါ EU set to lift Myanmar sanctions except on arms သတင်းကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံ၏ မီဒီယာပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်ရန်မရှိဟု ဝန်ကြီးပြော

(12 April 2013 ရက်စွဲပါ Channel News Asia မှ No returning back on media reform in Myanmar: Minister သတင်းကို ဘာသာပြန်ဆိုသည်)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

အပိုင်း ၎

ဦးဝီရသူက မိတ္ထီလာနှင့် အခြားနေရာများတွင် ဘုန်းတော်ကြီးများအား ညွှန်ကြားခဲ့သည်ဆိုသည်ကို ငြင်းဆိုခဲ့ ပါသည်။

“ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အခွင့်အရေးရှိပါတယ် ။ ဒါပေမယ့် သတ်ဖြတ်ဖို့ ၊ ဖျက်ဆီးဖို့ အခွင့်မရှိပါဘူး” ဟု ၎င်းက အင်တာဗျူးတွင်ဖြေကြားသည်။

ဦးဝီရသူက ၎င်းသည် မိတ္ထီလာတွင် ဘုန်းတော်ကြီးများအား တိုက်ခိုက်ခြင်းအမှုကိုမပြုလုပ်ရန် ပြောဆိုနိုင်ရေး အတွက် ရောက်ရှိနေခဲ့ကြောင်းဆိုပါသည်။ ၎င်းသည် ကားအမိုးပေါ်မှနေ၍ တရားဟောခဲ့ပါသည်။ ၎င်းပထမဆုံးပြောခဲ့သည် များကို မကြားခဲ့ရပေ။

၎င်းသည် ၉၆၉ ကိုပျံ့နှံ့အောင်လုပ်ဆောင်ခဲ့ပြီး မူဆလင်များသည် ဗုဒ္ဓဘာသာကိုဖျက်ဆီးနေကြကြောင်း သတိပေး ခဲ့ပါသည်။ ၎င်းကိစ္စကို တရားဟောတိုင်း ထပ်ခါထပ်ခါ ပြောခဲ့ပြီး ပြီးခဲ့သည့်အပတ်များအတွင်း လူမူရေးမီဒီယာများက ၎င်းကိုအကျယ်ချဲ့ပြီး ကြီးထွားလာအောင်လုပ်ဆောင်ကြပါသည်။

“သူတို့ကချမ်းသာလာတော့ မြန်မာအမျိုးသမီးတွေကို လက်ထပ်ပြီး အစ္စလာမ်ဘာသာပြောင်းစေပြီး သူတို့ဘာသာကို ပြန့်ပွားအောင်လုပ်နေကြပါတယ်။ သူတို့စီးပွားရေးလုပ်ငန်းတွေကြီးကြီးလာပြီး မြေတွေ၊ အိမ်တွေပိုဝယ်ပါတယ်” ဟု၎င်းကပြော ပါတယ်။

“သူတို့ချမ်းသာလာတော့ ဗလီတွေပိုဆောက်လာပါတယ်။ သူတို့ဗလီက ငါတို့ ဘုန်းကြီးကျောင်းတွေ ၊ ဘုရားတွေလို ပွင့်လင်းမြင်သာမှုမရှိဘူး..။ ဗလီတွေဟာ ရန်သူတွေအခြေစိုက်တဲ့ ဌာနချုပ်လိုပဲ..။ ဗလီတွေများလာတော့ ရန်သူ့ဌာနချုပ်တွေ ပိုများလာတဲ့သဘောပဲ” ဟု ၎င်းကဆိုပါသည်။ ၎င်းတို့အဘယ်ကြောင့်မကာကွယ်ရမည်နည်းဟု ဆိုပါသည်။

ဦးဝီရသူက မြန်မာနိုင်ငံကို အင်ဒိုနီးရှား၏လမ်းကြောင်းမျိုးဖြစ်သွားမည်ကို စိုးရိမ်ကြောင်း၊ အင်ဒိုနီးရှားတွင် ၁၃ ရာစုက အစ္စလာမ်ဘာသာရောက်ရှိခဲ့ပြီး ၁၆ ရာစုတွင် ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာကိုဖယ်၍ အဓိကဘာသာ ဖြစ်သွား ခဲ့ကြောင်းဆိုပါသည်။

ဦးဝီရသူသည် အသားရောင်ခွဲခြားခြင်းကဲ့သို့သော ၉၆၉ အယူဝါဒကို ၂၀၀၁ ခုနစ်ကတည်းက စတင်ဟောပြော ခဲ့ပါသည်။

ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဌာနအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ မူဆလင်ဆန့်ကျင်ရေး ပြင်းထန်သော ဖြစ်ရပ်များသိသာစွာ မြင့်တက်လာခဲ့ကြောင်းဖေါ်ပြခဲ့ပါသည်။ ၂၀၀၁ ခုနစ် မတ်လ အာဖကန်နစ္စတန်တွင် တာလီဘန်များက ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်းနှင့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု၌ အယ်ကေဒါးများ၏ တိုက်ခိုက်မှုများ အပြီးတွင် မူဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်များ လောင်စာပင့်သကဲ့သို့ ရှိရပါသည်။

ဦးဝီရသူသည် ဆက်လက်ဟောပြောခဲ့ရာ ၂၀၀၃ ခုနစ်တွင် ဖမ်းဆီးခံခဲ့ရပါသည်။ အကြောင်းမှာ မူဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ရာ ကျောက်ဆည်တွင် အဓိကရုဏ်းများဖြစ်ပွားရန်လှုံ့ဆော်သကဲ့သို့ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာ လူအုပ်ကြီးကြောင့် မူဆလင် ၁၀ ဦးခန့်သေဆုံးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာအရ သိရပါသည်။

မိတ္ထီလာမငြိမ်သက်မှုနှင့်ပတ်သက်၍ မည်သူကလုပ်ဆောင်သည်ဆိုသည့်မေးခွန်းကို ဦးဝီရသူက အလျင်အမြန် ဖြေကြားရာတွင် “ဆံထိုးရောင်းတဲ့အမျိုးသမီးက မူဆလင်တွေနဲ့ အလုပ်မလုပ်သင့်ပါဘူး” ဟုဖြေကြားခဲ့ပါသည်။

“ဦးဝီရသူ အဖမ်းခံရသင့်တယ်” ဟု ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဦးဆောင်သူ ဦးဂမ္ဘီရ တဖြစ်လဲ ဦးညီညီလွင်က ပြောပါသည်။ “သူဟောကြားတာတွေက ဘုရားဟောကနေ သွေဖည်နေတယ်။ သူကဘုန်းကြီး ဖြစ်နေတယ်လေ။ အန္တရာယ်ရှိပါတယ်။ သူကြောက်နေပုံရတယ်။ သနားဖို့လည်းကောင်းတယ်” ဟု ၎င်းက ပြောပါသည်။

မူဆလင်ဆန့်ကျင်ရေးခံစားချက်ကို ရပ်တန့်သွားအောင် အစိုးရကသာ လုပ်ဆောင်နိုင်ကြောင်း ဦးညီညီလွင်က ဆိုပါသည်။

“အရင်တုန်းက အစိုးရဟာ ဘုန်းကြီးတွေ ဒီမိုကရေစီတို့ နိုင်ငံရေးတို့ မဟောရလို့ ကန့်သတ်ထားပါတယ်။ အခုတော့ လှုံ့ဆော်တဲ့တရားဟာတွေကို မပိတ်ပင်တော့ပါဘူး.။ အစိုးရက ထောက်ခံနေပါတယ်”ဟု ၎င်းကပြောပါသည်။

“ဘာလို့လဲဆိုတော့ ဘုန်းကြီးကျောင်းကြီးနဲ့ နောက်လိုက်သံဃာ ၂၅၀၀ လောက်ရှိတော့ ဘယ်သူမှ သူ့ကိုပြန်မပြော ရဲပါဘူး။အစိုးရက သူ့ကိုအရေးယူဖို့လိုအပ်ပါတယ်” ဟုဆိုပါသည်။

(ဆက်လက်ဖေါ်ပြပါမည်)


 

လက်နက်ကုန်သွယ်မှုမှလွဲ၍ မြန်မာ Sanctions များအားလုံး ရုတ်သိမ်းပေးရန်  EU စီစဉ်

(Reuters မှ 17 April 2013 ရက်စွဲပါ EU set to lift Myanmar sanctions except on arms သတင်းကို ဘာသာပြန်ဆိုသည်။)

photo credit by online

ဗုဒ္ဓဟူးနေ့တွင် ရိုက်တာက သိရှိရသော အထောက်အထားရ မြန်မာနိုင်ငံမှ ထင်သာမြင်သာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ကို အသိမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းဝယ်ပိတ်ပင်မှုမှလွဲ၍ ကျန် Sanctions အားလုံးကို EU မှ ရုတ်သိမ်းတော့မည်ဟု မျှော်လင့်ရပါသည်။

အီးယူသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဆန်ရှင်များကို တစ်နှစ်ဆိုင်းငံ့ထားရန် မနှစ်ကသဘောတူ ခဲ့သော်လည်း ယခုအခါ လက်နက်ကုန်သွယ်မှုမှလွဲ၍ ဆန်ရှင်အားလုံးကို ရုတ်သိမ်းပေးရန် သဘောတူခြင်းဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဟု မျှော်လင့်ရကြောင်း ၊ရရှိသောအထောက်အထားက ဆိုပါသည်။

ဗုဒ္ဓဟူးနေ့က အီးယူသံအမတ်ကြီးများ သဘောတူလိုက်သော ဆောင်ရွက်ချက်ကြောင့် တနင်္လာနေ့တွင် ဝန်ကြီးဌာနဆိုင်ရာ ခွင့်ပြုချက်ရရှိရန် လမ်းပွင့်သွားပြီး တရုတ်နှင့် အိန္ဒိယကြားမှ သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် ဥရောပ ကုမ္ပဏီကြီးများရင်းနှီးမြှုပ်နှံခွင့် ရရှကြတော့မည်ဖြစ်သည်။

အီးယူသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ရန် လိုလားနေပြီး ရေရှည်ခံ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နေသည်ဟု တနင်္လာနေ့က အီးယူဝန်ကြီးများ အစည်းအဝေးအတွက် သုံးသပ်ချက် မူကြမ်းများပါဝင်သော အထောက်အထားတွင် ပါရှိသည်။

ယခင်က အီးယူသည် မြန်မာနိုင်ငံမှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း တစ်ထောင်နီးပါး၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားပြီး လူပုဂ္ဂိုလ် ၅၀၀ ခန့်ကို ဥရောပသို့မလာရန် တားမြစ်ထားခဲ့သည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာ နည်းပညာ အကူညီပေးခြင်းနှင့် သတ္ထုတွင်း ၊ သစ်တော ၊ ကျောက်မျက် ကဏ္ဍရင်းနှီးမြှုပ်နှံမှုများကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

သို့သော် မြန်မာနိုင်ငံတွင် ၂၀၁၁ ၌ တပ်မတော်အစိုးရ အာဏာစွန့်ကာ အရပ်ဖက်အမည်ခံ အစိုးရကို အသွင်ပြောင်းဖွဲ့စည်းပြီးနောက်ပိုင်း နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ တသီတသန်း ပြုလုပ်လာခြင်းကို တုန့်ပြန်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများက Sanctions ကို ဖြေလျှော့ပေးခဲ့ကြသည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများကြော်င့ ယခင်အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားခွင့်ရရှိခဲ့ပြီး ပြည်ပခရီးစဉ် အတော်များများကိုပင် သွားရောက် နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကဲ့သို့ မြန်မာနိုင်ငံ၏ အထင်ကရအပြောင်းအလဲများကြောင့် အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ပြည်ပနိုင်ငံခေါင်းဆောင်အများအပြား ဆက်တိုက်ရောက်ရှိလာခဲ့ကြသည်။ ထို့ပြင် အာရှတိုက်၏ လက်ကျန်လတ်လတ် ဆတ်ဆတ် ဈေးကွက်သို့ ဝင်ရန်တာစူနေသော နိုင်ငံခြားကုမ္ပဏီများကိုလည်း ထိထိရောက်ရောက် ဆွဲဆောင်လျှက်ရှိသည်။

ထိုသို့ နိုင်ငံတကာ ဆန်ရှင်များ ဖြေလျှော့ပေးနေခြင်းကြောင့် ယခင် ၁၉၉၀ အလယ်ပိုင်းကာလက ဆုတ်ခွာ သွားခဲ့ရသော ဒိန်းမတ်ဘီယာ Carlsberg သည်လည်း ပြီးခဲ့သော ဖေဖော်ဝါရီလက ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။

အီးယူသည် မြန်မာအစိုးရ၏ ဒီမိုကရေစီခြေလှမ်းများ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းမှုများကို အသိအမှတ်ပြု ချီးကျူးနေသလို ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆို ထားသည်။

ထို့ပြင် မြန်မာအစိုးရအား ပြည်တွင်းလူမျိုးရေးအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် မနှစ်က ရခိုင်ပြည်နယ် အကြမ်းဖက်အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ ရင်ဆိုင်နေရသော လူသားချင်းစာနာမှုအခက်အခဲများကို အရေးပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် အီးယူက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ယခင်လက သံသယဖြစ်ဖွယ် ဘာသာရေးအဓိကရုဏ်းကြောင့် ၄၃ ဦးခန့်သေဆုံးပြီး ထောင်နှင့်ချီသော မူဆလင်များ နေအိမ်များစွန့်ခွာ ထွက်ပြေးကြရကာ ယင်းအဓိကရုဏ်းသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် သံသယဖြစ်ဖွယ် မြန်ဆန်စွာ ပြန့်နှံ့သွားခဲ့သည်။

ယင်းပြဿနာများသည် အနားယူသွားသူများ၏ အနားမယူသေးသော လက်ရာများသာဖြစ်သည်ဟု ပြည်တွင်းမှ အကဲခတ်များက ခန့်မှန်းသုံးသပ်ပြောဆိုထားသည်။


 မြန်မာနိုင်ငံ၏ မီဒီယာပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်ရန်မရှိဟု ဝန်ကြီးပြော

(12 April 2013 ရက်စွဲပါ Channel News Asia မှ No returning back on media reform in Myanmar: Minister သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒီနိုင်ငံမှာ မီဒီယာပြုပြင် ပြောင်းလဲရေး နောက်ပြန်လှည့်ရန် မရှိဟု ပြောကြားခဲ့သည်။

သို့ရာတွင် အတွေ့အကြုံနုနယ်သေးသော မြန်မာ့ဒီမိုကရေစီဖြစ်စဉ်တွင် မီဒီယာများအနေဖြင့် တာဝန်ယူမှု ရှိစေရန်နှင့် တိုင်းပြည်ညီညွတ်ရေးအတွက် အချို့သော အကန့်အသတ်များမှာမူ ထားရှိရန်လိုအပ်ပါသည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် Channel News Asia အတွက်သီးသန့် ပြောကြားရာတွင်  အစိုးရအနေဖြင့် အခြေခံဥပဒေက အာမခံပေးထားသော လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် (freedom of expression) ကို လေးစားသည်ဟု ပြောခဲ့ပါသည်။ နှစ်ပေါင်းများစွာက ဦးရဲထွဋ်သည် နိုင်ငံတော်တော်များများသို့ သွားရောက်ခဲ့ပြီး ယင်းနိုင်ငံများ၏ မီဒီယာနယ်ပယ်နှင့် ပတ်သက်သည်များကို လေ့လာလိုက်စား နားလည်ခဲ့ပါသည်။ သူသည် စင်ကာပူရှိ Channel News Asia ရုံးခွဲကိုလည်း ရောက်ရှိခဲ့ပါသည်။

မြန်မာ့ပြန်ကြားရေးဒုဝန်ကြီးအနေဖြင့် သူသည် မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ တစိတ်တပိုင်းဖြစ်သော မီဒီယာပြုပြင်ပြောင်းလဲရေးတွင် ဦးဆောင်ကဏ္ဍ၌ ပါဝင်ခဲ့ပါသည်။ မနှစ်ကတည်းက စ၍ ဆင်ဆာထားရှိခြင်းကို ပယ်ဖျက်ခဲ့ပြီး ထုတ်ဝေခွင့် လိုင်စင်သစ်များ ထုတ်ပေးကာ နေ့စဉ်ထုတ်သတင်းစာများကိုလည်း ခွင့်ပြုပေးခဲ့ပါသည်။

သို့သော်လည်း အသစ်ဖြစ်ထွန်းလာသော လွတ်လပ်ခွင့်မှာ တန်ဖိုးတစ်ခုတော့ပေးဆပ်ရမည်ဖြစ်ပါသည်။ ဦးရဲထွဋ်က “သူတို့က အသစ်ဖြစ်ထွန်းလာတဲ့ လွတ်လပ်မှုကို ခံယူတဲ့နေရာမှာ ကျွန်တော်တို့ သွားတွေ့ရတာက အမုန်းပွားစကားတွေ၊ လူမျိုးရေးတွေ၊ ညစ်ညမ်းမှုတွေ အင်တာနက်စာမျက်နှာတွေမှာ အထူးသဖြင့် ဖေ့စ်ဘုတ်လိုမျိုး လူမှုကွန်ယက်မှာပေါ့ ထွက်ပေါ်လာတယ်”ဟု ဆိုသည်။

အချို့သော အနုတ်လက္ခဏာဆောင်သောဖေါ်ပြချက်များသည် လူမျိုးရေးကွဲပြားမှုကို မီးလောင်ရာ လေပင့်ပေးပါသည်။

မည်သို့သောအခက်အခဲများရှိစေကာမူ မြန်မာအစိုးရသည် မီဒီယာ ဖြေလျော့မှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

ဦးရဲထွဋ်က ပြောကြားရာတွင် " ကျွန်တော်တို့ လုပ်ငန်းစဉ်မှာ နောက်လှည့်စရာအကြောင်းမရှိပါဘူး။ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်လို့ ရှေ့ဆက်သွားမှာပါ။ ကျွန်တော်တို့ကြိုးစားနေတာက ဒီစိန်ခေါ်မှူတွေကျော်လွှားဖို့ပါပဲ။ တရားဝင် လူမှုရေးဆိုင်ရာ သတ်မှတ်ချက်မူတွေ ကြိုးစားချမှတ် သွားမှာပါ"  ဟုဆိုပါသည်။

အခြေခံဥပဒေက အာမခံထားသော လွတ်လပ်ခွင့်များကို ကန့်သတ်ထိန်းချုပ်ခြင်းမျိုး မဖြစ်စေရဘဲ မီဒီယာနယ်ပယ်ကို ထိန်းညှိပေးမည့် ထုတ်ဝေခွင့်ဥပဒေအပါအဝင် ဥပဒေပြုမှု တော်တော်များများကို မကြာမီ ချပြသွားမည်ဖြစ်ပါသည်။

အခြားသောတိုးတက်မှုတစ်ခုမှာ မြန်မာ့ နိုင်ငံပိုင်မီဒီယာများ၏ ပြောင်းလဲတိုးတက်မှု ဖြစ်သည်။ ဥပဒေသစ်များ ထွက်ပေါ်လာပါက ယင်းတို့သည် လွတ်လပ်သည့် တည်းဖြတ်မှု၊ လွတ်လပ်သည့် ငွေကြေးလည်ပတ်မှုဖြင့် ပြည်သူ့အလုပ်အကျွေးပြုမီဒီယာများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ဦးရဲထွဋ်က “အရင်ကဆိုရင် နိုင်ငံပိုင်မီဒီယာဆိုတာ အစိုးရရဲ့ စကားတွေကိုပြောပေးရတဲ့ နေရာပဲ။ အနာဂတ်မှာ တော့ အစိုးရဟာ ဒီစာစောင်တွေကို သူ့ရဲ့ ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး”ဟု ပြောကြားသည်။

“သူတို့အနေနဲ့ ပြည်သူ့အကျိုးပြုမီဒီယာတစ်ခုတည်းနဲ့မဟုတ်ဘဲ မီဒီယာအားလုံးနဲ့ ဆက်ဆံရပါမယ်။ ပုဂလိကမီဒီယာတွေနဲ့လည်း ဆက်ဆံရမယ်။ သူတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တွေ ထားပြီး အွန်လိုင်းကနေ ပြည်သူတွေနဲ့ တိုက်ရိုက် သူတို့ဘာသာ ထိတွေ့နိုင်ရပါမယ်။ ဒါဟာ ကျွန်တော်တို့အတွက် ခြားနားလာတဲ့ ချဉ်းကပ်မှုတွေပါပဲ”ဟု ၎င်းက ဆိုပါသည်။ မြန်မာ့မီဒီယာနယ်ပယ်ကဏ္ဍသစ်ကတော့ ရင်ဆိုင်ကျော်လွှားစရာ ပေါင်းစုံနှင့် ဆက်လက်တိုးတက် နေဆဲ ဖြစ်ပါသည်။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့သည် ယခုအချိန်အထိမူ ပြုပြင်ပြောင်းလဲရေးကတိများကို ထိန်းသိမ်းထားဆဲ ဖြစ်သောကြောင့် အနာဂတ်တွင်လည်း ကတိတည်ဖွယ်ရှိသည်ဟုယူဆရပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive