Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. လူမျိုးတုံးသတ်ဖြတ်သည့် စွပ်စွဲချက်များရှိသည့်တိုင် ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ဦးသိန်းစိန်ရရှိ

(CS Monitor မှ 23 April 2013 ရက်စွဲပါ Myanmar’s ruler to get peace prize despite ethnic cleansing charge ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမြောက်ဖျားကယ်ဆယ်ရေးပစ္စည်းဖြန့်ရာတွင် အခက်အခဲရှိ

(UPI မှ 24 April 2013 ရက်စွဲပါ Aid tough to come by in Myanmar သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ဧပြီ ၂၉ ဘန်ကောက်တွင် ကျင်းပမည့် ESCAP အစည်းအဝေးသို့ ဦးသိန်းစိန် တက်ရောက်ရန်ရှိ

(The Nation မှ 24 April 2013 ရက်စွဲပါ Thein Sein expected BKK on April 29 သတင်းကို ဘာသာပြန်ဆိုသည်)


လူမျိုးတုံးသတ်ဖြတ်သည့် စွပ်စွဲချက်များရှိသည့်တိုင် ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ဦးသိန်းစိန်ရရှိ

 (CS Monitor မှ 23 April 2013 ရက်စွဲပါ Myanmar’s ruler to get peace prize despite ethnic cleansing charge ကိုဘာသာပြန်ဆိုသည်)

photo credit by online

 

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေးဆုလက်ခံရယူရန် စီစဉ်ထားသည့်နေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW) က မြန်မာအစိုးရသည် ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည့်ကိစ္စအား ရပ်တန့်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု စွပ်စွဲပြောဆိုလိုက်သည်။

ဤနေရာတွင် စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ကာ အရပ်သားအုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီ လျင်မြန်စွာ ဖော်ဆောင်နေသော မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ချီးမြှောက်မှုပြုလုပ်ရန် အလျင်အမြန် လုပ်ဆောင်နေခြင်းလောဟု မေးစရာဖြစ်လာပါသည်။

သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် ဆုချီးမြှင့်ရန် International Crisis Group ကစီစဉ်နေမှုနှင့် ရိုဟင်ဂျာလူမျိုးစုများကို လူမျိုးတုံးသတ်ဖြတ်နေပါသည်ဟူသည့် HWR အဖွဲ့၏ အစီရင်ခံစာသစ်တစ်ရပ်ပေါ်ထွန်းလာမှုတို့နှစ်ခု တည့်တည့်ဆိုင်ဆိုင်ဆုံလာချိန်တွင် အထက်ပါမေးခွန်းကို “ဟုတ်ပါသည်” ဟုပင်ဖြေရပါလိမ့်မည်။

ထိုသို့ ဆန့်ကျင်ဘက်သဘောတရားနှစ်ခု တွေ့ဆုံလာခြင်းကြောင့် HRW အဖွဲ့က သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေး ဆုရယူမည့် အချိန်ကာလတွင် အဆိုပါအစီရင်ခံစာသစ်ကို တမင်တကာအချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းလော ဟူသည့်အချက်မှာ သိချင်စရာကောင်းလှသည်။ International Crisis Group(ICG) သည် ဧပြီလ ၂၃ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Pierre Hotel ၌ သမ္မတဦးသိန်းစိန်ကို ကြီးကျယ်သော အခမ်းအနားဖြင့် ယင်းဆုချီးမြှင့်ရန် စီစဉ်ထားသည်။ ထို့ပြင် ယင်းအချိန်ကာလသည် ဥရောပသမဂ္ဂ(အီးယူ) က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ရေးမှအပ ကျန်ရှိသော ပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းမည့်အချိန်လည်းဖြစ်နေသည်။  အဆိုပါ အခမ်းအနားကြီးကို ICG ဥက္ကဌ Louise Arbour က ကြီးမှူးကျင်းပပေးခြင်းဖြစ်ပြီး ၎င်းသည် ယခင်က ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ထိပ်တန်းတရားဥပဒေသမားတစ်ဦးလည်းဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်သည့် အခမ်းအနားတွင် သမ္မတဦးသိန်းစိန်ကို လူသားချင်းစာနာထောက်ထားသော အတွေးအခေါ်အမြော်အမြင်ကြီးမားသူ အဖြစ်ထုတ်ဖော်ချီးမွမ်းရန်လည်း စီစဉ်ထားသည်။

“ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံသမ္မတရာထူးရရှိခဲ့သည့်အချိန်မှစ၍ တိုင်ပြည်တွင် သမိုင်းတွင်မည့် နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များဖြင့် ရဲရဲဝံ့ဝံ့လုပ်ကိုင်ခဲ့သည်။  ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်ဆက်ဆံမှုမြှင့်တင်ရေး၊ ဖိနှိပ်ချုပ်ခြယ်သော ဥပဒေများဖြေလျှော့ပေးရေး အစရှိသည်တို့နှင့်ပတ်သက်၍ ပြတ်သားသော လုပ်ကိုင်ဆောင်ရွက်မှုများကိုလုပ်ကိုင်ခဲ့သည်” ဟု ICG ကဆိုသည်။

ယမန်နှစ်က ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အချို့ရှိခဲ့သော်လည်း HRW က ဦးသိန်းစိန်ကို ဂုဏ်ပြုချီးကျူးမည့်ကိစ္စကို သဘောမတူခဲ့ပေ။ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့်ထွက်ပေါ်လာသော HRW ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင်း ယမန်နှစ်က ရိုဟင်ဂျာမွတ်စလင်များကို ရှင်းလင်းသုတ်သင်ရန် စနစ်တက်စီစဉ်ခဲ့ခြင်းအတွက် ဦးသိန်းစိန်အစိုးရနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ပြစ်တင်ရှုတ်ချထားသည်။

“ရိုဟင်ဂျာမွတ်စလင်များနှင့် ကမန်မွတ်စလင်များကို အောက်တိုဘာလက တိုက်ခိုက်ခဲ့မှုများမှာ အစီအစဉ်တကျ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ရခိုင်နိုင်ငံရေးပါတီ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သာမန်ရခိုင်ပြည်သူ များက ဦးဆောင်ခဲ့သည်။ အဆိုပါလုပ်ရပ်ကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ထောက်ပံ့မှုပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များမှာ သတ်ဖြတ်ခြင်းခံရသည်။ အချို့မှာမူ မြေမြှုပ်ခံခဲ့ရပြီး ၎င်းတို့၏ ကျေးရွာများနှင့် နေအိမ်များမှာမီးရှို့ဖျက်ဆီးခံလိုက်ရသည်” ဟု HRW အဖွဲ့ကရေးသားသည်။

“ထိုစဉ်က အဖြစ်အပျက်များတွင် မြန်မာနိုင်ငံဗဟိုအစိုးရက မည်သည့်နေရာတွင်ရှိခဲ့သနည်း” ဟု HRW ကမေးခွန်းထုတ်သည်။

“အချို့သော ဖြစ်စဉ်များတွင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုများကာကွယ်ရေးအတွက် ကြားဝင်စွက်ဖက်မှုပြုခြင်း၊ ထွက်ပြေးတိမ်းရှောင်ကြသော မွတ်စလင်များကို ကာကွယ်ပေးခြင်းတို့လုပ်ကိုင်ခဲ့သော်လည်း ဖြစ်စဉ် အများစု၌ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေမှုကို ဘေးမှစောင့်ကြည့်နေခဲ့သည် သို့မဟုတ် သတ်ဖြတ်မှုများကို တိုက်ရိုက် ကျူးလွန်ခဲ့သည်။ အဆိုပါအကြမ်းဖက်မှုဖြစ်ပွားပြီးချိန်မှစ၍ လအတော်များများတွင် သမ္မတဦးသိန်းစိန်က ထိုသို့ အကြမ်းဖက်မှု ကျူးလွန်သူများဖော်ထုတ်ရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားရေးတို့အတွက် အရေးပါသည့် လုပ်ဆောင်ချက်များလုပ်ကိုင်ခဲ့သည်”

အဆိုပါ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၁၂၅၀၀၀ ခန့်နှင့် အခြားသော မြန်မာမွတ်စလင်များ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ရိုဟင်ဂျာများအပေါ် ရန်ငြှိုးဖွဲ့မုန်းတီးမှုမှာ ဗုဒ္ဓဘာသာဝင်များနှင့် ဗမာလူမျိုးအများစုအကြား ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပင်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် တရားမဝင်ရိုဟင်ဂျာများကိုဖယ်ထုတ်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် နိုင်ငံခြားအစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံမှုများ ပုံမှန်ပြန်ဖြစ်လာကာ မြန်မာ၏အောင်မြင်ဆန်းပွင့်လာမှုတွင် အစုရှယ်ယာနှင့် အကျိုးစီးပွားပါဝင်လိုသူများလည်း တိုးပွားလာလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ သမ္မတအိုဘားမား မြန်မာသမ္မတ ဦးသိန်းစိန်ကို လျင်လျင်မြန်မြန် အသိအမှတ်ပြုကာ တွေ့ဆုံခဲ့စဉ်က ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ဖူးသည်။

“တစ်ချိန်က မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့သည့် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ပြည်တွင်းတော်လှန်ရေးဖြစ်ပေါ်မှုတို့ တစ်စုံတရာမရှိဘဲ မြန်မာနှင့်ဆက်ဆံရေး ပြန်လည်ထူထောင်နေသည်ကိစ္စမှာ လျင်မြန်လွန်းသည့် ကိစ္စမဟုတ်လော” ဟု မေးခွန်းထုတ်ဖြစ်ခဲ့သေးသည်။ ထိုမေးခွန်းအတွက် အဖြေကို မည်သို့မျှစဉ်းစား၍မရနိုင်ပေ။

တစ်ချိန်က ဘေးဖယ်ချောင်ထိုးခံခဲ့ရသည့် မြန်မာခေါင်းဆောင်များအနေဖြင့် ပြန်လည်အသိအမှတ်ပြု လက်ခံခြင်းခံနေရသည်။ အောက်တိုဘာလကဆိုလျှင် အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံနှင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Cobra Gold အမည်ရ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဖိတ်ကြားမည်ဟူ၍ပင် လေသံပစ်လာသည်။

သမ္မတအိုဘားမားအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ကိုက်ဆောင်ရွက်မှုများမှာ ရှင်းလင်းလွန်းလှပါသည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ နိုင်ငံရေးတံခါးဖွင့်ပေးမှုနှင့် ဒီမိုကရေစီသို့ရှေးရှုသော လုပ်ရပ်များ၏  အကျိုးအမြတ်ကို သရုပ်ပြ ပုံဖော်ပေးခြင်းပင်ဖြစ်သည်။ သို့တိုင်အောင် တိုင်းရင်းသားလူမျိုးစုများအကြား တင်းမာမှု၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဆန့်ကျင်ထိုးနှက်မှုများရှိနေသည်။ ယင်းထိုးနှက်တိုက်ခိုက်မှုများရပ်တန့်သွားအောင်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း သို့မဟုတ် လုပ်ကိုင်လိုခြင်းမရှိကြပေ။

အဆိုပါကိစ္စအတွက် စိုးရိမ်သောကများမှာ ဆက်လက်ကျန်ရှိနေသည်သာပင်ဖြစ်သည်။

မြန်မာအများစုက ရိုဟင်ဂျာများကို ပြည်ပမှဝင်ရောက်လာသူများအဖြစ်ရှုမြင်ကြပြီး ၎င်းတို့ကို  အလုပ်အကိုင် အခွင့်အလမ်းများလည်းမပေးလိုကြပေ။ မြန်မာနိုင်ငံတွင် မျိုးဆက်များစွာနေထိုင်ခဲ့ကြသော ရိုဟင်ဂျာအများစုမှာလည်း နိုင်ငံသားဖြစ်ခွင့်မရရှိကြရာ နိုင်ငံမဲ့ဘဝဖြင့်သာရပ်တည်နေကြရသည်။ ခန့်မှန်းချက်များအရ ရိုဟင်ဂျာလူဦးရေမှာ ၈ သိန်းခန့်ရှိသည်။ အာဆီယံဒေသတွင်းမှအစိုးရများကလည်း မြန်မာနိုင်ငံတွင် အခြေအနေများ ဆက်လက်ဆိုးရွားနေမည် ဆိုပါက လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာများကို လက်သင့်ခံရန်ကြိုးပမ်းလျက်ရှိသည်။


 

ဧပြီ ၂၉ ဘန်ကောက်တွင် ကျင်းပမည့် ESCAP အစည်းအဝေးသို့ ဦးသိန်းစိန် တက်ရောက်ရန်ရှိ

(The Nation မှ 24 April 2013 ရက်စွဲပါ Thein Sein expected BKK on April 29 သတင်းကို ဘာသာပြန်ဆိုသည်)

ဧပြီ ၂၉ ရက် ဘန်ကောက်တွင်ကုလသမဂက ကြီးမှူးကျင်းပမည့် ဒေသတွင်းဖွံ့ဖြိုးရေးမူဝါဒ ဖိုရမ်သို့ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်မည်ဟု မျှော်လင့်ရသည်။

တစ်ပတ်ကြာမည့် ဖိုရမ်တွင် စီးပွားရေး ဂယက်ရိုက်မှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ကြီးထွားလာသော ခြိမ်းခြောက်မှုများမှ ပြန်လည်ထူမတ်နိုင်မည့် သန်စွမ်းမှုကို တည်ဆောက်ရန်နှင့် အားလုံးပါဝင်ရေး၊ စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးတွင် ရရှိနေသော တိုးတက်မှုကို အရှိန်မြှင့်ရန်နည်းလမ်းများကို ဦးစားပေး ဆွေးနွေးကြမည်ဖြစ်သည်။

ဧပြီ ၂၉ မှ မေ ၁ အထိ အစိုးရအကြီးအကဲများနှင့် အကြီးတန်းဝန်ကြီးများ တက်ရောက်ကြမည့် ထိပ်တန်းအဆင့် ဆွေးနွေးပွဲမတိုင်မီတွင် ၄၁ နိုင်ငံမှ အစိုးရအကြီးတန်းတာဝန်ရှိသူများ တက်ရောက်ကြမည့် ၆၉ ကြိမ်မြောက် ကုလသမဂ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အာရှ ပစိဖိတ် ဖိုရမ်း ESCAP ကို ဧပြီ ၂၅ မှ ၂၇ အထိ ကျင်းပမည်ဖြစ်သည်။

အာရှပစိဖိတ် ကြီးထွားမှုကို သက်ရောက်ဖြစ်ပေါ်စေသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားရေးမရေရာတုန့်နှေးမှု ကျန်ရှိနေမှု၊ အများစု ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် လူများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုအကာအကွယ်နည်းပါးမှုတို့ကို တိုက်ဖျက်ရန်အတွက် ESCAP ကို ကျင်းပခြင်းဖြစ်သည်။

၂၀၁၅ တွင်ပြီးစီးမည့် ကုလသမဂ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ ဒေသတွင်းတိုးတက်မှုများ၊ ၂၀၁၅ သတ်မှတ်ရက်အလွန် ရင်ဆိုင်ရမည့် အရေးကြီးသော စိန်ခေါ်မှုများကို ဆွေးနွေးကြမည့် ဧပြီ ၂၉ ရက်ထိပ်တန်းအဆင့် ဆွေးနွေးပွဲသို့ အာရှ ပစိဖိတ်ဒေသအစိုးရခေါင်းဆောင်များ၊ မူဝါဒချမှတ်သူများ တက်ရောက်ကြမည်ဖြစ်သည်။

ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ဒုတိယနေ့တွင နယ်မြေအဆင့်၊ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်အလိုက် ဖွံဖြိုးရေး မဟာဗျူဟာများနှင့် ပြန်လည်ထူထောင်နိုင်စွမ်းတို့ကို လုပ်ဆောင်နိုင်မည့်နည်းလမ်းများအား ဆွေးနွေးကြမည်ဖြစ်သည်။

ဧပြီ ၃၀ တွင် ကျင်းပမည့် နောက်ထပ် ထိပ်ပိုင်းအဆင့် အစည်းအဝေးတွင်မူ လက်ရှိကမ္ဘာ့စီးပွားရေးအကျပ် အတည်းကြား ရှင်သန်ဖွံ့ဖြိုးစေမည့် ဒေသတွင်း တိုးတက်မှုကို အကဲဖြတ်ကြမည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော အန္တရာယ်ပြဿနာများကို ဖြေရှင်းရန် မူဝါဒရွေးချယ်စရာများကို အကြံပြုဆွေးနွေးကြမည်ဟု သိရှိရသည်။

ESCAP အစည်းအဝေး နောက်ဆုံးနေ့ အထူးဆွေးနွေးပွဲတွင် ESCAP အပါအဝင် ကမ္ဘာတစ်လွှား ကုလသမဂ ဒေသန္တရဆိုင်ရာ ကော်မရှင် ၅ ခု အကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများနှင့် စီးပွားရေးတပြေးညီဖွံ့ဖြိုးမှုအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေးနယ်ပယ်များတွင် မည်သို့ပူးပေါင်း ဆောင်ရွက်ကြမည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

၎င်းထိပ်ပိုင်းအစည်းအဝေးသို့ တက်ရောက်မည့်သမ္မတဦးသိန်းစိန်သည် ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ်ယင်းလတ်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရှိရသည်။


မြန်မာနိုင်ငံမြောက်ဖျားကယ်ဆယ်ရေးပစ္စည်းဖြန့်ရာတွင် အခက်အခဲရှိ

(UPI မှ 24 April 2013 ရက်စွဲပါ Aid tough to come by in Myanmar သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများသို့ ကယ်ဆယ်ရေးအကူအညီများ ဖြန့်ဖြူးရာတွင် ဆိုးဆိုးဝါးဝါး တင်းကြပ်မှုများရှိနေကြောင်း ကယ်ဆယ်ရေးစီမံချက် တာဝန်ရှိသူ များက ပြောကြားသည်။

ကချင်လက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသော ဧရိယာတွင် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဖြူးရာ၌ တင်းကြပ်သောထိန်းချုပ်မှုများ ရှိနေပြီး ကချင်တပ်ဖွဲ့များက ကယ်ဆယ်ရေးလုပ်သားများအား နယ်မြေအတွင်း ခရီးသွားရန် အပြည့်အဝ ခွင့်ပြုခြင်းမရှိဟု မြန်မာနိုင်ငံမှ ကုလသမဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောကြားသည်။

“အခုလောလောဆယ် သူတို့ခွင့်ပြုတဲ့နေရာတွေကိုပဲ ကျွန်တော်တို့သွားလို့ ရပါတယ်”ဟု ၎င်းက ထိုင်းအခြေစိုက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးအကူအညီများ ဖြန့်ဖြူးမှုများ လွယ်ကူချောမွေ့စေရန် မြန်မာအစိုးရက ယခုနှစ်အစောပိုင်းတွင် သဘောတူခဲ့ပြီးဖြစ်သည်။ နယ်မြေတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ကယ်ဆယ်ရေးလုပ်ငန်း တိုးတက်လာလိမ့်မည်ဟု ကယ်ဆယ်ရေးလုပ်သားများနှင့် ကချင်လက်နက်ကိုင်များက ပြောကြားကြပါသည်။

မကြာသေးမီ ရက်ပိုင်းကပင် သမ္မတဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် International Crisis Group ကပေးအပ်သော ဆုကို လက်ခံရရှိခဲ့သည်။ ဥရောပသမဂကလည်း မြန်မာနိုင်ငံ၏ ထင်သာမြင်သာပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုတုန်းပြန်သည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

သို့သော်လည်း နိုင်ငံတွင်း မူဆလင်နှင့် ဗုဒဘာသာဝင်များအကြား အကြမ်းဖက်ဘာသာရေး အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အခြေအနေဆိုးသော ဒေသများတွင် သမ္မတက မာရှယ်လောထုတ်ပြန်ကာ တည်ငြိမ်အောင် ထိန်းသိမ်းနေရသည်။ မနှစ်ကလည်း နိုင်ငံအနောက်ပိုင်း ရခိုင်ဒေသများတွင် အဓိကရုဏ်းများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ထိုသို့ အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲလာသော်ငြားလည်း အပြစ်အနာအဆာများ တစ်ပုံတပင်ရှိနေသေးသည့် မြန်မာနိုင်ငံအပေါ် တုန့်ပြန်ချီးမြှောက်မှုများ ပြုလုပ်ခဲ့သော အီးယူနှင့် ICG တို့မှာ လူ့အခွင့်အရေးအုပ်စုများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရသည်။

အရေးယူပိတ်ဆို့များ ရုတ်သိမ်းခြင်းသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သော ဖိအားကို ပျက်ပြယ်သွားစေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြပြောကြားကြသည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ မြန်မာအာဏာပိုင်များအတွက် မုန်လာဥနှင့် ကြိမ်လုံးနှစ်မျိုးလုံး လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၏ မူလအကြောင်းရင်းခံမှာ ထွက်ပေါက်ပိတ်လမ်းဆုံးတော့မည့် အာဏာရှင်အတွက် ဂယ်ပေါက်ဖွင့်ထားခြင်းသာဖြစ်ကြောင်း၊ မုန်လာဥချည်း ဆက်တိုက်ရနေပါက မူလကတည်းက နှေးကွေးနေသော ပြောင်းလဲရေးလုပ်ငန်းစဉ် ပိုနှေးသွားနိုင်ကြောင်း၊ သို့ပါ၍ ကြိမ်လုံးကိုလည်း လိုအပ်ပါကြောင်း သုံးသပ်ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာ့ တိုက်ပွဲခေါ်သံ

(20 April 2013 ရက်စွဲပါ Cyprus Mail မှ Gwynne Dyer ရေးသားသောThe Battle for Burma သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အကျဉ်းသားများလွှတ်ပေးခြင်းကို အမေရိကန်ကြိုဆို

(m.apa.az မှ 24 April 2013 ရက်စွဲပါ U.S welcomes Myanmar’s release of prisoners သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ယင်းလတ်သည် ဦးသိန်းစိန်နှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံမည်

(24 April 2013 ရက်စွဲပါ The Nation မှ Juarawee Kittisilpa ရေးသားသော Yingluck to meet Thein Sein Thursday ကို ဘာသာပြန်ဆိုသည်)


မြန်မာ့ တိုက်ပွဲခေါ်သံ

(20 April 2013 ရက်စွဲပါ Cyprus Mail မှ Gwynne Dyer ရေးသားသောThe Battle for Burma သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

ပြီးခဲ့သောလက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက် လုပ်ရပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အထိ ကူးစက်ပြန့်နှံ့ခဲ့သည်။

ပြီးခဲ့သောလကပင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နေ့၌ ဗိုလ်ချုပ်များကြားတွင်ထိုင်လျှက် စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုအားပေးခဲ့သည်။ သူမသည် လူအများကြားတွင် သူတော်စင်တစ်ယောက်ကဲ့သို့ ဖြစ်သော်လည်း အနည်းဆုံး လူ ၄၀ သေဆုံးကာ လူပေါင်း ၁၂၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မိတ္ထီလာကိစ္စကိုမူ တစုံတရာ ပြောကြားခြင်း မရှိပေ။

မနှစ်ကတုန်းကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပိုမိုဆိုးရွားသော ရိုဟင်ဂျာမူဆလင် ဆန့်ကျင်ရေး အကြမ်း ဖက်မှုများကို သူမအနေဖြင့် ကန့်ကွက်ရှုတ်ချမှုမပြုခဲ့ပေ။

သို့သော် ယင်းအုပ်စုသည် စစ်တပ်ကပုံဖော်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူများဟူ၍ မူဆင်ခြေ ပါးပါးလေး သူမထားခဲ့သည်။ စစ်တပ်အနေဖြင့် သူတို့၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအား ပယ်ဖျက်ခဲ့လျှင်ပင်မူ သူတို့ သည် နိုင်ငံသားဖြစ်ခွင့် ရှိတော့မည်မဟုတ်ပေ။ ရိုဟင်ဂျာများအား နိုင်ငံခြားသားများအဖြစ် စွပ်စွဲမှုသည် စက်ဆုပ်ဖွယ်ရာ လိမ်ညာမှုတစ်ခုသာဖြစ်သည်။ ရခိုင်မှတ်တမ်းတွင် ရိုဟင်ဂျာများအား ပထမဆုံး စတင်ဖော်ပြခဲ့သည်မှာ ၁၇၉၉ ခုနှစ်က ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုကိစ္စကို ဘာမှမပြောခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က“ကျွန်မတို့မှာ နိုင်ငံသားဖြစ်မှု ဥပဒေကဘာ၊ ဘယ်သူတွေကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိပြီးသားဖြစ်ပါတယ်”ဟုသာ ရေရွတ်ပြောဆိုခဲ့သည်။

သို့သော်လည်း မိတ္ထီလာ အဖြစ်အပျက်မှာမူ ခြားနားပေသည်။ မိတ္ထီလာမြို့၏ လူဦးရေသုံးချိုးတစ်ချိုးရှိသော မူဆလင်များသည် ရိုဟင်ဂျာများ မဟုတ်ပေ။ သူတို့သည် မြန်မာနိုင်ငံသား ဆိုသည်ကိုလည်း အငြင်းပွားစရာ မရှိပေ။ မိတ္ထီလာတွင် အခြေစိုက်ထားသော အင်အားကြီးစစ်တပ်လည်း ရှိနေသည်။ သို့သော် နှစ်ရက်တာအကြမ်းဖက်မှု ဖြစ်စဉ် အတွင်း စစ်တပ်မှာမူဆလင်များအား အကာအကွယ်ပေးကူညီခဲ့ခြင်းမျိုးမရှိခဲ့ပေ။ တစ်ခါထပ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဖြစ်ခဲ့သည်များအပေါ် ကန့်ကွက်မှု မပြုခဲ့ပေ။ ဤနေရာတွင် မည်သို့ဆက်ဖြစ်ကြဦးမည်နည်း။

မြန်မာနိုင်ငံသည် ရှည်လျားသောကစားပွဲတစ်ခုကို ဆက်လက်ကစားနေရဦးမည် ဖြစ်သည်။ ၂၀၁၅ တွင် ကျင်းပမည့် ပြည်ထောင်စု ရွေးကောက်ပွဲအထိ မည်သို့အဖြေထွက်လာမည်ကိုလည်း ကျွန်ုပ်တို့ မသိနိုင်ပေ။ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကိုဖော်ဆောင်နေသည့် ဗိုလ်ချုပ်သိန်းစိန်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်သည်မြန်မာနိုင်ငံအား နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရအုပ်ချုပ်မှုသို့ ပြန်ရောက်စေလိုသော ဆန္ဒရှိသော်ငြားလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် စစ်တပ်၏အခန်းကဏ္ဍကို အဓိကနေရာတွင် ထိန်းသိမ်းထားလို သော ရည်ရွယ်ရင်း ရှိသည်။

ဦးသိန်းစိန်၏ စစ်တပ်အာဏာကို ရုတ်သိမ်းလိုသော အဓိကရည်ရွယ်ချက်မှာ တိုင်းပြည်၏ အပယ်ခံအခြေအနေကို အဆုံးသတ်လိုခြင်း ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်များ၏ လာဘ်စားမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့၏ အကျိုးရလဒ်အနေဖြင့် တိုင်းပြည် သည် ဒေသတွင်းအဆင်းရဲဆုံး တိုင်းပြည်အဖြစ် ကာလကြာရှည်နေခဲ့ရပြီးဖြစ်သည်။ သို့သော်သူ့အနေဖြင့် စစ်တပ်၏လွှမ်းမိုး ချုပ်ကိုင်မှု အနေအထားကို မည်သည့်အတွက်ကြောင့် မြင့်မားနေစေချင်သည်မှာမူ အကြောင်းပြချက်အချို့ ရှိမည် ဖြစ်သည်။

အကြောင်းပြချက် တစ်ခုမှာ သူ၏ ယခင်လုပ်ဖော်ကိုင်ဖက် စစ်ဗိုလ်ချုပ်များ၏ အတိတ်ကကျူးလွန်ခဲ့သော အပြစ်များအတွက် တရားစွဲခံရခြင်းမှ အကာအကွယ်မပေးနိုင်ခဲ့သော် ၎င်းတို့ကသူ့အား ဖြုတ်ချပစ်မည်ကို စိုးရိမ်ခြင်းဖြစ် သည်။ အခြားတစ်ခုမှာ စစ်တပ်ကို ဗမာအမျိုးသားစည်းလုံးညီညွတ်ရေး ထိန်းသိမ်းရေးဆိုသည့် အတွေးအခေါ် ရိုက်သွင်း ထားခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိသည့်အနက် သုံးပုံနှစ်ပုံမှာ ဗမာလူမျိုးများသာဖြစ်ကာ အများစုမှာဧရာဝတီ မြစ်ကြောတစ်လျှောက်နေထိုင်ကြသည်။ နယ်စပ်လိုင်းတစ်လျှောက် နေထိုင်ကြသူများမှာမူ ရှမ်း၊ကချင်၊ ကရင်၊ မွန် တို့ကဲ့သို့ လူနည်းစုတိုင်းရင်းသားအုပ်စုကြီးများ ဖြစ်ကြသည်။ ၎င်းတို့မှ အများစုသည် အတိတ်ကစစ်အာဏာရှင် အုပ်ချုပ်ရေး၏ ဗဟို ချုပ်ကိုင်မှု မူဝါဒအား ဆန့်ကျင်တိုက်ခိုက်ကြသူများဖြစ်ကြသည်။ တင်းကျပ်သော အရပ်သား အစိုးရတရပ်သည် တိုင်းပြည်ကို တစုတစည်းတည်းဖြစ်အောင် ထိန်းသိမ်းထားနိုင်မည်ဟု စစ်တပ်က မယုံကြည်ပေ။ ထို့ကြောင့် သူတို့သည် အာဏာကို လုံးလုံးလက်လွှတ်ရန် မရည်ရွယ်ထားပေ။

photo credit by online

သို့သော်လည်း ယခုအခြေအနေအရဆိုလျှင် မနှစ်ကကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၄၄ နေရာစာ ရှိသည့်အနက် ၄၃ နေရာ အနိုင်ရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာဖြစ်မည်ဆိုသည်မှာ သေချာနေပြီဖြစ်သည်။ စစ်တပ်မှ ရွေးကောက်ပွဲ ဝင်မည့်သူများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရိုးရှင်းစွာပင် ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

photo credit by online

စစ်တပ်အနေဖြင့် သူတို့ကိုယ်သူတို့ နိုင်ငံရေးအရထင်ထင်ရှားရှားဖြစ်လာစေရန် နည်းလမ်းများရှာဖွေလာပြီး တစ်ခုသော ထင်ရှားသည့်နည်းလမ်းမှာ စစ်တပ်သည် အန္တရာယ်ပေးနိုင်သော လူနည်းစုတိုင်းရင်းသားများအား ဆန့်ကျင် တိုက်ခိုက်၍ မြန်မာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲစေရန် ကာကွယ်ပေးသူအနေဖြင့် နေရာယူရန်ဖြစ်သည်။ သို့ ဆိုလျှင် လူဦးရေအများဆုံးဖြစ်သော မြန်မာလူမျိုးများ၏ထောက်ခံမှုဖြင့် အနိုင်ရရှိနိုင်လိမ့်မည်ဟု ပြတ်ပြတ်သားသားပင် ယုံကြည်နေသည်။

အမှန်တကယ် ခွဲထွက်လိုသော တိုင်းရင်းသားလူမျိုးစုများမှာ နယ်စပ်ဒေသများတွင်သာ ရှိကြပြီးလူများစု မြန်မာတို့ ၏ မျက်ကွယ်တွင်နေထိုင်ကြသည်။ သို့သော်လည်းမူဆလင်(၅%)၊ တရုတ်(၂.၅%)နှင့် အိန္ဒိယ/ ဟိန္ဒူ(၁.၅%)တို့မှာမူ မြန်မာ လူမျိုးလူများစုတို့၏ကြားထဲတွင် အနီးကပ်နေထိုင်လျှက် ရှိကြသည်။ ယခုထိမူမူဆလင်များကိုသာ ပစ်မှတ်ထားကြသော် လည်း ပထမဆုံးရခိုင်တွင်ဖြစ်ပွားသော ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှု လုပ်ရပ်ကတည်းကပင် စစ်တပ်ကို ကြံရာပါ ဖြစ်သည်ဟု သံသယရှိစရာ အကြောင်းရှိပါသည်။

ယခုမူ မြန်မာနိုင်ငံ တနံတလျားတွင် ဖြစ်ပွားခဲ့သော မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများတွင် စစ်တပ်က ပါဝင်ပတ်သက်နေသည်မှာ သေချာသွားပြီဖြစ်သည်။ စစ်တပ်က အောင်ဆန်းစုကြည်သည် မူဆလင်များအပေါ် ခုခံကာကွယ် ၍ ပြောဆိုလိမ့်မည်၊ ထိုအခါ သူမသည် လူမျိုးကြီးမြန်မာများ၏ သူမအပေါ်တခဲနက် ထောက်ခံမှုကို ဆုံးရှုံးလိမ့်မည်ဟု အတိအကျ မျှော်မှန်းထားသည်။ ဤသည်ကိုသိသော ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုထိ ဆိတ်ဆိတ်သာ နေနေကာ ထိုကိစ္စအားလုံးကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးမှသာ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ခန့်မှန်းတွေးတော ရပါသည်။ ဤသည်မှာ အမှားအယွင်းတစ်ခုပင် ဖြစ်တော့သည်။ ကာလရှည်ကြာ အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ သို့ အသွင်ကူးပြောင်းရေးသည် လူမျိုးရေး တိုင်းရင်းသားအရေး ရှုပ်ထွေးလှသော တိုင်းပြည်များတွင် အမှန်ပင်သိမ်မွေ့ နက်နဲလွန်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား လမ်းပြပေးသကဲ့သို့ ရှိသောနမူနာယူစရာ လတ်တလောဥပမာနှစ်ခု ရှိပါ သည်။

တစ်ခုမှာ ၁၉၉၁ က ကွန်မြူနစ် ယူဂိုစလားဗီးယားနိုင်ငံ၏ အဆုံးသတ်ဖြစ်သည်။ Slobodan Milosevic ဦးဆောင်သော ဆားဘီးယားကွန်မြူနစ် အီလစ်များသည် အခြားသောလူမျိုးများအပေါ် ဆာဘီးယား၏ မကျေနပ်ချက်များ အပေါ် အသုံးချကစားခြင်းအားဖြင့် ၎င်းတို့၏ လက်ရှိအာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ သည်။ ရလဒ်မှာ ဆယ်စုနှစ်တစ်ခု စာစစ်ပွဲနှင့် ယူဂိုစလားဗီးယားပြည်ထောင်စု နိုင်ငံအဖြစ်မှ နိုင်ငံငယ် ၇ ခုအဖြစ်သို့ ပြိုကွဲ သွားခြင်းပင်ဖြစ်သည်။

အခြားဥပမာတစ်ခုမှာ တောင်အာဖရိကနိုင်ငံ၏    ပိုမိုရှုပ်ထွေးပွေလီသော စိတ်ပျက်ဖွယ် တိုင်းရင်းသားရေးရာ ကိစ္စပင် ဖြစ်သည်။ အုပ်ချုပ်သူ လူဖြူလူနည်းစုသည် အလိုအလျောက်ပင် အာဏာကို လက်လျော့ပေးခဲ့ပြီး နယ်လဆင် မင်ဒဲလား၏ African National Congress သည် နိုင်ငံရေးလက်စားချေမှု မပြုလုပ်ခဲ့ပေ။ ရလဒ်မှာ တောင်အာဖရိက နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီး ယခုထိစည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည်။ နောက်နှစ်နှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည် သည် သူမ မည်သည့်လမ်းကြောင်းက သွားလိုသည်ဆိုသည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။


မြန်မာနိုင်ငံမှ အကျဉ်းသားများလွှတ်ပေးခြင်းကို အမေရိကန်ကြိုဆို

(m.apa.az မှ 24 April 2013 ရက်စွဲပါ U.S welcomes Myanmar’s release of prisoners သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏အကျဉ်းသား ၉၀ ကျော်ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့်လွှတ် ပေးခဲ့ခြင်းအား ကြိုဆိုပါသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့ကပြောကြားခဲ့ကြောင်း Xinhua တွင်ဖော်ပြထားသော သတင်းကို ကိုးကား၍ APA  ကသတင်းဖေါ်ပြပါသည်။

“မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၅၀ လောက်အပါအဝင် အကျဉ်းသား ၉၃ ယောက်ကျော်ကို ဒီနေ့လွှတ်ပေး တဲ့ ကြေညာချက် ထုတ်ပြန်တာကို ကျွန်တော်တို့ သဘောတူထောက်ခံပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က သတင်းထုတ်ပြန် ရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ကို ကြိုဆိုတယ်။ အားပေးတယ်။ ဒါပေမယ့် ဒီနေ့လွှတ်တဲ့ အယောက် ၅၀ လောက်ကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်”ဟု ၎င်းကသတင်း ထောက်များအား ပြောကြားသည်။

အကျဉ်းသားများ လွှတ်ပေးခြင်းသည် မြန်မာ့နှစ်သစ်ကူးအပြီး တစ်ပတ်အကြာတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား သား သုံးယောက်နှင့် နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်သည်ဟု အရှေ့တောင်အာရှနိုင်ငံမှ မီဒီယာ တင်ပြချက်များ အရ သိရသည်။

တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့စေရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လွတ်မြောက်လာသော အကျဉ်း သားများ၏ ကောင်းမွန်သောမျှဝေခြင်းများ ပြုလုပ်လာနိုင်ရေးတို့ သေသေချာချာဖြစ်ထွန်း ပေါ်ပေါက်လာရန်အတွက် အရွေ့ တစ်ခုကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း မြန်မာသမ္မတဦးသိန်းစိန် ထုတ်ပြန်သော အမိန့်က ဆိုသည်။

၂၀၁၂ နိုဝင်ဘာလထဲ၌ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှစ်ခုဖြင့် မြန်မာနိုင်ငံတွင်  နိုင်ငံခြားသား ၃၁ ဦး အပါအဝင် အကျဉ်းသား ၅၁၈ ဦးကို လွှတ်ပေးခဲ့သည်။

၂၀၁၁ မတ် ၃၀ ရက်နေ့ မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသစ် တက်ကတည်းက စုစုပေါင်းအကျဉ်းသား ၂၉၆၆၈ ဦး အား လွှတ်ပေးခဲ့ပြီးဖြစ်သည်။

အင်္ဂါနေ့က သတင်းအကျဉ်းတင်ပြမှုတွင် Ventrell က ပြောကြားရာ၌ မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များအတွက် ဝါရှင်တန်က အမေရိကန်ငွေကြေး ဝန်ဆောင်မှုများတင်ပို့ရေး အခွင့်အာဏာနှင့် မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှိးမြှပ်နှံမှု အသစ်များခွင့်ပြုရေးအပါအဝင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ ဖြေလျော့ပေးခဲ့သည်ဟု ဆိုပါသည်။

"ဒါပေမယ့် ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်မှုရှိအောင် အားပေးမယ့် အရေးယူမှုအာဏာ ပါဝင်တဲ့ စံသတ်မှတ်ချက်တွေ ပြုထားတဲ့ မူဝါဒရှိပါတယ်"ဟု သူကဖြည့်စွက်ပြောပါသည်။


ယင်းလတ်သည် ဦးသိန်းစိန်နှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံမည်

(24 April 2013 ရက်စွဲပါ The Nation မှ Juarawee Kittisilpa ရေးသားသော Yingluck to meet Thein Sein Thursday ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် ကြာသာပတေးနေ့တွင် အာဆီယံထိပ်သီးအစည်းအဝေး၏ အရန်တွေ့ဆုံမှုအဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထားဝယ်စီမံကိန်းအစီအစဉ်များ၏ တိုးတက်မှုနောက်ဆုံးအခြေအနေများ ပြောကြားရန် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Sihasak Phuanketkeow က ပြောကြားခဲ့ပါသည်။

ယင်းလတ်သည် နိုင်ငံတကာကွန်ဖရင့်များ ကျင်းပသည့်အခါတိုင်း ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ကြိုးစားခဲ့ပြီး အဆိုပါစီမံကိန်းအတွက် နောက်ဆုံးတိုးတက်မှုများကို ဆွေးနွေးလေ့ရှိပါသည်။ ထိုင်းနိုင်ငံသည် အနောက်ဘက် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်ဆိပ်ကမ်းကို အလိုရှိနေပါသည်။ မကြာသေးမီက အစိုးရအဖွဲ့သည် အဆိုပါစီမံကိန်းကို ကြီးကြပ်ရန် နည်းပညာကော်မတီတစ်ခု တည်ထောင်ရန် အတည်ပြုခဲ့ပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် ကြာသာပတေးနေ့၌ ခေါင်းဆောင်များသည် အာဆီယံအသိုင်းအဝိုင်း တည်ဆောက်ရေးကို ရည်မှန်း၍ ဒေသတွင်း တည်ငြိမ်လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်အမျိုးမျိုး ရှေ့ဆက်သွားနိုင်ရေးကို ဆွေးနွေးကြမည်ဖြစ်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive