Transparency Myanmar

transparency.myanmar@gmail.com

Op-Ed
Document Op-Ed

Snapshot of the item below:
Op-Ed

အယ်ဒီတာ့အာဘော်

မျှော်တိုင်းနီးစေချင်သည့် ငြိမ်းချမ်းရေး

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများမှာ အောင်မြင်မှုများတွေ့မြင်ရသည်နှင့်အမျှ သူ၏လုပ်ရပ် အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှုမှာလည်း (ICG မှ သမ္မတဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်း) အခိုင်အမာရရှိခဲ့ပြီလည်းဖြစ်သည်။ ထို့အပြင် ယခုတလော၌လည်း နိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ဖယ်ဒရယ်အရေး ဆွေးနွေးပွဲများ၊ နိုင်ငံတကာပညာရှင်များမှ ယင်းအရေးအပေါ် ၎င်းတို့၏ လေ့လာထားမှုများကို လာရောက်ဟောပြောခြင်းမျိုး ခပ်စိတ်စိတ်တွေ့မြင်လာရသည်။ ယင်းသည် သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံ၏ နောက်ဆုံးအချက်အား ရုပ်လုံပေါ်လာဖို့ လိုအပ်သည့် အစပျိုးအခြေအနေများပင်ဖြစ်သည်။

ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူများ အမှန်တကယ်လိုလားသည့် အရာ၊ ပြည်သူအားလုံး အကျိုးဖြစ် ထွန်းစေမည့်အရေး။ သို့သော် အကျိုးစီးပွားများဖြင့် တည်ဆောက်ထားသည့် လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး ဆိုသည်မှာ လိုတိုင်းတရနိုင်သည့် ပန်းခင်းလမ်းမဟုတ်၊ မာန်၊ အာဃာတတရားများကို အဆုံးအစွန်ထိ လျှော့ချရမည့် ရနိုင်ခဲသည့် ဆူးခင်းလမ်းဖြစ်သည်။ ဆူးခင်းလမ်း၏ ပြယုဂ်အပိုင်းအစအချို့ကို ယခုတလော ထွက်ပေါ်လာသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ပူးတွဲ ထုတ်ပြန်ချက်အရသိရှိနိုင်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အစိုးရတပ်မှ တပ်အင်အားများတိုးချဲ့ပြီး တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ဒေသများသို့ ဝင်ရောက်နေမှုများကြောင့် ကြိမ်ဖန်များစွာ ထိတွေ့မှုများ ဖြစ်ပေါ်နေခြင်းကို  အမြန်ဆုံးရပ်တန့်ပေးရန် တောင်းဆိုထားသည်။ ယင်းထုတ်ပြန်ချက်အတိုင်းသာ အမှန်ဖြစ်နေလျှင် သမ္မတကြီး၏ ငြိမ်းချမ်းရေးမူနှင့် လက်တွေ့ဖော်ဆောင်မှုကြား၌ ကွာဟမှုရှိနေပြီဟု ယူဆ၍ရနိုင်သည်။

ပဋိပက္ခဖြစ်ရာ ဒေသတွင် အပစ်အခတ်များရပ်စဲထားသော်ငြားလည်း နှစ်ဖက်တပ်များမှ ရည်ရွယ်ချက် မရှိသည့် ထိတွေ့မှုများကြောင့် အပစ်ခတ်များရှိနေနိုင်ခြင်းနှင့် တပ်စုမှူးသည် ၎င်း၏တပ်စုကို ကာကွယ်ဖို့ရန် တာဝန်ရှိခြင်းကြောင့် တစ်ဖက်တပ်၏ ပစ်ခတ်မှုများကို ပြန်လည်ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း  ငြိမ်းချမ်းရေးအကျိုးဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ သုံးသပ်ပြောဆိုမှုမှာလည်း အလေးထား စဉ်းစားစရာပင်ဖြစ်သည်။ သို့သော် သမ္မတဦးသိန်းစိန်အနေဖြင့် မူနှင့် လက်တွေ့ဖော်ဆောင်မှုကြားကွာဟမှုကို ဖြည့်ဆည်းဖို့ အမှန်တကယ် လိုအပ်နေပြီ ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်လာနိုင်သည့် သမ္မတအပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့သွားနိုင်သည့်အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု (တပ်မတော်၏ သြဇာလွမ်းမိုးမှု အပေါ်)ကို သို့လော..သို့လော မေးခွန်းများဖြင့် သံသယပွား လာမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ ထိလွယ်ရှလွယ် ရှိလှသည့်အတွက် အမှားမခံသည့် အခြေအနေမျိုးကို သတိကြီးကြီးကိုင်တွယ်မှသာ ပြည်သူများအတွက် မျှော်တိုင်းနီး၍လာမည့် ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်လာမည်ကို ယုံကြည်စေချင်သည်။


              

              

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချရန် အမေရိကန်စဉ်းစားနေခြင်းသည် မစောလွန်းသလော

(26 April 2013 ရက်စွဲပါ Christian Science Monitor မှ Joseph J Schatz ရေးသားသော US Considers end to tariffs in Myanmar: too soon ? သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာများကို ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်မည်

(Bernama News မှ 27 April 2013 ရက်စွဲပါ “Myanmar Union Election Commission to amend electoral laws, by laws” ကို ဘာသာပြန်ဆိုပါသည်)

  1. ဘာသာရေးအဓိကရုဏ်းအပြီး မိတ္ထီလာကို ပြန်လည်ထူထောင်တော့မည်

(The Nation မှ 28 April 2013 ရက်စွဲပါ “Myanmar city to be rehabilitated after sectarian rioting” သတင်းကိုဘာသာပြန်ဆိုသည်)


မြန်မာထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချရန် အမေရိကန်စဉ်းစားနေခြင်းသည် မစောလွန်းသလော

(26 April 2013 ရက်စွဲပါ Christian Science Monitor မှ Joseph J Schatz ရေးသားသော US Considers end to tariffs in Myanmar: too soon ? သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံအလယ်ပိုင်းအဓိကရုဏ်းများအပေါ် အစိုးရ၏ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အဝေဖန်ခံရပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် သမ္မတ Barack Obama ၏ ကုန်သွယ်မှုညှိနှိုင်းရေး အကြီးအကဲ Demetrios Marantis သည် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ရန်ကုန်မြို့လယ်ရှိဈေးသို့ သွားရောက်လည်ပတ်ပြီးနောက် မြန်မာနိုင်ငံအတွက် သတင်းစကားတစ်ခုပြောဆိုခဲ့ပါသည်။

“ကျွန်တော်လှပတဲ့ ယွန်းထည်တွေတွေ့ခဲ့ပါတယ်။ အခြား ဒီကထွက်တဲ့ အံ့သြဖွယ်ထုတ်ကုန်တွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကို အမေရိကန်တွေဝယ်လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်” ဟု Marantis က အမေရိကန်စင်တာတွင် မြန်မာ ပရိသတ်နှင့် နိုင်ငံခြား သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်ကောက်ခံခြင်းကို ပယ်ဖျက်ရန် စဉ်းစားလျက်ရှိရာမြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အမေရိကန်၏ အံ့သြဖွယ်လျင်မြန်သော တိုးတက်မှုများ၏ ထင်ဟပ်မှု ဖြစ်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် အဆင်မပြေသော အချိန်ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် ပြီးခဲ့သည့်လက မိတ္ထီလာတွင်ဖြစ်ပွားသော အဓိကရုဏ်းများ ဖြစ်စေသည့် မူဆလင်ဆန့်ကျင်ရေးတင်းမာမှုများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အများ၏ မျက်စိဒေါက်ထောက်စုံစမ်း ကြည့်ရှုမှုကို ခံနေရပါသည်။

ယခုအပတ်တွင် မြန်မာနိုင်ငံသည် ကြီးမားသော စီးပွားရေးအရအောင်ပွဲတစ်ခုရရှိခဲ့ပါသည်။ ဥရောပသမဂ္ဂသည် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားမှုမှလွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါသည်။ Human Rights Watch ကမူ ပြီးခဲ့သည့်နှစ်က ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားမျိုးတုန်းအောင် သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားပါသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ သမ္မတ Obama သွားရောက်စဉ်က ပေးခဲ့သောနိုင်ငံရေးအရ ကတိ ကဝတ်များကို အလုံးစုံပါဝင်သော ဆက်ဆံရေးအဖြစ် အသွင်ပြောင်းရန် ကြိုးစားနေချိန်တွင် သဘောမတူမှုများလည်း ရောပြွမ်းပါဝင်နေသော မြန်မာနိုင်ငံအတွက် နားလည်ပေးမှုများသည် အနောက်နိုင်ငံတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထိုးဖောက်ရာတွင် ခက်ခဲသောနိုင်ငံရေးအရ အခြေအနေများကို ဖြတ်သန်းရပါသည်။ ယခုအခါ Marantis သည်လည်း မြန်မာအစိုးရနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်မူ အသစ်များအတွက် ညှိနှိုင်းလျက်ရှိရာ အမေရိကန်ကော်ပိုရေးရှင်းများအတွက် ဆယ်စုနှစ်များစွာကြာသော အထီးကျန်ဘဝမှ ကမ္ဘာ့စီးပွားရေးတွင် ပြန်လည်ပေါ်ထွက်လာသည့် သန်း (၆၀) သော နိုင်ငံအား ၎င်းတို့၏ ကုန်ပစ္စည်းများရောင်းချရန် စိတ်အားထက်သန်စေရန် အထောက်အကူဖြစ်ပါသည်။

လူ့အခွင့်အရေးနှင့် အုပ်ချုပ်မှုကို စောင့်ကြည့်နေသူအများစုကမူ အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံ အပေါ် ဆုလဒ်များလျင်မြန်စွာ ဖောဖောသီသီပေးခြင်းမှာ မြန်လွန်းကြောင်း၊ များလွန်းကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိုသို့သော ကုန်သွယ်ရေးအရ အခွင့်အရေးများပေးခြင်းဖြင့် ကူညီခြင်းသည် အခြားပြုပြင်ပြောင်းလဲရေးများကို အားပေးသည့်သဘော သက်ရောက်ကြောင်း အမေရိကန်သံအမတ် ကြီး Derek Mitchell က ငြင်းချက်ထုတ်ပါသည်။

“အမှန်တကယ်တော့ စီးပွားရေးအရ ဆက်ဆံရေးနဲ့ အခွင့်အရေးတွေ ဖြည့်ဆီးပေးခြင်း၊ အလုပ်အကိုင်တွေ ဖြည့်ဆည်းပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြည့်ဆည်းပေးခြင်းများဟာ စီးပွားရေးအတွက်သာမက ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ လူမှုရေးအရ ပြုပြင်ပြောင်းလဲရေးတို့ အောင်မြင်ရေးအတွက်မရှိမဖြစ် လိုအပ်ချက်တွေပါပဲ” ဟု ၎င်းကပြောပါသည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်မည့် အမေရိကန်ကုမ္ပဏီများအတွက် ကန့်သတ်ချက် အတော်များများကို ဖြေလျော့ပေးခြင်း၊ ယာယီရုတ်သိမ်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အမေရိကန်အစိုးရသည် Burma ဟု ညွှန်းနေဆဲဖြစ်ပါသည်။ (နိုဝင်ဘာလကမူ Obama သည် Burma ရော Myanmar ပါသုံးခဲ့ပြီး၊ အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များကမူ မိန့်ခွန်းများတွင် ‘You’ ‘Your Country’ ဟု အဆင်မပြေစွာ သုံးနှုန်းနေဆဲဖြစ်ပါသည်)

အကယ်၍ အမေရိကန်သည် GSP အရ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးခဲ့ပါက မြန်မာနိုင်ငံမှ ထုတ်ကုန်အမျိုးအစား (၅၀၀၀) ခန့် အပေါ် အကောက်ခွန်များလျော့ချသွားမည် ဖြစ်ကြောင်း Marantis က ပြောပါသည်။ ၎င်းသည် ယခုနှစ် အစောပိုင်းကတည်းက Ron Kirk နုတ်ထွက် သွားသော အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် အဖြစ်ခေတ္တ တာဝန်ထမ်းဆောင်နေပါသည်။

အမေရိကန်အစိုးရသည် ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရ၏ အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် အလုပ်သမား အခွင့်အရေးများကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားသော GSP အခွင့်အရေးများကို ရုတ်သိမ်းခဲ့ပါသည်။ Marantis သည် ကွန်ဂရက်အဖွဲ့ဝင်များထံမှ ခက်ခဲသော မေးခွန်းများပေါ်ထွက်လာမည့်အရေးကို မျှော်လင့်လျက်ရှိပါသည်။ အလုပ်သမား အခွင့်အရေးများကိစ္စသည် ၎င်းနှင့် မြန်မာအစိုးရအဆင့်မြင့် ပုဂ္ဂိုလ်များ နေပြည်တော်တွင် ဆွေးနွေးရာ၌ အဓိကအချက် ဖြစ်ခဲ့ပါသည်။

မြန်မာထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့ ရောင်း၍ရသော အကျိုးအမြတ်သည် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်၍ရသော အကျိုးအမြတ်နှင့်ယှဉ်ပါက များစွာနည်းပါလိမ့်မည်။

မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့် ၊ နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးခြင်းနှင့်အတူ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုမှာ မြန်ဆန်လျက်ရှိပါသည်။ အစိုးရသည် ရေနံနှင့် ဓါတ်ငွေ့ရှာဖွေရေး လုပ်ကွက်များအတွက် နိုင်ငံခြားမှ ယှဉ်ပြိုင်မှုများကို စဉ်းစားလျက်ရှိပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်စင်များအတွက်လည်း နိုင်ငံခြားမှပါဝင်မှုကို စဉ်းစားလျက်ရှိပါသည်။ အမေရိကန်ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့တိုး၍လာရောက် ကြည့်ရှု့ လျက်ရှိပါသည်။

“ပထဝီနိုင်ငံရေးကလည်း အဓိကနေရာက ပါပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ လမ်းဆုံလမ်းခွနေရာမှာ ရှိနေခြင်း ကလည်း အမေရိကန်ကို ပတ်တနာဖြစ်လာစေဖို့ ဆွဲဆောင်နေတဲ့အချက်တစ်ခု ဖြစ်ပါတယ်” ဟု Marantis က အမေရိကန် စင်တာတွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။


ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာများကို ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်မည်

(Bernama News မှ 27 April 2013 ရက်စွဲပါ “Myanmar Union Election Commission to amend electoral laws, by laws” ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Hein Latt Aung

၂၀၁၅ အထွေထွေရွေးကောက်ပွဲများ လွတ်လပ်၊မျှတ၊ ပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေနှင့်နည်းဥပဒေများကို ပြင်ဆင်တော့မည်ဟု တရားဝင်သတင်းများကို ကိုးကား၍ Xinhua က ထုတ်ပြန်သည်။

သောကြာနေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ ဖြန့်ဝေခြင်းကိစ္စများတွင် အားနည်းချက်များရှိနေကြောင်း အသိအမှတ်ပြု ဝန်ခံခဲ့ပြီး၊ နိုင်ငံရေးပါတီများအကြား ငွေရေးကြေးရေး ကွာဟချက်ကြီးမားမှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အစိုးရသတင်းစာ New Light of Myanmar က သတင်း ဖော်ပြထားသည်။

၎င်းအစည်းအဝေးသို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၂၁ ခုနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းသင်းပင်းများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ တွင် လွတ်လပ်မျှတသောပါတီစုံ အထွေထွေ ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ရှု့ဒေါင့် ပေါင်းစုံမှ သုံးသပ်ရန် ယခုလအစောပိုင်းကလည်း မှတ်ပုံတင်ခွင့်ရထားသော နိုင်ငံရေးပါတီ ၅၆ ခုနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီက ကိုယ်စားလှယ်အမတ် နေရာ ၄၅ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသွားခဲ့သည်။

အဆိုပါ လစ်လပ် ၄၅ နေရာတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာတို့ ပါဝင်သည်။

အငြင်းပွားဖွယ်၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ ဦး ထွက်ပေါ်လာခဲ့ရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမတ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမတ် ၆၆၁ ဦးတို့ဖြစ်ကြသည်။

ထိုကဲ့သို့ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပြင် နောက်ထပ်ရှိနေသော ကိုယ်စားလှယ် အမတ် ၂၈၈ ဦး (သို့) ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်များ ဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များက “၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ ပွင့်လင်းမြင်သာဖွယ်ရှိကြောင်း ၂၀၁၂ ကဲ့သို့ သိက္ခာမဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန်အတွက် ပွဲမဝင်ခင် အပြင်ကကြိုတင်ညှိနှိုင်းထားကြ ဖွယ် ရှိကြောင်း၊ ပြည်သူ့ဆန္ဒ ၁၀၀ ရာခိုင်နှုန်း မပြည်ံဝနိုင်သော်ငြားလည်း ၅၀ ရာခိုင်နှုန်းပြည့်ဝမည့် အလားအလာရှိ ကြောင်း” ခန့်မှန်းသုံးသပ် ပြောဆိုထားသည်။


ဘာသာရေးအဓိကရုဏ်းအပြီး မိတ္ထီလာကို ပြန်လည်ထူထောင်တော့မည်

(The Nation မှ 28 April 2013 ရက်စွဲပါ “Myanmar city to be rehabilitated after secarian rioting”သတင်းကိုဘာသာပြန်ဆိုသည်)

၄၄ ဦးသေဆုံးခဲ့ရသော ဘာသာရေးအဓိကရုဏ်းကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကို ၃ လအတွင်း ပြန်လည်ထူထောင်ဖို့လိုကြောင်း တနင်္ဂနွေနေ့သတင်းတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ မိတ္ထီလာမြို့တွင် ရွှေဆိုင်ရန်ပွဲမှအစပြုကာ မတ်လ ၂၀ ရက်တွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်များအကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

Relief and Resettlement Department မှ လက်ထောက်ဒါရိုက်တာ ဆာဝီလီယံဖရန့်က “လာမယ့် ၂ လ၊ ၃ လ အတွင်းမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးစီးဖို့ရှိပါတယ်”ပာု မြန်မာသတင်းဂျာနယ်တစ်ခုသို့ ပြောကြားသည်။

ဒေသခံမွတ်ဆလင်လူထုကို တိုက်ရိုက်ဆန့်ကျင်ရန်ပြုသော အကြမ်းဖက်အဓိကရုဏ်းကြောင့် ၄၄ ဦးသေဆုံးကာ၊ အိမ်ခြေ ၁၅၉၄ လုံး ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၈၄၀၀ ခန့်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားခဲ့သည်ပာု တာဝန်ရှိသူများက ဆိုပါသည်။

အလားတူပင် မနှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်ဆလင်ရိုပာင်ဂျာများအကြား အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် ၂၀၀ ကျော်သေဆုံး၍ လူပေါင်း ၁၂၅,၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ မိတ္ထီလာပြန်လည်ထူထောင်ရေး အစီအစဉ်ပာာ ရခိုင်ကိစ္စလောက်ကြာမှာ မပာုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး ပျံ့နှံ့သွားတာမျိုးမရှိပဲ ပျက်စီးမှုကလည်း မများလို့ပါ”ပာု ပြောကြားသူ ဆာဝီလီယံဖရန့်၏ ကယ်ဆယ်ရေး အေဂျင်စီသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေ ကျပ်သန်း ၄၉၀ (ဒေါ်လာ ငါးသိန်းခွဲခန့်) ရရှိထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရသည် အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်ပေးရန် စီစဉ်နေသည်ပာု တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲအောင်မြင့်က ပြောကြားသော်လည်း ယခင်အိမ်နီးချင်းများထံသို့ ပြန်လာလိုသူ မည်မျှရှိသနည်းဆိုသည်မှာ မသဲကွဲသေးပါ။

အကြမ်းဖက်ဖြစ်ရပ်အတွင်း ဖခင်နှင့် နေအိမ်ဆုံးရှုံးခဲ့ရသူ ဒေသခံမွတ်ဆလင်တစ်ဦးဖြစ်သည့် မငယ်(အသက် ၃၀ ခန့်)က “သူမ၏ ၆ နှစ်အရွယ် သားဖြစ်သူကို ကျောင်းသို့မလွှတ်နိုင်ကြောင်းနှင့် မွတ်ဆလင်ဖြစ်နေ၍ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကြောင်း”ထုတ်ဖော်ပြောဆိုခဲ့သည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ဆီကို သင်္ကြန်မတိုင်ခင်တစ်လလောက်က တိုင်စာရောက်ပါတယ်။ စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေက ဘာကိုပဲ စစ်ဆေးခိုင်းလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ အမတ်တစ်ယောက်  ဖြစ်ဖို့အတွက် သူ့ရဲ့အမေ၊ အဖေ၊ ဘိုး၊ ဘွား စသဖြင့် မြန်မာနိုင်ငံမှာ မွေးဖွားတာ ဟုတ်သလား၊ မဟုတ်သလားဆိုတာပါ။ ရွေးကောက်ပွဲကော်မရှင်မှာ ပုဒ်မတစ်ခု ဒီအချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးတာဖြစ်ပါတယ်။ အဲဒီဟာအရ ဒီအချက်နဲ့ ကိုက်ညီသလိုတိုင်ထားတဲ့ သဘောဖြစ်သလို ရှိနေတဲ့အတွက် ခုတော့ တိုင်တဲ့ တိုင်စာကို ပြန်စစ်နေပါတယ်။ ခုချိန်ထိ ပြီးဆုံးခြင်းမရှိသေးပါဘူး။ တရားဝင်လွှတ်တော်အမတ် တစ်ယောက် ကို ကျွန်တော်တို့ မှန်ခြင်း၊ မမှန်ခြင်းနဲ့ အလီဘိုင်ပြနဲ့ ပြရမှာဖြစ်တဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ ဘက်က ယောင်ဝါးဝါးနဲ့ လုပ်လို့မရပါဘူး။ သေသေချာချာ အထောက်အထားနဲ့ စစ်ဆေးလျက်ရှိပါတယ်”

မေ ၁ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၉) တွင်ပါရှိသော “လွှတ်တော် ကိုယ်စားလှယ် အချို့အား နိုင်ငံသား ဟုတ်၊ မဟုတ် တိကျသည့် အထောက်အထားများနှင့် စစ်ဆေးနေ” သတင်း မှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း  ကျွန်တော်တို့ ကြိုဆိုပါတယ်။ ”

မေ ၁ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၉) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံခေါင်းဆောင်များက ဆက်လက်အားပေးမည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ပြောကြား” သတင်း မှ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“တချို့နေရာက စာချုပ်ထဲမှာ တစ်ဖက်နဲ့တစ်ဖက် သဘောတူထားတဲ့ နေရာမဟုတ်ဘူး ဖြစ်နေတယ်။ ရှမ်းဘက်လည်း ဒါကသူတို့ နေရာဖြစ်တယ်ဆိုပြီး ပြောတယ်။ သဘောတူချက်ထဲမှာလည်း အဲဒီကိစ္စ သဘောတူထားတာမဟုတ်ဘူးဆိုတော့ ပြဿနာက အဲဒီဟာဖြစ်နေတယ်။”

ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာ အမှတ် (၅) တွင်ပါရှိသော “တိုက်ပွဲများပြန်ဖြစ်ရခြင်း မှာ နယ်မြေနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု မပြီးပြတ်သေးသောကြောင့်ဟု ဆို” သတင်းမှ MPC ၏ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီ ဘတ်ဂျက်ကို ဘယ်လိုသုံးရမယ်ဆိုတာ မသိသေးပေမယ့် ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်သုံးရမယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ အဓိကသုံးမယ်။ ဒီမှာက စာသင်ကျောင်းတွေမရှိတာ ပညာရေးအတွက် အခက်အခဲရှိတာတွေ ဖြစ်နေတယ်။ အဲဒီအတွက်သုံးဖို့တော့ စဉ်းစားထားတယ်”

ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာ အမှတ် (၅) တွင်ပါရှိသော “ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်ကို အရေးကြီကဏ္ဍများတွင်သုံးရန် လွှတ်တော်ကိုယ်စားလှယ်များ သံသယရှိ” သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျနော်တို့တိုင်းရင်းသားတွေအတွက်ကတော့ အရင်တုန်းကဆိုရင် ကျနော်တို့ မွန်စာအုပ်ကို ထုတ်ချင်လို့ရှိရင် ဘာသာပြန် ပေးရတယ်။ စာအုပ်ထုတ်ရတဲ့ အခက်အခဲအပြင် ဘာသာပြန်ပေးရတဲ့ ပြဿနာတခုကလည်း ရှိလိုက်သေးတယ်။ အဲဒီတော့ အခု အဲဒီအပိုင်းကို လျှော့လိုက်တဲ့ အခါကျတော့ စာပေစိစစ်ရေးကဏ္ဍကို လျှော့လိုက်တဲ့အခါကျတော့ တော်တော်လေးကို လွယ်ကူသွားတယ်။ လွယ်ကူသွားတော့ အောင်အောင်မြင်မြင်လည်း ဖြစ်တယ်။ စာအုပ်လည်း အများကြီးထွက်နိုင်တယ်။ ဒါပေမဲ့ ရေဒီယိုပိုင်းတို့၊ တီဗွီပိုင်းတွေကျတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေမှာ အတွေ့အကြုံ သိပ်မရှိဘူး။ မရှိတော့ အခက်အခဲတော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီအခက်အခဲကို နိုင်ငံတော်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် ပံ့ပိုးပေးနိုင်ရင်တော့၊ ထောက်ပံ့ပုံစံမျိုးတွေ အမျိုးမျိုးလုပ်ပေးလိုက်လို့ရှိရင် ကျနော် ထင်တယ် တိုင်းရင်းသားနေရာတွေက အများကြီး ပွင့်လင်းလာပါလိမ့်မယ်။”

ဗီအိုအေ သတင်းဌာနတွင် ပါရှိသော “တိုင်းရင်းသားဘာသာစကား မီဒီယာကွန်ယက်ဖွဲ့မည်” သတင်းမှ မွန်ဘာသာနဲ့ထုတ်ဝေတဲ့ အမတ်ဒိန် ဂျာနယ်၏ အယ်ဒီတာချုပ် နိုင်မောင်တိုး ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ရန်ကုန်တိုင်းအတွင်း သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်

ထိုင်းနိုင်ငံ Toyo-Thai Power Myanmar Co.Ltd မှလျှပ်စစ်မဂ္ဂါဝပ် ၁၂၀ ထုတ်ပေးနိုင်မည့် စီမံကိန်းအား ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှပ်နှံမှု ဖြင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် BOT စနစ်ဖြင့်တည်ဆောက်နေသည်ဟုသိရသည်။ ဓါတ်ငွေ့တာဘိုင်နှစ်လုံးအနက် ၄၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ပထမတာဘိုင်မှာ ယနေ့တွင်စတင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယတာဘိုင်စက်မှ ၂၀၁၃ မေလတွင် စတင်လည်ပတ်ထုတ်လုပ်နိုင်မည်ဟု သိရသည်။

ရန်ကုန်တိုင်းတွင် ၂၄ နာရီလျှပ်စစ်မီးပေးနိုင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲသည့် ပမာဏမှာ နေ့ခင်းဘက်တွင် ၇၈၆ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၇၅၄ မဂ္ဂါဝပ်သုံးစွဲလျှက်ရှိပြီး နှစ်စဉ်ဓါတ်အားသုံးစွဲမှု ပမာဏမှာ ၁၅ ရာခိုင်နှုန်းတိုးတက်လျှက်ရှိကြောင်းသိရသည်။ ထိုသို့တိုးတက်နေသော သုံးစွဲမှု ပမာဏများကြောင့် ဓါတ်အားအလုံအလောက်ရရှိစေရန်အတွက် စီမံဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်နွေရာသီတွင် အလှည့်ကျမီးပေးစနစ် စတင်ရန်မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှသတင်းရရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကုလသ မဂ္ဂ မှ ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေး ရိုက်ခတ်မှုများနှင့် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုများအပေါ် တုန့်ပြန်နိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သတ္တုတူးဖော်ရာတွင် စနစ်တကျနှင့် အကာအကွယ်ပေးနိုင်မှုမရှိ

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ အသိအမှတ် ပြုထားသည့် စံနှုန်းနှင့်ကိုက်ညီမှုမရှိခြင်း၊ စနစ်တကျထုတ်ယူမှုမရှိခြင်းနှင့် အကာအကွယ်ပေးနိုင်မှု အားနည်းမှုများကြောင့် လူမှုစီးပွား ထိခိုက်မှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်နိုင်ရန် နိုင်ငံခြားကုမ္ပဏီအသေးလေးများမှ ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး အဆိုပါကုမ္ပဏီများမှ ရရှိသည့် အချက်အလက်များကို ကမ္ဘာ့သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်အောင်မြင်နေသည့် ကုမ္ပဏီကြီးများသို့ ပြန်လည်တင်ပြလျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းအရေးနောက်ကွယ်မှကြိုးကိုင်သည်ပာု ယူဆရသူ ရှစ်ဦးအား အမှုဖွင့်

တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ ပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် လက်ပံတောင်း တောင်စီမံကိန်း လုပ်ကိုင်နေမှုများအပေါ်ကန့်ကွက်ရာတွင် နောက်ကွဝ်မှ ကြိုးကိုင်နေသူများ ပာုယူဆရသူ ကိုပာန်ဝင်းအောင် အပါအဝင် လူရှစ်ဦးကို မြန်မာနိုင်ငံမှရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထား လိုက်ပြီဖြစ်ပြီး  ၎င်းတို့အား အမြန်ဆုံးဖမ်းဆီးနိုင်ရန် ပြည်သူများအနေဖြင့် အကူအညီပေးပါရန် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ကြေညာခဲ့သည်။ယခု တရားစွဲဆိုခံရသူ လူရှစ်ဦးမှာ ကိုပာန်ဝင်းအောင်၊ ကိုအောင်စိုး၊ ကိုဗထူး၊ ကိုသောင်းထိုက်ဦး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူတို့ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာတွင် ၁၄၄ ရုတ်သိမ်းမည်

မိတ္ထီလာမြို့တွင် ပဋိပက္ခဖြစ်စဉ်များအတွက် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အား ဧပြီလကုန်ပိုင်းတွင် ပြန်လည် ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဥပဒေရေးရာဝန်ကြီး ဦးရဲမြင့်အောင်မှ ပြောကြားသည်။

USDP ၏တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ

USDP ပါတီ၏ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို ဧပြီလ ၁ ရက်မှ ၃ ရက်နေ့ထိ နေပြည်တော် ပါတီဌာန

ချုပ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။၎င်းတွေ့ဆုံပွဲသို့ တစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အား ၉၀၀ ခန့် တက်ရောက်မည်ဖြစ်ပြီး အခြားတိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ အားဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ လုပ်သားများမြန်မာနိုင်ငံသို့ ငွေတရားဝင်ပို့နိုင်

ဆိုင်ယမ်ကော်မာရှယ်ဘဏ် (FCB) နှင့်မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်တို့အကြား ATM စက်များမှ တဆင့် ငွေလွှဲပို့ခြင်းကို တရားဝင်ပို့နိုင်ရန်အတွက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် မိခင်နိုင်ငံသို့ တရားဝင်ငွေပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ FCB ဘဏ်မှ ၎င်း၏ငွေလွှဲနှုန်းကို ၂၀၁၃ ခုနှစ်တစ်ခုလုံး လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် တရားဝင်မြန်မာအလုပ်သမား ၁ ဒဿမ ၃ သန်းခန့်ရှိပြီး တရားဝင်မှတ်တမ်းမရှိသော အလုပ်သမားစုမှာ ၁ သိန်းကျော် ခန့်ရှိသည်ဟု သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive