Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

ကိုရီးယားကုမ္ပဏီများ ပြည်ပဈေးကွက်သစ် ချဲ့ထွင်ရန် ကြိုးပမ်း

(Korea Joongang Daily မှ 29 April 2013 ရက်စွဲပါ Companies trying out new oversea markets ကိုဘာသာပြန်ဆိုသည်)

ဂျပန်နှင့် တရုတ်နိုင်ငံတို့၏ ပြည်တွင်းစီးပွားရေးနှေးကွေးနေစဉ် တောင်ကိုရီးယားပြည်တွင်း လက်လီကုမ္ပဏီများက မြန်မာနှင့် တူရကီကဲ့သို့ ထူးခြားပြီးဆွဲဆောင်မှုရှိသော ပြည်ပဈေးကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်းနေကြပြီ ဖြစ်သည်။

အမြန်စား အစားအသောက်လုပ်ငန်းတစ်ခုဖြစ်သည့် Lotteria သည် မြန်မာဈေးကွက်ထဲသို့ဝင်ရောက်ရန် ပြင်ဆင် လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာအစားအသောက်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Lotteria အနေဖြင့် အရှေ့တောင် အာရှဒေသမှ မြန်မာနိုင်ငံတွင် ပထဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။

ထို့အတူ တောင်ကိုရီးယားမှ Home Shopping Mall ဖြစ်သော GS Shop ကလည်း တူရကီနိုင်ငံတွင် လာမည့် မေလမှစ၍ ၂၄ နာရီ Home Shopping TV Channel တစ်ခုစတင်ရန် ပြင်ဆင်လျက်ရှိသည်။

E-Land Group  ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Mixxo သည်လည်း တရုတ်နိုင်ငံတွင် စတိုးဆိုင်တစ်ဆိုင်ကို ပထမဆုံးဖွင့်လှစ်လိုက်သည်။

Lotteria သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အကြီးဆုံး Shopping Mall တစ်ခုဖြစ်သော Junction Square တွင် စတိုးဆိုင်တစ်ခုကို ပထမဆုံးဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ မြန်မာ့ဈေးကွက်ထဲသို့ တိုးချဲ့ဝင်ရောက်ရေးမှာ Lotte Group ၏ ပန်းတိုင်တစ်ခုဖြစ်သည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်စဖွင့်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစားအသောက် ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်ထဲကို Lotte Group ဝင်ရောက်နိုင်ရေးအတွက် အနေအထားကောင်း တစ်ခုရအောင် အခိုင်အမာလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

မြန်မာနိုင်ငံသည် ယမန်နှစ်တွင် အစိုးရက ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာသည့်အချိန်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကိုခံနေရသည်။

Lottee Group ၏ ဥက္ကဌ Shin Dong bin သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာပြီး ပြည်တွင်းအစားအသောက်ကုမ္ပဏီ MYKO နှင့် သြဂုတ်လတွင် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

“Lotteria ကုမ္ပဏီဟာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကဲ့သို့သော ပြည်ပနိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းအတွေ့အကြုံရှိထားပြီး စားသောက်ဆိုင်စီးပွားရေးနဲ့ပတ်သက်လို့ နက်နက်နဲနဲ တတ်သိနားလည်ထားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်” ဟု Lotteria ၏ စီအီးအိုဖြစ်သူ Noh Il sik က ဆိုင်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည်။

“ယခုလို တတ်သိနားလည်မှုတွေနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတွေကို အခြေတကျ တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

Lotteria သည် ဗီယက်နမ်တွင် ၁၄၁ ဆိုင်၊ အင်ဒိုနီးရှားတွင် ၁၉ ဆိုင်၊ တရုတ်တွင် ၁၄ ဆိုင် အပါအဝင် ကမ္ဘာတစ်ဝန်း၌ ဆိုင်ပေါင်း ၁၇၅ ဆိုင်ဖွင့်လှစ်ထားပြီးဖြစ်သည်။

လာမည့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဆိုင်ပေါင်း ၃၀ ထိဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း၊ ရန်ကုန်မြို့လယ်ခေါင်တွင် သုံးဆိုင်၊ ရှော့ပင်းမောလ်များတွင် ခြောက်ဆိုင်နှင့် မော်တော်ယာဉ်ဖြင့်ရွေ့လားရောင်းချမည့် ဆိုင်တစ်ဆိုင်တို့ပါဝင်ကြောင်း Lotteria ကဆိုသည်။

GS Shop သည်လည်း တူရကီရှိ ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ လာမည့် မေလမှစ၍ TV Shopping Channel တစ်ခုကို ထုတ်လွှင့်မည်ဟု ဆိုသည်။

“GS Shop အနေနဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာပါ ဈေးကွက်တိုးချဲ့ပြီး ကမ္ဘာ့အကြီးဆုံး Home Shopping ကုမ္ပဏီတစ်ခုဖြစ်လာဖို့ ရည်မှန်းထားပါတယ်” ဟု ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

တစ်ချိန်တည်းမှာပင် ကိုရီးယားဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သော E-Land Group ကလည်း တရုတ်နိုင်ငံတွင် Mixxo အမှတ်တံဆိပ်ဖြင့် စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းတွင် ပထမဆုံး Mixxo စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရန်ကုန်အနီးမြို့ငယ်လေးတွင် ဗလီ၊ မူဆလင်ဆိုင်များ တိုက်ခိုက်ခံရ

(30 April 2013 ရက်စွဲပါ Reuters မှ Mosque, muslim shops attacked near Myanmar’s biggest city ကိုဘာသာပြန်ပါသည်)

  1. Ford က မြန်မာဈေးကွက်သို့ ဝင်ရောက်မည်ဟု ကြေညာ

(30 April 2013 ရက်စွဲပါ BBC News မှ Ford announces entry into Burma market ကို ဘာသာပြန်ပါသည်)

  1. မြန်မာတို့၏ လူမျိုးရေးပြဿနာဖြေရှင်းနည်းသည် ကျောချမ်းစရာဟု HRW ပြော

(Radio Australia News မှ 30 April 2013 ရက်စွဲပါ “Myanmar’s solution to ethnic clashes is chilling: HRW”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျပန် Nishimaru and Asahi ဥပဒေအကျိုးတော်ဆောင်ကုမ္ပဏီက မြန်မာနှင့် ထိုင်းတွင် ရုံးခွဲများ ဖွင့်တော့မည်

(The lawyer မှ 30 April 2013 ရက်စွဲပါ Japan’s Nishimaru & Asahi launches into Myanmar and Thailand သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်အနီးမြို့ငယ်လေးတွင် ဗလီ၊ မူဆလင်ဆိုင်များ တိုက်ခိုက်ခံရ

(30 April 2013 ရက်စွဲပါ Reuters မှ Mosque, muslim shops attacked near Myanmar’s biggest city ကိုဘာသာပြန်ပါသည်)

Photo Credit by Reuters

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အင်္ဂါနေ့က အဓိရုဏ်းလုပ်ဆောင်သူများသည် ဗလီတစ်လုံးနှင့် မူဆလင်စီးပွားရေး လုပ်ငန်းများကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါသည်။ ရန်ကုန်အထိရောက်ရှိခဲ့သော ဗုဒ္ဓဘာသာနှင့် မူဆလင်များ ကြား အားပြိုင်သည့် ဘာသာရေးရန်ပွဲများတွင် နောက်ဆုံးဖြစ်ပွားမှုဖြစ်ပါသည်။

အုတ်ခဲများကိုင်ဆောင်ထားသော လူအုပ်ကြီးသည် ဗလီ၏ပြူတင်းပေါက်များကို ပစ်ပေါက်ကြပြီး ဆိုင်အတော် များများကို ဖျက်၍ လုယက်ကြပါသည်။ ၎င်းမှာ မူဆလင်အမျိုးသမီးတစ်ဦးက လမ်းလျှောက်နေသော ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးအား တိုက်မိပြီး နောက်မြို့ခံများက စိတ်ဆိုးကြပြီးနောက် ဖြစ်ပွားခဲ့ကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

“ရဲများသည် သတိပေးသည့် ပစ်ခတ်မှုများ ပြုလုပ်၍ လူစုခွဲခဲ့သည်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားထားပါသည်။ ၎င်းက ရန်ကုန်မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ဝေးသော ဥက္ကံမြို့တွင် အခြေအနေများ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်တွင် ၂၀၁၁ ခုနှစ် အမည်ခံ အရပ်သားအစိုးရ တက်လာပြီးကတည်းက ဗုဒ္ဓဘာသာများနှင့် လူဦးရေ၏ ၅% ခန့်ရှိသော မူဆလင်များကြား ဘာသာရေးအရ ခိုက်ရန်ဖြစ်ပွားမှုများ မှန်မှန်ပေါ်ပေါက်ခဲ့ပါသည်။

ပြီးခဲ့သည့်မတ်လက မိတ္ထီလာတွင်အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ လူ ၄၄ ဦးသေဆုံးပြီး လူပေါင်း ၁၃၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ကြရပါသည်။ အဆိုပါပြင်းထန်သောဖြစ်ရပ် ဖြစ်ပွားအပြီး သုံးရက်အကြာတွင် အစိုးရက အရေးပေါ် အခြေအနေကြေညာခဲ့ပါသည်။ သို့သော်မူဆလင်များအပေါ် တိုက်ခိုက်မှုများသည် တောင်ဘက်သို့ပျံ့နှံ့သွားပြီး နေပြည်တော်အထိရောက်ရှိခဲ့ပါသည်။ ယခုရန်ကုန်မှ နာရီအနည်းငယ်သာ ကားမောင်းရသည့်အကွာအဝေးရှိ နေရာသို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။

အစွန်းရောက်ဘုန်းကြီးများသည် မူဆလင်ဆန့်ကျင်ရေး တရားများကို အသံသွင်းပြီး ဆိုင်များတွင် ရောင်းချခြင်း ဖြင့် မူဆလင်ဆန့်ကျင်ရေးအဓိကရုဏ်းများဖြစ်အောင် လှုံ့ဆော်သည်ဟု စွပ်စွဲမှုများ ရှိခဲ့ပါသည်။

မိတ္ထီလာတွင် မူဆလင် ၇ ဦးအား အဓိကရုဏ်းအား အဓိကရုဏ်း၏ မီးပွားဟု ရှုမြင်ရသည့် ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်မှုဖြင့် တရားရုံးသို့ တင်ပို့ခဲ့ပါသည်။

ဥက္ကံမှ အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက Reuters သို့ ပြောကြားရာတွင် ဘုန်းကြီးများက လူအုပ်ကြီးကို ငြိမ်သက်ရေးအတွက် ထိန်းသိမ်းရန် ကြိုးစားကြသည်ဟု ဆိုပါသည်။

ပြီခဲ့သည့်ဇွန်လနှင့် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်တွင် နိုင်ငံမဲ့ ရိုဟင်ဂျာမူဆလင်များအပေါ် စနစ်တကျတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုစဉ်က လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၁၂၀၀၀၀ ခန့် နေအိမ်များမှ မောင်းထုတ်ခံခဲ့ရပါသည်။

ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဖြစ်စဉ်နှင့်ပတ်သက်၍ တနင်္လာနေ့က ထုတ်ပြန်သော အစိုးရအစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့များ ပိုမိုချထားရေးကို ဖော်ပြထားပါသည်။ Human Right Watch ကမူ လုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာ ရှင်းလင်းရေးတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲထားပါသည်။


 

Ford က မြန်မာဈေးကွက်သို့ ဝင်ရောက်မည်ဟု ကြေညာ

(30 April 2013 ရက်စွဲပါ BBC News မှ Ford announces entry into Burma market ကို ဘာသာပြန်ပါသည်)

Photo Credit by AFP

အမေရိကန်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုရန် အရေးယူပိတ်ဆို့ထားမှုကို ယာယီရုတ်သိမ်းပြီးနောက် အမေရိကန် ကားထုတ်လုပ်သူ Ford က မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားကုမ္ပဏီဖြစ်ပါသည်။

Ford သည် မြန်မာနိုင်ငံမှ Capital Diamond Star အုပ်စုကြီးနှင့် ရန်ကုန်တွင် အရောင်းပြခန်းဖွင့်လှစ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်းကြောင့် နိုင်ငံအများအပြားသည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများကို ယာယီရုတ်သိမ်းပေးခဲ့ကြပါသည်။

နိုင်ငံခြားလုပ်ငန်းများသည် အရေးယူမှုများကြောင့် နှစ်ပေါင်းများစွာ ဝန်ဆောင်မှုမရှိခဲ့သော မြန်မာဈေးကွက်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြပါသည်။

Ford က ပြောကြားရာတွင် ၎င်းသည် မြန်မာနိုင်ငံ၌ ကားအမျိုးမျိုး၊ ထရပ်ကားများနှင့် ယာဉ်အပိုပစ္စည်းများကို ရောင်းချမည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ Ford အတွက် ကြီးမားတဲ့ အလားအလာနဲ့ အခွင့်အလမ်းတွေ တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ဈေးကွက်မှာ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ မျှော်မှန်းနေပါတယ်”ဟု Ford Export + Growth Operations မှ အာဆီယံ ပစိဖိတ် ဒေသဆိုင်ရာမန်နေဂျာ David Westerman က ပြောပါသည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုမယ့် အဓိပ္ပာယ်ရှိတဲ့ ထည့်ဝင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်အောင် သန္နိဌာန် ချထားပါတယ်”ဟု ၎င်းက ဆိုပါသည်။

ပြည်သူလူထုထံတွင် ရင်းနှီးမြှုပ်နှံခြင်း

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုမှာ လုပ်သားအင်အားစုကြီး၏ ကြီးမားသော အစိတ်အပိုင်းကို ကျွမ်းကျင်မှုနှင့် ပတ်သက်သော အဆင်မြှင့်တင်ပေးမှုများ မပြုနိုင်ဟု အဓိပ္ပာယ် ကောက်ယူရမည်ဖြစ်ပါသည်။

Ford က ပြောကြားရာတွင် ၎င်း၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်များ ဖန်တီး ပေးနိုင်မည်သာမက မြန်မာနိုင်ငံသားများကို လေ့ကျင့်သင်ကြားမှု အခွင့်အလမ်းများပေးနိုင်မည်ဟု ဆိုပါသည်။

“Ford ရဲ့ ကုမ္ပဏီ တစ်ခုအနေဖြင့် ပင်မတန်ဖိုးထားတဲ့အရာကတော့ ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့၊ ဆိုလိုတာက ပြည်သူတွေထံမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ဒေသခံအသိုင်းအဝိုင်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ပါပဲ”ဟု Mr. Westerman က ပြောပါသည်။

“ဒါဟာဂုဏ်ပြုခြင်းတစ်ရပ်ဖြစ်ပြီး ကျွမ်းကျင်တဲ့အလုပ် လုပ်နိုင်တဲ့အင်အားစု ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးတဲ့ တာဝန်ကို ယူတာပါ။ အတိအကျပြောရရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကားဈေးကွက်ကို ပုံဖော်ရာမှာ ကူညီတာပါပဲ”ဟု ၎င်းက ပြောပါသည်။

Ford က ပြောကြားရာတွင် ၎င်း၏လုပ်ငန်းကြီးထွားလာပါက မြန်မာနိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင်ပါ တိုးချဲ့ရန် စီစဉ်ထားသည်ဟု ဆိုပါသည်။

ယခုနှစ်အစောပိုင်းကလည်း ဂျပန်ကားထုတ်လုပ်သူ Suzuki က ပြောကြားရာတွင် ၎င်းသည် မေလမှ စ၍ မြန်မာနိုင်ငံတွင် ထရပ်ကားငယ်များစတင်ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုလအစောပိုင်းကလည်း ကမ္ဘာပေါ်တွင် အကြီးဆုံး တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် Vodafone နှင့် China Mobile တို့သည် အုပ်စုတစ်ခုအဖြစ် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းလိုင်စင်ရရှိရေး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကိုကာကိုလာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းခြောက်ဆယ်ကွာနေပြီးမှ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။


 

မြန်မာတို့၏ လူမျိုးရေးပြဿနာဖြေရှင်းနည်းသည် ကျောချမ်းစရာဟု HRW ပြော

(Radio Australia News မှ 30 April 2013 ရက်စွဲပါ “Myanmar’s solution to ethnic clashes is chilling: HRW”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရစုံစမ်းရေးကော်မရှင်က မူဆလင်ရိုဟင်ဂျာတို့၏ လူဦးရေကြီးထွားမှုကို ထိန်းချုပ်ရန်အတွက် Family Planning အစီအစဉ်ကို အကောင်အထည်ဖော်ရန် အကြံပြုထားပါသည်။

မြန်မာနိုင်ငံတွင် လူများစုဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစုမူဆလင်များကြား ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိ သည်။

ပြီးခဲ့သောနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရာနှင့်ချီ၍သေဆုံးကာ လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့၏ မွေးဖွားနှုန်းမြင့်မားမှုသည် တင်းမာမှုများ၏ အကြောင်းရင်းခံတစ်ခုဖြစ်ကြောင်း ကော်မရှင်ကတွေ့ရှိခဲ့သည်။

ထို့အပြင် တည်ငြိမ်မှုမရှိသေးသော ပြည်နယ်တွင် အကြမ်းဖက်မှုများ ထိန်းချုပ်ရန်အတွက် လုံခြုံရေးအင်အား တိုးရန် ကော်မရှင်က အကြံပြုထားသည်။

သို့သော်လည်း ကော်မရှင်၏ အကြံပြုချက်များသည် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး တင်းမာမှုများ ကိုသာ တိုးပွားစေလိမ့်မည်ဟု Human Right Watch က ပြောကြားပါသည်။

မြန်မာအစိုးရတပ်ဖွဲ့များသည် အပျံသင်စ ဒီမိုကရေစီနိုင်ငံတွင် လူမျိုးရေးမုန်းတီးမှု မီးတောက်ကို အားပေးခဲ့သော အပြစ်ရှိသည်ဟု HRW ၏ အာရှရေးရာ ဒုတိယဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူသားချင်းစာနာမှုမရှိသော ရာဇဝတ်မှုများ၊ လူမျိုးတုန်းသန့်စင်မှုများ ကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်ခဲ့သည့် အထောက်အထားများကို ပြီးခဲ့သောအပတ်တွင် HRW က အစီရင်ခံစာထုတ်ပြန်ခဲ့သည်ဟု ဖီးလ်ရောဘတ်ဆန်က ဆက်လက်ပြောဆိုသည်။

လူဦးရေထိန်းချုပ်ရေးအကြံဉာဏ်တွင် တိမ်မြုပ်နေသော ကိစ္စများရှိသည်ဟု ဖီးလ်ရောဘတ်ဆန်က ယုံကြည် နေသည်။

“လူမျိုးစုတစ်စုက တခြားလူမျိုးစုတစ်စုကို လူဦးရေကန့်သတ်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စက ပြောရမယ်ဆိုရင် လိုက်နာမယ်ဆိုရင်တောင် တကယ်ကို ကျောချမ်းစရာပါပဲ”ဟု ၎င်းက ဆိုပါသည်။

ရိုဟင်ဂျာခေါင်းဆောင်များက ကော်မရှင်သည် ၎င်းတို့နှင့်တိုက်ရိုက်ဆွေးနွေးမှုမရှိကြောင်းနှင့် ၎င်းတို့ကိုယ်စားပြု အကြံဉာဏ်များ မပါဝင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် လတ်တလောသွေးဆူရန်လိုမှုများ အေးဆေးသွားချိန်အထိ ရခိုင်နှင့် ရိုဟင်ဂျာများကို သီးခြားခွဲထားရန် ကော်မရှင်က အကြုံပြုထားသော်လည်း အမြဲတမ်းအတွက် ဖြေရှင်းနည်းမဖြစ်နိုင်ဟု ဝန်ခံထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအမည်ခံ မူဆလင် ၈ သိန်းခန့်နေထိုင်လျှက် ရှိသော်လည်း အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ တရားမဝင်ရွှေ့ပြောင်းနေထိုင်သော ဘင်္ဂါလီများဟု သတ်မှတ်ထားသည်။


 

ဂျပန် Nishimaru and Asahi ဥပဒေအကျိုးတော်ဆောင်ကုမ္ပဏီက မြန်မာနှင့် ထိုင်းတွင် ရုံးခွဲများ ဖွင့်တော့မည်

(The lawyer မှ 30 April 2013 ရက်စွဲပါ Japan’s Nishimaru & Asahi launches into Myanmar and Thailand သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ အကြီးဆုံးဥပဒေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Nishimaru and Asahi သည် ဒေသတွင်း ခြေလှမ်းချဲ့သည့်အနေဖြင့် မြန်မာနှင့်ထိုင်းနိုင်ငံ မြို့တော်များတွင် ရုံးခန်းသစ်များ ဖွင့်ရန် အစီအစဉ်များ ချမှတ်ထားပြီ ဖြစ်သည်။

Nashimaru ရန်ကုန်ရုံးကို မေလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘန်ကောက်ရုံးကို ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မြန်မြန်ဆန်ဆန် ခေါင်းပြူလာသော ဈေးကွက်သစ်တစ်ခုအဖြစ် ဆွဲဆောင်အားကောင်းနေသလို ထိုင်းနိုင်ငံတွင်လည်း ဂျပန်ကုမ္ပဏီများ လမ်းပေါက်နေပြီဖြစ်သောကြောင့် ဖောက်သည်များ၏လိုအပ်ချက်များကို တန်ပြန်ရန်နှင့် အာရှဒေသကွန်ယက်ကို ချဲ့ထွင်ရန် တာဝန်ရှိသဖြင့် အဆိုပါရုံးသစ် ၂ ခုကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်သည်။

ယခင်က Cleary, Gottlieb, Steen and Hamilton ၏ နယူးယောက်ရုံးခွဲတွင် လုပ်ကိုင်ခဲ့ဖူးသူ ယူဆူကီယူကာဝါ ဦးဆောင်သည့်အဖွဲ့က ရန်ကုန်ရုံးကို ကနဦးစီမံအုပ်ချုပ်သွားမည်ဟု သိရသည်။

ဘန်ကောက်ရုံးကိုမူ ယခင်က ဘန်ကောက်အခြေစိုက် Tilleke & Gibbins တွင် လုပ်ကိုင်ခဲ့သူ ဟိုင်ဒေရှီအိုဘာရာ က ကိုယ်စားလှယ်အဖြစ် ရုံးထိုင်မည်ဟု ဆိုသည်။

Nishimaru ကုမ္ပဏီသည် ပြီးခဲ့သော ၃ နှစ်အတွင်း ကျယ်ပြန့်လာခဲ့ပြီး ၂၀၁၀ တွင် ဘီဂျင်း၌လည်းကောင်း၊ ၂၀၁၁ တွင် ဟိုချီမင်း၌လည်းကောင်း၊ မနှစ်က စင်ကာပူတွင်လည်းကောင်း အသီးသီး ရုံးများ ဖွင့်လှစ်ခဲ့သည်။

ကုမ္ပဏီတွဲဖက်အုပ်ချုပ်သူ မာဆာကီဟိုဆာကာက ကုမ္ပဏီ၏ မဟာဗျူဟာမှာ တိုယိုတာ ဆက်စပ်ကုမ္ပဏီများကဲ့သို့ ထုတ်လုပ်ရေးလုပ်ငန်းဖောက်သည်များကို အထောက်အကူပေးရန်အတွက် ပြည်တွင်းကွန်ယက်နှင့် နိုင်ငံခြားကွန်ယက် ချိတ်ဆက်မှု ပိုကောင်းလာရေးပင်ဖြစ်သည်ဟု ပြောကြားပါသည်။ ဥပမာအနေဖြင့် ၂၀၁၂ မေလက စင်ကာပူစာရင်းဝင် Sin Heng Heary Machinery တွင် Toyota Tsusho Corp က ရှယ်ယာထည့်ဝင်ရာတွင် အကြံပေးရန် Allen & Gledhill ကုမ္ပဏီနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Japan Federation of Bax Association ၏ အဆိုအရ ၂၀၁၂ စက်တင်ဘာတွင် Nishimaru အနေဖြင့် ရှေ့နေ ပါတနာ ၉၄ ဦး၊ Associate အဖွဲ့ဝင် ၃၁၈ ဦး၊ Counsil အဖွဲ့ဝင် ၃၇ ဦးနှင့် နိုင်ငံခြားရှေ့နေ ၁၆ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။

ပြည်တွင်းဈေးကွက်ကျပ်လာသောအနေအထားကြောင့် လက်ရှိနှစ်ကုန်ပိုင်းများအတွင်း ဒေသတွင်း၌ ဂျပန်ဥပဒေ ကုမ္ပဏီများ ခြေလှမ်းပိုမိုချဲ့လာကြပါသည်။ မကြာသေးမီကပင် ဂျပန်၏ အကြီးဆုံးဥပဒေလုပ်ငန်း ၄ ခု စားရင်းဝင်သော Anderson Mori & Tomotsune သ ည် စင်ကာပူနှင့် ရှန်ဟိုင်းတွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive