Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ထုတ်လုပ်ရန် တရုတ်ပြည် အားသွန်ကြိုးပမ်း

(Japan Times သတင်းစာမှ 6 May 2012 ရက်စွဲပါ China working hard to develop drone program ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတာဝန်ရှိသူများအပေါ် ခရီးသွားခွင့် ပိတ်ပင်မှု အမေရိကန် ဖြေလျှော့

(Asian Tribune မှ 5 May 3013 ရက်စွဲပါ US eased travel ban on Myanmar Officials သတင်းကို ဘာသာ ပြန်ဆိုသည်)


မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ထုတ်လုပ်ရန် တရုတ်ပြည် အားသွန်ကြိုးပမ်း

(Japan Times သတင်းစာမှ 6 May 2012 ရက်စွဲပါ China working hard to develop drone program ကိုဘာသာပြန် ဆိုသည်)

Photo Credit by Yahoo

ရာဇဝတ်မှုများစွာ ကျူးလွန်ထားသူ မဲခေါင်မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရန် သို့မဟုတ် ရှင်းလင်းသုတ်သင်ရန် တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တစ်ကြိမ်တစ်ခါကမျှ မကြိုးစားကြည့်ခဲ့ဖူးသော နည်းဗျူဟာတစ်ရပ်ကို လုပ်ကိုင်ကြည်ရန် စဉ်းစားခဲ့ကြသည်။ ယင်းနည်းဗျူဟာမှာ မူးယစ်ရာဇာ နော်ခမ်းပုန်းခိုလှုပ်ရှား လျက်ရှိသည့် မြန်မာနိုင်ငံရှိတောတောင်ထူထပ်သော ဒေသများသို့ မောင်းသူမဲ့ ဒရုန်းလေယာဉ်များ အသုံးပြုကာ ၎င်းအား တိုက်ခိုက်နှိမ်နင်းရေးပင်ဖြစ်သည်။

ထိုသို့ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မည့်အစီအစဉ်အား လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းမရှိပေ။ ဖမ်းဆီးလို သည့် မူးယစ်ရာဇာကိုလည်း နောက်ပိုင်းတွင်ဖမ်းမိသွားသည်။ သို့သော် ယခုကဲ့သို့ မောင်းသူမဲ့ ဒရုန်းလေယာဉ် အသုံးပြုကာ နော်ခမ်းကို ဖမ်းဆီးရန် တရုတ်အာဏာပိုင်များ ထည့်သွင်းစဉ်းစားခဲ့မှုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မောင်းသူမဲ့ လေယာဉ် များ ထုတ်လုပ်တပ်ဆင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မီးမောင်းထိုးပြရာရောက်ပါသည်။

တရုတ်နိုင်ငံမှ လေကြောင်းလုပ်ငန်းကြီးများသည် ဒါဇင်နှင့် ချီသော မောင်းသူမဲ့ဒရုန်းလေယာဉ်များကို ထုတ်လုပ် ခဲ့ပြီး ဖြစ်သည်။ ယင်းဒရုန်လေယာဉ်များကို ယူအေဗီဟု လည်းခေါ်ကြသည်။ လေကြောင်းပြပွဲများနှင့် စစ်ချီပွဲများတွင် ဒရုန်း အတော်များများကို တွေ့ရတတ်သည်။ တရုတ်ပြည်၏ အချို့သော ဒရုန်များမှာ အမေရိကန်လေတပ်နှင့် စီအိုင်အေ တို့ အသုံးပြုသည့် Predator ၊ Global Hawk နှင့် Reaper မော်ဒယ်ပုံစံမျိုးကို ပြန်လည်တပ်ဆင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

လေ့လာဆန်းစစ်သူများအဆိုအရ တရုတ်သည် ဒရုန်းလေယာဉ်ထုတ်လုပ်မှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ကို နောက်ယောင်ခံလျက်ရှိသည့်တိုင် ၎င်း၏ နည်းပညာများမှာ အလွန်အမင်း ရင့်ကျက်လာလျက်ရှိကြောင်း၊ လေ့လာစောင့်ကြည့်ရေးနှင့် တိုက်ခိုက်ရေးစသည်တို့တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်တော့မည့် အနေအထားတွင် ရှိကြောင်းသိရသည်။

“ကျွန်တော့်အထင်ပြောရမယ်ဆိုရင် . . တရုတ်နိုင်ငံဟာ ယူအေဗီ လေယာဉ်တွေကို ပမာဏများစွာ တပ်ဖြန့် ထားနိုင် အောင် လုပ်ကိုင်နေပြီဖြစ်ပါတယ်” ဟု စစ်လက်နက်ရေးရာကျွမ်းကျင်သူ Ian Easton ကပြောကြားသည်။

တရုတ်နိုင်ငံက ဒရုန်းလေယာဉ်များကို ကျယ်ကျယ်ပြန့်ပြန့်တပ်ဖြန့်ထားလာမှုကိုကြည့်လျှင် တရုတ်စစ်တပ်၏ အင်အားကြီးထွားလာမှုကိုတွေ့မြင်နိုင်သလို ဒေသတွင်း အမေရိကန်ပြည်ထောင်စု သြဇာလွှမ်းမိုးမှုကိုပင် ခြိမ်းခြောက် နိုင်သည်ကို တွေ့ရပေမည်။ ထို့ပြင် ဂျပန်၊ အိန္ဒိယနှင့် ဖိလစ်ပိုင်အပါအဝင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွား နေသည့် အိမ်နီးချင်းနိုင်ငံများအပေါ် ခြိမ်းခြောက်မှုများလည်း တိုးမြင့်လာနိုင်သည်။

ဘေဂျင်းအစိုးရက ၎င်း၏ ဒရုန်းလေယာဉ်များသည် ဗုံးများနှင့် ဒုံးကျည်များသယ်ဆောင်နိုင်ရုံသာမက ကင်းထောက် လှမ်းမှုများကိုလည်း လုပ်ကိုင်နိုင်စွမ်းရှိသည်ဟု ပြောကြားထားသည်။

ထိုသို့ တရုတ်နိုင်ငံက ဒရုန်းလေယာဉ်များ အသုံးပြုမှုမြင့်တက်လာခြင်းကြောင့် ဒရုန်းလေယာဉ် တိုက်ခိုက် မှုများအတွက် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်ကိစ္စနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်စရာများ ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုဆိုလျှင် ပါကစ္စတန်နင့် အာရေဗီးယားကျွန်းဆွယ်ဒေသတို့၌ အကြမ်းဖက် သမားများနှိမ်နင်းရန် ဒရုန်းလေယာဉ်များကို တပ်ဖြန့်ထားသည်။

“တရုတ်နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု လုပ်သလို လိုက်လုပ်နေတာပါပဲ။ သူတို့ရဲ့စဉ်းစားပုံ စဉ်းစားနည်း ကတော့ . . . တကယ်လို့ အမေရိကန်တွေလုပ်နိုင်မယ်ဆိုရင် တရုတ်ပြည်လည်း လုပ်နိုင်ရမယ်။ သူတို့လည်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်ပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေရှိသလိုတို့မှာလည်းရှိတယ် ဆိုတဲ့ အယူအဆမျိုးပေါ့” ဟု Stockholm International Peace Research Institute မှ Siemon Wezseman က ပြောကြားသည်။

“တရုတ်နိုင်ငံက နောက်ဆုံးထုတ်လုပ်သည့် ဒရုန်းလေယာဉ်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အတိအကျ မသိရှိရသေးပေ။ အကြောင်းမှာ တရုတ်ထုတ်ပစ္စည်းအတော်များများမှာ စစ်မြေပြင်တင် စမ်းသပ်မှု မပြုလုပ်ရသေးဘဲ ကျန်ရှိ နေသောကြောင့်ဖြစ်သည်။

တရုတ်စစ်တပ်နှင့် လေကြောင်းလုပ်ငန်းကြီးများကလည်း ဒရုန်းနှင့်ပတ်သက်သော သတင်းအချက်အလက် အနည်းငယ်မျှသာ ထုတ်ပြန်ထားသည်။ သို့သော် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း CoSIC မှ ဒီဇိုင်းအင်ဂျင်နီယာချုပ် Yang Kaikui က “တရုတ်ဒရုန်းလေယာဉ်များတွင် ကွာဟချက်များနည်းပါးလာပြီဖြစ်ကြောင်း၊ သို့သော် အရေးကြီးသော နေရာများ တွင် တိုးတက်ဖြစ်ထွန်းမှုများရှိအောင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း” ပြောကြားသည်။

“ဒရုန်းဆိုတာဟာ ကမ္ဘာ့နိုင်ငံအတော်များများက စစ်တပ်တွေ အသုံးပြုလျက်ရှိတဲ့ အဆင့်မြင့် လက်နက်တစ်မျိုးပဲ ဖြစ်ပါတယ်။ တရုတ်စစ်တပ်ဟာ အဲဒီဒရုန်းလေယာဉ်တွေကို အချုပ်အခြာအာဏာကိစ္စ၊ အမျိုးသားလုံခြုံရေးကိစ္စနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။ အဲဒီလိုဒရုန်းအသုံးပြုမှုက ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်မှာမဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။


မြန်မာတာဝန်ရှိသူများအပေါ် ခရီးသွားခွင့် ပိတ်ပင်မှု အမေရိကန် ဖြေလျှော့

(Asian Tribune မှ 5 May 3013 ရက်စွဲပါ US eased travel ban on Myanmar Officials သတင်းကို ဘာသာပြန်ဆို သည်)

Photo Credit by Asian Tribune.org

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရန်အတွက် ယခင်မြန်မာ စစ်ဖက် အာဏာပိုင်များ၊ ၎င်းတို့၏ စီးပွားဖက်များ၊ မိသားစုဝင်များအပေါ် ပြည်ဝင်ဗီဇာပိတ်ပင်ထားမှုကို ကြာသာပတေး နေ့က ရုတ်သိမ်းပေးလိုက်ပါသည်။

၁၉၉၆ ခုနှစ် စတင်ချမှတ်ထားခဲ့သော ခရီးသွားခွင့်ပိတ်ပင်မှုကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သော်လည်း လူ့အခွင့် အရေး ချိုးဖောက်မှုဖြင့် စွပ်စွဲခံထားရသူ ပုဂ္ဂိုလ်များအပေါ် ပြည်ဝင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံခွင့် တားမြစ်ထားခြင်းကိုမူ ဆက်လက် ချမှတ်ထားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။

၂၀၁၁ နောက်ပိုင်းတွင် မြန်မာအရပ်ဖက်အစိုးရသည် အရေးကြီးသော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများတွင် အရေးပါသော ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး စိုးရိမ်စရာနယ်ပယ်များတွင် သိသိသာသာတိုးတက် ပြောင်းလဲမှုကို ပြသခဲ့သည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ခရီးသွားခွင့် တားမြစ်မှုကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သော်လည်း ယခင်တားမြစ်စာရင်းဝင် အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ ပြည်ဝင်ခွင့်ဗီဇာအတွက် စုံစမ်းစစ်ဆေးခံရဦးမည်ဟု ကြေညာချက်က ဆိုပါသည်။

၁၉၉၀ ခုနှစ်များအလယ်ပိုင်း ကာလနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ပါဝင်ပတ်သက်သူ မြန်မာ ခေါင်းဆောင်များနှင့် စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် အမေရိကန် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို တားမြစ် ထားသော မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား အရေးပေါ်အက်ဥပဒေကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်း တိုးလိုက်သောနေ့တွင်ပင် ဗီဇာပိတ်ပင်မှု ရုတ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည် ဟု ရိုက်တာက သတင်း ဖော်ပြသည်။

အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သောစာတွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နောက်ပြန်မလှည့်စေရန် ပြုပြင်ပြောင်းလဲအားထုတ်နေမှုများကို အားကောင်းအောင် ထောက်ခံပေးသွားရန် အမေရိကန် ပြည်ထောင်စုက တာဝန်ခံထားသည်။ ထိုအကြောင်းရင်းကြောင့် မြန်မာနိုင်ငံကို လေးစားသည့်အနေဖြင့် အမျိုးသားရေး အရေးပေါ်အက်ဥပဒေကို ဆက်လက်ချမှတ်ရန်လိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်”ဟု ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂ အီးယူကလည်း ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အာဏာရလာပြီးနောက်ပိုင်း အကောင်အထည် ဖော်ခဲ့သော နိုင်ငံရေးအပြောင်းအလဲများကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် လက်နက်အရောင်း အဝယ်တားမြစ်မှု မှလွဲ၍ ကျန်အရေးယူပိတ်ဆို့မှု sanction များ အားလုံးနီးပါးကို ယခင်လက ရုတ်သိမ်း ပေးလိုက်ပြီ ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဘာသာရေးအရ ခွဲခြားထားရန် တောင်းဆိုမှုများနှင့် မြန်မာ ရင်ဆိုင်ရ

(Al Jazeera မှ 4 May 2013 ရက်စွဲပါ Myanmar faces call for religious segregation သတင်းကို ဘာသာပြန် ဆိုသည်)

  1. ရိုဟင်ဂျာများအတွက်အဖြေမြန်မာနိုင်ငံတွင်းမှာသာရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

(6 May 2013 ရက်စွဲပါ Arab News မှ JEDDAH: IRFAN MOHAMMED ရေးသားသော Solution to Rohingyas lies within Myanmar, says Bangladesh FM ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်က သံလွင်မြစ် မြစ်ဖျားခံရာ တိဗက်မြစ်ပေါ်တွင် ရေလှောင်တမံ စီမံကိန်း ပြန်စရန် စီစဉ်

(6 May 2013 ရက်စွဲပါ Hindustan Times မှ Andrew Jacobs ရေးသားသော China revives Tibetan river dam project ကို ဘာသာပြန်ဆိုသည်)


ဘာသာရေးအရ ခွဲခြားထားရန် တောင်းဆိုမှုများနှင့် မြန်မာ ရင်ဆိုင်ရ

(Aljazeera မှ 4 May 2013 ရက်စွဲပါ Myanmar faces call for religious segregation သတင်းကို ဘာသာပြန်ဆိုသည်)

မူဆလင်ရိုဟင်ဂျာလူမျိုးစုနှင့် ပေါင်းစည်းနေထိုင်မှု လက်သင့်ခံနိုင်ဖွယ်မရှိဟု ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက ပြောကြားကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ချမှတ်အကောင်အထည်ဖော်ရင်း မူဆလင် ရိုဟင်ဂျာ အပါအဝင် နိုင်ငံတွင်း နေထိုင်သော လူမျိုးစုများကို ကာကွယ်စောင့်ရှောက်စေရန် ရည်ရွယ်သည့်အနေဖြင့် အရေး ယူပိတ်ဆို့မှုများအား ဖြေလျှော့မှုကို အမေရိကန်ပြည်ထောင်စုက နောက်တစ်နှစ် သက်တမ်းတိုးလိုက်ပါသည်။

သို့သော်လည်း ၁၉၉၆ နောက်ပိုင်း ပထမဆုံး အသိအမှတ်ပြု မြန်မာခေါင်းဆောင်တစ်ဦးအနေဖြင့် ဝါရှင်တန်ဒီစီသို့ သမ္မတဦးသိန်းစိန် လာရောက်မည်ဟု ကြားသိရသော ခရီးစဉ်မတိုင်မီတွင် ယခင်စစ်အစိုးရတာဝန်ရှိသူများအပေါ် ချမှတ်ထား ခဲ့သော ဗီဇာပိတ်ပင်မှုများကိုလည်း အိုဘားမားအစိုးရက ဖြေလျှော့ပေးလိုက်ပါသည်။

သမ္မတဦးသိန်းစိန်နှင့် အိုဘားမားတို့ ဆွေးနွေးကြမည့် အကြောင်းအရာများထဲတွင် မြန်မာနိုင်ငံ၌ လူများစု ဗုဒ္ဓဘာ သာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာမူဆလင်များကြား ဖြစ်ပွားနေဆဲ ပဋိပက္ခကိစ္စလည်း ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။

လူမျိုးရေးတင်းမာမှုများ ရှိနေဆဲ ရခိုင်ပြည်နယ်တွင် ဘာသာရေးအရ ခွဲခြားမှုများ ပြုလုပ်ရန် ဗုဒ္ဓဘာသာ အသိုင်း အဝိုင်း ခေါင်းဆောင်အချို့က စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျှက်ရှိသည်။

အယ်လ်ဂျားဇီးယားသတင်းထောက် ဝိန်းဟေးက စစ်တွေမှ သတင်းပေးပို့ခြင်းဖြစ်သည်။


 ရိုဟင်ဂျာများအတွက်အဖြေ မြန်မာနိုင်ငံတွင်းမှာသာ ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော

(6 May 2013 ရက်စွဲပါ Arab News မှ JEDDAH: IRFAN MOHAMMED ရေးသားသော Solution to Rohingyas lies within Myanmar, says Bangladesh FM ကို ဘာသာပြန်ဆိုသည်)

ထောင်ပေါင်းများစွာသော ရိုဟင်ဂျာမူဆလင်များ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သော အကြမ်းဖက် မှုများကို ရပ်ဆိုင်းသွားစေမည့်အဖြေသည် မြန်မာအစိုးရတွင်သာ တာဝန်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dipu Moni က Arab news သို့ သီးသန့်အင်တာဗျူးတစ်ခုတွင် ယမန်နေ့က ပြောကြားခဲ့ပါသည်။

၎င်းကပြောကြားရာတွင် သူသည် OIC နှင့် UN တွင် မြန်မာဒုက္ခသည်များ အခြေအနေကို ထုတ်ဖော်တင်ပြခဲ့ ကြောင်း၊ သို့သော် အဆိုပါကိစ္စမှာ မြန်မာတို့ကိုယ်တိုင် ဖြေရှင်းရမည့် ပြည်တွင်းကိစ္စသာဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ “ပြဿနာဖြစ်တဲ့နေရာမှာပဲ အဖြေရှိပါတယ်။ အဖြေကို မြန်မာနိုင်ငံထဲမှာပဲ ရှာဖွေရပါမယ်”ဟု ဆိုပါသည်။

မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်သည် ဘာသာရေးအရ ပြင်းထန်သောဖြစ်ရပ်များကြောင့် အခြေအနေယိုယွင်းနေပါ သည်။ မူဆလင်ဒုက္ခသည် ငါးသိန်းခန့်တွင် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ကြသည်။ ၂၉၀၀၀ ခန့် ကသာ တရားဝင်နေထိုင်ကြရပါသည်။

ရိုဟင်ဂျာမူဆလင်များသည် ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်မှုပစ်မှတ်များ ဖြစ်နေပြီး အဆိုပါ သတ်ဖြတ်မှုများကို လူ့အခွင့်အရေးအဖွဲ့များက လူမျိုးရေးအပြတ်ရှင်းမှုအဖြစ် ဖော်ပြကြသည်။

မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ငွေကြေးပိုမို ကုန်ကျ ကြောင်း၊ မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုလောက်ကစပြီး ဝင်ရောက်လာကြသည်ဟု Moni က ပြောသည်။ ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက် လုပ်ဆောင်ပေးနေ ပါသည်ဟု ၎င်းကပြောပါသည်။

Moni က ပြောကြားရာတွင် သူ၏နိုင်ငံသည် ဒုက္ခသည်များနှင့် သက်ဆိုင်သော ကွန်ဗင့်ရှင်းများကို လက်မှတ်ရေး ထိုးထားသော နိုင်ငံမဟုတ်ကြောင်း ပြောပါသည်။ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လူသားချင်းစာနာသော ချဉ်းကပ်မှုသာ ပြုလုပ်ခဲ့ကြောင်း ပြောပါသည်။

“၁၉၇၀ ခုနှစ်က ကျွန်မတို့ရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်များကြောင့် ဘင်္ဂါလီစကားပြောတဲ့ ဒုက္ခသည် ၁၀ သန်းခန့် အိန္ဒိယမှာ ခိုလှုံခဲ့ရပါတယ်။ ကျွန်မတို့ တော်တော်ခံစားခဲ့ရလို့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ နာကျင်မှုတွေကို နားလည် နိုင်ပါတယ်” ဟု Moni က ပြောပါသည်။

ဒုက္ခသည်များ ဝင်ရောက်သည့် ဝင်ပေါက်များတွင် ဝင်ရောက်မှုကို ငြင်းပယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသည် လှေ များအတွက် လောင်စာဆီနှင့် အစားအသောက်များကို ဖြည့်ဆည်းပေးပါသည်။ အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်လက် ညှိနှိုင်းလျှက် ရှိပါသည်။

Moni က ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်သည် ဒုက္ခသည်များ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကိုင်တွယ်ရန် ဆန္ဒရှိကြောင်း ပြောပါသည်။


တရုတ်က သံလွင်မြစ် မြစ်ဖျားခံရာ တိဗက်မြစ်ပေါ်တွင် ရေလှောင်တမံ စီမံကိန်း ပြန်စရန် စီစဉ်

(6 May 2013 ရက်စွဲပါ Hindustan Times မှ Andrew Jacobs ရေးသားသော China revives Tibetan river dam project ကို ဘာသာပြန်ဆိုသည်)

နုမြစ် (Nu River) သည် တိဗက်၏ ဟိမဝန္တာတောင်တန်း ရေခဲပြင်များမှ စတင်မြစ်ဖျားခံလာပြီး မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းကာ အန်ဒမင်ပင်လယ်သို့ စီးဝင်သော မိုင် ၁၇၀၀ ရှည်သည့် အာရှ၏ ရေစီးသန်သော မြစ်တစ်ခုဖြစ်သည်။

နုမြစ်၏ ဒေသတွင်းတွင် လွတ်လပ်စွာ စီးဆင်းခွင့် ရနေခြင်းမှာ တဖြည်းဖြည်းဆုံးရှုံးတော့မည်ဖြစ်သည်။ တရုတ်အစိုးရသည် နုမြစ်အထက်ပိုင်းတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေလှောင်တမံများ ဆောက်လုပ်ရန် ပြန်လည်စီစဉ်မှုကြောင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပညာရှင်များကို အံ့အားသင့်စေခဲ့ပါသည်။ နုမြစ်သည် ယူနန်ပြည်နယ်တွင် UNESCO ၏ ကမ္ဘာ့အမွေ အနှစ်များ အဖြစ် သတ်မှတ်ထားသောနေရာဖြစ်ပြီး ကမ္ဘာပေါ်တွင် ကွဲပြားခြားနားသော ဂေဟစနစ်နှင့် ပျက်ယွင်းသွားနိုင် သောနေရာ များအဖြစ် စာရင်းဝင်ပါသည်။

သုံးသပ်သူများက ပြောကြားရာတွင် အဆိုပါစီမံကိန်းကြောင့် ယူနန်မှ တိုင်းရင်းသားများကို ပြန်လည်နေရာချထား ရမှုနှင့် မျိုးတုန်းတော့မည့် ငါးမျိုးစိတ်များ၊ မျိုးဥများ ဥနိုင်မည့်နေရာများ ပျောက်ကွယ်သွား မည်ဖြစ်သည်ဟု ဆိုပါ သည်။

သက်ရောက်မှုဒဏ်များကို ခံရမည့်သူများမှာ သံလွင်မြစ်ပေါ်တွင် မှီခိုနေသည့် လယ်သမားများနှင့် ငါးဖမ်းသူများ ဖြစ်ကြပါသည်။ “မြစ်အပေါ်မှီခိုနေတဲ့ အသိုင်းအဝိုင်းတွေအတွက် သယံဇာတအပြောင်းအလဲဖြစ်စေမယ့် ရေလှောင်တမံတွေ အကြောင်း ပြောနေတာပါ”ဟု နိုင်ငံတကာမြစ်များနှင့် ပတ်သက်၍ တရုတ်အစီအစဉ်ညှိနှိုင်းရေးမှူး Katy Yan က ပြောပါ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

“နိုင်ငံတစ်ခုမှာ မီဒီယာကျန်းမာနေဖို့လိုပါတယ်။ ပြောချင်တာကတော့ ဆိုးကျိုးတွေမဖြစ်စေတာ၊ အနှောင့်အယှက်သဘော မဆောင်ပဲ ကောင်းကျိုးတွေကို ရှေးရှုတဲ့သတင်းမီဒီယာတစ်ခုဖြစ်ဖို့လိုပါတယ်။ မီဒီယာက ကိုယ့်တိုင်းပြည်နဲ့ ကိုက်ညီမှုရှိတဲ့ လူမှုဘဝတွေပေါ်မှာ အခြေပြုတဲ့ပုံစံမျိုးဖြစ်သင့်ပါတယ်။ မီဒီယာကြောင့် နုနယ်သေးတဲ့ ဒီမိုကရေစီအပေါ် အခက်အခဲဖြစ် စေတာမျိုးတွေ မရှိစေဖို့လိုသလို ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မှုတွေလုပ်ပြီးတော့ လွတ်လပ်ပြီး အထိန်းအချုပ်မဲ့ လုပ်ကိုင်တဲ့မီဒီယာမျိုးထက် တာဝန်သိ၊ တာဝန်ရှိတဲ့ မီဒီယာပုံစံမျိုးကို သွားသင့်တာပါ”

မေလ ၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၉) တွင်ပါရှိသော “လွတ်လပ်မှုထက်တာဝန်ယူ နိုင်သော မီဒီယာပုံစံဖြင့် သွားသင့်သည်ဟု ပြန်ကြားရေးဝန်ကြီးပြော” သတင်းမှ ပြန်ကြားရေးဝန်ကြီး ဦးအောင် ကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အသက်ဝိဥာဉ်သည် တရားဥပဒေစိုးမိုးရေးဖြစ်ပြီး တရားဥပဒေစိုးမိုးရေးမှ တည်ငြိမ် အေးချမ်း မည် ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ လူမှုစီးပွားရေးဘဝတိုးတက်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြင်းထန် သည့်စိတ်ဓါတ်အစွဲများကို ပဋိပက္ခဖြစ်မည့်နေရာများတွင်မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အသုံးချပါက တိုင်းပြည်အမြန်တိုးတက်မည်”

မေလ ၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၉) တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲကျင်းပ သက်ဆိုင်ရာကဏ္ဍအလိုက် ၄၁ ဆုချီးမြှင့်” သတင်းမှ သမ္မတ ဦးသိန်းစိန် ၏ပြော ကြားချက်အားကောက်နှုတ်ချက်။


“အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အနေအထားအားလုံးကို ပွင့်ပွင့်လင်းလင်းသိရှိတယ်ပေါ့။ ဝေဖန်အကြံပြုချက် တွေအားလုံးကို သိချင်တဲ့အတွက် တွေ့ဆုံတာပါ။ နိုင်ငံရေးပါတီတွေကလည်း လက်ရှိတွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေကို အောက်ခြေ အလွှာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း အားလုံးကို ပြောဆိုကြတာတွေရှိပါတယ်။ ဒါတွေ ကိုလည်း သမ္မတကကြိုဆိုပါတယ်။ ရပ်ကွက် ခရိုင် အုပ်ချုပ်မှုတွေ အထက်က ညွှန်ကြားတဲ့ အမိန့်တွေဟာ အောက်ခြေမှာ ထိရောက်တဲ့ ကိုင်တွယ်မှုတွေမရှိဘူး။ အောက်ခြေမှာ ပျက်စီးနေတဲ့ အပိုင်းတွေ ရှိတယ်။ အောက်ခြေဝန်ထမ်းတွေက အထက် ကပေးတဲ့ အမိန့်ကိုတောင် ပြေလည်အောင် မဆောင်ရွက်နိုင်တာတွေ တွေ့နေရတော့ အုပ်ချုပ်ရေးအာဏာက ပြည်သူ တွေဆီကို မှန်မှန်ကန်ကန် မရောက်ဘူး။ မရနိုင်ဘူးလို့သမ္မတကို တင်ပြကြပါတယ်။”

မေလ ၆ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၃၁) တွင်ပါရှိသော “ယာတော လယ်မှာ နိုင်ငံရေးသမားတွေက သမ္မတကြီးကို ပြောကြတယ်” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကော်နှုတ်ချက်။


“သမ္မတသက်တမ်း၊ အစိုးရသက်တမ်းပေါ့လေ ၂ နှစ်အတွင်းမှာ တော်တော်များများ အောင်မြင်မှုတွေရသလို မအောင်မြင် သေးဘဲ ရှိနေတာတွေလည်း ရှိတာပေါ့။ အဲဒါတွေကို သူတို့ ကျော်လွှားဖို့ ကြိုးစားနေကြတယ်ပေါ့။ အောင်မြင်မှုတွေထဲမှာ ရတာတွေကလည်း၊ ရအောင်လုပ်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ဘာတွေလဲဆိုတော့ နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားစည်း လုံးညီညွတ်မှု ရအောင် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်ရေး၊ အဲဒီကိစ္စတွေကို အဓိက ဆောင်ရွက် တယ်လို့ ပြောသွားပါတယ်။ ပြောပြီးတော့ သူက ဒီလို ဆောင်ရွက်တဲ့ကိစ္စတွေမှာ အားလုံးသော နိုင်ငံရေးပါတီတွေရဲ့ ၀ိုင်းဝန်း ကူညီမှု၊ ပြည်သူတွေရဲ့ ၀ိုင်းဝန်းပါဝင်မှု၊ နောက်ပြီးတော့ တပ်မတော်ရဲ့ပါဝင်မှု၊ အစရှိတဲ့ အဲဒီလို ၀ိုင်းဝန်းကူညီ ဆောင်ရွက် မှုတွေကြောင့် မြန်မာနိုင်ငံ အခုထိ အောင်မြင်လာတာဖြစ်တယ်လို့ သူက ပြောတယ်ဗျ။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသည့် “ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေ ပါဝင်ဖို့ဦးသိန်းစိန် တိုက်တွန်း” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံဟာ ကြီးမားတဲ့အပြောင်းအလဲနှင့် စိန်ခေါ်မှုများကြုံတွေ့နေရတယ်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဟာ မြန်မာနိုင်ငံတွင် လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေမည်။ ပြုပြင်ပြောင်းလဲမှုများ ကို အထောက်အကူပြုစေနိုင်သည်။ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ဟာ နှစ်နိုင်ငံအတွက်ရော၊ ဒေသ ဆိုင်ရာအတွက်ပါ အခွင့်အလမ်းများ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”

မေလ ၇ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၆) တွင်ပါရှိသော “မြန်မာနိုင်ငံပြုပြင် ပြောင်း လဲရေးများ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အမေရိကန်ပြည်ထောင်စုက ဆက်လက် အားပေးမည်” သတင်းမှ အမေရိကန်ကုန်သွယ်မှု ယာယီကိုယ်စားလှယ် ဒီမီထရီယော့စ်မာရန်တစ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

 မြန်မာ့ ခရီးသွား ပင်မစီမံကိန်း မူကြမ်းအဆင့်သို့ရောက်

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်စီမံကိန်း( Myanmar Tourism Master ) ကို ၂၀၁၂ တွင် စတင်ရေးဆွဲခဲ့ပြီး ဧပြီလတွင် ပြီးဆုံးရန်မျှော်မှန်းထားသော်လည်း ယခုအခါမူကြမ်းအဆင့်တွင်သာရှိသေးကြောင်း အဆိုပါ အစီအစဉ်ကို ရေးဆွဲရာတွင်ပါဝင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်ကြည်ကြည်အေးမှ ပြောကြားသည်။ စီမံကိန်းအား နော်ဝေနိုင်ငံမှ ငွေကြေးထောက်ပံ့မှုနှင့် အာရှဖွံ့ဖြိုးမှုဘဏ်တို့၏နည်းပညာများကိုရယူ ရေးဆွဲ နေကြောင်း သိရှိရသည်။


မြန်မာ့ မြို့ပြဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ဒီကနေ့ မေလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်၌ မြန်မာ့မြို့ပြဖွံြ့ဖိုးရေးဆွေးနွေးပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးစီးကျင်းပလျှက်ရှိကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲသို့ နိုင်ငံ ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ခန့်တက်ရောက် ဆွေးနွေးနေကြောင်းသိရသည်။


ရန်ကုန် ကျန်းမာရေးပြတိုက်တွင် ကျန်းမာရေးဖိုရမ်များပြုလုပ်မည်

ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် ရပ်နား ခဲ့သော ကျန်းမာရေးဖိုရမ်များကို အမျိုးသားကျန်းမာရေးပြတိုက်တွင် ပြည်သူများအသိပညာတိုးတက်စေရန်အတွက် လစဉ်ပြန်လည်ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်းရှင်းလင်းရေး စတင်

မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို Norwegian People’s Aid (NPA) နှင့် Myanmar Peace Center တို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှLiaison Officer ဦးတင်ထွန်းဇော် မှ ပြောကြား သည်။ ယခုအခါတွင် မြေမြှပ်မိုင်းစစ်တမ်းကောက်ယူခြင်း၊ မြေပုံပြင်ဆင်ခြင်းများ နှင့် မိုင်းရှင်းလင်းရေးဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း ဥပဒေရေးဆွဲပြီးပါက မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီး ဒေါက်တာမျိုးမြင့် ဗြိတိန်သို့သွားရောက်လေ့လာ

ပညာရေးတွင် အဆင့်မြှင့်တင်နိုင်ရန်နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ကိုပြန်လည်ဖွင့်လှစ်နိုင်ရန်လိုအပ်ချက်များကို လေ့လာနိုင်ရန်အတွက်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် UK ရှိ တက္ကသိုလ်များသို့ သွားရောက်နေကြောင်း ဗြိတိသျှကောင်စီ၏ သတင်း ထုတ်ပြန်ချက်မှ သိရသည်။


မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပွဲ ကျင်းပ

မေလ ၅ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် မီးသတ်တပ်ဖွဲ့ ဝင်များမှ သရုပ်ပြမှုများ ပြုလုပ်ကာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါပွဲ တွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရဲသူရိန် ဦးသင်းဌေးရွှေမှ မြန်မာနိုင်ငံ၏ လူဦးရေးသန်းခြောက်ဆယ်တွင် သန္ဓေမီး သတ်တပ်ဖွဲ့ဝန်ထမ်း ၄၀၀၀ မျှသာရှိပြီး ထိုဝန်ထမ်းအင်အားနှင့် မီးငြှိမ်းသတ်နေရ သည်ဟုပြောသည်။ ထိုဝန်ထမ်းအင်အားမှာ မြန်မာနိုင်ငံ၏ လူဦးရေနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာနည်းပါးသဖြင့် မီးသတ်ဝန်ထမ်းအင်အားကို ထပ်ဆောင်းတိုးချဲ့ သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


ရိုဟင်ဂျာပါတီ လက်မခံဟု ကော်မရှင် ဥက္ကဌပြော

လွတ်တော်ထဲတွင် ရိုဟင်ဂျာဟု စွပ်စွဲခံထားရသည့် လွှတ်တော်အမတ် ၃ ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနပြည်ထောင်စု ဝန်ကြီးဦးခင်ရီမှ တာဝန်ယူစစ်ဆေးနေကြောင်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ ၁၈ ခုတို့တွေ့ဆုံရာတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လွှတ်တော်အတွင်း အသုံး ပြုနေခြင်း အားတားဆီးပေးရန်နှင့် နိုင်ငံရေးပါတီများထဲတွင် ရိုဟင်ဂျာအ မည်ပါသည့် နိုင်ငံရေးပါတီရှိပါကပါတီဖျက်သိမ်း သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးမှ ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive