Transparency Myanmar

transparency.myanmar@gmail.com

EDITORIAL
Document EDITORIAL

Snapshot of the item below:
EDITORIAL

အယ်ဒီတာ့အာဘော်

နောက်ကွယ်မှကြိုးကိုင်သူများနှင့် ပတ်သက်သော အတွေးအမြင်နှင့် ပန်ကြားချက်

နိုင်မော်

ကျွန်တော်တို့ နိုင်ငံနှင့်ချီ၍ ဖြစ်ပေါ်သော ပြဿနာများ ဖြစ်ပေါ်တိုင်း ပေါ်ပေါက်လာတတ်သော စကားတစ်ခွန်း ရှိသည်။ ယင်းကား ကိစ္စတစ်ခုဖြစ်လာလျှင် နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိနေသည် ဟူသော စကားရပ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင်ကိစ္စ ဆက်လက်ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိသည်ဟုဆိုသည်။ နိုင်ငံတော် သမ္မတကြီး ကလည်း နောက်ကွယ်မှ ကြိုးကိုင်သူများကို ထိရောက်စွာ ဖော်ထုတ်သွားမည်ဟု ဆိုသည်။ ယင်းသို့ပြောဆိုနေသော ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ နယ်ပယ်များတွင် ဆရာတစ်ဆူဖြစ်နေသည့် သူများဖြစ်သည့်အတွက် သူတို့ပြော သောစကားများကို လူထုက ယုံကြည်ကြသည်ဖြစ်ရာ နောက်ကွယ်မှကြိုးကိုင်သူများသည် လက်ရှိတွင် အလွန် ရေပန်းစား လျက်ရှိသည်။ မည်သို့ပင်ဆိုစေ လက်တွေ့တွင် ကိစ္စတစ်ရပ်ဖြစ်လာတိုင်း သူ့ဘက်ကိုယ့်ဘက် ဝင်ရောက်ရပ်တည်ပြောဆိုသူများ၊ ကောင်းသောနည်းဖြင့် ဖြစ်စေ ၊မကောင်းသော နည်းဖြင့်ဖြစ်စေ ဘက်တစ် ဘက်ဘက်မှ ဝင်ရောက်ပါဝင်သူများ ရှိစမြဲဖြစ်သည်။ တစ်နည်းအားဖြင့် နှုတ်၏ဆောင်မခြင်း ၊ကိုယ်၏ဆောင်မ ခြင်းလုပ်ဆောင်သူများ၊ နောက်ကွယ်မှ ဝင်တွန်းသူများရှိသည်။ တစ်နည်းအားဖြင့် အကျိုးစီးပွားရှင်များ (Stakeholder) များဟု သုံနှုန်းလေ့ရှိသည်။ ထို့ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူများ ဆိုပါက အဆိုပါ သက် ဆိုင်သူများပင် ပါဝင်နေသည်။ တစ်ခါတစ်ရံ ပြည်သူများသည် မသိလိုက်မသိဘာသာ ပါဝင်သူများရှိသလို ဓားခုတ်ရာကြား လက်ဝင်လျှိုမိကြသူများ ဖြစ်သွားတတ်ကြသည်ကို လည်းသတိချပ်ရန်လိုသည်။

ဤသို့ဆိုလျှင် ကျွန်တော်တို့သည် နောက်ကွယ်မှကြိုးကိုင်သူများနှင့် နားလည်မှုယူရန်လိုမည်ဖြစ်သည်။ အဓိက ပုဂ္ဂိုလ်နှင့် နားလည်မှု ရယူနိုင်သည်နှင့် မဖြေရှင်းနိုင်သော ကိစ္စရပ်များကို ဖြေရှင်းလာနိုင်သည်။ အချို့သော နောက်ကွယ်မှသူများသည် နှုတ်ဖြင့်သာစေ့ဆော်တတ်ကြသော်လည်း အချို့က နှုတ်အားရော လူအားဖြင့်ပါ စေ့ဆော်ကြသည်။ နောက်ကွယ်မှကြိုးကိုင်သူမျာဟူသည် နောက်ကွယ်မှ ဆောင်ရွက်ပေးသူ များဖြစ်ရာ ၎င်းတို့တွေ့ကြုံနေရသော ဖြစ်ရပ်များကို မိမိတို့ဖာသာ မှန်သည်ဟုယူဆ လုပ်ကိုင်တတ်ကြပေသည်။

ထို့ကြောင့်ဤဆောင်းပါးမှတစ်ဆင့် နောက်ကွယ်မှကြိုးကိုင်သူများကို နိုင်ငံသား တစ်ယောက်အနေဖြင့် ပန်ကြားအပ်သည့် ကိစ္စများကို ပန်ကြားသွားပါမည်။

ကျွန်တော်တို့ နိုင်ငံသည် နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော ဒီမိုကရေစီ ရောင်ခြည်များကို စတင် ရရှိလာပြီဖြစ်သည်။ ယခုအချိန်တွင် ပြည်သူများက နိုင်ငံသည် ခေတ်သစ်သို့ပြောင်းလဲနေပြီဟု ရိပ်စားမိ နေပြီ ဖြစ်ပြီး တစ်ကယ့် အကူးအပြောင်းကာလသို့ရောက်ရှိလာပြီဖြစ်သည်။ ဥပမာ ဆိုရလျှင် မိသားစု တစ်ခု အိမ် ပြောင်းသည့်အခါ နေရာဟောင်းမှ နေရာသစ်သို့ ပြောင်းရွှေ့အခြေချရသည် ဖြစ်သောကြောင့် နေရာသစ်တွင် ဧည့်ခန်းကို ဘယ်နေရာတွင် ထားရှိမည်၊ ဘယ်ပစ္စည်းကို ဘယ်နေရာထားရမည်စသည့် ကိစ္စများ၊ ပတ်ဝန်းကျင် အိမ်နီးနားချင်းသစ်များနှင့် မည်သို့ဆက်သွယ်၊ ဆက်ဆံနေထိုင်ရမည် ဆိုသည့်ကိစ္စ အစရှိသဖြင့် နေသားတကျ ဖြစ်မှု ကိစ္စတွင်  အစီအစဉ် မကျသလို နိုင်ငံတစ်နိုင်ငံတွင် ခေတ်ဟောင်းမှ ခေတ်သစ်သို့ ပြောင်းရွှေ့လာသည့် အခါ နေသားမကျသည့်၊ ခေတ်စနစ်နှင့် မကိုက်ညီသည့် အခြေအနေများစွာရှိနေနိုင်သေးပြီး အိမ်ဟောင်းမှ သယ်မလာသင့်သည့် အမှိုက်သရိုက်များပါလာရာ အဆိုပါ အမှိုက်များကို မည်သို့ရှင်းလင်းရမည်ဆိုသလို ခေတ်သစ်တွင် ခေတ်ဟောင်းမှရလာသေ အမွေဆိုးများကို မည်သို့ဖြေရှင်းရမည်များလိုအပ်လာပါသည်။ နိုင်ငံ တစ်နိုင်ငံ အနေဖြင့်ကြည့်လျှင် အပြည့်အဝမပြောင်းနိုင်သည့် Power ရှိပုဂ္ဂိုလ်များကြောင့် သော်လည်းကောင်း၊ နှစ်ပေါင်းများစွာကတည်းကဖြေရှင်းရမည့် ကိစ္စများကို အာဏာရှင်များ၏ အရှိန်အဟန့်များကြောင့် ပြည်သူ များ၏ မျိုထားခဲ့ရသော အကြပ်အတည်းများကို ဖော်ထုတ်ချင်ကြမည်မှာလည်း သဘာဝ နိယာမပင် ဖြစ်ပေသည်။ အဆိုပါ အခွင့်ကောင်းကို ရိပ်စားမိသူများနှင့် အစိုးရ ယန္တရားအခက်အခဲကို အခွင့်ကောင်း ယူကာ ပြောင်းလဲမှုများကို လိုက်ပါစီးမျောမှုမရှိဘဲ အချောင်ခိုနေသူများအကြား လက်တွေ့ခံစားနေရသူများဟူသော အစုသုံးခုတို့သွားတွေ့ကြလေရာ ပြဿနာများ ကြီးသထက်ကြီးလာပြီး ထိန်းမနိုင် သိမ်းမရဖြစ်ကာ နောက်ကြောင်း ပြန်လှည့်မည့် အရေးနှင့် ကြုံတွေ့လာရပါသည်။ ထို့ကြောင့် နောက်ကွယ်မှကြိုးပမ်းသူများ အနေဖြင့်လည်း လူထုကို ရည်ရွယ်ချက်မဲ့မြှောက်ပေးခြင်းမျိုး မပြုလုပ်ဘဲ မိမိတို့သည် အဖြေတစ်ခုရရှိအောင် လုပ်ဆောင်နေသည်ဟု ခံယူကာ ညှိနှိုင်းမှု တစ်ခု၊ ပြေလည်ရာ ပြေလည်ကြောင်းဖြေရှင်းနိုင်မည့် အခြေအနေ တစ်ခုသို့ရောက်အောင် ဒီမိုကရေစီနည်းလမ်းတကျ ပံ့ပိုးပေးဖို့လိုအပ်ပါသည်။ ထိုသို့မဟုတ်ဘဲ အပြတ်ရှင်း မည်ဟူသည့် ခံယူချက်ဖြင့် လုပ်ဆောင်လျှင်မူ သက်ဆိုင်နေသူ ပြည်သူအုပ်စုများ အကြားတွင် ပြေလည်မှု မရနိုင်ဘဲ တင်းမာမှုများ၊ မျက်နှာချင်း မဆိုင်လိုသည့် အနေအထားများဆီသို့ အဆင့်ဆင့် ဦးတည်သွားကာ သားစဉ်မြေးဆက် လက်ဆင့်ကမ်း အမုန်းတရားများကို မွေးမြူသွားရာ ရောက်ပေလိမ့် မည်ဖြစ် ပြီး မီးလောင်ရာ လေပင့် ဖြစ်သွားနိုင်ပါသည်။ ထို့အတွက်ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူများအား အောက်ပါ အချက်(၃)ချက်ကို အကြံပြုလိုပါသည်။

(၁) အခြေအနေအပေါ် နားလည်ခြင်း

(၂) သက်ဆိုင်သူများ အပေါ်နားလည်ခြင်း

(၃) ပြဿနာကိုနားလည်းခြင်း

နောက်ကွယ်မှ ပံ့ပိုးလိုသူများ အနေဖြင့် နားလည်ရမည်မှာ

မိမိတို့ ပံ့ပိုးပေးမည့် ကိစ္စသည် မည်သို့သော အနေအထားတွင် ရှိသည်ကို နားလည်ရပါမည်။ သို့မှသာ တင်းမာမှုသို့ဦးတည်မသွားဘဲ ပြေလည်ရာ ပြေလည်ကြောင်း ပံ့ပိုးပေးနိုင်ပါမည်။

သက်ဆိုင်သူများ ကိုနားလည်ပေးခြင်းအားဖြင့် တစ်ဖက်နှင့်တစ်ဖက် လိုလားချက်များကို နားလည်သိမြင် နိုင်မည်ဖြစ်ပြီး ညှိနှိုင်းရေးကို အထောက်အကူပြုပါမည်။

ပြဿနာကို နားလည်ခြင်းဆိုသည့်နေရာတွင် ဖြစ်ပေါ်နေသည့် ကိစ္စကိုနားလည်ရမည်ကိုဆိုလိုပါသည်။ သို့မှသာ မိမိတို့ ပံ့ပိုးမည့် အစုအဖွဲ့များကို တစ်ကယ်ကူညီပေးနိုင်မည်ဖြစ်ပြီး စေတနာအမှားများ ကျူးလွန်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

နောက်ပိုင်းမှ ကြိုးပမ်းသူများ အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ထားရှိစေခြင်းဖြင့် မိမိနှင့် သက်ဆိုင်သူများ အကြား နားလည်မှု လွဲမှားခြင်းမှ လွတ်ကင်းနိုင်ပါလိမ့်မည်။ သက်ဆိုင်သူများ အနေဖြင့် ယခုကဲ့သို့ ပြဿနာဖြေရှင်းရေးတွင် ပံ့ပိုးပေးနေသော အမျိုးမျိုးသော အဖွဲ့အစည်းများကို နောက်ကွယ်မှ ကြိုးကိုင်သူများဟု ခေါင်းစဉ်တပ် ပြောဆိုစွပ်စွဲခြင်းသည် တဖက်ကို လမ်းမှားသို့ တွန်းပို့ပေးလိုက်ခြင်း၊ ချောင်ပိတ်လိုက်ခြင်း သဘောသို့ သက်ရောက်စေ နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အမှန်တရားနှင့် ပိုဝေးသွားနိုင်ပါသည်။ ထို့အတွက်ကြောင့် နောက်ကွယ်မှ ပံ့ပိုးပေးနေသူများ အနေဖြင့်လည်း သမာသမတ် ကျသော၊ မျှတသော အနေအထားမှ ပံ့ပိုးပေးသင့်ပြီး မိမိတို့၏ ကိုယ်ကျိုးကို ရှေ့တန်းမတင်သင့် ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပေသည်။


              

              

              


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သမ္မတကြီးက သမဝါယမကို တိုင်းပြည်စီးပွားရေးရဲ့ ဒုတိယမဏ္ဍိုင်လို့ပြောတာ သမဝါယမစနစ်ကို တစ်ကယ် တိတိကျကျလုပ်မယ်ဆိုရင် ကောင်းပါတယ်။ သမဝါယမစနစ်ဟာ တစ်ကယ်အရမ်းကောင်းပြီး တိုးတက်တဲ့ တိုင်းပြည်တိုင်းကို ကြည့်မယ်ဆိုရင်လည်း ဒီစနစ်ကိုအခုအချိန်ထိကျင့်သုံးနေတာကိုတွေ့နိုင်ပါတယ်။ မြန်မာပြည်မှာ ဒီစနစ်မအောင်မြင်ခြင်းရဲ့ အဓိကအချက်ကတော့ ဒီလုပ်ငန်းလုပ်တဲ့လူတွေရဲ့ အကျင့်ဆိုးတွေ ကြောင့်ပါ၊ တကယ့် သမဝါယမစနစ်အောင်မြင်ချင်တယ်ဆိုရင်တော့ ဒီလုပ်ငန်းလုပ်ကိုင်သူများရဲ့ စာရိတ္တကောင်းမွန်ဖို့လိုအပ်ပါတယ်။ သမ္မတကြီးအနေနဲ့လည်း သမဝါယမကဏ္ဍတိုးတက်ဖို့အတွက် လုပ်မယ် ဆိုရင်တော့ ဝန်ထမ်းတွေကို သေသေချာချာရွေးချယ်ဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။”

မေလ ၁၆ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၄၂) တွင်ပါရှိသော “သမဝါယမကဏ္ဍ သည် တိုင်းပြည်စီးပွားရေး၏ ဒုတိယမဏ္ဍိုင်ဖြစ်ဟု သမ္မတပြော” သတင်းမှ ခေတ်သစ်ပြည်သူ့ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌဦးတင်မောင်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အနာဂတ်အတွက် အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရှေ့ဆက် နိုင်ဖို့လည်း ကျနော် မျှော်လင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီခရီးစဉ်ကနေ သူရသင့်တဲ့ အများ အာရုံစိုက်မှု ပိုရလာလိမ့်မယ်လို့လည်း ကျနော် ထင်တယ်။ လူအများ အာရုံစိုက်မှု တချိန်လုံးရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တခါတလေမှာ ဦးသိန်းစိန်အပေါ် အများအာရုံစိုက်မှု လျော့သွားရတာ ရှိပါတယ်။ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် အများရဲ့ အာရုံစိုက် မှုတွေနဲ့ ထောက်ခံမှုတွေကို အခုထက် ပိုပြီးအများကြီး ရသင့်ပါတယ်။ တကယ့်ကို ခက်ခဲတဲ့ ပြုပြင် ပြောင်းလဲ မှုတွေ၊ လုပ်ငန်းတွေကို သူ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အပေါ်မှာ အခုထက် ပိုပြီး အသိအမှတ်ပြု ခံရသင့်ပါတယ်။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “သမ္မတဦးသိန်းစိန် အမေရိကန်ချစ်ကြည်ရေးခရီးသွားမည်” သတင်းမှ အမေရိကန် ပြည်ထောင်စု Georgetown တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘတ် (David Steinberg) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံမှာက ပြင်ဆင်စရာတွေတော့ရှိတယ်။ ဒါပေမယ့် ဘာသာရေးတော့မပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးလွတ်လပ်စွာကိုးကွယ်နိုင်တာပဲလေ။ ဒါ့ကြောင့် ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းစရာ မလိုသလို ပြဋ္ဌာန်းပြီးသားဥပဒေကိုလည်း ပြင်ဆင်စရာမလိုပါဘူး။”

မေလ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဘာသာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းရေး ပါတီများအမြင်ကွဲပြား” သတင်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ မကြာခဏအဲဒီလိုဖြစ်နေတာက စိတ်ပျက်စရာကောင်းတယ်လို့ ပြောရမယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ ထပ်ခါထပ်ခါပြောခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆို နေတဲ့နိုင်ငံရေးအရဆွေးနွေးမှုကို အစိုးရက တကယ်လုပ်ချင်၊ မလုပ်ချင် ပြန်ပြီးမေးခွန်းထုတ်ရမယ်။ ငြိမ်းချမ်း ရေး က လုပ်ငန်းစဉ်အပေါ်မှာပဲ ရှိနေတယ်။”

မေလ ၁၄ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၆) တွင်ပါရှိသော “ငြိမ်းချမ်းရေး မင်မခြောက်ခင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက မေးခွန်းထုတ်စရာဖြစ်နေ” သတင်းမှ သြစတြေးလျားတက္ကသိုလ်မှ မစ္စတာဒေးဗစ် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေကို အခု ဦးအောင်မင်းတို့ လုပ်တာပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျရာကဏ္ဍ ကပါဝင်ပါရစေလို့ ပြောတာနှစ်ပေါက်နေပြီ၊ ဒါပေမယ့် အစိုးရကလုံးဝအသိအမှတ်မပြုဘူး။ ဒေါ်စုကို အသုံးမချဘူး။ ဘာ့ကြောင့် ဒေါ်စုကို အသုံးမချသလဲဆိုတာတော့ သူတို့ရဲ့သဘောပေါ့။ ကျွန်တော်တို့ကတော့ မစွပ်စွဲချင်ဘူး။”

မေလ ၁၄ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ပြည်တွင်းငြိမ်းချမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပါက ငြိမ်းချမ်းရေးအမြန်ရမည်ဟုဆို” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ  လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 သတင်းတို

ဒုတိယအကြိမ် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ် မေ ၂၀ တွင် ရောင်းချမည်

ဒုတိယအကြိမ်အဖြစ် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ် ဆင်းမ်ကတ် ၃၅၀,၀၀၀ ကို မေလ ၂၀ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခု ရောင်းချပေးမည့် ဖုန်းများကို တိုင်းဒေသကြီး နှင့်  ပြည်နယ်အစိုးရများမှ တစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး စီဒီအမ်အေ ၈၀၀ မတပ်ဆင်ရသေးသည့် ချင်းပြည်နယ်ကိုမူ ဒဗလျူ စီဒီအမ်အေ ချထားပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ကြေညာသွားချက်အရ  သိရသည်။

ဒုတိယအကြိမ်အဖြစ် ချထားပေမည့် ဖုန်းများကို ပထမအကြိမ် စနစ်အတိုင်း မဲနှိုက်ရောင်းချသွားရန် ရှိနေပြီး ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်များသည် ရှေ့လက ချထားပေးခဲ့သည့် ဆင်းမ်ကတ်များနှင့် ငွေဖြည့်ပုံ၊ အသုံးပြုပုံ တူညီကြောင်း သိရသည်။

ဥက္ကံတွင် ပျက်စီးသွားသည့်နေအိမ်များ ၁၄ ရက်အတွင်း ပြန်ဆောက်ပေးမည်

ဥက္ကံမြို့နယ်တွင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးသွားသော နေအိမ် ၈၀ ကျော်ကို ကုမ္ပဏီလေးခုမှ ၁၄ ရက်အတွင်း အပြီးဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြား ထားကြောင်း သိရသည်။

အဆိုပါ နေအိမ်များ ဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများမှာ STG စွမ်းရည်ကုမ္ပဏီ၊ AERIAL ကုမ္ပဏီ၊ System E ကုမ္ပဏီ၊ Golden Four Star ကုမ္ပဏီတို့ဖြစ်ကြပြီး ဆောက်လုပ်ခွင့်ရရန် လျှောက်ထားခဲ့ကြသည့် ကုမ္ပဏီများထဲမှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ ၎င်းကုမ္ပဏီများအနေဖြင့် နေအိမ် ၈၀ ကျော်ကို လုံးချင်းနေအိမ် များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးအမှုသည်များအတွက် အခမဲ့ ကူညီထောက်ပံ့မည့်  ဥပဒေအသင်းဖွဲ့မည်

ဆင်းရဲနွမ်းပါးသော အမှုသည်များ၊ ကလေးသူငယ် အမှုသည်များအတွက် ရှေ့နေများအနေဖြင့် အခမဲ့ ကူညီထောက်ပံ့နိုင်ရေး ဘွဲ့လွန်ဒီပလိုမာ ဥပဒေအသင်း အဖွဲ့ချုပ်ကို Post Graduate Diploma in Law Online မှ သင်တန်းသားများနှင့် ဥပဒေပညာရှင်များ ပူးပေါင်း၍ ဇွန်လ ၉ ရက်တွင် အပြီးဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ အနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေဘောင်အတွင်းမှပင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာ ဥပဒေအသင်းအဖွဲ့ချုပ် ဖွဲ့စည်းပြီးပါက ပြည်သူတိုင်း ဥပဒေအသိ၊ သတိရရှိလာစေရေးတို့ အတွက် ဟောပြောပညာပေးခြင်း များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားစီးဝင်လာမှုနှင့်အတူ ကာလတိုချေးငွေ ၀င်ရောက်မှုကို ဗဟိုဘဏ် စောင့်ကြည့်နေ

မြန်မာနိုင်ငံသို့ နိုင်ငံခြားအရင်းအနှီး အများအပြား စီးဝင်လာပြီး ကာလတိုချေးငွေများ ၀င်ရောက်လာမှု ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်၏ မူဝါဒအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း အာရှဒေသအတွင်း မတည် ရင်းနှီးငွေများ ပုံအောစီးဝင်မှုကို စောင့်ကြည့်နေပြီး စီးပွားရေးအပူရှိန် မြင့်တက်မှု အန္တရာယ်ကို ကာကွယ်ကြရန် ဒေသတွင်းရှိ မူဝါဒရေးဆွဲသူတို့အား တိုက်တွန်းကြောင်း ဧပြီလကုန်တွင် ထုတ်ပြန်ခဲ့ပြီး ထိုသို့ ကာလတို ရင်းနှီးမြှုပ်နှံမှုများဖြစ်သော ငွေပူများ စီးဝင်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားစေပြီး ဘဏ္ဍာငွေနှင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးတက်နိုင်ကြောင်းနှင့် အဆိုပါ ငွေပမာဏ အလွန်များပြားလာပါက ပြည်တွင်း အတိုးနှုန်းများနှင့် ငွေကြေးလဲလှယ်မှုနှုန်းကိုပါ မြင့်တက်စေနိုင်ကြောင်း ပညာရှင်များက သုံးသပ် ထင်မြင်နေကြသည်။

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

တရုတ်၏ ကုန်သွယ်မှုသည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်

(၈ မေလ ၂၀၁၃ ရက်စွဲပါ www.BBC News တွင်ပါရှိသော “China trade growth accelerates beating forecasts”ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by BBC

ဧပြီလတွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလျှင်မြန်စွာ တိုးတက်လာခြင်းသည် သုံးသပ်သူများ၏ မျှော်မှန်းချက်များကို ချေဖျက်ကာ တိုင်းပြည်၏ မခိုင်မာသော စီးပွားရေးနလံထမှုကို  ပြန်လည်အားကောင်းလာစေသော ကောင်းမွန်သည့် လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။  လွန်ခဲ့သော တစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ပို့ကုန်၏ တိုးတက်လာမှုသည် ၁၄.၇% ရှိခဲ့သည်။

မတ်လတွင် ၁၀% အထိတိုးတက်လာခဲ့သည်။ သွင်းကုန်ပမာဏသည်လည်း ၁၄.၁%   မှ ၁၆.၈%   သို့ မြင့်တက် လာခဲ့ပါသည်။

ယင်း အချက်အလက်များသည် မတ်လတွင် ဖြစ်ခဲ့သည့် တရုတ်၏ အံ့အားသင့်ဖွယ် ကုန်သွယ်ရေးလိုငွေပြမှု၏ ဆန့်ကျင်ဘက်အဖြစ် ကုန်သွယ်ရေးပိုငွေပြမှုကို ပြသနေသည်။

သို့သော်လည်း ယင်းအချက်အလက်များ၏ တိကျမှန်ကန်မူ နှင့် ပတ်သက်၍ အချို့လေ့လာ သူများအတွက် မေးခွန်းများဖြစ်ပေါ်စေခဲ့သည်။

ဟောင်ကောင် Nomura တွင်ရှိသည့် တရုတ် ထိပ်တန်းစီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်သူ Zhiwei Zhang က “ဒီအချက်အလက်တွေရဲ့ မှန်ကန်ခြင်း၊မမှန်ကန်ခြင်းအပေါ်မှာ ပြင်းထန်တဲ့ အရေးယူမှုမျိုး လုပ်မှာမဟုတ်ပါဘူး” ဟုပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် မတ်လတွင် အံ့အားသင့်စရာကောင်းသည့်လိုငွေဖြစ်သော  ၈၈၄ ဒေါ်လာ  ရရှိပြီးနောက်တွင် ဧပြီလတွင် ၁၈.၂ ဘီလီယံဒေါ်လာသည် မျှော်မှန်းထားသည်ထက် ပိုလျှံသော ကုန်သွယ်မှုဖြစ်ခဲ့သည်။

မကြာသေးခင်ကာလက ပြင်ပဝယ်လိုအားများ တဖြည်းဖြည်းပြန်လည်ရရှိလာမှုသည် တရုတ်နိုင်ငံ၏ပို့ ကုန်အချက်အလက်များကို အပေါင်းလက္ခဏာဆောင်သော လက္ခဏာအဖြစ် ပြသနေ ပါသည်။

 သို့သော် ယင်းသည် တောင်ကိုးရီးယား၊ ထိုင်ဝမ် အစရှိသည့် အခြားသော အာရှပို့ကုန်နိုင်ငံများနှင့် တူမည် မဟုတ်ပေ။ ထိုနိုင်ငံများ၏ ပို့ကုန်ပမာဏများသည် ကမ္ဘာ့ဝယ်လိုအား နှေးကွေးကျဆင်း လာခြင်းနှင့်အတူ အားနည်း လာနေပါသည်။

အချို့သော လေ့လာဆန်းစစ်သူများက တရုတ်ပို့ကုန်လုပ်ငန်းရှင်အချို့သည် နိုင်ငံတွင်းသို့ ယင်းတို့ ယူဆောင်လာသော ငွေကြေးအရင်းအနှီးဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားရန် လုပ်ငန်းအခြေအနေများကို အလွန်အကြူး ဖော်ပြနေသည်ဟု သံသယ ရှိနေကြပါသည်။

ငွေကြေးနှင့်အရင်းအနှီးများ နိုင်ငံတွင်းသို့ စီးဝင်လာမှုနှင့်စီးထွက်သွားမှုတို့ကို တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲဖြစ်သော တရုတ်သည် ယခုအခါ တရားမဝင် (ဥပဒေနှင့်ဆန့်ကျင်သော) အရင်းအနှီး စီးဝင်မှု တို့ကိုပါ ထိန်းချုပ်သွားမည်ဟု ကြေညာခဲ့သည်။

တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေထိန်းညှိရေးအဖွဲ့ ဖြစ်သည့်  ပြည်ထောင်စုနိုင်ငံခြားငွေလဲလှယ်မှု စီမံခန့်ခွဲရေးဌာန (SAFE) မှ ယင်းသည် ပို့ကုန် ဘောက်ချာများကို စစ်ဆေးပြီး ဒေတာများ များယွင်းပါက ပြင်းထန်စွာ အပြစ်ပေးသွားမည့် အစီအမံကို ပိုမိုအားဖြည့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေ့လာဆန်းစစ်သူများက ဤ (အလေ့အကျင့်) လုပ်ဆောင်ချက် သည် ပို့ကုန်လုပ်ငန်းရှင် များ အတွက်  စိုးရိမ်ဖွယ် (အလေးထား စဉ်းစားစရာ) အချက်တစ်ခု ဖြစ်လာစေခဲ့သည်ဟု ဆိုသည်။

“တရုတ်ရဲ့ SAFE အဖွဲ့ဟာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု အဖြစ် အသွင်ပြောင်းထားတဲ့ အရင်းအနှီး စီးဝင်မှုများကို ဖြိုခွဲဖို့ စည်းမျဉ်းစည်းကမ်းအသစ်များ ကို များမကြာမီက ကြေညာခဲ့ပါတယ်” ဟု Mr Zhang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဟာ မကြာခင်က ၎င်း၏ တိုးတက်မှုနှုန်းလျှော့သွားပြီးနောက်တွင် ၎င်း၏ စီးပွားရေး ပိုမိုတိုးတက်လာ စေရန် ကြိုးစားခဲ့ပါသည်။

ကမ္ဘာ့ရဲ့ ဒုတိယအကြီးဆုံးစီးပွားရေး အမြင်အရ ၂၀၁၂ ၏ နောက်ဆုံး ၃ လ၏ ၇.၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့် လျှင် ဇန်နဝါရီလ မှ မတ်လလယ်အထိ ပုံမှန်တိုးတက်မှုနှုန်းသည် ၇.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါသည်။

သို့သော်လည်း လေ့လာသူများ၏ ပြောကြားချက်အရ ပြန်လည်ကောင်းမွန်လာရန် လက္ခဏာအချို့ ဖြစ်ပေါ်နေစဉ် အတွင်းမှာပဲ ကျိုးပျက်လွယ်နိုင်တဲ့အခြေအနေတစ်ခုကတော့ ဆက်လက်ကျန်ရှိနေ ပါသေးသည် ဟုဆိုပါသည်။

ပြီးခဲ့သည့် အပတ်က ထုထ်ပြန်သော ဝယ်ယူမှုမန်နေဂျာ ညွှန်းကိန်း ( PMI ) လေ့လာချက်များအရ ပို့ကုန်မှာယူမှု အသစ်များ နည်းသွားခြင်းကြောင့် ဧပြီလတွင် တရုတ်၏ ကြီးမားသောစက်ရုံကဏ္ဍ ကြီးထွားမှုနှုန်း နှေးကွေးသွားသည်ဟု ပြနေပါသည်။

တစ်ချိန်တည်းမှာပဲ ပထမကွာတား၏ ကြီးထွားမှုကိန်းဂဏန်းများသည် တင်ပို့သူများ၏ ကုန်တင်ပို့ ဘောက်ချာ ပိုမိုစာရင်းပြမှုများကြောင့်   ဖောင်းပွမှု ရှိနေလိမ့်မယ်လို့ သံသယများလည်း ရှိနေခဲ့ပါသည်။

လာမည့်လအနည်းငယ်အတွင်း   တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ကြီးထွားနှုန်း တိုင်းတာချက်နှင့်နိုင်ငံ၏ စီးပွားရေးအခြေအနေ အားလုံးနှင့်ပတ်သက်၍ အချက်အလက်များသည် ပို၍တိကျလာလိမ့်မည်ဟု အချို့သော သုံးသပ်သူများက ပြောကြားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive