Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ်သည် သတိမူခြင်းမရှိ နယ်ချဲ့နေသလော။

(1st May 2013 ရက်စွဲပါ Robert Farley ၏ Is China carelessly overextending itself? ကို ဘာသာပြန်ပါသည်။)

  1. စင်္ကာပူသို့ သစ်သီးဝလံတင်ပို့မှု မြန်မာစတင်

(Asia Fruit မှ 17 May 2013 ရက်စွဲပါ “Myanmar begins fruit shipments to Singapore” သတင်းကို ဘာသာမြန်ဆိုသည်။)

  1. Myanmar ဖြစ်စေ၊ Burma ဖြစ်စေ၊ သမ္မတကတော့ အိမ်ဖြူတော်သို့ လာလည်တော့မည်

( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House  သတင်းကိုဘာသာပြန်ဆိုသည်။)


တရုတ်သည် သတိမူခြင်းမရှိ နယ်ချဲ့နေသလော။

(1st May 2013 ရက်စွဲပါ Robert Farley ၏ Is China carelessly overextending itself? ကို ဘာသာပြန်ပါသည်။)

Photo Credit by The Diplomat

လွန်ခဲ့သောနှစ်ပတ်ခန့်က အိန္ဒိယ-တရုတ် နှစ်နိုင်ငံအငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင် အခြားနိုင်ငံမှ တပ်များ နယ်စပ်ကိုကျော်၍ ဝင်ရောက်မှုများရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ် ပြန်ခဲ့ ပါသည်။  အိန္ဒိယအစိုးရက အဆိုပါ အဖြစ်အပျက်ကို ပုံကြီးမချဲ့ခဲ့သော်လည်း အန္ဒိယမဟာဗျူဟာကိစ္စရပ်များကို ဝေဖန်သူများက တရုတ်သည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ အသာစီးရမှုမှတဆင့် သြဇာလွှမ်းမိုးရန် လုပ်ဆောင်နေကြောင်း ဆိုပါသည်။

ထိုအချိန်နှင့် တချိန်တည်းမှာပင် တရုတ်သည် ဂျပန်နှင့် အငြင်းပွားနေသော Senkaku / Diaoyus ကျွန်းများ အနီးတွင် ရေကြောင်းနှင့်လေကြောင်း ကင်းလှည့်မှုများ ပိုမိုချထားခဲ့ပြီး အဆိုပါကျွန်းများမှာ တရုတ် နိုင်ငံခြားရေးမူဝါဒများ၏ ပင်မစိတ်ဝင်စားသည့် ကိစ္စများဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

အခြေအနေနှစ်ရပ်စလုံးတွင် တရုတ်ထံ၌ တရားဝင်စေရန် အကြောင်းပြချက်များ ပြောခဲ့ပါသည်။ အရှေ့တရုတ် ပင်လယ်တွင် တရုတ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ရန်စသောကြေညာချက်များကို တုန့်ပြန်ခြင်းဖြစ်ပါသည်။ အိန္ဒိယနှင့်နယ်စပ်ကိစ္စများမှာမှု ရှုတ်ထွေးနေဆဲဖြစ်ပြီး၊ တရုတ်၏ နယ်မြေတောင်းဆို ဖိအားပေးမှုသည် မှားယွင်းနေသည်ဟု ချက်ခြင်းရှင်းရှင်းလင်းလင်းမသိနိုင်ပေ။

သို့သော် အဘယ်ကြောင့် တရုတ်သည် ဤအငြင်းပွားမှုများကို တချိန်တည်းတွင် ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ သမိုင်းကြောင်းအရ လုံခြုံရေးပြဿနာ ကျယ်ပြန့်စွာရှိနေသော နိုင်ငံများသည် ထိုပြဿနာများကို သီးခြားစီခွဲထားပြီး၊ တစ်ကြိမ်လျှင်တစ်ခုသာဖြေရှင်းရန်မှာ အကောင်းဆုံးဟု အကြံဥာဏ်ပြုထားပါသည်။ ယခုကိစ္စတွင် ဟိမ၀န္တာပြဿနာနှင့် အရှေ့တရုတ်ပင်လယ်ပြဿနာများနှင့် ပတ်သက်၍ မူဝါဒချမှတ်ဆုံးဖြတ်ချက်ပေးသူမှာ တစ်ဦးတည်းကပြုလုပ်သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

တရုတ်၏နိုင်ငံခြားရေးနှင့် စစ်ရေးမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်သည် လုံးဝရှုပ်ထွေးပြီး၊ ဒေသဆိုင်ရာအာ ဏာပိုင်များသည် နယ်စပ်မူဝါဒများတွင် သြဇာလွှမ်းမိုးမှုအချို့ရှိပါသည်။ သို့သော် ယခုကိစ္စရပ်နှစ်ခုစလုံးတွင် တရုတ်၏လုပ်ရပ်သည် မှန်ကန်သည်ဟုဆိုလျှင်တောင်၊ ၎င်း၏အင်အားကြီးအိမ်နီးချင်းနှစ်နိုင်ငံအပေါ် တစ်ကြိမ် တည်းတွင် စိတ်ဆိုးအောင် တစ်ပြိုင်နက်ပြုလုပ်ရခြင်း၏ အဓိပ္ပါယ်ကို ခက်ခက်ခဲခဲ စဉ်းစားရပေသည်။

အိန္ဒိယနှင့်ဂျပန်ကြား အားကောင်းသောဆက်ဆံရေး၏ မဟာဗျူဟာကျသော ကျိုးကြောင်းဆင်ခြင်မှုပြုရန် ထူးထူးခြားခြားစွမ်းရည် မလိုအပ်လှပေ။ တိုကျိုနှင့်နယူးဒေလီကြားတွင် အမြန်ဆုံးဆက်သွယ်မှုပြုရန် လမ်းကြောင်း ကိုယ်စီရှိကြပါသည်။ အရေးကြီးပြီဟုဆိုပါက ၀ါရှင်တန်ကလည်း နှစ်ဖက်ဆက်သွယ်မှုပြုရန် သေချာပေါက် စိတ်အားထက်သန်မှု ရှိပေလိမ့်မည်။ အချို့အိန္ဒိယဝေဖန်သုံးသပ်သူများက ပိုမိုအားကောင်းသော တုန့်ပြန်မှုများပြုလုပ်ရန် တောင်းဆိုထားကြပြီးဖြစ်ပါသည်။ နယ်စပ်တွင်ဖြစ်သော အခြေအနေနှင့် လိုက်လျောညီစွာ တရုတ်၏ ရေပိုင်နက် အငြင်းပွားမှုအတွက် အိန္ဒိယ၏ထောက်ခံမှုကို တိုင်းတာခြင်းများအပါအ၀င် အားကောင်းသောတုန့်ပြန်မှုများ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ရုရှားနှင့် ကာလကြာရှည်ဖြစ်နေသော နယ်စပ်အငြင်းပွါးမှုများကို ညှိုနှိုင်းရန် လုပ်ဆောင်လာခြင်းကြောင့်၊ တရုတ်နှင့်ပြဿနာမှာ သိသာစွာသက်သာ ရာရနေခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင် ဂျပန်နှင့်လည်းကောင်း၊ ရုရှားနှင့်လည်းကောင်း ငြိမ်းချမ်းရေးစာချုပ် မသေချာဟု ရှိခဲ့စေဦးတော့၊ ဂျပန်နိုင်ငံ၏ ယခုကြိုးပမ်းမှုသည် တိုကျိုအနေဖြင့်၎င်း၏ နိုင်ငံတကာပြဿနာများကို စီမံခန့်ခွဲနိုင်ရန် လိုအပ်ပုံကို အလေးအနက် ခံယူထားသည်ကို ပြဆိုနေပါသည်။

ဒေသတွင်းလုံခြုံရေးသည် ကမ္ဘာအနှံ့ပျံ့နှံ့နေသော ပဋိပက္ခများနှင့် ပါဝင်ပတ်သက်မှုရှိသော နိုင်ငံအနည်းငယ်တွင် တရုတ်နိုင်ငံပါဝင်ပါသည်။ ဂျပန် - အိန္ဒိယ ၀င်ရိုးတန်းဖွဲ့စည်းမှုသည် တရုတ်၏ ရန်စမှုမှ ကင်းလွတ်ရန်ဖြစ်နေချိန်တွင် Beijing အတွက် ပေးရမည့်အကောင်းဆုံးအကြံဥာဏ်မှာ ဒေသဆိုင်ရာအငြင်းပွါးမှုများကို အနိုင်ရရန်ကြိုးပမ်းရုံမျှဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများဖန်တီးမှု ပြီးဆုံးမသွားနိုင်ဟူ၍ ဖြစ်ပါသည်။


စင်္ကာပူသို့ သစ်သီးဝလံတင်ပို့မှု မြန်မာစတင်

(Asia Fruit မှ 17 May 2013 ရက်စွဲပါ “Myanmar begins fruit shipments to Singapore” သတင်းကို ဘာသာပြန် ဆိုသည်။)

Photo Credit by Asiafruit

မြန်မာနိုင်ငံသည် စင်္ကာပူသို့ သရက်သီးနှင့်ဖရဲသီးများ ပထမဦးဆုံးအကြိမ်တင်ပို့မှုကို ယခင်အပတ်က စတင်လို်က်ကြောင်း မြန်မာသစ်သီးဝလံထုတ်လုပ် တင်ပို့သူများအသင်းက ထုတ်ပြန်ကြေညာသည်။

“မြန်မာသရက်သီးတွေကို စင်္ကာပူကလက်ခံပါတယ်။ အခု သရက်သီးသုံးတန်တင်ပို့ပြီးပါပြီ။ နောက်ထပ် တင်ပို့ဖို့ကတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်မှုပေါ်မှာမူတည်ပါတယ်။ ရာသီကုန်တဲ့အထိ သရက်သီးတွေ တင်ပို့ဖို့ ရည်ရွယ်ထားပါတယ်။” ဟု သရက်သီးနှင့်ဖရဲသီးတင်ပို့သော Myanmar Golden produce Co တာဝန်ရှိသူက မြန်မာပြည်တွင်းမီဒီယာသို့ပြောကြားသည်။

ရှိနှင့်ပြီးသားတရုတ်နိုင်ငံလမ်းကြောင်းအပြင် စင်္ကာပူသို့ တင်ပို့နိုင်ခဲ့သည့်တိုးတက်မှုကို မြန်မာသစ်သီး ဝလံ ထုတ်လုပ်တင်ပို့သူများအသင်းဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

“အစေ့မပါတဲ့ဖရဲကို နယ်စပ်ကတဆင့် တရုတ်ဖက်ကိုပို့နေတာ ၅ နှစ်လောက်ရှိပါပြီ။ အစောပိုင်းကတော့ လေကြောင်းကနေ ပို့ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကုန်ချိန်ကလေးတော့ အဆင်မပြေပါဘူး။ အခုတော့သင်္ဘောလိုင်းနဲ့ စင်္ကာပူကိုတင်ပို့နိုင်ခဲ့ပါပြီ” ဟု၎င်းကဆိုပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပြင် အခြားဈေးကွက်သစ်များသို့ ခြေလှမ်းချဲ့ရန် လွန်ခဲ့သော သုံးနှစ်ခန့်ကပင် စတင်ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ နိုင်ငံတကာသစ်သီးဝလံပြပွဲများတွင် ပါဝင်ဆင်နွဲ နေသည့်အပြင် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းဈေးကွက်များသို့ ထုတ်ကုန်များ တင်ပို့သွားရန် ရည်မှန်းလျှက်ရှိသည်။


Myanmar ဖြစ်စေ၊ Burma ဖြစ်စေ၊ သမ္မတကတော့ အိမ်ဖြူတော်သို့ လာလည်တော့မည်

( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House  သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Global Post

သမ္မတ အိုဘားမား ယခင်နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ ချိန်က အိမ်ဖြူတော်သည် မြန်မာနိုင်ငံအား ယခင်နာမည် Burma ဟု အထူးသတိထားခေါ်ဝေါ်ခဲ့သည်။

သို့သော် ယခုသီတင်းပတ်တွင်မူ ထိုနိုင်ငံမှ သမ္မတလာရောက်လည်ပတ်မည့်ခရီးစဉ်ကို အိမ်ဖြူတော် တာဝန်ရှိသူများက ထုတ်ပြန်ကြေညာရာတွင် Myanmar ဟု သုံးနှုန်းလိုက်ကြသည်။

အဘယ်အကြောင်းကြောင့် ပြောင်းလဲသွားရပါသလဲ

အမေရိကန်အစိုးရသည် သံတမန်ချစ်ကြည်ရေးအရ Myanmar အမည်နာမက အကန့်အသတ်ဖြင့် စတင် သုံးနှုန်းနေသော်ငြားလည်း Burma သည်သာနာမည်ရင်းဖြစ်သည်ဟု မူဝါဒဆက်လက်ချမှတ်ထားကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံဟာ အပြုသဘောပြုပြင်ပြောင်းလဲမူတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က လည်း မြန်မာအစိုးရနဲ့ထိတွေ sanctions တွေဖြေလျော့ပေးခြင်းအားဖြင့် အသိအမှတ်ပြု တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ သံတမန်ချစ်ကြည်ရေးသဘောအရ Myanmar ဆိုတဲ့အမည်ကို မကြာခဏ ပိုမိုသုံးနှုန်းပေးနေပါတယ်။

“ရည်မှန်းချက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအပေါ် လေးစားမှု ပြသတာဟာ သူတို့ရဲ့ ကြိုးပမ်းမူကို အားပေးထောက်ခံတဲ့ အရေးကြီးလက္ခဏာတစ်ခုဖြစ်ပြီး၊ အသွင်ကူးပြောင်းမှု အောင်မြင်အောင် ကူညီပေးချင်တဲ့ ဆန္ဒကို ထင်ဟပ်ပြသတာဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။” ဟု သူမက ရှင်းလင်းပြောကြားသည်။

စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကမ္ဘာတွင်အပယ်ခံဖြစ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီသို့ ကူးပြောင်းနေသော တိုင်းပြည်အဖြစ် ခေါင်းပြူလာပြီဖြစ်သည်။ မြန်မာအာဏာပိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမူများကို ဖြစ်ပေါ်စေခဲ့သော “မြန်မာနိုင်ငံအပေါ် တရားဝင်ပြန်လည် သုံးသပ်မူ” ကို 2009 ခုနှစ်တွင် အိုဘားမားအစိုးရက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း 2010 ရွေးကောက်ပွဲအပြီး ဆက်လက်ပေါ်ထွက်လာသော ပြောင်းလဲမှုများတွင် တိုင်းရင်းသားအုပ်စုများစွာနှင့် အပစ်ရပ်ခြင်း၊ နိုင်ငံသားအကျဉ်းသား မြောက်များစွာလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာချုပ်ချယ်မူရုတ်သိမ်း ပေးခြင်း၊ အလုပ်သမားဥပဒေများ ပြင်ဆင်ပေးခြင်းတို့ ပါဝင်ပါသည်။

လာမည့် တနင်္လာနေ့တွင်မူ အိမ်ဖြူတော်သို့ သမ္မတဦးသိန်းစိန်လာရောက် လည်ပတ်တော့မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူမျိုးရေးတိုင်းရင်းသားရေး တင်းမာမူများကို ဖြေရှင်းရန်၊ မြန်မာပြည်သူများအတွက် စီးပွားရေးအခွင့်အရေးများ ယူဆောင်ပေးရန် လုပ်ဆောင်ကြရမည့် ကျန်ရှိ စိမ်ခေါ်မူများစွာကို သမ္မတဦးသိန်းစိန်နှင့်  ဆွေးနွေးမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ ကူညီပေးနိုင်မည်ဆိုသည်ကိုလည်း လေ့လာသုံးသပ်ကြမည်ဟု အိမ်ဖြူတော်က ဆိုပါသည်။

“ပြုပြင်ပြောင်းလဲရေးကိုအားပေးဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ အစိုးရတွေကို ထောက်ခံ အားပေးသွားမယ် ဆိုတဲ့ သမ္မတအိုဘားမားရဲ့ တာဝန်ခံမူကို သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်က ပြသနေပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ သာမန်ထက်ထူးကဲတဲ့ သူတို့တိုင်းပြည်ရဲ့ အလားအလာကောင်းတွေကို သိရှိသွားအောင် ကူညီပေးချင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ရင်းစေတနာကိုလည်း ထင်ဟပ်ပြသနေ ပါတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ပြောကြားသွားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာနဲ့ အမေရိကန်ရဲ့ အမြင်မှာ ပြုပြင်ပြောင်းလဲမှုကို တော်တော်ကြီးကို သွက်သွက်လက်လက်လုပ်ဆောင်နိုင်တယ်လို့ ယူဆတယ်။ တကယ်လည်း ဦးသိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေး လုပ်ချင်စိတ်ရှိနေတယ်လို့ မြင်နေတယ်။ ဒါကို သူတို့ယုံကြည်တဲ့အတွက် ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို ရှေ့ဆက်သွားအောင်တွန်းအားပေးဖို့ သမ္မတဦးသိန်းစိန် ကို တရားဝင်ဖိတ်ခေါ်ပြီး တွေ့ဆုံတယ်လို့ ယူဆပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အပေါ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်မှ အမြင်အချို့” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတကြီးကိုယ်တိုင်ကပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာတားဆီးလို့မရပါဘူး။ ဖြစ်လာတယ်ဆို ရင်လည်း အဆုံးအရှုံးအနည်းဆုံးဖြစ်အောင် အသေအပျောက်အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ရမယ်။ ကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာလဲ လူမျိုးမခွဲခြားဘဲ ဆောင်ရွက်ရမယ်။ ဆောင်ရွက်ချက်တွေ အားလုံးကလဲ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ပြောပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရခိုင်က ပြည်သူနှင့် ဘင်္ဂါလီများကို မုန်တွင်းလွတ်နေရာသို့ ပြောင်းရွှေ့ရာတွင် သမ္မတက ကတိသုံးခုပေး ပြောင်းစေခဲ့” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အဓိကက ယုံကြည်မှုအားနည်းနေတယ်လို့ထင်တယ်။ ညီအစ်ကိုတွေဖြစ်တဲ့ကိစ္စကို ညီအစ်ကိုတွေပဲ လုပ်တာ မကောင်းဘူးလား။ ဒါ့ကြောင့် ဘယ်သူမှမပါဘဲ လုပ်ရအောင် တောင်းဆိုတာပါ။”

မေလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၂၁) တွင်ပါရှိသော “ပြည်ပလေ့လာ စောင့်ကြည့် အဖွဲ့အစည်းများမပါဝင်ဘဲ ဆွေးနွေးရန် KIO ကို အစိုးရကမ်းလှမ်း” သတင်းမှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ပံတောင်းတောင်ကိစ္စကို ပြန်ကြည့်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ချင်းကို သွယ်ဝိုက်သော နည်းနဲ့ ခံနေရတယ်။ နောက်တစ်ခုက လက်ပံတောင်းတောင်က သပိတ်စခန်းတွေအင်အားသုံးဖြေရှင်းခြင်း ခံလိုက်ရတုန်းက အဲမှာသုံးခဲ့တဲ့ဗုံးအခွန်တွေကို အမေရိကန်မှာရှိတဲ့ ပညာရှင်တစ်ယောက်ဆီကို ပို့ပြီးတော့ စစ်ကြည့်တဲ့အခါကျတော့ မီးလောင်ဗုံးလို့အဖြေထွက်တယ်။ အဲလို အဖြေထွက်တဲ့ အချက်အလက်တွေကိုပဲ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာသောမတ်အိုဟေးကင်တာနား ဆီကို ဆရာကိုယ်တိုင် သူ့လက်ထဲရောက်အောင် ထည့်ပေးခဲ့တယ်။ သူ့ရဲ့ အစီရင်ခံစာထွက်လာတဲ့အခါကျတော့ ရခိုင်အရေးကိစ္စ လောက်သာ အဓိကထားပြီးတော့ပြောသွားတယ်။ လက်ပံတောင်းတောင်ကိစ္စကျတော့ ထည့်တောင်ပြောဖို့ နေနေသာသာ လက်ပံတောင်းစာလေးတစ်လုံးတောင် မပါဘူး။ အဲဒါကိုလည်း ဆရာတို့အပြင်းအထန်ရှုတ်ချ တယ်။ ဘာလို့လည်းဆို လက်ပံတောင်းက ပြည်သူတွေက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းခံနေရတာပဲ။”

မေလ ၁၇ ရက်နေ့ထုတ် Hot New Journal အတွဲ (၃) အမှတ် (၁၄၀) တွင်ပါရှိသော “လက်ပံတောင်းတောင်အရေးသည် လူ့အခွင့်အရေးချိုးဖောက်ခံရတာဟုဆို” သတင်းမှ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ ဦးလှထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “လွှတ်တော်ကလဲ ပြင်ချင်တယ်။ အချို့ကလဲ ပြင်သင့် ပြင်ထိုက်တာ အားလုံးကို ခဏခဏ မပြင်ရအောင် အပြည့်အဝ တစ်ခါတည်း မခြွင်းမချန်ပြင်နေတယ်။ အချို့ကလဲ လိုချင်တာလောက်ပဲပြင်မယ်။ အပြည့်အဝ မပြင်ဘူး။ အဲ့ဒီနှစ်ခုက အားပြိုင်နေတယ်။ လွှတ်တော်ထဲမှာသာမက ပြည်ခိုင်ဖြိုးပါတီမှာတောင် အားပြိုင်နေတာ။”

မေလ ၁၇ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၇) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အားပြိုင်နေရဆဲဟု” သတင်းမှ ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

လယ်သမားများအား လယ်ယာမြေမှတ်ပုံတင် ထုတ်ပေး

မြန်မာနိုင်ငံ၏ လယ်သမားများ အနေဖြင့် မိမိတို့ ပိုင်ဆိုင်သော လယ်ယာမြေများကို လက်လွှဲ ရောင်းချနိုင်ခြင်း၊ အမွေဆက်ခံနိုင်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အကျိုးတူလုပ်ဆောင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့် လယ်ယာမြေ ဖက်စပ်လုပ်ပိုင်ခွင့်တို့ကို အစိုးရ၏ စီမံခန့်ခွဲမှု မပါဝင်ဘဲ မိမိတို့၏ ဆန္ဒအရ လုပ်ဆောင်နိုင်ရန် အတွက် လယ်ယာမြေ မှတ်ပုံတင်များ ထုတ်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် နေပြည်တော်ရှိ ရှစ်မြို့နယ်မှ တောင်သူလယ်သမား ရှစ်သောင်းကျော်အား ထုတ်ပေးသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သတင်းရရှိသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရ နိုင်ငံရေးအကျဉ်းသားတို့ ( ၄၀၁ ) လက်မှတ်ရေး ထိုးခဲ့ရခြင်းမရှိ

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် ပုဒ်မ ( ၄၀၁ ) အား လတ်မှတ်ရေးထိုးခဲ့ရခြင်း မရှိကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

ပုဒ်မ (၄၀၁) သည် ကျန်ရှိနေသေးသော ပြစ်ဒဏ်များကို ပြန်လည်ကျခံရမည်ကိုသိရှိကြောင်း  ယခင်လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်ပြီး ထောင်ဒဏ်ကြွေးကျန်ရှိသူ တို့ ခံဝန်အဖြစ် လတ်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း သိရသည်။

Korea ရေနံကုမ္ပဏီမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ

တောင်ကိုရီးယားနိုင်ငံမှ ကုန်ထုတ်စက်မှုလုပ်ငန်းများ လုပ်ကိုင်သော Hanaro KM သည်မြန်မာနိုင်ငံတွင် Hanaro KM ( Myanmar ) Co., Ltd. အမည်ဖြင့် တရားဝင်ရုံးခွဲကို မေလ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ရေနံထုတ် ကုန်များကို တင်သွင်းမည် ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ငြိမ်းချမ်းရေး ပါမစ်ဖြင့်ပြည်ပမှ ကားစတင်သွင်း

မြန်မာနိုင်ငံ အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးပါမစ်ဖြင့် ကားတင်သွင်းခွင့်ကို ခွင့်ပြုခဲ့ရာ စတင် တင်သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်ကြသော မြဝတီ၊ ကော့သောင်း၊ မူဆယ်၊ မောင်တော နယ်စပ်ဂိတ်များမှ တဆင့် ၂၀၀၂ မော်ဒယ်ထက်မြင့်သော မည်သည့် ယဉ်အမျိုးအစားကို မဆို ငြိမ်းချမ်းရေး ပါမစ်ဖြင့် တင်သွင်းနိုင်ကြောင်း အကောက်ခွန်ဦးစီး

ဌာနမှ သတင်းရရှိသည်။

 

UMFCCI ၏သင်းဖွဲ့စည်းမျဉ်းသစ် အတည်ပြု အစည်းအဝေး ကျင်းပမည် 

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း UMFCCI သည် လာမည့် မေလ ၂၆ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် အသင်း၏ ပြန်လည် ပြင်ဆင်ရေးဆွဲထားသော သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို အတည်ပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။အစည်းအဝေးတွင် တင်သွင်းမည့် အသင်း အဖွဲ့မှတ်တမ်း နှင့် အသင်းအဖွဲ့ စည်းမျဉ်း(မူကြမ်း) ကိုအဆိုပါ အဖွဲ့၏ Web Page တွင် တင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံခြား ရင်းနှီးမျြပ်နှံမှုတွင် မြေနှင့် အဆောက်အအုံထပ်ဆင့် ငှားရမ်းနိုင်

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့် လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်း၏ မြေနှင့် အဆောက်အအုံကို ထပ်ဆင့်ငှားရမ်းလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထားသော မြေနှင့် အဆောက်အအုံကို ရင်းနှီးမြှပ်နှံမှု ဥပဒေပုဒ်မ ၁၇၊

ပုဒ်မခွဲ (င) နှင့်အညီ ဥက္ကဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ သတ်မှတ်လျှောက်လွှာ ပုံစံ ၄ ဖြင့်လိပ်မူ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရ 

ဒီကနေ့ မေလ ၁၇ ၇က်နေ့မနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ မြန်မာနိုင်ငံအကျဉ်းထောင်များမှ အကျဉ်းသား တစ်ချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး လွှတ်ပေးခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ကိုအံ့ဘွယ်ကျော်၏ Facebook Page တွင် ဖော်ပြထားချက်မှ သတင်းရရှိသည်။ လွတ်မြောက်မည့်သူ အရေအတွက် စာရင်းမှာ -ပုသိမ်အကျဉ်းထောင် မှ ၁ ဦး၊မအူပင်အကျဉ်းထောင် မှ ၁ ဦး၊တောင်ကြီးအကျဉ်းထောင် မှ ၁ ဦး၊ သာယာဝတီအကျဉ်းထောင် မှ ၅ ဦး၊ လားရှိုးအကျဉ်းထောင် မှ ၁ ဦး ၊ အင်းစိန် အကျဉ်းထောင် မှ ၇ ဦး၊တောင်ငူ အကျဉ်းထောင်မှ ၂ ဦး၊ မန္တလေးအကျဉ်းထောင်မှ ၁ ဦးဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive