Transparency Myanmar

transparency.myanmar@gmail.com

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

ယခုတစ်ပတ်အတွင်း ထင်ရှားသော နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲများကို အများပြည်သူတို့ သိစေရန်အလို့ငှာ YC အဖွဲ့သားများမှ စုစည်းတင်ပြလိုက်ရပါသည်။

သတင်းအဖွဲ့

မဟာဆန်နှင့် မြန်မာ့နိုင်ငံရေး

Photo Credit by Online

နာဂစ်အပြီး ၅ နှစ်အကြာတွင် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စမ်းသပ်မှု တစ်ခုအဖြစ် မဟာဆန် ဝင်ရောက်ဟန်ပြင်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးကာလတွင် အခက်အခဲမျိုးစုံအား ဖြေရှင်းရန် ကြိုးစားရင်ဆိုင်နေသော မြန်မာနိုင်ငံအတွက် မဟာဆန် လမ်းကြောင်းပြောင်း၍ အားပျော့သွားခြင်းမှာ အထူးကံကောင်းလှသော အခြင်းအရာတစ်ရပ်ဖြစ်သည်။ မဟာဆန် စတင်ဖြစ်ပေါ်သည်ဟု နှိုးဆော်မှုများ ခပ်စိတ်စိတ် စခဲ့သည့် မေလ ၁၁ ရက်နေ့မှ မဟာဆန် လမ်းကြောင်းပြောင်းပျက်ပြယ်သွားမည်ဟု စိတ်ချနေနိုင်သွားသည့် မေလ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံ၏ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မည်မျှတိုးတက် တာသွားခဲ့သည်ကိုမူ ပြီးပြည့်စုံသည်ဟု မပြောနိုင်သေးသည့်တိုင် အားရကျေနပ်ဖွယ်တော့ ရှိလာပေသည်။

မုန်တိုင်းစတင်ဖြစ်ပေါ်သည့်နေ့မှစ၍ မီဒီယာအားလုံးမှ တပ်လှန့်ခဲ့ကြပြီး အစိုးရမှလည်း မုန်တိုင်းဒဏ်ကာကွယ်ရေး သတိပေးချက်များကို မုန်တိုင်းလမ်းကြောင်းထိနိုင်သော ဒေသများ၌ လိုက်လံဆော်သြမှုများ ပြုလုပ်ခြင်း၊ ရခိုင်ပြည်မြောက်ပိုင်းသို့ မုန်တိုင်းလမ်းကြောင်း တည့်တည့်ဆိုက်မည်ဟု ခန့်မှန်းရာ ထိုနေရာရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအား ခြေလျင်တပ်ရင်းများ၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ နေရာရွှေ့ပြောင်းပေးခြင်း၊ ရေကြောင်းသွားလာမှုများအား ရပ်တန့်ကာ မုန်တိုင်းကျရောက်ပါက မည်သို့ ပြုမူနေထိုင်ရမည်ကို အချိန်နှင့် တပြေးညီ လုပ်ဆောင်ခြင်း စသည်ဖြင့် ထင်သာမြင်သာသော ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့သည် မေလ ၁၄ ရက်နေ့တည်းက ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ စီမံကွပ်ကဲမှုများ ပြုလုပ်သကဲ့သို့ မေလ ၁၅ ရက်နေ့တွင် မုန်တိုင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ထိုမျှနှင့် မပြီး မူလနေရာ ပြန်မရမည်ကို စိုးရိမ်သောကြောင့် နေရာပြောင်းရွှေ့ရန် ငြင်းဆန်သော စစ်တွေမှ ဒုက္ခသည်များ အရေးကိုလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များ၏ လုံခြုံရေးကို အပြည့်အဝတာဝန်ယူခြင်း၊ မုန်တိုင်းအန္တရာယ်လွတ်ကင်းရာ စာသင်ကျောင်းများ၌ နေရာချထားပေးခြင်းနှင့် မုန်တိုင်းကာလကျော်လွန်ပါက မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း အချက်သုံးချက်ကို နိုင်ငံတော်သမ္မတက အာမခံကြောင်း သတင်းများသည် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု ရှိလာသည်ကို ဖော်ပြနေပါသည်။ ဤသို့ ပြည်သူအများက မြင်တွေ့ကြားသိရသည်မှာ လွန်ခဲ့သော ၅ နှစ်က အခြေအနေနှင့် အလွန်ပင် ကွာခြားလှသောကြောင့် ပြီးပြည့်စုံသော စီမံခန့်ခွဲမှုများ မဟုတ်ဟု ဆိုလျှင်တောင်မှ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ အကျိုးကျေးဇူးများဖြစ်သည်ကိုမူ ငြင်းမရနိုင်ပေ။ ထို့ကြောင့် မဟာဆန်ကို မြန်မာ့နိုင်ငံရေးသမိုင်းတွင် နာဂစ်ကဲ့သို့ နာမည်ဆိုးနှင့် မဟုတ်ဘဲ အပြောင်းအလဲ၏ သရုပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထားရပေမည်။

နိုင်ငံတော်သမ္မတ၏ သမိုင်းဝင်ဖြစ်မည့် ခရီးစဉ်

Photo Credit by online

မေလ ၁၅ ရက်နေ့တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က သမ္မတ အိုဘားမားက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမိုင်းဝင်နယ်မြေ ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားသွားသကဲ့သို့ သမ္မတဦးသိန်းစိန်သည် မေလ ၂၀ ရက်နေ့တွင် အမေရိကန်၊ ဂျွန်ဟော့ကင်းတက္ကသိုလ်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်တွင် အစိုးရ အရာရှိများသာမက စီးပွားရေးလုပ်ငန်းရှင်ကြီးများပါ ပါဝင်မည်ဖြစ်ပြီး ဝါရှင်တန်ဒီစီ ခရီးစဉ်အပြီးတွင် ဆန်ဖရန်စစ္စကို၊ စီလီကွန်တောင်ကြားတွင် Google ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားသော သမ္မတဦးသိန်းစိန်၏ သမိုင်းဝင်ဖြစ်မည့် ခရီးစဉ်တွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ ပါဝင်သွားကြသည်။

နှစ်ပေါင်းများစွာ အေးစက်နေခဲ့သော မြန်မာနှင့် အမေရိကန်ဆက်ဆံရေးသည် ထူးခြားထင်ရှားစွာပင် ယခုအစိုးရသစ်လက်ထက်တွင် နွေးထွေးလာခဲ့ပြီး ပထဝီနိုင်ငံရေးအရ တရုတ်နှင့် အိန္ဒိယကြားရှိ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာအနေအထားကြောင့်လည်း အမေရိကန်တို့၏ အာရုံစိုက်မှု ပိုမိုရရှိနေသည် ဟုလည်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခု သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအား အထောက်အကူဖြစ်စေမည်မှာ မလွဲပေ။

သို့သော်လည်း မရေမရာ စိုးရိမ်စရာကိစ္စအချို့ကမူ ရှိနေသည်။ ပြီးခဲ့သော လများက သမ္မတဦးသိန်းစိန် နိုင်ငံရပ်ခြား ခရီးများ သွားရောက်နေစဉ်တွင် မြန်မာနိုင်ငံ၌ တစုံတရာ စီစဉ်ထားသည်ဟု ယူဆရသော ပြဿနာများ တိုက်ဆိုင်စွာ ဖြစ်ပေါ်တတ်သကဲ့သို့ ယခု အမေရိကန်ခရီးစဉ် သွားရောက်သော ကာလတွင်လည်း မည်ကဲ့သို့သော ပြဿနာမျိုး အကြောင်းတိုက်ဆိုင်စွာ ပေါ်ပေါက်လာဦးမည်ကို မသိနိုင်ပေ။ ယခု မဟာဆန်ကဲ့သို့ပင် ပြဿနာအရပ်ရပ် လမ်းကြောင်းလွှဲ၍ သွားပါစေကြောင်း ဆုတောင်းမိပါသည်။

 

နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေး

 နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ် မတိုင်ခင် မေလ ၁၇ ရက်နေ့တွင်ပင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၂၃ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ပုဒ်မ ၄၀၁ အရ လက်ကျန်ထောင်ဒဏ် ၆ နှစ် ထပ်မံကျခံရသည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာများက ဖော်ပြချက်များအရ သိရသည်။ ယင်းလက်ကျန်ထောင်ဒဏ်ကိစ္စနှင့်ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟူ၍ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၈ ရက်နေ့၌ သတင်းထုတ်ပြန်ကြေညာခဲ့သေးသည်။ ဦးနေမျိုးဇင်ကလည်း လွတ်လာပြီးပြီးချင်းတွင် ပုဒ်မ ၄၀၁ ဆိုသည်မှာ မရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ အလုံးစုံလွတ်မြောက်ရေးအတွက် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်း သားများ စီစစ်ရေးကော်မတီသည် မေလ ၁၁ ရက်နေ့တွင် တတိယအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင်မူ ပုဒ်မ ၄၀၁ အကြောင်း မဆွေးနွေးခဲ့ကြကြောင်း  သိရသည်။ ထို့ပြင် ယင်းကော်မတီအနေဖြင့် နိုင်ငံရေးအကျဉ်းသား စာရင်းတွင် မပါဘဲ ကျန်ခဲ့သည်များ မရှိရလေအောင် အချိန်ပေးပြီး အကျဉ်းထောင်များအား လိုက်လံစစ်ဆေး မည်ဟုလည်း သိရပါသည်။ ကော်မတီမှ သတ်မှတ်သော နိုင်ငံရေးအကျဉ်းသားစာရင်းမှာ AAPP၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချူပ်၊ ၈၈ မျိုးဆက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စာရင်းများကို စုပေါင်းသတ်မှတ်ထားခြင်း ဖြစ်ပြီး စာရင်းအရ အကျဉ်းသား ၂၀၀ ကျော် ကျန်ရှိနေသေးသည်။ အကျဉ်းသားများ၏ မိသားစုဝင်များအနေနှင့်လည်း ကော်မတီသို့ ဆက်သွယ်သတင်းပေးပို့နိုင်သည်ဖြစ်ရာ နိုင်ငံရေး အကျဉ်းသားကိစ္စမှာ အချို့သော ဝိရောဓိဖြစ်စရာ ပုဒ်မ ၄၀၁ ကဲ့သို့ကိစ္စများ ရှိနေသော်လည်း တဖက်တွင် ပွင့်လင်း မြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်လျှက်ရှိနေပေသည်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်

Photo Credit by Online

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် အခက်ခဲဆုံးနှင့် အရေးအကြီးဆုံးကဏ္ဍ တစ်ခုဖြစ်သည့်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့သို့ ဆက်လက်ချီတက်နေသည်။ နမ့်ခမ်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား သောကြောင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ရှမ်းပြည်တောင်ပိုင်းတပ်မတော်တို့ မေလ ၁၁ ရက်နေ့က နှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့ကြသည်။ ထိုသို့ သဘောတူညီချက်များ ရရှိခဲ့ပြီး စစ်ဘေးကြောင့် နေအိမ်စွန့်ခွာ ဒုက္ခသည်များအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း သဘောတူညီချက် ရရှိသည့်အတိုင်း နှစ်ဖက်တပ်များမှ အမှန်တကယ်လိုက်နာဆောင်ရွက်ရန် အရေးကြီးသည်ဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတပ်မတော်က ပြောကြားခဲ့သည်။

ထို့ပြင် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှု ထပ်မံပြုလုပ်ရန် ညှိနှိုင်းဆဲအခြေအနေတွင် ရှိပြီး မေလကုန် သို့မဟုတ် ဇွန်လဆန်းတွင် တွေ့ဆုံရန် ကြိုးပမ်းနေကြောင်းသိရသည်။ ထိုသို့ ကေအိုင်အေနှင့်တွေ့ဆုံရာတွင် လေ့လာသူအဖြစ် မည်သည့်နိုင်ငံများပါဝင်မည်ဆိုသည်ကို ညှိနှိုင်းနေရကြောင်း၊ တရုတ်၏ စွက်ဖက်မှုများ မပါဝင်စေချင်သကဲ့သို့ အခြား အနောက်နိုင်ငံများမှ လေ့လာသူများကိုလည်း ဖိတ်မည်၊ မဖိတ်မည် သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း၊ သို့သော် ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေးအဖွဲ့များကမူ ကချင်ဒေသ၏ ငြိမ်းချမ်းရေးကိစ္စမှာ စစ်ဒဏ်ခံရသော ကချင်လူထုနှင့်သာ သက်ဆိုင်သောကြောင့် မည်သည့်အဖွဲ့မှ မပါဝင်စေလိုကြောင်း စသည်ဖြင့် သဘောထားမျိုးစုံ ဝေဖန်မှုများ မျိုးစုံကြားမှ ဆွေးနွေးပွဲ ထပ်မံဖြစ်မြောက်မည့်နေ့ကို စောင့်မျှော် ရမည်ပင် ဖြစ်ပါသည်။ နောက်ဆုံးရသတင်းများအနေနှင့်မူ နှစ်ဖက်လုံးက ပြည်ပ စောင့်ကြည့်သူများမပါဝင်ဘဲ ပြည်တွင်း အခြားလက်နက်ကိုင် တပ်ဖွဲ့များကိုသာ ဖိတ်ကြားသွားမည်ဟု သဘောတူထားကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်န်ယူကလည်း ၂၀၁၅ မတိုင်ခင်တွင် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဆိုပါက ပါတီအဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် အစိုးရ၏ အထောက်အပံ့ကို ရရှိမည်ဆိုလျှင် ဒေသတွင်း အလွတ်သဘော အခွန်ကောက်ခံမှု မပြုတော့ ဟုလည်း ဆိုသည်။

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သဘောတူညီချက်လက်မှတ်များ ထိုးပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ရန်မှာ အဟန့်အတား အခက်အခဲများ ရှိနေဆဲဖြစ်သည်။ ယင်းအခက်အခဲများထဲမှ လူပြောအများဆုံးမှာ နိုင်ငံတော်သမ္မတ၏ အမိန့်ကို အောက်ခြေမှ နားမထောင်ဆိုသည်နှင့် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ အာဏာရပ်တည်မှုတို့ အကြောင်းပင်ဖြစ်သည်။ ထို့ပြင် မြေမြှုပ်မိုင်းရှင်းလင်းရေးမှာလည်း ထိုင်း မြန်မာနယ်စပ်မှ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ဆက်စပ်နေသကဲ့သို့ တိုက်ပွဲဖြစ်ဧရိယာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်ကြေး၊ အခွန် စသော အကျိုးခံစားခွင့်များ၊ ဘိန်းစိုက်ပျိုးမှုနှင့် သစ်တောထွက်ကုန်များ၏ ပိုင်ဆိုင်မှုစသဖြင့် ဆက်လက်လုပ်ဆောင်စရာ တပုံတပင်ကြားတွင် “တိုက်ပွဲပြန်ဖြစ်သည်”ဆိုသော အသံမှာ မကြားသင့်တော့သော အသံတစ်ခုပင် ဖြစ်ပါသည်။

 

NLD နှင့် ကြံ့ခိုင်ရေး ပူးပေါင်းပြင်ဆင်မည့် အခြေခံဥပဒေ

Photo Credit by online

မကြာခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌနေရာကို လွှဲပြောင်း ရယူခဲ့သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကြား အပြန်အလှန်တွေ့ဆုံမှုများ မကြာခဏပြုလုပ်နေပြီး ကြံ့ခိုင်ရေးပါတီမှ တင်သွင်းသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကြောင့် နှစ်ပါတီလုံး၏ common ground မှာ စုဆုံကျသွားခဲ့ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်း၍ အခြေခံဥပဒေကို ပြင်ဆင်သွားမည်ဟု ပြောကြားခဲ့သည်။

အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး အစိတ်အပိုင်းမှ စတင်ပြင်ဆင်ရမည်ဖြစ်ပြီး လက်တွေ့ကျကျစဉ်းစားကာ ဖြစ်နိုင်သည်များကို အလျင်ပြင်ဆင်၍ ဖြစ်စေချင်သည်များကို တဖြည်ဖြည်းချင်း ပြင်ဆင်သွားရမည်ဖြစ်သည်ဟု မီကာဆာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဆစ်ဒနီ ဥပဒေကျောင်းက ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် မျှော်လင့်ချက်ရှိနေကြသည့် ခေါင်းဆောင်များသည် အခြေခံဥပဒေနှင့် ပတ်သက်၍ လူထု၏ အကောင်းမြင်မှု၊ ထောက်ခံမှုကို ရယူနိုင်မည့် အခြေအနေတစ်ရပ်လည်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရော သူရဦးရွှေမန်းပါ ၂၀၁၅ တွင် အဓိကပါတီကြီး နှစ်ခုမှ သမ္မတလောင်းများအဖြစ် ပါဝင်နိုင်ရန် အခြေခံဥပဒေပြင်ဆင်မှုတွင် သီးခြားဖြစ်သော ရည်ရွယ်ချက်များဖြင့် ချဉ်းကပ်လျှက်ရှိသည်ဟုလည်း ယူဆနိုင်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တပတ်အတွင်းစီးပွားရေးသတင်း

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက် ပါသည်။

သတင်းအဖွဲ့

(၁) အစီရင်ခံစာမြန်မာ ၂၀၁၄

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) နှင့် Oxford Business Group (OBG) တို့မှ ပူးပေါင်း၍ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများအား သုံးသပ်တင်ပြထားသည့် အစီရင်ခံစာတစ်စောင်အား ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေကာ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ဝေဖြန့်ချီမည့် အစီရင်ခံစာတွင် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ခြုံငုံသုံးသပ်မှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ဖြစ်ထွန်းမှုများ၊နှင့် ဘဏ်စနစ်ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာချက်များဖြင့် သုံးသပ် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ထုတ်ဝေမည့် အစီရင်ခံစာကို “အစီရင်ခံစာမြန်မာ ၂၀၁၄”ပာု အမည်ပေးထားခြင်းဖြစ်သည်။

အစီရင်ခံစာမြန်မာ ၂၀၁၄ ထုတ်ဝေပြီးပါက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို လေ့လာသုံးသပ် သိရှိသွားနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပေးစွမ်းနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

(၂) စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ

လက်ရှိ မြန်မာနိုင်ငံအစိုးရသစ်၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအရ နိုင်ငံတွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ကုန်သည်/ စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 လက်ရှိ ကျင့်သုံးလျက်ရှိသော စီးပွားရေးဆိုင်ရာမူဝါဒများတွင် အားသာချက်၊ အားနည်းချက် များ ရှိသည့်အတွက် အချို့နေရာများတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်စေမှုကြောင့် အစိုးရပိုင်းနှင့် ပုဂ္ဂလိက ပူးပေါင်းကာ အဆိုပါအခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU)နိုင်ငံများမှ မြန်မာနိုင်ငံအား ဇွန်လအတွင်း ပြန်လည်ပေးအပ်မည့် အထွေထွေကုန်သွယ်ခွန် လျှော့ပေါးရေးစနစ် (Generalized Syetem of Preferences-GSP) အခွင့်အရေးစနစ်နှင့်ပတ်သက်၍ ပထမအကြိမ်အစည်းအဝေးကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ်အစည်းအဝေးကို မေလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ထပ်မံ၍ အဆိုပါ GSP စနစ်အား ထိရောက်စွာအသုံးချနိုင်ရေးအတွက် မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ တို့တွင်လည်း တတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်သည်။

(၃) ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ငါးဆ တိုးတက်လာကြောင်း သိရှိရသည်။ အစိုးရသစ်တာဝန်ယူပြီး နောက်ပိုင်း နှစ်တာကာလအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ၊ လုပ်ငန်းပေါင်း ၉၄ ခု၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု ကျပ် ၁ ဒသမ ၁ ထရီလီယံ၊ လုပ်ငန်းပေါင်း ၆၅ ခုရှိပြီး အလုပ်အကိုင်ရရှိသူ ၈၇၀၀၀ ဦးကျော် ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိကျသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် သီလဝါရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်လျှက်ရှိပြီး ကုန်သွယ်မှုတိုးတက်လာစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် အခွန်အခဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျှက်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိဆောင်ရွက်မည့် အမျိုးသားဘက်စုံတိုးတက်ရေးစီမံကိန်း ( National Comprehensive Development Plan – NCDP) ကိုရေးဆွဲလျှက်ရှိသည်။

နိုင်ငံ၏ စီးပွာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်လျှက် ရှိသည်။ မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးစနစ် အားကောင်းလာစေရန်အတွက် ၂၀၁၅ နှစ်သို့အရောက်တွင် ဖုန်းသိပ်သည်းဆ ကို ၅၀ ရာခိုင်နှုန်းအထိ ရှိလာစေရန် ရည်မှန်းထားသောကြောင့် လာမည့် ဇွန်လအတွင်း ဆက်သွယ်ရေးအော်ပရေတာ အဖြစ် ရွေးချယ်ခြင်းခံရမည့် ကုမ္ပဏီနှစ်ခုသည် ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရဖွယ်ရှိနေသည်။

 

(၄) MIC ၏ ခွင့်ပြုချက်များ

IGE၊ ရွှေတောင်၊ Green Asia၊ သူရိယစွမ်းအင်ကုမ္ပဏီလီမိတက် အပါအဝင် ကုမ္ပဏီ ငါးခုအား သီလဝါ ဆိပ်ကမ်းဆိပ်ကမ်းဒေသရှိ မြေယာ ၁၃၆ ဧကအပေါ်တွင် ဆီအတင်အချဆိပ်ခံတံတား တည်ဆောက်ရန်နှင့် ဆီသိုလှောင်ကန်များ တည်ဆောက်၍ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်များကို MIC မှခွင့်ပြုပေးခဲ့သည်။

ထို့သို့ မြေဌားရမ်း၍ စက်သုံးဆီအတင်အချ ဆိပ်ခံတတားနှင့် ဆီသိုလှောင်ကန်များတည်ဆောက်ပြီး စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးသည့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ရွှေတောင်ကုမ္ပဏီ အားမြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ IGE Co.,Ltd အား မြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ Green Asia Co.,Ltd အား မြေနေရာ ၂၄ ဒသမ ၇၁ ဧက ၊ သူရိယစွမ်းအင်ကုမ္ပဏီအား မြေနေရာ ၂၄ ဒသမ ၇၁ ဧက၊ ပိတောက် ရွှေဝါကုမ္ပဏီအား မြေနေရာ ၃၇ ဒသမ ၀၆ ဧက ပေးအပ်ခဲ့သည်။

 

(၅) နယ်စပ်ကုန်သွယ်ရေး

မြန်မာနှင့်ထိုင်းနိုင်ငံအကြား နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေသော နယ်စပ် စခန်း (၃) ခုဖြစ်သည့် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကီးကင်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ မယ်ဆင်နန်း နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို မေလအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွက် မြန်မာနိုင်ငံဘက်မှ တရားဝင် ဖွင့်လှစ်ထားသော မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုသာ ရှိသေးသည့်အတွက် ယခုဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခုနှင့်ဆိုပါ စုစုပေါင်း ၇ ခုအထိရှိလာမည့်ဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive