Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဇွန်လ ၇ ရက်၊ ကာလီဖိုးနီးယားတွင် အိုဘားမားနှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံမည်

(Reuters သတင်းဌာနမှ  21 May 2013 ရက်စွဲပါ Obama to meet with China’s Xi in California June 7-8 သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအတွက် အထွတ်အထိပ်ရောက်ချိန်

(Independent သတင်းစာမှ 20 May 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော A high-water mark for Burma ကို ဘာသာပြန်ဆိုသည်)

  1. စွမ်းအင်ကဏ္ဍပွင့်လင်းမြင်သာမှုရှိရန် မြန်မာကတိပြု

(21 May 2013 ရက်စွဲပါ UPI မှ Myanmar commits to energy transparency ကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်နှင့် မြန်မာကုန်သွယ်မှုသဘောတူညီချက်လက်မှတ်ရေးထိုး

(22 May 2013 ရက်စွဲပါ China Daily မှ Xinhua ၏ US, Myanmar sign trade agreement ကို ဘာသာပြန် ဆိုသည်)


ဇွန်လ ၇ ရက်၊ ကာလီဖိုးနီးယားတွင် အိုဘားမားနှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံမည်

(Reuters သတင်းဌာနမှ  21 May 2013 ရက်စွဲပါ Obama to meet with China’s Xi in California June 7-8 သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit By Reuters

အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် လာမည့်ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့တွင်ကာလီဖိုးနီးယားပြည်နယ်၊ ရန်ချိုမီရေ့ခ်ျမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်စီစဉ်ထားပြီး ယင်းဆွေးနွေး မှုသည် ရှီကျင့်ဖျင်အနေဖြင့် တရုတ်သမ္မတရာထူးရယူခဲ့ပြီးနောက် ပထမဆုံးပြုလုပ်သော ဆွေးနွေးမှုဖြစ်ကြောင်း အိမ်ဖြူတော် က သတင်းထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်အစီအစဉ် စွန့်လွှတ်နိုင်ရေးအတွက် ဖိအားပေးနိုင်မည့် နည်းလမ်းများကို သမ္မတနှစ်ဦး ဆွေးနွေးသွားဖွယ်ရှိသည်။

အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံဘက်က ပြုလုပ်သည်ဟုယူဆရသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်မှုများရှိနေသည်။ ထို့ပြင် အမေရိကန်ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် တရုတ်နိုင်ငံ ငွေ ကြေး မြင့်တက်စေရန် ဝါရှင်တန်က လိုလားလျက်ရှိသည်။

တောင်တရုတ် ပင်လယ်ပြင်တွင်း နယ်နမိတ်ပိုင်ဆိုင်မှုဆိုင်ရာ ပဋိပက္ခများနှင့် တင်းမာမှုများနှင့် ပတ်သက်သော အမေရိကန် ပြည်ထောင်စု၏ စိုးရိမ်ပူပန်မှုကိုဆွေးနွေးပွဲတွင် ထိပ်ဆုံးမှထား၍ ဆွေးနွေးသွားဖွယ်ရှိသည်။

“သမ္မတအိုဘားမားနှင့် သမ္မတရှီကျင့်ဖျင်တို့သည် အကျိုးတူပူးပေါင်းမှုဆိုင်ရာ အရေးကိစ္စများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေး သွားကြမည်ဖြစ်သည်”ဟု အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်သည်။

“လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေး၏ စိန်ခေါ်မှုများနှင့် တိုးတက်ဖြစ်ထွန်း မှုများကို ၎င်းတို့နှစ်ဦးအနေဖြင့် ပြန်လည်ဆန်းစစ်ကြမည်ဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ လာမည့်နှစ်များ အတွင်းကြုံတွေ့ရမည့် မတူညီသောအချက်များကို အပြုသဘောဆောင်စွာ စီမံခန့်ခွဲရေးအစရှိသည်တို့ကိုလည်း ဆွေးနွေး ကြမည်ဖြစ်သည်”ဟု အိမ်ဖြူတော်၏ ကြေညာချက်ကဆိုသည်။

အဆိုပါဆွေးနွေးပွဲသည် မတ်လအတွင်း မစ္စတာရှီကျင့်ဖျင် တရုတ်သမ္မတရာထူး ရယူခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်း ဆောင်နှစ်ဦး ပထမဆုံးပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ရန်ချိုမီရေ့ခ်ျမှဧက ၂၀၀ ကျယ်ဝန်းသည့် Bob Hope Drive ခြံကြီးထဲတွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။ ရှီကျင့်ဖျင်၏ အမေရိကခရီးစဉ်အတွက် အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon က လာမည့်မေလ ၂၆ ရက်နှင့် ၂၈ ရက်နေ့တို့တွင် တရုတ်ပြည်သို့သွားရောက်မည်ဖြစ်သည်။


 

မြန်မာနိုင်ငံအတွက် အထွတ်အထိပ်ရောက်ချိန်

(Independent သတင်းစာမှ 20 May 2013 ရက်စွဲပါ ခေါင်းကြီးပိုင်းဖြစ်သော A high-water mark for Burma ကိုဘာသာ ပြန်ဆိုသည်)

Photo Credit By Reuters

ယနေ့(မေလ ၂၀ ရက်၊ တနင်္လာနေ့)သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေဖြင့် အိမ်ဖြူတော်သို့ ပထမဆုံး အ လည်အပတ်ရောက်ရှိသည့်နေ့ ဖြစ်သည်။ ယင်းဖြစ်ရပ်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်းကာလများအတွင်း မြန်မာခေါင်းဆောင် တစ်ဦး အိမ်ဖြူတော်သို့ ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် မကြုံစဖူးမျှဖြစ်သော သံတမန်ရေးရာ ပေါင်းကူးတံတား တည်ဆောက်မှုကို ဖော်ကျူးပြရုံသာမက ၎င်း၏ တိုင်းပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျက်နှာသာပေးမှုကို ပြန်လည် ရယူနိုင်သည့် အထိမ်းအမှတ်တစ်ခုကိုလည်း ပြသလိုက်ရာရောက်ပါသည်။

တစ်ချိန်တစ်ခါကအထီးကျန်ဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့်ယခုကဲ့သို့ ဖော်ရွေပျူငှာသည့်ဆက်ဆံရေးမျိုးပြုလုပ်ခြင်းဖြင့် အမေရိကန် သမ္မတအနေဖြင့် များစွာသော အကျိုးအမြတ်များ ရရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ရှင်းပါ သည်။ မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ခြယ်သော စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲမှုသည်

အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတစ်ရပ်ဖြစ်ရုံသာမက မိမိ၏အာရှမဏ္ဍိုင်ပြု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မြန်မာအစိုးရနှင့် သင့်မြတ်ရေးဟူသည့် ချဉ်းကပ်မှုမူဝါဒအောင်မြင်မှုတစ်ရပ်အဖြစ်ပါ အိုဘားမားက အလေးအနက် စဉ်းစားထားသောကြောင့် ဖြစ်ပါသည်။ အိုဘားမားသည် အရှေ့အလယ်ပိုင်းဒေသ အပေါ်ထားရှိသော အမေ ရိကန်ပြည်ထောင်စု၏ ဖိုးကပ်စ်ကို တရုတ်သြဇာလွှမ်းမိုးမှုတဖြည်းဖြည်းချင်း ကြီးထွားလာသည့်အာရှဒေသအပေါ် ပြောင်းလဲ မည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာအစိုးရနှင့်ပိုမိုသင့်မြတ်ရေးဟူသောမူဝါဒကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံ၏မတူညီသော ချဉ်းကပ်မှုများတိုးပွားလာသည့် အထောက် အထားများ ပိုမိုများပြားလာသည့် ဖြစ်ရပ်နှစ်ခုကြားတွင် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံကို ၎င်း၏အောင်မြင်ဖြစ်ထွန်းမှုများ အနက်တစ်ခုအဖြစ် သေချာပေါက်ရှုမြင်မည်သာဖြစ်သည်။

သို့သော် စစ်မှန်သောအောင်မြင်မှုဟူသည်မှာ သမ္မတဦးသိန်းစိန်နှင့်သာ သက်ဆိုင်ပါသည်။ ဦးသိန်းစိန်သည် လွန်စွာ တိုတောင်းသောနှစ်ကာလအတွင်း သူ၏တိုင်းပြည်ကိုခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနိုင်အောင် လုပ်ဆောင်ခဲ့သည်ဟူသော အချက်မှာ ငြင်းဆန်၍ရမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပြီး တိုင်းပြည် စီးပွားရေးမှာလည်း တိုးတက်မှုခြေလှမ်းများရရှိနေပြီဖြစ်ကာ ဖိနှိပ်ချုပ်ခြယ်မှုများလည်း စတင်ကွယ်ပျောက်လာပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှေ့ဆက်ရမည့် ခရီးရှည်ကြီး ကျန်ရှိနေပါသေးသည်။ အလွယ်ကူဆုံးနှင့် အပေါ်ယံသဘောမျှသာ ဖြစ်သော ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည့်တိုင် ယင်းပြောင်းလဲမှုများမှာ အသာတကြည်ပင် နောက်ပြန်လှည့်သွားနိုင်သည့် အနေ အထားတွင် ရှိနေပါသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့် ကျန်ရှိနေသော်လည်း ထိုအထဲမှ အယောက် ၂၀ မျှသာ ဦးသိန်းစိန်၏အမေရိကန်ခရီးစဉ်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိလိုက်သည်။ ဤအတောအတွင်းမှာပင် ပြည်တွင်း စစ်မီးမှာ ဆက်လက် တောက်လောင်လျက်ရှိပြီး ရိုဟင်ဂျာမွတ်စလင်တို့၏ အခြေအနေမှာလည်း ဆိုးရွားလျက်ရှိသည်။

ဦးသိန်းစိန်နှင့်သမ္မတအိုဘားမားတို့သည် အဆိုပါအရေးကိစ္စများကို ယနေ့ဆွေးနွေးကြတော့မည် ဖြစ်သည်။ မြန်မာ နိုင်ငံကိုကူညီ ထောက်ပံ့ပေးမည်ဟူသော ကတိကဝတ်များရှိနေစဉ်မှာပင် အိုဘားမားအနေဖြင့် သတင်းစကားနှစ်ခုကိုတော့ မ ဖြစ်မနေ ပြောကြရမည်သာဖြစ်၏။ ပထမတစ်ခုမှာ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအကျဉ်းသား မရှိဟူသောစကား ဖြစ်သည်။ ဒုတိယစကားမှာမူ ယခုအချိန်သည် တိုင်းရင်းသားလူမျိုးစုံရှိသည့် မြန်မာနိုင်ငံအတွက်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင် ဆင်ရတော့မည့် အချိန်ဖြစ်ပြီဟူသော စကားပင်ဖြစ်ပါသည်။


စွမ်းအင်ကဏ္ဍပွင့်လင်းမြင်သာမှုရှိရန် မြန်မာကတိပြု

(21 May 2013 ရက်စွဲပါ UPI မှ Myanmar commits to energy transparency ကို ဘာသာပြန်ဆိုသည်)

အမေရိကန်အစိုးရက ၎င်းသည်မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု တိုးတက်မှု ရှိရန်ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ နိုင်ငံတကာစွမ်းအင်ရေးရာ အထူးကိုယ်စားလှယ် Carlos Pascual သည်မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တွင် လိုက်ပါလာသော စွမ်းအင်ဝန်ကြီးဌာန ဦးသန်းဌေးနှင့် တွေ့ဆုံခဲ့ပါသည်။

နှစ်ဖက်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များသည် ရေနံနှင့် သဘာဝဓါတ်ငွေ့အပါအဝင် သဘာဝသယံဇာတ စီမံခန့်ခွဲမှုများ တွင် ပွင့်လင်းမြင်သာရေးအတွက် ကတိကဝတ်များပါဝင်သော နှစ်ဖက်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်ဖက် စလုံးသည် Extractive Industries Transparency Initiative (EITI) ကို အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ကြပါသည်။

“ကျွန်ုပ်တို့သည် EITI အားကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင်ပါဝင်ပတ်သက်သူ အမျိုးမျိုး ပါဝင်နိုင်ရေးတို့တွင် တိုး၍ကူညီနိုင်မည့်တန်ဖိုးရှိသည့် ကိရိယာအဖြစ်ရှုမြင်ပါသည်”ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။

ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားနေသော အုပ်စုဖြစ်သည့် Revenue Watch Institute က အုပ်ချုပ်မှုညွှန်းကိန်းများ ကို ပြီးခဲ့သည့်အပတ်က ထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝှမ်း(၅၈)နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို တိုင်းတာခဲ့ပါသည်။ မြန်မာနိုင်ငံသည် အမှတ် (၁၀၀) ပေးသည့်အနက် (၄) မှတ်သာရရှိပြီး အဆိုးဆုံး အဆင့်တွင် ရှိပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့်ပြီးခဲ့သည့်နှစ်က အမေရိကန်အစိုးရသည် အရေးယူမှုအချို့ကို ဖြေလျှော့ပေးခဲ့ပါသည်။ ထို့ကြောင့် စွမ်းအင်ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တံခါးဖွင့်လာပါသည်။

“စွမ်းအင်ကဏ္ဍကို ပွင့်လင်းမြင်သာမှုရှိရန်နှင့် အကောင်းဆုံးနိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီရေး ကို စီမံခန့်ခွဲရန် ကိစ္စသည် နှစ်နိုင်ငံစလုံး၏ ရည်မှန်းချက်ဖြစ်သည်”ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါသည်။

EITI သည် သယံဇာတထုတ်ယူသူများက သက်ဆိုင်ရာအစိုးရများသို့ ပေးသောပေးငွေတွင် ပွင့်လင်းမြင်သာမှုရှိရေး အလွှာတစ်ခုကို ထည့်သွင်းထားပါသည်။


အမေရိကန်နှင့် မြန်မာကုန်သွယ်မှုသဘောတူညီချက်လက်မှတ်ရေးထိုး

(22 May 2013 ရက်စွဲပါ China Daily မှ Xinhua ၏ US, Myanmar sign trade agreement ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည်အင်္ဂါနေ့က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသတ်မှတ်ချက်သဘော တူညီချက်အားလက်မှတ် ရေးထိုးခဲ့သည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(USTR)ကကြေညာချက်တွင် ဖော်ပြ ထားပါသည်။

အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည်  အမေရိကန်သမ္မတ Barack Obama နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံအပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ကုန်သွယ်ရေး သဘောတူညီချက်ကို ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis နှင့် မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းတို့က လက်မှတ်ရေးထိုးကြပြီး၊ အဆိုပါသဘော တူညီချက်သည် နှစ်နိုင်ငံအစိုးရကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များတွင် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု USTR ရုံး၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းပြီးသာယာဝပြောတဲ့ အနာဂါတ်အတွက် အုတ်မြစ်ချနိုင်မည့် ပြုပြင် ပြောင်းလဲရေးကို ထောက်ခံပံ့ပိုးသွားမှာပါ”ဟု ခေတ္တအမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis က ပြောပါသည်။

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကုန်သွယ်မှုဟာတစ်ခုကို တစ်ခုအမှီသဟဲ ပြုနေပါတယ်။ ပိုမိုအားကောင်းတဲ့ အင်စတီကျူးရှင်းများ၊ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ဟာ ကူးသန်းရောင်းဝယ်ရေးအလွှဲအပြောင်းများ၊ ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် အားကောင်းတဲ့အုတ်မြစ်တွေ ဖန်တီးပေးနိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

အိမ်ဖြူတော်က ယခုကုန်သွယ်ရေး သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဆက်ဆံရေးတွင် ၎င်း၏ကူညီမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံကြားဆက်ဆံရေးသည် ၁၉၈၀ နှောင်းပိုင်းမှစ၍ အေးစက်သွားခဲ့ပြီး ၂၀၁၁ မတ်လအထိ တိုးတက်မှုမရှိခဲ့ပေ။ Obama အစိုးရသည် မြန်မာနိုင်ငံနှင့် ၂၀၁၁ မတ်လနောက်ပိုင်းတွင် သံတမန်ဆက်ဆံရေးများ ပြန်လည် လုပ်ဆောင်လာခဲ့ပြီး အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပါသည်။

တရားဝင်အမေရိကန်၏ကိန်းဂဏန်းများအရ ယခုနှစ်ပထမဆုံးသုံးလအတွက်နှစ်နိုင်ငံကြားကုန်သွယ်မှုသည်ဒေါ်လာ သန်း (၉၀ )ရှိကြောင်း ပြသနေပါသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်ဖို့အတွက် ကျွန်တော်တို့အစီအစဉ်သုံးခု ချမှတ်ထားပါတယ်။ ပထမဆုံးအချက်က မြန်မာ ပြည်သူပြည်သားတွေစီးပွားရေး ဖွံ့ဖြိုးလာအောင် ကြိုးစားနေပါတယ်။ နောက်တစ်ခါ ဒီအကျင့်ပျက် ခြစားသူတွေကို အပြစ် ပေးပါမယ်။ နောက်ဆုံးအချက်ကတော့ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်ပါ့မယ်။”

မေလ ၂၂ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသော်လည်းနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ပြောကြား” သတင်း မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပထမအဆင့်အနေနဲ့က Official Secretary Acts နဲ့ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့မှာ ထိပ်တန်းနဲ့ လျှို့ဝှက်ဆိုပြီး ရှိပါတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်လို့ ပြောနေပေမယ့် ဝန်ကြီးဌာနတွေ အနေနဲ့က ပွင့်လင်းမြင်သာဖို့ကို လက်တွန့်နေကြ သေးတယ်။ အစားမတော်တစ်လုတ်၊ အပြောမတော်အလုပ်ပြုတ်ဆိုသလို အရင်ကသင်ခန်းစာတွေလည်းရှိတော့ မပြော ရဲကြသေးဘူး။”

မေလ ၂၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဝန်ကြီးဌာနများ သတင်း အချက် အလက်ခက်ခဲခြင်း လျှို့ဝှက်အက်ဥပဒေကြောင့်ဟုဆို” သတင်းမှ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသောင်းလွင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သိပ်တော့မပြောင်းလဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မမေ့နဲ့လေ။ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံပဲ။ ဒီမိုကရေစီနိုင်ငံ ဆိုတော့ ဒီလိုအစိုးရအဖွဲ့ တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်မှုတစ်ခုတည်းနဲ့ အများကြီးပြောင်းလဲမှု မဖြစ်နိုင်ပါဘူး။ ဥပမာဆိုရင် ကွန်ဂရက်လည်းရှိသေးတယ်။ ကွန်ဂရက်ဆိုတာလည်း သိတဲ့အတိုင်းပဲ။ စတည်ကတည်းက ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကန့်ကွက်တာတွေရှိတယ်။ အဲဒီတော့ အများကြီး ပြောင်းလဲစရာတော့ မရှိပါဘူး။ ပြောင်းလဲသင့်သလောက်ကတော့ ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာ ပြောင်းလဲလာ တာတော့ရှိပါတယ်။ ဒီခရီးစဉ်ကြောင့်တော့ အများကြီးပြောင်းလဲစရာ မရှိပါဘူး။”

မေလ ၂၃ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၂၀) တွင်ပါရှိသော “သမ္မတ၏ အမေရိကန်ခရီးတွင် ပြောင်းလဲမှုများစွာ မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အစိုးရဘက်က အရင်ကတည်းက ပြည်တွင်းမှာ ဆွေးနွေးဖို့ကမ်းလှမ်းခဲ့တယ်။ နှစ်ဖက်အဖွဲ့အစည်း အဆင်မပြေလို့ အပြင်မှာ သွားဆွေးနွေးရတာပေါ့။ အစိုးရဘက်ကတော့ ဘယ်သူ့ကိုမှ မဖိတ်ထားဘူး။ ကေအိုင်အေ ဘက်ကဖိတ်လား၊ မဖိတ်လား ဆို တာတော့ ကျွန်တော်တို့ မသိဘူး။”

မေလ ၂၃ ရက်နေ့ ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၄၆) တွင်ပါရှိသော “KIO နှင့် အစိုးရ မြစ်ကြီးနား တွင် ဆွေးနွေးရန် သဘောတူ” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရွှေချထားလောက်အောင် တော်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပါစေ။ ပြည်သူ့အတွက် မားမားမတ်မတ် ရပ်တည်ဖို့ သတ္တိ မရှိရင် အလကားပဲ။ ပြည်သူ့အတွက် အရည်အချင်းတွေရှိထားပါလျက် တလွဲအသုံးချနေတာ တွေရှိတယ်။ ဥပဒေရဲ့အမှား အယွင်း၊ လိုအပ်ချက်အပေါက်တွေကို ဖာထေးနိုင်ဖို့အတွက် လုပ်နိုင်ဖို့လိုပါတယ်။”

မေလ ၂၄ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၄) တွင်ပါရှိသော “လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း စိုးရိမ်ဖွယ်ကောင်းဟု အမေရိကန်ဥပဒေပညာရှင်သုံးသပ်”  သတင်းမှအလုံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

အခြေခံဥပဒေနှင့် ဖက်ဒရယ်အမြင် အပတ်စဉ်ဆွေးနွေးမည်

မြန်မာနိုင်ငံ၏တိုင်းရင်းသားများ ၂၀၀၈ အခြေခံဥပဒေနှင့်ဖက်ဒရယ်မူအပေါ်အမြင် သဘောထားများကို နိုင်ငံရေးအကျဉ်း သားများ အဖွဲ့မှကြီးမှူး၍ အပတ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအဖွဲ့မှ လုပ်ငန်းကော်မတီဝင် ဦး လှဌေး ထံမှ သတင်းရရှိသည်။


တရုတ်စီးပွားရေး ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ စီးပွားရေးအကျိုးတူ ပူးပေါင်းရန် ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် China Council for the Promotion of International Trade (CCPIT Sichuan) မှဒုဥက္ကဌ Mr.Zhu Xiaojin ဦးဆောင်သော တရုတ်စီးပွားရေး ပညာရှင်များသည် မြန်မာနိုင်ငံသို့ ဒီကနေ့ မေလ ၂၂ ရက်နေ့တွင် ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ တရုတ်စီးပွားရေး ပညာရှင်များနှင့် မြန်မာနိုင်ငံရှိစီးပွားရေးပညာရှင်တို့သည် မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Traders Hotel ၌ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်သွားရန်ရှိကြောင်း မြန်မာနိုင်ငံUMFCCI မှ သတင်းရရှိသည်။


မိတ္ထီလာ အရေးပေါ်ကာလ အချိန်တိုးမြှင့်

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍  နိုင်ငံတော်သမ္မတသည် ပုဒ်မ ၁၄၄ အရေးပေါ် အခြေအနေ ကြေညာထုတ် ပြန်ခဲ့ပြီးယခု အခါထို အမိန့်မှာ ရက်ပေါင်း  ၆၀ ထပ်မံတိုးမြှင့်လိုက်ကြောင်း နေပြည်တော်တွင် မေလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် IT Business Plan ပြိုင်ပွဲ ကျင်းပရန်ရှိ

မြန်မာနိုင်ငံတွင် IT Industry ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွန့်ဦးတီထွင်လိုသော လူငယ်များအနေဖြင့် အခွင့်အရေးများရရှိစေရန် အတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံ CIESF အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်အတွက် IT Business Plan ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


လွှတ်တော်မှ မြန်မာနိုင်ငံ၏ တောင်သူများ အတွက် အခြေခံဆန်စပါးဈေး သတ်မှတ်ပေး

စပါးဈေး တည်ငြိမ်မှုမရှိခြင်းကြောင့် အကြွေးများနှင့်ပိနေသည့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် ကာမိစေရန် အတွက် အခြေခံစပါးဈေးနှုန်း သတ်မှတ်၍နှစ်စဉ် အောက်တိုဘာလတွင် ပြည်ထောင်စုလွှတ်တော်မှ တရားဝင်ကြေညာသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်မှ သတင်းရရှိသည်။


MTN မှမြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါအောင်ပါက တစ်နိုင်ငံလုံး 3G အသုံးပြုနိုင်ရန်ဆောင်ရွက်မည်

MTN Group မှ၎င်းတို့၏ကုမ္ပဏီ မြန်မာနိုင်ငံ၌မိုဘိုင်းလ်လိုင်စင် တင်ဒါရွေးချယ်ခံရပါက လိုအပ်သည့်အခြေခံ အဆောက် အအုံများတည်ဆောက်ကာ အဆင့်မီနည်းပညာများအသုံးပြု၍ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ၀ိုင်ဖိုင်အင်တာနက်နှင့် 3G ကွန်ရက်စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လာမည့်ခြောက်လအတွင်း ဆောင်ရွက်မည်ဟု ပြောဆိုလိုက်ကြောင်း တောင်အာဖရိကနိုင်ငံ အခြေစိုက် MTN Group မှ သတင်းရရှိသည်။

သို့သော် အဆိုပါစနစ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခြားနားမှုရှိပြီး နိုင်ငံတွင်း ရရှိနိုင်သည့် Frequency အပေါ် မူတည်၍ ကွဲပြားမှုရှိနိုင်ကြောင်း သိရှိရသည်။


မြန်မာ-အမေရိကန် ကုန်သွယ်မှုရုံးခွဲများ ဖွင့်လှစ်မည်

မြန်မာ-အမေရိကန် ကုန်သွယ်မှုရုံးခွဲများကို ၀ါရှင်တန်ဒီစီ၊ နယူးယောက်နှင့် ရန်ကုန်မြို့များတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာ-အမေရိကန် ကုန်သွယ်မှုအဖွဲ့က အတည်ပြုခဲ့သည်ဟု  ဆက်ခရာမန်တိုဘီဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ သိရ သည်။

၂၀၁၃ ခုနှစ်မတ်လ၌နေပြည်တော်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ၀ါရှင်တန်ဒီစီ၊ နယူးယောက် အခြေစိုက် ကုန်သွယ်မှုအဖွဲ့ ဥက္ကဋ္ဌ ဖစ်ရှာ ကတ်ဆန်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-အမေရိကန် ကုန်သွယ်မှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive