Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ကို ဒီဆွေးနွေးပွဲအောင်မြင်မှုရတယ်လို့ ပြောကြားပါတယ်။ Process ကြီးတစ်ခုလုံး အောင်မြင်သွားသေးတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာအောင်မြင်မှုတစ်ခုပါပဲ။ အောင်မြင်မှုကို ထိန်းသိမ်းရတာ အရမ်းခက်ပါတယ်။ ဒါပေမယ့် ကေအိုင်အိုအနေနဲ့ကတော့ အောင်မြင်မှုများကိုဆက်လက်ပြီး ထိန်းသိမ်းနိုင်အောင်၊ ဆက်ပြီး ရှေ့ဆက်သွားနိုင်အောင် လုပ်ပါ့မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဒီနေ့အောင်မြင်မှုရလဒ်နဲ့ ပတ်သက်တဲ့ သဘောထားပါပဲ။”

မေလ ၃၁ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးအောင်မြင်မှု ရလဒ်များ ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောကြား” သတင်းမှ ဗိုလ်ချုပ်ဂွမ်မော် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့  အပစ်အခတ်ရပ်ရေး လုပ်ဆောင်သွားမယ်လို့ သိရတယ်။ ကေအိုင်အို အနေနဲ့ မျှော်မှန်းတာကတော့ ပြည်ထောင်စုအရေးလို့ပြောတဲ့အခါ ကေအိုင်အိုတစ်ဖွဲ့တည်းနဲ့ မပြီးနိုင်ပါဘူး။ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ဖို့ဒီလိုအခြေအနေမျိုးလိုအပ်တယ်လို့ယူဆပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး အသွင် ဆောင်ဖို့ ဖန်တီးပေးတဲ့အစိုးရက ခွင့်ပြုတာကိုလည်း ကြိုဆိုပါတယ်။”

မေလ ၃၁ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အို နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်မည့် အချက်ပါသော သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးနိုင်” သတင်းမှ ဝန်ကြီးဦးအောင်မင်း  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းပြည်တစ်ခုရဲ့စီးပွားရေးအခြေအနေကို ဖော်ပြတဲ့ GDP မှန်ကန်ဖို့ဆိုတာ အစိုးရအတွက် အင်မတန်အရေးပါတဲ့ ကိစ္စပါ။ ယနေ့အချိန်ထိတော့ မြန်မာနိုင်ငံရဲ့ GDP ကတော့ ပကတိအခြေအနေနဲ့ လွဲနေဆဲပါပဲ။ ဒါဟာလည်း အခြေခံလိုအပ်တဲ့ လုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ Data ကိန်းဂဏန်းတွေ ခေတ်အဆက်ဆက် ပြုစုမှု အားနည်းခဲ့တာကြောင့်ပဲ ဒါအမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်တဲ့ကိစ္စပဲ။”

ဇွန်လ ၄ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၁၀၀) တွင်ပါရှိသော “ကိန်းဂဏန်း အချက်အလက်အားနည်းချက်ကြောင့် နိုင်ငံတော် GDP အညွှန်းကိန်းမှာ မှန်ကန်မှုမရှိဟုဆို” သတင်းမှ ရေထွက်ပို့ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်တိုးနန္ဒာတင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“ဝန်ကြီးဌာနတွေမှာ တစ်ခုခုစာတင်ပြီဆိုရင် အောက်ကနေအပေါ်၊ အပေါ်ကနေဝန်ကြီးခွင့်ပြုမိန့် မရရင် ပြန်လုပ်ခွင့်ပြုလို့ မရဆိုတာမျိုးတွေ ပြုပြင်ဖို့လိုပြီ၊ ဒါလာရင် ဒါပေးနိုင်တယ်။ ပုဂ္ဂလိကဘက်က မေးမြန်းလာရင်လဲ ချက်ချင်းတုန့်ပြန် ဆောင်ရွက်ပေးနိုင်တာမျိုး အဖွဲ့အစည်းဖြစ်ဖို့လိုတာပါ။”

မေလ ၃၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၉) တွင်ပါရှိသော “မြန်မာ့စီးပွားအရှေ့ကိုရွေ့ဖို့ တွန်းအား နည်းနေသလား” သတင်းမှ ရခိုင်ရွှေမြေကုမဏီလုပ်ငန်းရှင် ဦးလှမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံ ကင်းထောက်ဖွဲ့စည်းပုံကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာကင်းထောက်အဖွဲ့က ကွယ်ပျောက်နေတာ နှစ်ပေါင်း ၅၀ လောက်ရှိနေပါပြီ။ အခု ကင်းထောက်အဖွဲ့ ပြန်ဖွဲ့တဲ့နေရာမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတကြီးညွှန်ကြားထား တဲ့အတိုင်း ပြင်ဆင်သွားမယ်။”

မေလ ၃၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကင်းထောက်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲမည်” သတင်းမှ မြန်မာနိုင်ငံကင်းထောက်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ညို၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


သတင်းတိုများ

အစိုးရ၏ ဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ မြန်မာကျပ်ငွေဖြင့်သာသုံးစွဲရန် ညွှန်ကြားချက် ထုတ်ပြန်

နိုင်ငံအတွင်း နိုင်ငံခြားငွေ(သို့) အမေရိကန်ဒေါ်လာဖြင့် အခွန်အခများကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံလွှဲပြောင်း ခြင်းများဆောင်ရွက်မှုတို့သည် ပြည်တွင်းဈေးကွက်၌ ဒေါ်လာလိုအပ်ချက်ပမာဏကို ပိုမိုမြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှုအခန်းကဏ္ဍကိုလည်း လျော့ကျစေနိုင်သည့်အတွက် သာသနာရေးဝန်ကြီးဌာနမှအပ ကျန်အစိုးရ၏ ဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံအသုံးပြုရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီးသို့ ညွှန်ကြားချက်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင်လည်း ဘာသာရေးအဓိကရုဏ်းဖြစ်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့တွင် မြန်မာနှင့် မွတ်စလင် သမီးယောက်ဖနှစ်ဦး အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားရာမှ ဘာသာရေးအဓိကရုဏ်း ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မွတ်ဆလင် အမျိုးသားက ၎င်းနှင့် သမီးယောက်ဖ တော်စပ်သူ မြန်မာအမျိုးသားအား ရိုက်နှက်လိုက်ကြောင်း၊ ရိုက်သူကို မုန်းမြို့ ရဲစခန်းမှ လာရောက် ခေါ်ဆောင် သွားခဲ့ကြောင်း၊ ရန်ပွဲ အနီးတွင်ရှိနေသော လိန်ပင် ကျောင်းဆရာတော်က ဘုန်းတော်ကြီးများနှင့် လူများကို စုရုံး ခေါ်ဆောင်လာပြီး ၎င်းတရားခံအား ထုတ်ပေးရန် ရဲစခန်းသို့သွားရောက် တောင်းဆိုခဲ့ကာ အဆိုပါရဲစခန်းမှ မထုတ်ပေးခြင်း ကြောင့် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓိကရုဏ်းကြောင့် မုန်းမြို့ ၁ ရပ်ကွက်မှ ဘာသာရေးအဆောက်အအုံ တစ်လုံးနှင့် စာသင်ကျောင် တစ်ကျာင်း ပျက်စီးသွားခဲ့သည်ဟု သိရှိရသည်။


၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စပိုင်း ပြည်ပသွင်းကုန် ပို့ကုန်ပမာဏ ဒေါ်လာ ၄၃၄ ဒသမ ၆၁၂ သန်းရှိ

မြန်မာနိုင်ငံတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၁၇ ရက်အထိ ပြည်ပသွင်းကုန် ပို့ကုန်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၃၄ ဒသမ ၆၁၂ သန်း ရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၀၅၃ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၃၀ ဒသမ ၅၅၉ သန်း ဖြစ်ခဲ့ကြောင်း သိရသည်။


ယာယီ သက်သေခံလက်မှတ်ကိုင်သူများ အခွင့်အရေး ပယ်ဖျက်ရန် RNDP တောင်းဆို

ရခိုင်ပြည်နယ် အမ်းမြို့တွင် မေလ ၂၇ ရက် ၂၉ ရက်အထိ ကျင်းပခဲ့သော ရခိုင်တိုင်းရင်းသားပါတီ (RNDP) ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှ ရခိုင်ပြည်နယ်တွင် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၏ အခွင့်အရေးများကို ပယ်ဖျက်ပေးရန် ကြေညာချက်ထုတ် တောင်းဆိုလိုက်ကြောင်း သိရသည်။ ယာယီလက်မှတ်ကိုင်ဆောင် သူများ၏ ပါတီထူထောင်ခွင့်၊ အရွေးချယ်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်များစသည့် အခွင့်အရေးများကို အမြန်ဆုံး ပယ်ဖျက်ပေးရန် တောင်းဆိုလိုက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲမှ အကြံပြုတောင်းဆိုထားသည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ပြောင်းလဲကျင့်သုံးခြင်းကိုလည်း လုံးဝကန့်ကွက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။


သဘာဝဘေးဆိုင်ရာ ဥပဒေ လွှတ်တော်သို့တင်မည်

လက်ရှိအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၄ ခု ဖွဲ့စည်း ထားပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေကိုလည်း ပြည်တွင်း၊ပြည်ပမှ အဖွဲ့အစည်းများနှင့် ဥပဒေများ တိုင်ပင်ရေး ဆွဲပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုနိုင်ရေးအတွက် ပြင်ဆင်ထားကြောင်း မေလ ၂၇ ရက်နေ့ ကန်တော်ကြီး ပဲလေ့ ဟိုတယ်တွင် ပြုလုပ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသွားခဲ့သည်ဟု သိရသည်။


စီးပွားရေးကျင့်ဝတ်ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတရုံးမှ လွှတ်တော်သို့ တင်သွင်းမည်

မြန်မာနိုင်ငံတွင် မျှတသော စီးပွားရေးလုပ်ငန်းစုများ ပေါ်ပေါက်လာစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် စပ်လျဉ်း သော စီးပွားရေးကျင့်ဝတ်ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရန် သမ္မတရုံးမှ စီစဉ်ရေးဆွဲလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ စီးပွားရေးအကြံပေး အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ရေးဆွဲလျက် ရှိသည်မှာ ၆ လ ရှိပြီဖြစ်ပြီး မျှတသော စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်ပြီး အလုပ်သမားများ၏ လုပ်ခလစာ မမျှတမှုပြဿနာ၊ ဖိနှိပ်ချုပ်ချယ် မှုပြဿနာများ လျော့ပါးစေရန် အထူးရည်ရွယ်၍ ရေးဆွဲခြင်း ဖြစ်ကြောင်း သိရှိရသည်။


မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းဝေး ကျင်းပ

မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးအား မေလ ၃၀ ရက်နေ့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ် စီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်များအတွက် လိုအပ်ပါက ပြည်ပမှအကြံပေးပညာရှင်များ ငှားရမ်းဆောင်ရွက် ရန်၊ လုပ်ငန်းဆိုင်ရာစာချုပ်များ ချုပ်ဆိုရာတွင် နိုင်ငံတကာ ဥပဒေနှင့် အညီ ကိုက်ညီမှုရှိအောင် စိစစ်ဆောင်ရွက်ရန် တို့နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ယင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရသည်။


တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဗိုလ်မှူးချုပ်အောင်သော်ကို တာဝန်ပေးထားပြီးဖြစ်

တပ်မတော်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူခြင်းနှင့် စပ်လျဉ်း၍ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်ကို တာဝန်ပေးထားပြီးဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသွားခဲ့သည်ဟု သိရသည်။


ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ် ဇွန်လတွင် ပြုလုပ်မည်

ကိုရီးယား-မြန်မာ နှစ်နိုင်ငံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမည့် ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်အား ကိုရီးယား နိုင်ငံ၌ ဇွန်လ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီးပွားရေးဖိုရမ်ကို UMFCCI နှင့် ကိုရီးယားနိုင်ငံရှိ KOTRA (Korea Trade-Investment Promotion Agency) တို့ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး စီးပွားရေး ကဏ္ဍစုံ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ပြုလုပ်ကြရန် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိနေပြီး ၂၀၁၃ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၇၉ သန်းကျော် ရှိကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများ ရှိသော်လည်း စွန့်စားလုပ်ကိုင်ရမည်ဟု

Mc Kinsey သတိပေးပြောကြား

            ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံအဖွဲ့ဖြစ်သော မက်ကင်ဆေး (Mc Kinsey) က မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ အနေဖြင့် စွန့်စားလုပ်ကိုင်ရမည့်အချက်များ ရှိနေကြောင်း ထောက်ပြပြောဆို သွားခဲ့သည်ဟု သိရှိရသည်။ မက်ကင်ဆေးအဖွဲ့ ၏ အကြီးတန်းပညာရှင်တစ်ဦးဖြစ်သော Heaung Chhor က မြန်မာနိုင်ငံအစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး အလား အလာအတွက် နိုင်ငံရေးအခြေအနေ အေးချမ်းတည်ငြိမ်မှု ရရှိရန် ပထမ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့ပြီး Mc Kinsey အဖွဲ့၏ ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ ခိုင်မာအောင် တည်ဆောက်ပြီး စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်မှသာ မြန်မာနိုင်ငံ၏ စီးပွားရေးပမာဏသည် ၂၀၁၀ ပြည့်နှစ်က ဒေါ်လာ ၄၅ ဘီလျံရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၀၀ ဘီလျံကျော်အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive