Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ တည်ငြိမ်တဲ့နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေကို ရှောင်တယ်။ နောက်တစ်ခုက ရေရာဖို့ပဲ၊ ရေရာတယ်ဆိုတာကတော့ ဒီနိုင်ငံမှာ ခဏခဏ ပေါ်လစီပြောင်းလို့ မရဘူး။ ပေါ်လစီဆိုတာက အချိန်အကန့်အသတ်တစ်ခု ထိလိုတယ်။ ရင်းနှီးမြှုပ်နှံ မယ့်သူတွေကတော့ အဲဒီနှစ်ချက်ကိုပဲ ဦးစားပေး ရွေးချယ်ကြတယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၂၄) တွင် ပါရှိသော “ပဋိပက္ခများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နောက်တွန့်သွားနိုင်” သတင်းမှ ဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“လက်ရှိ အစိုးရလက်ထက်မှာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက ကလေး နှစ်ယောက်ယူလို့ တရားစွဲဆိုထားတာလည်း မရှိဘူး။ ဒါ့ကြောင့် ဒီဥပဒေဟာ အခုထိမရှိသေးဘူး။ ဘယ်တုန်း ကထုတ်ပြန်ခဲ့သလဲ ဆိုတာကိုလည်း မသိဘူး။ ထုတ်ပြန်ခဲ့တယ်ဆိုရင် အရေးယူမှုရှိခဲ့ရမယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဘင်္ဂါလီများအနေဖြင့် ကလေး နှစ်ယောက်သာ ယူရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောကြား” သတင်းမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေအားလုံးပူးပေါင်းပါဝင်ပြီး သူတို့ရဲ့ပျောက်ဆုံးနေတဲ့ ဘဝတွေကို ပြန်ပြီးရရှိဖို့ စိတ်ဓါတ်ခွန်အားတွေ ပေးဖို့လိုတယ်။ နောက်ပြီးတော့ ဒီကိစ္စကို ပေါ့ပေါ့ဆဆ မလုပ်ရဘူး။ လေးလေးနက်နက် လုပ်ရပါမယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ကချင်တိုက်ပွဲရှောင် ဒုက္ခသည်များအား စိတ်ဓါတ်မြှင့်တင်ရန် လုပ်ဆောင်သင့်” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဝင် ဦးခက်ထိန်နန် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမဝါယမအသင်းကို အသက်သွင်းတာ အခြေခံလူတန်းစားတွေရဲ့ဘဝပြေလည်ရေးအတွက် ဆောင်ရွက်ပေးမယ် ဆိုတော့ ဝမ်းသာစရာပါ။ အရင်က သမဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကိုလည်း သင်ခန်းစာယူ သင့်တယ်။ သမဝါယမအသင်းနဲ့ မူတွေက ကောင်းခဲ့တယ်။ ဒါပေမယ့် လူတွေမကောင်းခဲ့ဘူး။”

ဇွန်လ ၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “သမဝါယမမူဝါဒ နှင့် ပြည်သူများ၏ လက်တွေ့ဘဝပေါင်းကူးနိုင်မှသာလျှင် သမဝါယမအသင်းပြန်လည်ရနိုင်” သတင်းမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


သမ္မတ မဖြစ်ချင်ပါဘူးလို့ပြောရင်၊ ပြည်သူအပေါ်လိမ်ညာရာရောက်မှာပေါ့။ သမ္မတနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြည်သူအတွက် ဦးဆောင်အလုပ်လုပ်ချင်ပါတယ်။ သမ္မတရာထူးရယူရုံနဲ့တင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဥပဒေတွေကို ပြောင်းလဲနိုင်ဖို့ အတွက်ပါ။

ဇွန်လ ၇ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ် ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


သတင်းတိုများ

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KNPP တို့ ဇွန်လ ၂၀ ရက်နေ့ လွိုင်ကော်၌ တွေ့ဆုံမည်

မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့သည် လာမည့် ဇွန်လ ၂၀ ရက်နေ့တွင်လွိုင်ကော်မြို့၌ တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။ အစိုးရနှင့် KNPP သည် ၂၀၁၂ မတ်လတွင် တစ်ကြိမ်၊ ဇွန်လတွင် တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးရာ              ယခုအကြိမ်သည်                 သုံးကြိမ်မြောက် ဖြစ်သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက် တပ်စခန်းများ နေရာချထားရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNPP ၏ နယ်စပ် ဆက်ဆံရေးရုံးခွဲ တာဝန်ခံ ဦးဒယ်နီရယ် ထံမှသတင်းရရှိသည်။


 နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လာမည့်ဇူလိုင်လအတွင်းဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဦးသိန်းစိန်တို့ နေပြည်တော်တွင် လာမည့် ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးမည့် အလုံးစုံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို KIO အနေဖြင့်တက်ရောက်ရန် စိတ်ဝင်စားကြောင်း KIO  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှ ပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်ဂွမ်မော် မှ “အဓိပ္ပါယ်ရှိတဲ့ အစည်းအဝေးဆိုရင် နေပြည်တော်လည်းသွားရမှာပဲ” ဟု ပြောကြား ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည့် အဆိုပါ ဆွေးနွေး ပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအားလုံး တက်ရောက်နိုင်ပြီး အားလုံးသဘောတူတဲ့ အစည်းအဝေးတစ်ရပ် ဖြစ်ကြောင်း သိရသည်။


အာဆီယံလေးနိုင်ငံအတွင်း လွတ်လပ်စွာခရီးသွားလာခွင့်ဗီဇာအတွက် ကမ္ဘာစီးပွားရေးဖိုရမ်တွင် သဘောတူလက်မှတ်ထိုး

နိုင်ငံတကာ ဆက်ဆံရေး မြန်မာ၊ အင်ဒို၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီယားနိုင်ငံများအကြား အာဆီယံဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ဗီဇာ အတွက် ဇွန်လ ၆ ရက်နေ့တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေးထိုးခဲ့သော             စုပေါင်းဗီဇာစနစ် (Statement of Intent on SMART Visa) နားလည်မှု စာချွန်လွှာမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား စတင်ခဲ့သည့် ဗီဇာစနစ်ကို အခြေခံ သွား မည်ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့စီးပွားရေးဖိုရမ်တတိယနေ့တွင် Microsoft ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌ ဝင်ရောက်ဆွေးနွေး

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ၂၂ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် တတိယနေ့ ဇွန်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းဘယ်လိုလှမ်းမလဲ ခေါင်းစဉ်ကို အမေရိကန်နိုင်ငံ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ၊ GLOBIS ကော်ပိုရေးရှင်း (ဂျပန်နိုင်ငံ) မှ ဥက္ကဋ္ဌနှင့် အမှုဆောင် ဒါရိုက်တာ Strategic & Emerging Bus-siness မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း(USA)မှဒုတိယဥက္ကဋ္ဌ Dan‘I Lewin၊  ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး          ဦးသောင်းတင်၊ Red Link ကုမ္ပဏီ မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးရှိန်းသူအောင်နှင့် Huawaei ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် CEO (အရှေ့တောင်အာရှ) မှ Yang-Shu တို့က ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ခေတ်မမှီတော့သည့် ဘဏ်စနစ်ကို ပြင်နိုင်မည်လော

( 7 June 2013 ရက်စွဲပါ CNN မှ Andrew Stevens ရေးသားသော Can Myanmar fix its outdated banking system? ကိုဘာသာပြန်ဆိုပါသည်။)

  1.  ဘင်္ဂလားဒေ့ရှ်အား ဖြတ်သန်း၍ မြန်မာ့ဓါတ်ငွေ့ကို အိန္ဒိယရရှိနိုင်၊

 (Times of India မှ 7 Jun 2013 ရက်စွဲပါ “India may get Myanmar gas by passing Bangladesh” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ၂၀၁၃တွင် ကမ်းလွန်လုပ်ကွက် ၂၀ကျော်ကို မြန်မာခွင့်ပြုဖွယ်ရှိ

(Plats News မှာ 6 June 2013 ရက်စွဲပါ “Myanmar to offer 20 more offshore blocks for exploration in 2013” သတင်းကို ဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံတွင် ခေတ်မမှီတော့သည့် ဘဏ်စနစ်ကို ပြင်နိုင်မည်လော

( 7 June 2013 ရက်စွဲပါ CNN မှ Andrew Stevens ရေးသားသော Can Myanmar fix its outdated banking system? ကိုဘာသာပြန်ဆိုသည်။)

ငြိမ်းချမ်းအောင်သည်  ရန်ကုန်ရှိ ၎င်း၏အိမ်ကို ရောင်းချခဲ့ပြီး ဝေခွဲမရသော ကိစ္စတစ်ခုနှင့် ကြုံခဲ့ရပါသည်။ ရှေ့ဆက် ဘာလုပ်ရမည်နည်း ဆိုသည့် ကိစ္စဖြစ်ပါသည်။ ငွေများကို ဘဏ်တွင်အပ်မည်လော သို့မဟုတ် အိမ်တွင်သာ ထားမည်လော။

နောက်ဆုံးတွင် သုံးပုံတစ်ပုံကို ဘဏ်တွင်အပ်နှံပြီး ကျန်သောငွေများကို အိမ်တွင်ထားရန် ညှိနှိုင်းခဲ့ပါသည်။ ဘဏ် တွင် အပ်ရခြင်းမှာ အိမ်မီးလောင်မည်ကို စိုးရိမ်၍ဖြစ်ပါသည်။

ဤသည်ကား 2013 ခုနှစ်ရှိ မြန်မာနိုင်ငံ၏ ဘဏ်စနစ် ဖြစ်တော့သည်။ ဘဏ်စနစ်မှာ ခေတ်မမှီတော့ဘဲ၊ လူများ ယုံကြည်မှုမရှိသည့် စနစ်ဖြစ်ကာ ပြီးခဲ့သည့် စစ်အစိုးရ၏ လွဲမှားစွာအသုံးချခဲ့မှုကြောင့် လူဦးရေ၏ 90%က ဘဏ်ကို အသုံးပြု ရန် ရှောင်ကျဉ်ခဲ့ကြပါသည်။

လူအများသည် ဘဏ်ကို ရှောင်ကြဉ်ကြပြီး ငွေများကို အိမ်တွင်သာ ထားကြပါသည်။ ကမ္ဘာပေါ်တွင် ငွေသားကို သာ ကိုင်၍ သုံးသော စီးပွားရေးစနစ်ရှိသော နိုင်ငံအဖြစ်တွေ့ရပါလိမ့်မည်။

မြန်မာအစိုးရသည် ဘဏ်စနစ်ကို ဦးစားပေး၍ ပြင်ဆင်ရန် ကြိုးစားခဲ့ပါသည်။ သို့သော် ဘဏ်ခွဲတစ်ခုသို့ သွား ရောက် ကြည့်ရှုလိုက်ပါက ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာ၏ အရွယ်အစားကို ဖော်ပြပါလိမ့်မည်။

အလွန်ထူးဆန်းဖွယ် မြင်ကွင်းဖြစ်ပါသည်။ ဘဏ်ကောင်တာများပေါ်တွင် ငွေပုံကြီးတင်ထားသည်ကို တွေ့ရပါ သည်။ များစွာသောဝန်ထမ်းများက ထောင်တန်စည်းများကို တစ်ခုနှင့်တစ်ခု ထပ်၍ ကြမ်းပေါ်တွင် ပုံထားပါသည်။ ဘဏ်သို့ လာသူများကလည်း ဈေးဝယ်သောအိတ်များဖြင့် ငွေများသယ်ယူလာခြင်း၊ လုံခြုံရေးကလည်း ဆန်အိတ်အရွယ် ငွေထုတ်ကြီး များထမ်း၍ ဝင်လာခြင်းများ တွေ့ရပါသည်။

မြန်မာနိုင်ငံသည် တကယ့် ခရက်ဒစ်စနစ်ကို အသုံးပြုနေဆဲဖြစ်ပြီး ATM စက်များက ဖွံ့ဖြိုးမှုအသစ်တော့ ဖြစ်ပါ သည်။ မြို့အနှံတွင် မကြာခဏ မီးပျက်ခြင်းကြောင့် ATM စက်များမှာ အလုပ်မလုပ်ပေ။ စာရေးသူသည် တစ်ရက်တွင် သုံးကြိမ်ခန့် ATM စက်များကို အသုံးပြုကြည့်ရာ တစ်ခုမျှ အလုပ်မလုပ်ပေ။

သို့သော် ပြဿနာမှာ ထိုထက်ပို၍ နက်ရှိုင်းပါသည်။ အခြားနိုင်ငံများ၏ ဘဏ်စနစ်တွင် လွယ်ကူသောချေးငွေများ၊ ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဘဏ်အတွင်း စီမံချက်များ၊ ခရက်ဒစ်များ ခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ စနစ်များ လုံးဝနီးပါးမရှိပေ။ မြန်မာနိုင်ငံတွင် ကော်ပိုရေးရှင်းများနှင့် ဆိုင်သော ဘဏ်စနစ်မရှိပေ။ စီးပွါးရေးလုပ်ငန်းများ သည် ချေးငွေပြန်ဆပ်သည့် အစီအစဉ်တွင် တစ်နှစ်ထက်ပို၍ မချေးနိုင်ပေ။ ဆိုလိုသည်မှာ ကော်ပိုရေးရှင်းဆိုင်ရာ ငွေချေး မည့် (သဘာဝကျသော ပြန်ဆပ်မည့် အစီအစဉ်ပါဝင်သော) စနစ်မရှိပေ။

ဘဏ်မန်နေဂျာများသည် နေ့စဉ် စာရင်းပိတ် လက်ကျန်အခြေအနေကို ဗဟိုဘဏ်သို့ တယ်လီဖုန်းဖြင့် အစီရင်ခံ ကြရပါသည်။

ယခုအခါ ဘဏ်နှင့်ဆိုင်သော ဥပဒေကို လွှတ်တော်တွင် ရေးဆွဲလျက်ရှိရာ၊ ထိုဥပဒေ အတည်မပြုမချင်း၊ အမြစ် မှစ၍ အကိုင်းအခက်များအထိ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ဦးမည်မဟုတ်ပေ။ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည့်တိုင် ဘဏ်များသည် မျိုးဆက်နှစ်ခုခန့် စီမံခန့်ခွဲမှုအမှားများဖြင့် တည်ဆောက်လာသော ဘဏ်စနစ်အတွင်း ကြိးမားသော ယုံကြည်မှု မရှိခြင်းကို ကျော်လွှားရဦးမည် ဖြစ်ပါသည်။ ပြည်သူအများစုက ဘဏ်များအပေါ် ကြီးစွာသံသယရှိနေဆဲ ဖြစ်ပါသည်။

ပြောင်းလဲမှုအတွက် ထင်ရှားသော လက္ခဏာတစ်ခုမှာ ခရက်ဒစ်ကဒ်များ တွေ့လာရခြင်း ဖြစ်ပါသည်။ သို့သော် Visa နှင့် Mastercard တို့သာ ဖြစ်ပါသည်။ ပြည်တွင်းခရက်ဒစ်ကဒ်များ မရှိသေးပေ။ Visa သည် ယခုနှစ်ကုန်တွင် ငွေကြို တင်သွင်းသော ခရက်ဒစ်ကဒ်ထုတ်ရန် စီစဉ်နေပါသည်။

၎င်းမှာ သေးငယ်သောခြေလှမ်းမျှသာဖြစ်ပါသည်။ သို့သော်မြန်မာနိုင်ငံတွင် ဤသေးငယ်သော ခြေလှမ်းကိုပင် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိစေရန် အရေးပါလှပါသည်။ သို့မှသာ ကမ္ဘာကြီး၏ ပေါင်းစုထားသော ငွေကြေးစနစ် ကြီး၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရန် အသင့်ဖြစ်မည် ဖြစ်ပါသည်။


 ဘင်္ဂလားဒေ့ရှ်အား ဖြတ်သန်း၍ မြန်မာ့ဓါတ်ငွေ့ကို အိန္ဒိယရရှိနိုင်၊

(Times of India မှ 7 Jun 2013 ရက်စွဲပါ “India may get Myanmar gas by passing Bangladesh” သတင်းကို ဘာသာပြန်ဆိုသည်။)

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်သန်း၍ ကုန်းတွင်းဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းနိုင်မည့် ဖြစ်နိုင်ချေကို အဂါင်္နေ့ကဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးမှုနိမ့်ကျနေသော ဒေသများကိုအကျိုး ဖြစ်ထွန်းစေမည့် အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ဆိုပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မူဝန်ကြီး အာနန်ရှားမားနှင့် တွေ့ဆုံစဉ် မြန်မာတို့က စစ်တွေမှ စတင်၍ ကုလားတန်မြစ် တစ်လျှောက်ဖြတ်သန်းကာ မီဇိုရမ် မှတဆင့် အိန္ဒိယသို့ဝင်မည့် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး ကိစ္စကို လေ့လာဆွေးနွေးရန် သဘောတူခဲ့ပါသည်။

အဆိုပါအစီအစဉ်သည် အဓိကရုဏ်း ဘေးဒဏ်သင့် ရခိုင်ပြည်နယ်ကို အကျိုးဖြစ်ထွန်းစေမည့်အပြင် ရင်းနှီးမြုပ်နှံမူ နှေးကွေးနေသော အိန္ဒိယအရှေ့မြောက် ပြည်နယ်များကိုလည်း အကျိုးရှိစေလိမ့်မည်ဟု တာဝန်ရှိ သူတစ်ဦးက ပြောကြား သည်။ တကယ်လို့ဓါတ်ငွေ့သာရမယ်ဆိုရင် ကုန်ထုတ်လုပ်နိုင်စွမ်းအား တစ်ဟုန်ထိုး         တိုးတက်လာပါလိမ့်မယ် ဟု၎င်းတာဝန်ရှိသူ က ဆိုပါသည်။

မူလအစီအစဉ်မှ ဓါတ်ငွေ့ပိုက်လိုင်းကို ရေနက်ဆိပ်ကမ်း တည်ဆောက်နေသော စစ်တွေမှစတင်ကာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေ တစ်လျှောက်သွယ်တန်း၍ အနောက် ဘင်ဂေါပြည်နယ် ဟော်ဒီယာသို့ ဝင်ရောက်ရန် ဖြစ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံနေကြသော OVL နှင့် GAIL မှသည် Essar အထိ အိန္ဒိယကုမ္ပဏီ မြောက်များစွာ တို့သည် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်း၍ အိန္ဒိယ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် စိတ်ဝင်စားနေကြသည်။

အမှန်စင်စစ် အိန္ဒိယအစိုးရ အဓိကစိတ်ဝင်စားသည့် ကဏ္ဍများတွင် တယ်လီကွမ်းဆက်သွယ်ရေး၊ အထူးစီးပွားရေး ဇုံတို့အပြင် စွမ်းအင်ကဏ္ဍလည်း ပါဝင်ပါသည်။

သို့သော် မြန်မာစွမ်းအင် ဒုတိယဝန်ကြီး၏ ကြေညာချက်သည် အိန္ဒိယ၏ ရေနံဓါတ်ငွေ့ကဏ္ဍ စိတ်ဝင်စားမူကို ဆုတ်ဆိုင်း သွားစေခဲ့ပါသည်။

“အရင်ကတော့ ပြည်တွင်းလိုအပ်ချက် မများတဲ့အတွက် သဘာဝဓါတ်ငွေ့ကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချပေး ခဲ့ပါသည်။ အခု မူဝါဒအသစ်ကတော့ သဘာဝသယံဇာတတွေဟာ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်။ တကယ်လို့ပိုလာရင်တော့ ပြည်ပကို ရောင်းချပေးမှာပါ။ ပြည်တွင်း လိုအပ်ချက်ပြည့်မီရေးက ပထမဦးစားပေးဖြစ်ပါတယ်” စွမ်းအင်ဒုတိယဝန်ကြီး ဦးထင်အောင်က ကြာသပတေးနေ့ သတင်စာရှင်းလင်းပွဲတွင် ပြောကြားသွားပါသည်။

၎င်းကြေညာချက်သည် ရေနက်ပိုင်းလုပ်ကွက် ၃၀ ကျော် ကမ်းလှမ်းထားပြီး ရေတိမ်ပိုင်းလုပ်ကွက် ၁၈ ကွက် တင်ဒါခေါ်သည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကုဗပေ ၇.၈ ထရီလီယံ ထုတ်လုပ်နိုင်စွမ်းအလားအလာရှိသော အဓိကဓါတ်ငွေ့ရင်းမြစ် တစ်ခုအဖြစ် ရေပန်းစားလျှက်ရှိသည်။


၂၀၁၃တွင် ကမ်းလွန်လုပ်ကွက် ၂၀ကျော်ကို မြန်မာခွင့်ပြုဖွယ်ရှိ

(Plats News မှာ 6 June 2013 ရက်စွဲပါ “Myanmar to offer 20 more offshore blocks for exploration in 2013” သတင်းကိုဘာသာပြန်ဆိုသည်။)

World Economic Forumက ကြာသပတေးနေ့တွင် ထုတ်ပြန်သော မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ယခုနှစ်ကုန်မတိုင်မီ ရေနံဓါတ်ငွေ့ရှာဖွေရန် ကမ်းလွန်လုပ်ကွက် ၂၀ ကျော်ခွင့်ပြုမည်ဟု မျှော်လင့်ရပါသည်။

“New Energy Architecture Myanmar” ဟု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာက “မြန်မာနိုင်ငံ၏ ယခင် ကမ်းခြေ ရေတိမ်ပိုင်းလုပ်ငန်းများ လေလံတင်ရာတွင် အဆိုပြုလွှာ ၇၅ ဆောင်ကျော်ရရှိကာ သိသိသာသာ ဆွဲဆောင်နိုင်ခဲ့ပြီး၊ ယခုနှစ် ဧပြီလက စတင်ခဲ့သည့် ရေနက်ပိုင်းလုပ်ကွက် လိုင်စင်ချပေးမည့်လေလံတင်ပွဲတွင် စိတ်ဝင်စားမှု ပိုမိုမြင့်မားလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း” ဖော်ပြထားပါသည်။

မြန်မာနိုင်ငံက ယခုတစ်ချီ လိုင်စင်ချပေးရန်အတွက် ရေတိမ်ပိုင်းလုပ်ကွက် ၃၀ ကမ်းလှမ်းထားပြီး အဆိုပြုတင်ဒါ တင်သွင်းရန် နောက်ဆုံးရက်မှာ ဇွန် ၁၄ရက်နေ့ဖြစ်သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမည့် အရေးပါသော နေရာမှ ဆက်လက်ပါဝင်နေဦး မည်ဖြစ်ကြောင်း WEF အစီရင်ခံစာ၊ ADB ဘဏ်၊ အတိုင်ပင်ခံကုမ္ပဏီတို့မှ Accentre တို့က ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ၊ ရခိုင်ဒေသသို့ လာရောက်ကြည့်ရှုရန် စီစဉ်

(June 5 2013 ရက်စွဲပါ Herald Sun news မှ Carr plans trip to see Myanmar’s Rakhine သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကချင်ပြည်နယ် ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို ဗြိတိန် ချီးမွမ်း

(UPI သတင်းဌာနမှ 6 June 2013 ရက်စွဲပါ Myanmar praised for Kachin reform efforts ကိုဘာသာပြန် ဆိုသည်)


ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ၊ ရခိုင်ဒေသသို့ လာရောက်ကြည့်ရှုရန် စီစဉ်

(June 5 2013 ရက်စွဲပါ Herald Sun news မှ Carr plans trip to see Myanmar’s Rakhine သတင်းကို ဘာသာပြန် ဆိုသည်)

ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ဒုက္ခပင်လယ်ဝေနေသော ရခိုင်ဒေသရှိ ရိုဟင်ဂျာများ၏ အခြေအနေကို လက်တွေ့ခံစား ကြည့်ရှုရန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ချင်နေသည်။

ဆီနိတ်တာ ကား သည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အပြောင်းအလဲများကို အသိအမှတ်ပြုသောအားဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဩစတေးလျ ပိတ်ဆို့မှုများအား သိသာသော ဖြေလျော့မှုပေးခဲ့ရာတွင် ကြီးကြပ် ပေးခဲ့သည်။

ကားသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေမှုကို ကျေနပ်အားရသည်ဟု ပြောနေစဉ်တွင်ပင် ရခိုင်ရှိ ရိုဟင်ဂျာကဲ့သို့ လူနည်းစုလူမျိုးများအား ဆိုးဝါးစွာဆက်ဆံနေမှုများ ဆက်လက် လုပ်ဆောင် နေသည်ကို လေးလေးနက်နက် စိတ်ပူမိပါကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့မှာ အဲဒီ့အတွက် စိတ်အားထက်သန်မှုတွေ ရှိနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ သတိပေး ကြေညာချက်တွေ လုပ်နေတယ်”ဟု ကား က ဗုဒ္ဓဟူးနေ့က ကြားနာသော အထက်လွှတ်တော် အမတ်များ ကော်မတီတွင် ပြောကြားခဲ့သည်။

ဆီနိတ်တာ ကားက မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၄ ပြည်ထောင်စုရွေးကောက်ပွဲမတိုင်မီ ထပ်မံ သွားရောက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

“အဲဒီခရီးစဉ်မှာ ရိုဟင်ဂျာလူမျိုးတို့ အလွန့်အလွန်ဆိုးဝါးစွာ ဆက်ဆံခံနေရပုံတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစားဖို့ ရခိုင်ပြည်နယ်ကို သွားမှာ” ဟု သူက ပြောသည်။

ရိုဟင်ဂျာများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရကာ နိုင်ငံမဲ့များ ဖြစ်နေသူများ ဖြစ်သည်။ သူတို့သည် ခွဲခြားဆက်ဆံမှု ပုံစံမျိုးစုံကို ရင်ဆိုင်ခံစား နေရလျှက်ရှိပြီး ဒေသအာဏာပိုင်များက သူတို့အပေါ်တွင် ကလေးနှစ်ယောက်မူဝါဒ ဒေသန္တရအမိန့် ချမှတ်ထားသည်။

ဆီနိတ်တာ ကား က ထိုကိစ္စမှာ စိတ်ပူစရာဖြစ်သည်ဟု ဆိုသည်။ “အမုန်းမီးပွားတွေ ဒီနိုင်ငံ၊ ဒီလူမှုအဖွဲ့အစည်းမှာ အမြစ်တွယ်နေတယ်။ နိုင်ငံရေး အခြေအနေတွေဟာ ဒါတွေကို ခံနိုင်ရည်ရှိရမယ်”ဟု ၎င်းကပြောသည်။

ဆီနိတ်တာ ကား သည် မနှစ်က လူမျိုးရေးပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်ရသော လူများကို ကူညီပေးရန်  ဒေါ်လာ ၁.၅ သန်းကို ထပ်ပေးမည်ဟု ယခုအပတ်အတွင်း ကြေညာခဲ့သည်။


ကချင်ပြည်နယ် ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များကို ဗြိတိန် ချီးမွမ်း

(UPI သတင်းဌာနမှ 6 June 2013 ရက်စွဲပါ Myanmar praised for Kachin reform efforts ကိုဘာသာပြန်ဆိုသည်)

ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ပြုလုပ်ခဲ့ကြသော ဒိုင်ယာလော့ခ်မှာ ငြိမ်းချမ်းရေး အတွက် အရေးပါသည့် အရာတစ်ခု ဖြစ်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ရှုမြင်ကြောင်း အာရှဒေသဆိုင်ရာ ဗြိတိန် ဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားသည်။

အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး ဟူဂိုဆွာယာက ကေအိုင်အိုတပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ရရှိ လိုက်သည့် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို မိမိအနေဖြင့် များစွာကြိုဆိုပါကြောင်း ထုတ်ဖော်ပြောဆိုသည်။

"ရေရှည်တည်တံ့ပြီး ခိုင်မာမှုရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေရဲ့ ကိုယ်စားလှယ်တော်ကြီးတွေရဲ့ ကြိုးပမ်းချက်တွေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့ သွားမှာဖြစ်ပါတယ်" ဟု ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ အဖွဲ့ဝင်ပုဂ္ဂိုလ်များသည် ပြီးခဲ့သည့် မေလအတွင်း လန်ဒန်မြို့၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ဗြိတိန်ဝန်ကြီး အဆိုအရ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် လပေါင်း ၁၈ လအတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်း အစရှိသည်တို့ လုပ်ဆောင်ကာ သိသာထင်ရှားသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများသည် ပြီးခဲ့သည့် မေလအတွင်း အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံရေးနှင့် ပြန်လည်သင့်မြတ် ရေးဖြစ်စဉ်များကို သုံးသပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်ကြီးကို လက်ခံကျင်းပလျက် ရှိသည်။ မြန်မာ၏ မဟာမိတ် နိုင်ငံများကမူ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းများစွာ ထွက်ပေါ်လျက် ရှိသည်ဟု ပြောဆိုကြသည်။ လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာနိုင်ငံကို ချီးမွမ်းပြောဆိုရန် စောလွန်းသေးကြောင်း၊ အကြောင်းမှာ လတ်တလော အမျိုးသားလုံခြုံမှုဆိုင်ရာ အရေးကိစ္စများ ပေါ်ထွက် နေသောကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ဗြိတိန်အစိုးရက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုစင်တာ တည်ထောင်နိုင်ရေး အတွက် ဒေါ်လာကိုးသိန်း ထောက်ပံ့ပေးမည် ဖြစ်သည်ဟု မေလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive